မာတိကာသို့ ခုန်သွားရန်

သုမနာဒေဝီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၃ - သုမနာဒေဝီဝတ္ထု

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိဂတော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ္ဍိကသူဌေး၏ အငယ်ဆုံးသမီးဖြစ်သော သုမနာဒေဝီကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်၏ အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကတပုညော၊ ကောင်းမှုပြုသူသည်။ ဣဓ၊ ဤဘဝ၌။ နန္ဒတိ၊ နှစ်သက်ရ၏။ ပေစ္စ၊ နောင်တမလွန်ဘဝ၌။ နန္ဒတိ၊ နှစ်သက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌။ နန္ဒတိ၊ နှစ်သက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတံ၊ ပြုခဲ့ပြီ။ ဣတိ၊ ဤသို့။ နန္ဒတိ၊ နှစ်သက်ရ၏။ သုဂ္ဂတိ၊ ကောင်းသော ဘုံသို့။ ဂတော၊ ရောက်သည်ရှိသော်။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက်ရ၏။

စကားပြေ

ကောင်းသော အမှုကို ပြုသောသူသည် ဤဘဝ နောင်ဘဝတို့တွင် တခုခုသော ဘဝ၌ သော်လည်းကောင်း နှစ်ဘဝလုံး၌ သော်လည်းကောင်း နှစ်သက်ကြည်နူးရ၏။ ငါသည် မွန်မြတ်သော အမှုကို ပြုခဲ့ပြီ ဟု ဤဘဝ၌ နှစ်သက်ကြည်နူးရ၏။ ကောင်းမြတ်သော ဘုံဘဝသို့ ရောက်သောအခါ ပို၍ပင် နှစ်သက်ကြည်နူးရ၏။

ဣဓ နန္ဒတိ စသည်— ဣဓ မောဒတိ စသည် နှင့် တူပြီ။

သောတာပန်များ အိမ်ထောင်ပြုသည်

ဝိသာခါသည် မိမိ၏ သားကမွေးသော မြေးမကို မိမိ၏ အရာ၌ ထား၍ သံဃာတော်များကို ပြုစုစေသကဲ့သို့ အနာထပိဏ္ဍိကသည် သမီးအကြီးဆုံး မဟာသုဘဒ္ဒါကို မိမိအရာ၌ ထား၍ သံဃာတော်များကို ပြုစုစေရာ ရဟန်းတော်များ၏ တရားကို နာရသဖြင့် မဟာသုဘဒ္ဒါသည် သောတာပန်ဖြစ်သွားသည်။ နောင်အခါ အိမ်ထောင်ပြုသွားသည့်အတွက် သမီးအလတ် စူဠသုဘဒ္ဒါကို ထားပြန်ရာ ထိုအတူ သောတာပန်ဖြစ်ပြီး နောင် အိမ်ထောင်ပြုသွားပြန်သည်။

သကဒါဂါမ် အိမ်ထောင်မပြု

သမီးငယ် သုမနာဒေဝီကို ပြောင်းထားသောအခါ ရဟန်းတော်များ၏ တရားကို နာရသဖြင့် သောတာပန်မျှမက သကဒါဂါမိဖြစ်သွားသည့်အတွက် အိမ်ထောင်မပြုတော့ပဲ တသက်လုံး ကုမာရီဘဝဖြင့်ပင် သံဃာတော်များကို ပြုစုသွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၇-၈။)

သောတာပန်များ ငိုကြွေးသည်

သုမနာဒေဝီသည် သကဒါဂါမိဖြစ်သည့်အတွက် သောတာပန်သာဖြစ်သော ဖခင် အနာထပိဏ္ဍိကကို မောင်ငယ်ဟု ခေါ်ပြီး သေဆုံးသွားလေရာ ဖခင်ကို မောင်ငယ်ဟု ခေါ်ခြင်းသည် သေခါနီး အယူမှားသွားသည်ဟု သမီးအတွက် စိတ်မကောင်းသဖြင့် ဖခင် အနာထပိဏ္ဍိက သောတာပန်ကြီးသည် ပူဆွေးငိုကြွေးရှာလေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၉၈။)

ပါဠိသဒ္ဒါခက်ဆစ်

ပုညံ = ပုနာတီတိ ပုညံ။ ပု + ဏျ။ (န လာ)
သုဂ္ဂတိ = သုဋ္ဌု ဂတိ သုဂ္ဂတိံ။ သု + ဂတိ။
သုမနာဒေဝီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁-ယမကဝဂ်

၁၃-သုမနာဒေဝီဝတ္ထုပါဠိဂါထာ

၈၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ, ကတပုညော ဥဘယတ္ထ နန္ဒတိ၊
ပုညံ မေ ကတန္တိ နန္ဒတိ, ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

ကတပုညော၊ ပြုအပ်ပြီးသော ကောင်းမှုရှိသူသည်။ ဣဓ၊ ၌။ နန္ဒတိ၊ နှစ်သက်ရ၏။ ပေစ္စ၊ ၌။ နန္ဒတိ၊ ၏။ ဥဘယတ္ထ၊ ၌။ နန္ဒတိ၊ ၏။ မေ၊ သည်။ ပုညံ၊ ကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။ ဣတိ၊ ဤသို့ တွေး၍။ နန္ဒတိ၊ ၏။ သုဂတိံ၊ သုဂတိသို့။ ဂတော၊ သည်။ (သမာနော၊ သော်။) ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ ၏။ (ပါ-၁၈)

သုမနာဒေဝီဝတ္ထုဂါထာနိဿယပြီးပြီ။