မာတိကာသို့ ခုန်သွားရန်

သုဝဏ္ဏမိဂဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၅၉။ သုဝဏ္ဏမိဂဇာတ် (၅-၁-၉)
3963ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၅၉။ သုဝဏ္ဏမိဂဇာတ် (၅-၁-၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၉။ သုဝဏ္ဏမိဂဇာတ်

လင်၏ အသက်ကို မိမိအသက်နှင့် လဲခြင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိက္ကမ ရေ ဟရိပါဒ အစရှိသော ဂါထပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဝဏ္ဏမိဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ယောက်သော အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအမျိုးသမီးသည် သာဝတ္ထိပြည်၌ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့၏ အလုပ်အကျွေးဖြစ်သော အမျိုးသမီးဖြစ်သတည်း၊ သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ဘုရားကို မြတ်နိုး၏။ တရားကို မြတ်နိုး၏။ သံဃာကို မြတ်နိုး၏။ အကျင့်နှင့်ပြည့်စုံ၏။ ပညာရှိ၏။ ဒါန အစရှိသော ကောင်းမှု၌ မွေ့လျော်၏။

ဗုဒ္ဓဘာသာအမျိုးသမီး

ထိုအမျိုးသမီးကို သာဝတ္ထိပြည်၌လျှင် အမျိုးမတူသော မိစ္ဆာဒိဋ္ဌိအမျိုးသည် တောင်း၏။ ထိုအခါ အမျိုးသမီး၏ မိဘတို့သည် ငါတို့သမီးကား သဒ္ဓါတရားနှင့် ပြည့်စုံ၏။ ရတနာသုံးပါးအား ကြည်ညို၏။ ရတနသုံးပါးတို့ကိုလည်း မြတ်နိုး၏။ ဒါနအစရှိသော ကောင်းမှု၌ မွေ့လျော်၏။ သင်တို့သည် မိစ္ဆာ အယူရှိကုန်၏။ ဤသတို့သမီးအား အလိုရှိတိုင်း အလှူပေးစိမ့်သောငှာ လည်းကောင်း၊ တရားနာစိမ့်သောငှာ လည်းကောင်း၊ ကျောင်းသို့ သွားစိမ့်သောငှာ လည်းကောင်း၊ သီလကို စောင့်ရှောက်စိမ့်သောငှာ။ လည်းကောင်း၊ ဥပုသ်သုံးသောအမှုကို ပြုစိမ့်သောငှာ လည်းကောင်း မပေးကုန်လတ္တံ့၊ ငါတို့သည် ငါတို့သမီးကို သင်တို့အား မပေးကုန်။ သင်တို့သည် မိမိတို့အား တူသော မိစ္ဆာအယူရှိသော အမျိုးသမီးကို ယူကြကုန်လော့ ဟု ဆိုကုန်၏။ မိစ္ဆာဒိဋ္ဌိ အမျိုးတို့သည် ပယ်အပ်ကုန်သည်ရှိသော် သင်တို့၏သမီးသည် ငါတို့အိမ်သို့ရောက်၍ အလိုရှိတိုင်း သင်တို့ဆိုသော အလုံးစုံသောကုသိုလ် ကောင်းမှုကို ပြုစေသတည်း၊ ငါတို့ မမြစ်ပါကုန်၊ သင်တို့သမီးကို ငါတို့အား ပေးကုန်ပါလော့ဟု ဆို၏။ ထိုသို့တပြီးကား ယူကြကုန်လော့ဟု ဆိုအပ်ကုန်သည်ရှိသော် ကောင်းသောနက္ခတ်ဖြင့် မင်္ဂလာပြု၍ ထိုအမျိုးသမီးကို မိမိတို့၏အိမ်သို့ ဆောင်ကုန်၏။

ဘာသာခြားလင်ကို အယူပြောင်းစေပုံ

ထိုအမျိုးသမီးသည် ဝတ်အကျင့်နှင့် ပြည့်စုံ၏။ လင်ကို နတ်ကဲ့သို့ လုပ်ကျွေး၏။ ယောက္ခမယောကျ်ားသူ, ယောက္ခမမိန်းမသူ, လင်တို့၏ ဝတ်အစရှိသည်တို့ကို ပြု၏။ ထိုအမျိုးသမီးသည် တစ်နေ့သ၌ လင်ကို အရှင့်သား... အကျွန်ုပ်တို့၏ ဆရာမထေရ်တို့အား အလှူ ပေးခြင်းငှာ အကျွန်ုပ် အလိုရှိ၏ ဟု ဆို၏။ ရှင်မ... ကောင်းပြီ အလိုရှိတိုင်း ပေးလော့ ဟု ဆို၏။ ထိုအမျိုးသမီးသည် မထေရ်တို့ကို ပင့်ဖိတ်စေ၍ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ မြတ်သော ဘောဇဉ်တို့ကို ဘုဉ်းပေးစေ၍ တင့်အပ်လျောက်ပတ်စွာ နေ၍ အရှင်ဘုရားတို့ မိစ္ဆာအယူ ရှိသော သဒ္ဓါတရားမရှိသောအမြိုးသည် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မသိ၊ အကျွန်ုပ် တောင်းပန်၏။ အရှင်ကောင်းတို့သည် ဤအမျိုးတို့သည် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိသည့်ကာလတိုင်အောင် ဤအိမ်၌လျှင် ဆွမ်းကို ခံပါကုန်လော့ ဟု လျှောက်၏။ မထေရ်တို့သည် သည်းခံ၍ ထိုအိမ်၌ မပြတ် ဆွမ်းဘုဉ်းပေးကုန်၏။ တစ်ဖန် လင်ကို အရှင့်သား... မထေရ်တို့သည် အိမ်သို့ မပြတ်ကြွလာကုန်၏။ အဘယ့်ကြောင့် သင်တို့သည် မဖူးကုန်သနည်း ဟုဆို၏။ ကောင်းပြီ၊ ဖူးမြင်အံ့ ဟု လင်သည်ဆို၏။ ထိုအမျိုးသမီးသည် နက်ဖြန် မထေရ်တို့သည် ဆွမ်းဘုဉ်းပေးပြီးသော် လင်အား အကြောင်းကြား၏။ လင်သည် ဆည်းကပ်၍ မထေရ်တို့နှင့်တကွ ပဋိသန္ထာရပြု၍ လျောက်ပတ်စွာ နေ၏။

မဂ်ဖိုလ်ရပြီ

ထိုအခါ ထိုယောကျ်ားအား အရှင်သာရိပုတ္တရာသည် တရားဟော၏။ ထိုယောက်ျားသည် အရှင်သာရိပုတ္တရာ၏ တရားစကား၌ လည်းကောင်း, ဣရိယာပုထ်တို့၌လည်းကောင်း ကြည်ညို၍ ထိုအခါမှစ၍ မထေရ်တို့အား နေရာကို ခင်း၏။ သောက်ရေကို စစ်၏။ ဆွမ်းဘုဉ်းပေးစဉ် ကာလအကြား၌ တရားကိုနာ၏။ ထိုယောကျ်ားအား နောက်အဖို့၌ မိစ္ဆာအယူသည်ပျက်၏။ ထိုအခါ တစ်နေ့သ၌ မထေရ်သည် နှစ်ယောက်ကုန်သော လင်မယားတို့အားလည်း တရားဟောလျက် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ နှစ်ယောက်ကုန်သော လင်မယားတို့သည်လည်း သေတာပတ္တိဖိုလ်၌ တည်ကုန်၏။ ထိုအခါမှ စ၍ ထိုယောကျ်ား၏ အမိအဘတို့ကို အစပြု၍ အယုတ်သဖြင့် ခပ်သိမ်းကုန်သော ကျွန် အမှုလုပ်ဖြစ်ကုန်သော သူတို့သည်လည်း မိစ္ဆာအယူကို ဖျက်၍ ဘုရား, တရား, သံဃာကိုသာလျှင် မြတ်နိုးကုန်၏။ ထိုအခါ တစ်နေ့သ၌ အမျိုးသမီးသည် လင်ကို အရှင့်သား... အကျွန်ုပ်တို့အား အိမ်၌နေခြင်းဖြင့် အလိုမရှိ၊ ရဟန်းပြုခြင်းငှာ အလိုရှိ၏ ဟု ဆို၏။ ထိုယောက်ျားသည် ရှင်မကောင်းပြီ၊ ငါလည်းပြုအံ့ဟု များစွာသော အခြံအရံဖြင့် အမျိုးသမီးကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ပို့၍ မိမိသည်လည်း ဘုရားအထံတော်သို့ ကပ်၍ ရဟန်းအဖြစ်ကို တောင်း၏။ ထိုယောက်ျားကို မြတ်စွာဘုရားသည် ရဟန်း ပြုစေ၏။ ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဝိပဿနာကို ပွားစေ၍ မကြာမြင့်မီလျှင် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ "ငါ့ရှင်တို့... ဤမည်သော ရဟန်းမိန်းမငယ်သည် မိမိ၏ လည်းကောင်း, လင်၏ လည်းကောင်း အထောက်အပံ့ ဖြစ်၏။ မိမိသည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ရောက်၍ လင်ကို နိဗ္ဗာန်သို့ ရောက်စေ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့... ထိုရဟန်းမိန်းမငယ်သည် ယခုအခါ၌သာလျှင် လင်ကို ရာဂကျော့ကွင်းမှ လွတ်စေသည် မဟုတ်သေး၊ ရှေးပညာရှိတို့ကိုလည်း သေခြင်းဟူသော ကျော့ကွင်းမှ လွတ်စေဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသို့ပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ ချိပ်ရည်တို့ဖြင့် အပြေအပြစ်ပြအပ်ကုန်သကဲ့သို့သော လက်ခြေတို့နှင့်လည်းကောင်း, ငွေစိုင်နှင့်တူကုန်သော ဦးချိုတို့နှင့်လည်းကောင်း၊ ပတ္တမြားလုံးနှင့်တူကုန်သော မျက်စိတို့နှင့်လည်းကောင်း, ကမ္ဗလာနီ အဆင်းနှင့်တူသော မျက်နှာတို့နှင့် လည်းကောင်း ပြည့်စုံ၏။ ထိုဘုရားလောင်း၏ မယားသည်လည်း ပျိုနု၏။ အဆင်းလှ၏။ ရှုချင်ဖွယ် ရှိ၏။ ထိုလင်မယားတို့သည် သင့်တင့် ညီညွတ်စွာ နေခြင်းဖြင့် နေကုန်၏။ ရှစ်သောင်းကုန်သော ဆန်းကြယ်ကုန်သော သမင်တို့သည် ဘုရားလောင်းကို ခစားကုန်၏။

သမင်မင်း ကျော့ကွင်းမိ

ထိုအခါ မုဆိုးတို့သည် သမင်တို့၏ လမ်းခရီးတို့၌ ကျော့ကွင်းကို ထောင်ကုန်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားလောင်းသည် သမင်တို့၏ ရှေ့မှ သွားလတ်သော် ခြေ၌ ကျော့ကွင်းမိ၍ ကျော့ကွင်းကို ဖြတ်အံ့ ဟု ငင်၏။ အရေသည် ပြတ်၏။ တစ်ဖန် ငင်လတ်သော် အသားသည် ပြတ်၏။ တစ်ဖန်ငင်လတ်သော် အကြောသည် ပြတ်၏။ ကျော့ကွင်းသည် အရိုးသို့ဆိုက်၍ တည်၏။ ဘုရားလောင်းသည် ကိုက်ဖြတ်အံ့သောငှာ မတတ်နိုင်ရကား သေဘေးကိုကြောက်၍ ကျော့ကွင်းမိသော မြည်ခြင်းကို မြည်၏။

ထိုအသံကိုကြား၍ သမင်အပေါင်းသည် ပြေး၏။ ဘုရားလောင်း၏ မယားသည်ကား ပြေးပြီး၍ သမင်တို့၏ အတွင်း၌ ကြည့်လတ်သော် ဘုရားလောင်းကို မမြင်၍ ဤဘေးသည် ငါ၏ ချစ်သော လင်အား ဖြစ်သောဘေးသည် ဖြစ်ရာ၏ ဟု လျင်မြန်သဖြင့် ဘုရားလောင်း၏ အထံသို့ သွား၍ မျက်ရည်စွတ်သော မျက်နှာရှိသည်ဖြစ်၍ ငိုလျက် အရှင်သည်လည်း အားကြီး၏။ ဤကျော့ကွင်းသည် သင့်ကို ခံအံ့သောငှာ မတတ်နိုင်လတ္တံ့၊ အဟုန်ကိုဖြစ်စေ၍ ထိုကျော့ကွင်းကိုဖြတ်လော့ဟု အားထုတ်ခြင်းကို ဖြစ်စေလိုရကား -

၅၀။ ဝိက္ကမ ရေ ဟရိပါဒ၊ ဝိက္ကမ ရေ မဟာမိဂ၊
ဆိန္ဒ ဝါရတ္တိကံ ပါသံ၊ နာဟံ ဧကာ ဝနေ ရမေ။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၅၀။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ရေ ဟရိပါဒ၊ အို ရွှေအဆင်းနှင့်တူသော ခြေရှိသော။ မဟာမိဂ၊ သမင်မြတ်။ ဝိက္ကမ၊ ငင်လော့။ ဝါရတ္တိကံ ပါသံ၊ သားရေလွန် ကျော့ကွင်းကို။ ဆိုန္ဒ၊ ဖြတ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဧကာ၊ တစ်ယောက်တည်း။ ဝနေ၊ တော၌။ န ရမေ၊ မမွေ့လျော်နိုင်။

ထိုစကားကိုကြား၍ ဘုရားလောင်းသမင်သည်-

၅၁။ ဝိက္ကမာမိ န ပါရေမိ၊ ဘူမိံ သုမ္ဘာမိ ဝေဂသာ။
ဒဠှော ဝါရတ္တိကော ပါသော။ ပါဒံ မေ ပရိကန္တတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘဒ္ဒေ၊ ရှင်မ အဟံ၊ ငါသည်။ ဝိက္ကမာမိ၊ ငင်၏။ န ပါရေမိ၊ ကျော့ကွင်းကို ပြတ်စိမ့်သောငှာ မတတ်နိုင်။ ဝေဂသာ၊ အဟုန်အားဖြင့်။ ဘူမိံ၊ မြေကို။ သုမ္ဘာမိ၊ ကျောက်ကန်၏။ ဝါရတ္တိကော ပါသော၊ သားရေလွန် ကျော့ကွင်းသည်။ ဒဠှော၊ မြဲမြံလှ၏။ မေ၊ ငါ၏။ ပါဒံ၊ ခြေကို။ ပရိကန္တတိ၊ ထက်ဝန်းကျင်ဖြတ်၏။

မိဖုရားသမင်မ တောင်းပန်

ထိုအခါ ဘုရားလောင်းကို သမင်မသည် အရှင်မကြောက်လင့်၊ အကျွန်ုပ်သည် ကိုယ့်အစွမ်းဖြင့် မုဆိုးကို တောင်းပန်၍ အရှင့်အသက်ကို ဆောင်ယူအံ့၊ တောင်းပန်အံ့သောငှာ အကယ်၍ မတတ်နိုင်လတ္တံ့၊ အကျွန်ုပ် အသက်ကိုလည်း ပေး၍ အရှင့်အသက်ကို ဆောင်ယူအံ့ ဟု ဘုရားလောင်းကို နှစ်သိမ့်စေ၍ သွေးလိမ်းကျံသော ဘုရားလောင်းကို မိမိကိုယ်၌ မှီစေ၍ ရပ်၏။

မုဆိုးသည်လည်း သန်လျက်, လှံကိုယူ၍ ကမ္ဘာကိုလောင်သော မီးထသကဲ့သို့ လာ၏။ သခင်မသည် မုဆိုးကိုမြင်၍ အရှင်... မုဆိုးသည် လာ၏။ ကျွန်ုပ်သည် ကိုယ့်အစွမ်းကို ပြုအံ့၊ အရှင်သည် မကြောက်လင့် ဟု သမင်မင်းကို နှစ်သိမ့်စေ၍ မုဆိုးအား ခရီးဦးကြို၍ လျောက်ပတ်စွာ ရပ်နေ၍ မုဆိုးကို ရှိခိုး၍ အရှင်... အကျွန်ုပ်၏လင် ရွှေအဆင်းနှင့်တူသော သမင်မင်းသည် အကျင့်သီလနှင့် ပြည့်စုံ၏။ ရှစ်သောင်းသော သမင်တို့၏ မင်းဖြစ်၏ ဟု ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုဆို၍ သမင်မသည် စင်းလျက် မိမိအား သတ်ခြင်းငှာ တောင်းပန်လို၍-

၅၂။ အတ္ထရဿု ပလာသာနိ၊ အသိံ နိဗ္ဗာဟ လုဒ္ဒက။
ပဌမံ မံ ဝဓိတွာန၊ ဟန ပစ္ဆာ မဟာမိဂံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၂။ လုဒ္ဒက၊ မုဆိုး။ တွံ၊ သင်သည်။ ပလာသာနိ၊ ပေါက်ဖက်တို့ကို။ အတ္ထရဿု၊ ခင်းလော့။ အသိံ၊ သန်လျက်ကို။ နိဗ္ဗာဟ၊ အိမ်မှုထုတ်လော့။ ပဌမံ၊ ရှေးဦးစွာ။ မံ၊ ငါ့ကို။ ဝဓိတွာန၊ သတ်၍။ ပစ္ဆာ၊ နောက်မှ။ မဟာမိဂံ၊ သမင်ကြီးကို။ ဟန၊ သတ်လော့။

မုဆိုးလွှတ်ပြီး ဆေးကုပေး

ထိုစကားကို ကြား၍ မုဆိုးသည် လူဖြစ်သော မိန်းမသည်လည်း လင်၏အကျိုးငှာ ကိုယ့်အသက်ကို မစွန့်၊ ဤ သမင်မသည်ကား တိရစ္ဆာန်ဖြစ်လျက် အသက်ကို စွန့်၏။ လူ၏ ဘာသာဖြစ်သော သာယာသော အသံဖြင့်လည်း ပြောဆို၏။ ယနေ့ ငါသည် ဤသမင်မအားလည်းကောင်း သမင်မ၏ လင်အားလည်းကောင်း အသက်ကို ပေးအံ့ဟု-

၅၃။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။
တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဧသော စာပိ မဟာမိဂေါ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ ဘဒ္ဒေ၊ ကောင်းမြတ်လိမ္မာသော သခင်မ။ မေ၊ ငါသည်။ ဣတော၊ ဤကာလမှ။ ပုဗ္ဗေ၊ ရှေး၌။ မာနုသိံ၊ လူ့စကားကို။ ဘာသန္တိံ၊ ဆိုသော မိဂိံ၊ သမင်မကို။ သုတံ ဝါ၊ ကြားဖူးခြင်းသည်လည်းကောင်း။ ဒိဋ္ဌံ ဝါ၊ မြင်ဖူးခြင်းသည်လည်းကောင်း။ ၊ မရှိ။ တွဉ္စ၊ သင်သည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်လော့။ ဧသော စာပိ မဟာမိဂေါ၊ ဤသမင်ကြီးသည်လည်း။ သုခီ၊ ချမ်းသာသည်။ ဟောတု၊ ဖြစ်စေသတည်း။

ထိုသို့ သမင်မကို နှစ်သိမ့်စေ၍ မုဆိုးသည် ဘုရားလောင်း၏ အထံသို့သွား၍ သားရေလွန်ကို ပဲခွပ်ဖြင့်ဖြတ်၍ ခြေ၌ငြိသော သားရေလွန်ကို ဖြည်းညင်းသာယာစွာ ထုတ်၍ အကြောကို အကြောချင်း, အသားကို အသားချင်း, အရေကို အရေချင်း စပ်၍ ခြေကို လက်ဖြင့် ဆုပ်၏။ ထိုခဏ၌ ဘုရားလောင်း၏ ဖြည့်အပ်သော ပါရမီ အာနုဘော်အားဖြင့် လည်းကောင်း, မုဆိုး၏ မေတ္တာ အာနုဘော်အားဖြင့် လည်းကောင်း၊ သခင်မ၏ အဆွေခင်ပွန်း၌ စောင့်ရှောက်သော တရား၏ အာနုဘော်အားဖြင့် လည်းကောင်း အကြော အသားအရေတို့သည် အချင်းချင်းစပ်ကုန်၏။ ဘုရားလောင်းသည် ချမ်းသာလျက် ဆင်းရဲကင်းလျက် ရပ်၏။

သမင်မ ဆုပေး

သမင်မသည် ချမ်းသာသော ဘုရားလောင်းကိုမြင်၍ ဝမ်းမြောက်ခြင်းဖြစ်၍ မုဆိုးအား အနုမောဒနာပြုလို၍-

၅၄။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟ မဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ မဟာမိဂံ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅၄။ လုဒ္ဒက၊ မုဆိုး။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ မုတ္တံ၊ လွတ်သော။ မဟာမိဂံ၊ သမင်မင်းကို။ ဒိသွာ၊ မြင်၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်စေသတည်း။

သမင်မင်း တရားဟောခြင်း

ဘုရားလောင်းသည် ဤမုဆိုးကား ငါ၏ ကိုးကွယ်ရာ ဖြစ်ပြီ၊ ငါသည်လည်း မုဆိုး၏ ကိုးကွယ်ရာ ဖြစ်သင့်၏ ဟုကျက်စားရာမြေ၌ မြင်အပ်သော တစ်ခုသော ပတ္တမြားတုံးကို မုဆိုးအားပေး၍ အဆွေ... ယနေ့မှစ၍ ပါဏာတိပါတ အစရှိသည်ကို မပြုလင့်၊ ဤပတ္တမြားဖြင့် ဥစ္စာကို ဖြစ်စေ၍ သား မယားတို့ကို မွေးလျှက် ဒါန သီလအစရှိကုန်သော ကောင်းမှုတို့ကို ပြုလော့ ဟု မုဆိုးအား အဆုံးအမကို ပေး၍ တောသို့ဝင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆန္နသည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ ရဟန်းမိန်းမငယ်သည် ထိုအခါ သမင်မ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမင်မင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လိမ္မာမယား၊ ရတုံငြား၊ လင်အား ချမ်းသာရာ

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော သုဝဏ္ဏမိဂဇာတ် ပြီး၏။

*****