သုဝဏ္ဏသာမဇာတ်တော်ကြီး/ပဏာမ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
တထာဂတော ယော ကရုဏာကရော ကရော၊ ပယာတမောသဇ္ဇသုခပ္ပဒံ ပဒံ။
အကာ ပရတ္ထံ ကလိသမ္ဘဝေ ဘဝေ၊ နမာမိ တံ ကေဝလ ဒုက္ကရံ ကရံ။
အပူဇယုံ ယံ မုနိကုဉ္ဇရာ ဇရာ၊ ရုဇာဒိမုတ္တာ ယဟိမုတ္တရေ တရေ။
ဌိတာ တိဝဋ္ဋမ္ဗုနိဓိန္နရာ နရာ၊ တရိံသု တံ ဓမ္မမဃပ္ပဟံ ပဟံ။
ဂတံ မုနိန္ဒော ရသသူနုတံ နုတံ၊ သုပုညခေတ္တံ ဘဝနေ သုတံ သုတံ။
ဂဏမ္ပိ ပါဏီကတ သံဝရံ ဝရံ၊ သဒါ ဂုဏောဃေန နိရန္တရန္တရံ။
ကရုဏာကရော၊ ကရုဏာတော်၏ တည်ရာဖြစ်တော် မူထသော။ ယော တထာဂတော၊ အကြင်မြတ်စွာဘုရားသည်။ ကရောပယာတံ၊ လက်တော်သို့ ရောက်ပြီးသော။ သုခပ္ပဒံ၊ ချမ်းသာခြင်း၏တည်ရာဖြစ်သော။ ပဒံ၊ နိဗ္ဗာန်ကို။ သြသဇ္ဇ၊ စွန့်တော်မူ၍။ ကလိသမ္ဘဝေ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော။ ဘဝေ၊ သံသရာတည်းဟူသောဘဝ၌။ ကေဝလဒုက္ကရံ၊ စင်စစ်ပြုနိုင်ခဲလှစွာသော စွန့်ခြင်းကြီး ၅-ပါး အစရှိသည်ကို။ ကရံ-ကရောန္တော၊ ပြုတော်မူသည်ဖြစ်၍။ ပရတ္ထံ၊ သူတစ်ပါးတို့၏ အကျိုးစီးပွားကို။ အကာ၊ ပြုတော်မူလေပြီ။ တံ တထာဂတံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ နမာမိ၊ ရှိခိုးပါ၏။
ယံ ဓမ္မံ၊ အကြင် တရားတော်မြတ်ကို။ ဇရာရုဇာဒိမုတ္တာ၊ အိုခြင်း, နာခြင်း အစရှိသော သံသရာဘေးမှ လွတ်တော်မူကုန်ပြီးသော။ မုနိကုဉ္ဇရာ၊ မြတ်စွာဘုရားတို့သည်။ အပူဇယုံ၊ ပူဇော်တော်မူကုန်ပြီ။ ဥတ္တရေ၊ မြတ်စွာထသော။ ယဟိံတရေ၊ အကြင်တရားတည်းဟူသော သင်္ဘောလှေ၌။ ဌိတာ၊ တည်ကုန်သော။ နရာနရာ၊ လူနတ်တို့သည်။ တိဝဋ္ဋမ္ဗုနိဓိံ၊ ဝဋ် ၃-ပါးဖြင့်နှောင့်ယှက်သော သံဝရာဝဋ်တည်းဟူသော မဟာသမုဒ္ဒရာကို။ တရိံသု၊ ကူးကုန်ပြီ။ အဃပ္ပဟံ၊ သံသရာဝဋ်ဆင်းရဲကို ပယ်ဖျက်တော်မူတတ်ထသော။ တံ ဓမ္မံ အပိ၊ ထိုတရားတော်မြတ်ကိုလည်း။ အဟံ၊ ငါသည်။ နမာမိ၊ ရှိခိုးပါ၏။
မုနိန္ဒောရသသူနုတံ၊ မြတ်စွာဘုရား၏ရင်၌ဖြစ်သော သားတော်အဖြစ်သို့။ ဂတံ၊ ရောက်ပြီးထသော။ နုတံ၊ ကိလေသာအပေါင်းကိုလည်း ပယ်ပြီးထသော။ သုပုညခေတ္တံ၊ ကောင်းမှုတည်းဟူသောမျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်လည်းဖြစ်ထသော။ ဘဝနေ၊ လောက ၃-ပါး၌။ သုတံ၊ ကျော်စောစွာထသော။ အသုတံ၊ ကိလေသာတည်းဟူသော မိုးဖြင့်လည်း မစွတ်ထသော။ ပါဏီကတသံဝရံ၊ အသက်ကဲ့သို့ပြုအပ်သော သံဝရသီလလည်းရှိထသော။ ဝရံ၊ နတ်နှင့်တကွသော လူအပေါင်းတို့သည် တောင့်တအပ်ထသော။ သဒါ၊ အခါခပ်သိမ်း။ ဂုဏောဃေန၊ သီလအစရှိသော ဂုဏ်ကျေးဇူးအပေါင်းဖြင့်။ နိရန္တရန္တရံ၊ မပြတ်သောစိတ်လည်းရှိထသော။ ဂဏမ္ပိ၊ ၈-ယောက်သော အရိယာပုဂ္ဂိုလ်မြတ်တို့၏အပေါင်းကိုလည်း။ အဟံ၊ ငါသည်။ နမာမိ၊ ရှိခိုးပါ၏။
ဤသို့ အတွင်း, အပ အန္တရာယ်ပျောက်ငြိမ်းခြင်း၊ ကျမ်းပြီးခြင်း၊ တောင့်တအပ်သောအလို, ကုသိုလ်မင်္ဂလာ, အဇ္ဈာသယ, သုခသိဒ္ဓိ, ပီတိရွှန်းဝေ, ကျက်သရေတိုးပွား များစေခြင်း၊ အကျိုးရှိသော ရတနာ၃-ပါးတို့အား ညွှတ်တွားထိပ်ထက် တင်ရွက်ရှိပန် ဗိတာန်အောင်ထီးကို ချီးမြှောက်ကာ၍ မေတ္တာတော်အာနုဘော် ဘုန်းတော်ရိပ်အစွမ်းကို ချမ်းမြေ့စွာခိုလှုံလျက် အဓိပ္ပာယ်အနက် ကွယ်ဝှက်ခြင်းရှိသော ပါဠိတော်ရွှေတိုက်မှ အမြိုက်ရည်လျှင် အဆီရှိသော ဤ“သုဝဏ္ဏသာမ” ဇာတ်တော်ရတနာကို အခါခါတောင်းပန်သောသူတို့၏ အလိုနှင့်လျော်စွာ သဒ္ဓါသီလသုတပညာ ပွားရာသောအကြောင်း သူတော်သူမြတ်အပေါင်းတို့ မှတ်သားနာပျော်ဖွယ် မကျယ်မကျဉ်း အလျဉ်းသင့်ရာ ဥဒါဟရုဏ် စုံလင်အောင်ပြန်ကြား၍ စကားကျစ်လစ် ပြေပြစ်သန့်ရှင်းစွာ ပန်းပွင့်ဝတ်ဆံမပျက် ပန်းရွက်ဝတ်မှုန်ကိုယူသော ပျားပိတုန်းဥပမာကဲ့သို့ အစွမ်းအလျောက် အားထုတ်စီရင်ပေအံ့။
ဤ သုဝဏ္ဏသာမ ဇာတ်တော်ရတနာကို ရှေးဆရာတော်တို့ မရေးမသား ချန်ထားခဲ့သည်မှာ “လင်္ကာဒီပ”ဟုဆိုအပ်သော သီဟိုဠ်ကျွန်း၌ သိရီဓမ္မာသောကမင်းကြီး၏ သားတော်ဖြစ်တော်မူသော အရှင်မဟိန္ဒထေရ်သည် ဒေဝါနံပိယတိဿမင်းကြီးနှင့် ဒေသစာရီကြွချီတော်မူသောအခါ စကားပန်းတို့ဖြင့် မဟာစေတီတည်မည့်အရပ်ကို အရှင်မဟိန္ဒထေရ် ပူဇော်တော်မူလျှင် မဟာပထဝီမြေကြီးသည် ပြင်းစွာတုန်လှုပ်၏။
ထို့သို့ မြေတုန်လှုပ်သောအကြောင်းကို ဒေဝါနံပိယတိဿမင်းကြီးသည် အရှင်မဟိန္ဒထေရ်အား မေးလျှောက်သည်ရှိသော်၊ အရှင်မဟိန္ဒထေရ်သည်လည်း ဤသို့ မိန့်တော်မူ၏။ “မြတ်သောမင်းကြီး။ လူ ၃-ဦးတို့၏အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏ မွေတော်ဓာတ်တော်မြတ် ကိန်းဝပ်တော်မူရာ မဟာစေတီတည်မည့် အကြောင်းနိမိတ်တည်း”ဟု မိန့်တော်မူ၏။
ထိုအကြောင်းကိုကြားလျှင် ဒေဝါနံပိယတိဿမင်းကြီးသည် “အကျွန်ုပ်ပင် တည်ပါမည်”ဟု လျှောက်၏။ ထိုသို့လျှောက်သောအခါ အရှင်မဟိန္ဒထေရ်သည် ဤသို့မိန့်တော်မူ၏။ “မြတ်သောမင်းကြီး။ သည်းခံဦးလော့။ ဤမြေကြီးတုန်လှုပ်သည်ကား သင်မင်းကြီးအား တည်ထားစိမ့်သောငှာ တုန်လှုပ်သည်မဟုတ်။ သင်မင်းကြီးအား များစွာသောပြုဖွယ်ကိစ္စ ရှိသေး၏။ နောင်သောအခါ သင်မင်းကြီး၏မြစ်တော်ဖြစ်သော ဒုဋ္ဌဂါမဏိ အဘယမင်း တည်လတ္တံ့။ ထို ဒုဋ္ဌဂါမဏိ အဘယမင်း တည်စိမ့်သောငှာ မြေတုန်လှုပ်သတည်း”ဟု မိန့်တော်မူလျှင်၊ ဒေဝါနံပိယတိဿမင်းကြီးသည်-“အကျွန်ုပ်မြစ်တော်ဖြစ်သော ဒုဋ္ဌဂါမဏိအဘယမင်း တည်လျှင်လည်း အကျွန်ုပ်တည်သည်ပင်မည်သည်”ဟု ကျောက်တိုင်စိုက်၍ ကမ္ပည်းကျောက်စာ အက္ခရာထားသကဲ့သို့၊ ထို့အတူ ၎င်း သုဝဏ္ဏသာမ ဇာတ်တော်ရတနာ၏ဝတ္ထုကို မရေးမသား ရှေးဆရာတို့ ချန်ထားခဲ့လေသတည်း။