မာတိကာသို့ ခုန်သွားရန်

သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၆

ဝီကီရင်းမြစ် မှ
သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၆။ ပီဠိယက္ခမင်း ဒုကူလ, ပါရိကာတို့ထံ သွားခန်း
3974သုဝဏ္ဏသာမဇာတ်တော်ကြီး — ၆။ ပီဠိယက္ခမင်း ဒုကူလ, ပါရိကာတို့ထံ သွားခန်းဦးပညာတိက္ခ

ထိုသို့ဆိုသော ဗဟုသုန္ဒရီနတ်သမီး၏စကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည် “ငါသည် ထိုသုဝဏ္ဏသာမ၏ အမိအဖတို့ကိုမွေး၍ ကောင်းသောအလားသို့ လားရအံ့သတည်း”ဟု ကြံပြီးလျှင်၊ “ငါ့အား မင်း၏အဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ထိုသုဝဏ္ဏသာမ၏ အမိ,အဖတို့ကိုသာလျှင် မွေးအံ့”ဟု မြဲစွာဆောက်တည်၍ ပြင်းစွာသောငိုကြွေးခြင်းဖြင့်ငိုကြွေးလျက် စိုးရိမ်ခြင်းကိုခေါင်းပါးစေ၍၊ “သုဝဏ္ဏသာမ သေသည်ဖြစ်လတ္တံ့”ဟု အထူးထူးသော အဆင်း,အနံ့ရှိသော မဟာလှေကား, စံကား, ကံ့ကော်, စွယ်တော်, ရင်းမာ, ဇလပ်, ခတ္တာ, ချရား, ဆပ်သွား, ပုန်းညက်, သရဖီ, သဇင် အစရှိသောပန်းတို့ဖြင့် ထိုသုဝဏ္ဏသာမ၏ကိုယ်ကိုပူဇော်၍ ရေသွန်းပြီးလျှင်၊ လက်ယာရစ် ၃-ကြိမ်လှည့်လျက် အရပ်၄-မျက်နှာတို့ကို ရှိခိုးပူဇော်ပြီးလျှင် ထိုသုဝဏ္ဏသာမ၏ ပြည့်စေအပ်သော သောက်ရေအိုးကိုယူ၍ နှလုံးမသာခြင်းဖြင့် တောင်အရပ်သို့ ရှေးရှုသွားလေ၏။

ထိုပီဠိယက္ခမင်းကြီးသည် နှလုံးမသာခြင်းဖြင့် သွားလေသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“သ ရာဇာ ပရိဒေဝိတွာ၊ ဗဟုံ ကာရုညသဉှိတံ။

ဥဒကကုမ္ဘမာဒါယ၊ ပက္ကာမိ ဒက္ခိဏာမုခေါ။”

ဟူသောဂါထာကို ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

“သံသရာဘေး လာမည့်ရေးကို တုန်အေးကြောက်လှသော ချစ်သားတို့။ ထိုပီဠိယက္ခမင်းကြီးသည် များစွာသောသနားခြင်းနှင့်ယှဉ်သော ငိုကြွေးခြင်းဖြင့်ငိုကြွေးလျက် ရေအိုးကိုထမ်းယူ၍ တောင်အရပ်သို့ ရှေးရှုသွားလေ၏။”

ထိုပီဠိယက္ခမင်းသည်လည်း ပြကတေ့သောသဘောဖြင့် ခွန်အားကြီးသောကြောင့် သောက်ရေအိုးကိုယူ၍ သင်္ခမ်းကို နှိပ်နယ်ဘိသကဲ့သို့ဝင်လေ၍ ဒုကူလသုခမိန်၏သင်္ခမ်းသို့ ရောက်လေ၏။

ဒုကူလသုခမိန်သည် သင်္ခမ်းအတွင်း၌နေလျက်လျှင် ထိုပီဠိယက္ခမင်းကြီး၏ခြေသံကိုကြား၍ “ဤခြေသံသည်ကား ငါ့သားသုဝဏ္ဏသာမ၏ ခြေသံမဟုတ်။ ဤခြေသံသည်ကား အဘယ်သူ၏ ခြေသံနည်း”ဟု မေးလိုသောကြောင့်-

“ကဿ နု ဧသော ပဒသဒ္ဒေါ၊ မနုဿဿေဝ အာဂတော။

နေသော သာမဿ နိ ဂ္ဃေါသော၊ ကော နု တွမသိ မာရိသ။”

“သန္တံ ဟိ သာမော ဝဇတိ၊ သန္တံ ပါဒါနိ နေယတိ။

နေသော သာမဿ နိဂ္ဃေါသော၊ ကော နု တွမသိ မာရိသ။”

ဟူသော ၂-ဂါထာကို ဆို၏။

မာရိသ၊ အချင်း။ ဧသော ပဒသဒ္ဒေါ၊ ဤခြေသံသည်ကား။ ကဿ၊ အဘယ်သူ၏။ ပဒသဒ္ဒေါ နု၊ ခြေသံနည်း။ မနုဿဿေဝ၊ လူ၏သာလျှင်။ အာဂတော၊ လာသော။ ပဒသဒ္ဒေါ၊ ခြေသံတည်း။ ဧသော နိဂ္ဃေါသော၊ ဤခြေသံသည်ကား။ သာမဿ၊ သုဝဏ္ဏသာမ၏။ န နိဂ္ဃေါသော၊ ခြေသံမဟုတ်။ တွံ၊ သင်ကား။ ကော၊ အဘယ်သူသည်။ အသိ နု၊ ဖြစ်ဘိသနည်း။

မာရိသ၊ အချင်း။ သာမော၊ သုဝဏ္ဏသာမသည်။ သန္တံ၊ ငြိမ်သက်စွာလျှင်။ ဝဇတိ၊ သွား၏။ သန္တံ၊ အသာအသာ။ ပါဒါနိ၊ ခြေတို့ကို။ နေယတိ၊ ချလေ၏။ ဧသော၊ ဤခြေသံသည်ကား။ သာမဿ၊ သုဝဏ္ဏသာမ၏။ န နိဂ္ဃေါသော၊ ခြေသံမဟုတ်။ တွံ၊ သင်ကား။ ကော၊ အဘယ်သူသည်။ အသိနု၊ ဖြစ်ဘိသနည်း။

အဓိပ္ပာယ်ကား-

“အချင်း။ ဤခြေသံသည် အဘယ်သူ၏ ခြေသံနည်း။ ဤခြေသံသည်ကား ခြင်္သေ့, သစ်, ကျား, နတ်, ဘီလူး, ကိန္နရာ အစရှိသည်တို့၏ လာသောခြေသံမဟုတ်။ ဤခြေသံသည် လူ၏ခြေသံတည်း။ ထိုလူ၏ခြေသံပင်ဖြစ်သော်လည်း ဤခြေသံသည် သုဝဏ္ဏသာမ၏ခြေသံမဟုတ်။ အချင်း။ သုဝဏ္ဏသာမသည် ငြိမ်သက်စွာသွား၏။ အသာအသာ ခြေကိုချ၏”ဟု ဆို၏။

ထိုသို့ ဒုကူလသုခမိန် ဆိုသောစကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည် “အကယ်၍ ငါသည် မင်းအဖြစ်ကို မဆိုမူ၍ “သင်တို့၏သားကို ငါသတ်မိချေ၏”ဟု ဆိုချေတုံအံ့။ ဤသူတို့သည် အမျက်ထွက်၍ ငါနှင့်တကွ ကြမ်းကြုတ်သောစကားကို ဆိုလတ်ကုန်အံ့သတည်း။ ထိုသို့ဆိုသည်ရှိသော် ငါ့အား ထိုသူတို့၌ အမျက်ထွက်ခြင်းသည် ဖြစ်လတ္တံ့သတည်း။ ထိုသို့ဖြစ်သည်ရှိသော် ထိုသုဝဏ္ဏသာမ၏ အမိ, အဖတို့ကို ညှဉ်းဆဲမိလတ်အံ့သတည်း။ ထိုသို့ ညှဉ်းဆဲခြင်းသည်ကား ငါ့အား မကောင်းမှုပွားများသည် ဖြစ်လတ္တံ့။ “မင်း”ဟူ၍ ဆိုသည်ရှိသော် မင်းကို မကြောက်သောသူမည်သည် မရှိ၊ ထို့ကြောင့် မင်း၏အဖြစ်ကို ရှေးဦးစွာဆိုအံ့”ဟု ကြံ၍၊ ရေအိုးစင်၌, ရေအိုးကိုချထားပြီးလျှင် သင်္ခမ်းတံခါး၌ရပ်လျက်-

“ရာဇာဟမသ္မိ ကာသီနံ၊ ပီဠိယက္ခောတိ မံ ဝိဒူ။

လောဘာ ရဋ္ဌံ ပဟိတွာန၊ မိဂမေသံ စရာမဟံ။”

“ဣဿတ္ထေ စသ္မိ ကုသလော၊ ဒဠှဓမ္မောတိ ဝိဿုတော။

နာဂေါပိ မေ န မုစ္စေယျ၊ အာဂတော ဥသုပါတနံ။”

ဟူသော ၂-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အို-ရသေ့။ ငါကား ကာသိကရာဇ်ပြည်ကြီးကို အစိုးရသော မင်းတည်း။ “ပီဠိယက္ခမင်း”ဟူ၍ လူတို့ ငါ့ကို သိကုန်၏။ သမင်သားကို စားကြူးသောကြောင့် ပြည်တိုင်းကားကိုစွန့်ခဲ့၍ သမင်ကိုရှာလျက် သွား၏။”

“အချင်းရသေ့။ ငါသည် လေးအတတ်၌လည်း လိမ္မာ၏။ ကြမ်းတမ်းသောလေးကိုလည်း တင်နိုင်ချနိုင်သောမင်း ဟူ၍ ကျော်စော၏။ ရှင်ရသေ့။ ငါ၏မြားကျရာအရပ်သို့ လာသည်ရှိသော် ဆင်ပြောင်ပင်ဖြစ်သော်လည်း မလွတ်နိုင်ရာ။ သေခြင်းသို့ ရောက်၏”ဟု ဆို၏။

ထိုပီဠိယက္ခမင်းကြီးစကားကိုကြားလျှင် ဒုကူလသုခမိန်သည် ထိုပီဠိယက္ခမင်းကြီးနှင့် စကားပြောဟောခြင်းကို ပြုလိုသောကြောင့်-

“သွာဂတံ တေ မဟာရာဇ၊ အထော တေ အဒုရာဂတံ။

ဣဿရောသိ အနုပ္ပတ္တော၊ ယံ ဣဓတ္ထိ ပဝေဒယ။”

“တိန္ဒုကာနိ ပိယာလာနိ၊ မဓုကေ ကာသုမာရိယော။

ဖလာနိ ခုဒ္ဒကပ္ပါနိ၊ ဘုဉ္ဇ ရာဇ ဝရံဝရံ။”

“ဣဒမ္ပိ ပါနီယံ သီတံ၊ အာဘတံ ဂိရိဂဗ္ဘရာ။

တတော ပိဝ မဟာရာဇ၊ သစေ တွံ အဘိကင်္ခသိ။”

ဟူသော ၃-ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော အရှင်မင်းကြီး။ အရှင်မင်းကြီး၏လာခြင်းကား ကောင်းသောလာခြင်းတည်း။ ထိုမှတစ်ပါး အရှင်မင်းကြီး၏လာခြင်းကား အပြစ်ကင်းသောလာခြင်းတည်း။ အစိုးရတော်မူ၍ အစဉ်ရောက်တော်မူ၏။ အရှင်မင်းကြီး။ အကြင်အမှုကို အလိုရှိ၏။ ထိုအလိုကို ကြားတော်မူလော့။”

“ကာသိကရာဇ်ပြည်ကြီးကို အစိုးရတော်မူသော အရှင်မင်းကြီး။ တည်သီး, လွန်သီး, သစ်မည်စည်သီး, ထောက်ရှာသီး, သရက်ဖြူသီးတို့သည်ကား ပျားမွဲအရသာနှင့် တူကုန်၏။ ချိုနိုးရာရာကို အလိုတော်ရှိတိုင်း စားတော်မူလော့။”

“ကာသိကရာဇ်ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ ဂိရိဂဗ္ဘရဟုဆိုအပ်သော တောင်, မြှောင်, ချောက်ကြားမှစီးသော မိဂသမ္မတာမြစ်မှဆောင်ချေအပ်သော ရေသည်လည်း အလွန်ချမ်းအေးစွာ၏။ အရှင်မင်းကြီးသည် အကယ်၍ အလိုရှိတော်မူအံ့၊ ထိုရေစင်မှယူ၍ ပီဠိယက္ခမင်းကြီး သောက်တော်မူလော့”ဟု ဆို၏။

ဤသို့ ဒုကူလသုခမိန်သည် ပီဠိယက္ခမင်းကြီးနှင့် စကားပြောခြင်းကို ပြုသည်ရှိသော် ပီဠိယက္ခမင်းကြီးသည် “အချင်းရသေ့တို့။ သင်တို့၏သားကို ငါ သတ်မိပေ၏ဟု ရှေးဦးစွာဆိုခြင်းငှာ မလျောက်ပတ်သေး။ မသိသကဲ့သို့ စကားကို ကောင်းစွာဖြစ်စေလျက် ဆိုအံ့”ဟု ကြံ၍-

“နာလံ အန္ဓာ ဝနေ ဒဋ္ဌုံ၊ ကော နု ဝေါ ဖလမာဟရိ။

အနန္ဓဿေဝယံ သမ္မာ၊ နိဝါပေါ မယှ ခါယတိ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းရသေ့တို့။ သင်တို့သည် ကန်းကုန်သောကြောင့် ဤတော၌ တစ်စုံတစ်ခုမျှ မြင်အံ့သောငှာ မစွမ်းနိုင်ကုန်။ အဘယ်သူသည် သင်တို့အား တောသစ်သီး, တောသစ်မြစ်တို့ကို ဆောင်သနည်း။ ဤသစ်သီးဆည်းပူးခြင်းသည် မကန်းသကဲ့သို့ ငါထင်၏တကား”ဟု ဆို၏။

ဤသို့ ပီဠိယက္ခမင်းကြီးဆိုသောစကားကိုကြားလျှင် ဒုကူလသုခမိန်သည် “ကာသိကရာဇ်ပြည်သူတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး။ တောသစ်သီး, တောသစ်မြစ်တို့ကို ငါတို့ မဆောင်ပေကုန်။ ငါတို့၏သားသည် ဆောင်ပေ၏”ဟု ပြလိုသောကြောင့်-

“ဒဟရော ယုဝါ နာတိဗြဟာ၊ သာမော ကလျာဏဒဿနော။

ဒီဃဿ ကေသာ အသိတာ၊ အထော သူနဂ္ဂဝေလ္လိတာ။”

“သော ဟဝေ ဖလမာဟရိတွာ၊ ဣတော အာဒါယ ကမဏ္ဍလုံ။

နဒိံ ဂတော ဥဒဟာရော၊ မညေ န ဒူရမာဂတော။”

ဟူသော ၂-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသေဌ်နင်းဖြစ်တော်မူသော အရှင်မင်းကြီး၊ ငါတို့၏သားဖြစ်သော သုဝဏ္ဏသာမသည် အလွန်ငယ်သေး၏။ လုလင်ငယ်သာတည်း။ မြင့်လည်းမမြင့်လွန်း၊ နိမ့်လည်းမနိမ့်လွန်း၊ ရှုချင်စဖွယ်သော အဆင်းလည်း ရှိ၏။ ထိုသုဝဏ္ဏသာမ၏ ဆံတို့သည် ရှည်လည်းရှည်ကုန်၏၊ မည်းလည်းမည်းကုန်၏၊ သားလှီးဓားငယ်ကဲ့သို့ အဖျားကော့ရရော့ ရှိ၏။”

“ထိုသုဝဏ္ဏသာမသည် တောသစ်သီး, တောသစ်မြစ်တို့ကို ဆောင်ပေ၏။ ထိုသုဝဏ္ဏသာမသည် ဤသင်္ခမ်းမှ အိုးကိုယူ၍ ရေခပ်လိုသည်ဖြစ်၍ မိဂသမ္မတာမြစ်သို့ သွားလေ၏။ ယခု အနီးသို့ရောက်လတ်ပြီ”ဟု ဆို၏။

ထိုသို့ဆိုသော ဒုကူလသုခမိန်၏စကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည်-

“အဟံ တံ အဝဓိံ သာမံ၊ ယော တုယှံ ပရိစာရကော။

ယံ ကုမာရံ ပဝေဒေထ၊ သာမံ ကလျာဏဒဿနံ။”

“ဒီဃဿ ကေသာ အသိတာ၊ အထော သူနဂ္ဂဝေလ္လိတာ။

တေသု လောဟိတလိတ္တေသု၊ သေတိ သာမော မယာ ဟတော။”

ဟူသော ၂-ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“အို၊ ရှင်ရသေ့တို့။ အရှင်ရသေ့တို့အား လုပ်ကျွေးသော အကြင်သုဝဏ္ဏသာမသည် ရှိ၏။ ထိုသုဝဏ္ဏသာမကို ငါသည် အဆိပ်လူးသောမြားဖြင့် ပစ်၍သတ်မိ၏။ ကောင်းသောအကြားအမြင်ရှိသော အကြင်သတို့သားကို သုဝဏ္ဏသာမဟု ဆိုအပ်၏။”

“ထိုသုဝဏ္ဏသာမ၏ဆံတို့သည် ရှည်သွယ်မည်းနက်ကုန်၏။ ထိုမြို့တုံ သားလှီးဓားကဲ့သို့ စဉ်းငယ်ညွတ်သော အဖျားရှိကုန်၏။ ငါသတ်မိသော သုဝဏ္ဏသာမသည် သွေးအလိမ်းလိမ်းကပ်သောကိုယ်ဖြင့် မိဂသမ္မတာမြစ်နား၌ ငွေပြားအဆင်းနှင့်တူသောသဲစု၌ အိပ်ရစ်၏”ဟု ဆိုပေ၏။

ထိုသို့ ဒုကူလသုခမိန်နှင့် ပီဠိယက္ခမင်းကြီး စကားပြောဆိုကြသည်တွင် ဒုကူလသုခမိန်၏ မနီးမဝေးသောအရပ်၌ ပါရိကာ၏သင်္ခမ်းသည် ရှိ၏။ ထိုပါရိကာသည် မိမိသင်္ခမ်း၌နေလျက် ပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ထိုအကြောင်းကို နာလိုသည်ဖြစ်၍ မိမိသင်္ခမ်းမှထွက်ပြီးလျှင် ကြိုးတန်းအမှတ်ဖြင့် ဒုကူလသုခမိန်၏အထံသို့သွား၍-

“ကေန ဒုကူလ မန္တေသိ၊ ဟတော သာမောတိ ဝါဒိနာ။

ဟတော သာမောတိ သုတွာန၊ ဟဒယံ မေ ပဝေဓတိ။”

“အဿတ္ထဿေဝ တရုဏံ၊ ပဝါဠံ မာလုတေရိတံ။

ဟတော သာမောတိ သုတွာန၊ ဟဒယံ မေ ပဝေဓတိ။”

ဟူသော ၂-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ဒုကူလသုခမိန်။ “သုဝဏ္ဏသာမကို သတ်မိ၏”ဟူသောစကားကို အဘယ်သူနှင့် ပြောဆိုကြသနည်း။ ဒုကူလသုခမိန်။ “သုဝဏ္ဏသာမကို သတ်မိ၏” ဟူသောစကားကိုကြားလျှင် ငါ၏နှလုံးသည် ကွဲအံ့သကဲ့သို့ ပြင်းစွာတုန်လှုပ်၏။”

“ဒုကူလသုခမိန်။ အလွန်လှပစွာသော ညောင်ဗုဒ္ဓဟေပင်၏အညွန့်တို့ကို လေခတ်တုန်လှုပ်သကဲ့သို့ “သုဝဏ္ဏသာမကို သတ်မိ၏” ဟူသောစကားကိုကြားလျှင် ငါ၏နှလုံးသည် တုန်လှုပ်၏”ဟု ဆို၏။

ထိုသို့ဆိုသောအခါ ဒုကူလသုခမိန်သည် ပါရိကာကို ဆုံးမလိုသောကြောင့်-

“ပါရိကေ ကာသိရာဇာယံ၊ သော သာမံ မိဂသမ္မတေ။

ကောဓသာ ဥသုနာ ဝိဇ္ဈိ၊ တဿ မာ ပါပမိစ္ဆမှာ။”

ဟူသော ဂါထာဖြင့် ဆုံးမ၏။

အဓိပ္ပာယ်ကား-

“ပါရိကာ။ ကာသိကရာဇ်ပြည်ကြီးသေဌ်နင်း မင်းမြတ်သည် သုဝဏ္ဏသာမကို မိဂသမ္မတာမြစ်နား၌ သမင်၌ဖြစ်သောအမျက်ကြောင့် မြားဖြင့်ပစ်မိလေ၏။ ထို ကာသိကရာဇ်မင်းကြီးအား အမျက်ထွက်ခြင်းဟုဆိုအပ်သော မကောင်းမှုကို အလိုမရှိနှင့်”ဟု ဆုံးမ၏။

ထိုသို့ ဒုကူလသုခမိန် ဆုံးမသောအခါ ပါရိကာသည်-

“ကိစ္ဆာ လဒ္ဓေါ ပိယော ပုတ္တော၊ ယော အန္ဓေ အဘရီ ဝနေ။

တံ ဧကပုတ္တံ ဃာတိမှိ၊ ကထံ စိတ္တံ န ကောပယေ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ဒုကူလသုခမိန်။ ငြိုငြင်ဆင်းရဲသဖြင့်ရအပ်သော ချစ်စွာသောသားကို သတ်သောသူ၌ အဘယ့်ကြောင့် ငါ၏စိတ်သည် အမျက်မထွက်ဘဲ ရှိအံ့နည်း”ဟု ဆို၏ ။

ထိုသို့ ပါရိကာဆိုသောအခါ ဒုကူလသုခမိန်သည်-

“ကိစ္ဆာ လဒ္ဓေါ ပိယော ပုတ္တာ၊ ယော အန္ဓေ အဘရီ ဝနေ။

တံ ဧကပုတ္တံ ဃာတိမှိ၊ အက္ကောဓံ အာဟု ပဏ္ဍိတာ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ပါရိကာ။ ဆင်းရဲငြိုငြင်သဖြင့်ရအပ်သော ချစ်စွာသောအကြင်သားသည် ကန်းကုန်သောငါတို့ကို ဤဟိမဝန္တာတောကြီး၌ ကျွေးမွေးပေ၏။ ထိုတစ်ယောက်တည်းသော ချစ်စွာသောသားကို သတ်သောသူ၌ အမျက်မထွက်အပ်။ “အမျက်ထွက်ခြင်းသည် မကောင်းကျိုးကို ပေးတတ်၏”ဟူ၍ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည် ဆိုကုန်၏”ဟု ဆုံးမ၏။

ဒုကူလသုခမိန်သည် ပါရိကာအား ဤသို့ ဆုံးမသောစကားကိုဆိုပြီးလျှင် ၂-ယောက်ကုန်သော ဒုကူလ,ပါရိကာတို့သည် လက်၂-ဘက်တို့ဖြင့် ရင်ကိုထု၍ မရပ်မတည်နိုင်ဘဲ ဘုရားလောင်းသုဝဏ္ဏသာမဂုဏ်ကို ချီးမွမ်းလျက် သည်းထန်ပြင်းပြစွာ ငိုကြွေးမြည်တမ်းကြကုန်၏။

ထိုသို့ ဒုကူလ, ပါရိကာတို့သည် အထူးထူးအပြားပြား များစွာသောအကြောင်းတို့ဖြင့် ငိုကြွေးမြည်တမ်းကြသောအခါ ပီဠိယက္ခမင်းကြီးသည် ထိုဒုကူလ, ပါရိကာတို့ကို နှစ်သိမ့်စေလိုသောကြောင့်-

“မာ ဗာဠှံ ပရိဒေဝေထ၊ ဟတော သာမောတိ ဝါဒိနာ။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿာမိ ဗြဟာဝနေ။”

“ဣဿတ္ထေ စသ္မိ ကုသလော၊ ဒဠှဓမ္မော ဝိဿုတော။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿာမိ ဗြဟာဝနေ။”

“မိဂါနံ ဝိဃာသမနွေသံ၊ ဝနမူလဖလာနိ စ။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿာမိ ဗြဟာဝနေ။”

ဟူသော ၃-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အို၊ ဒုကူလ, ပါရိကာ အရှင်ရသေ့တို့။ သုဝဏ္ဏသာမကို သတ်မိ၏။ “ယခု အဘယ်သူလျှင် လူသူမနီး ဤတောကြီး၌ ခရီးမတွင် လမ်းမမြင်သား သူကန်းများကို နိုးကြားမပြတ် လုပ်ကျွေးမွေးပါအံ့နည်း”ဟု ပြင်းစွာ မငိုကြွေးကြကုန်လင့်။ ငါသည် အမှုကြီးငယ်ကို ပြုသည်ဖြစ်၍ လူမနီးသော တောကြီးကျယ်စွာ ဟိမဝန္တာ၌ သင်တို့ကို ငါ ကျွေးမွေးပါအံ့။”

“ရှင်ရသေ့တို့။ ငါသည် လေးအတတ်၌ ကျွမ်းကျင်လိမ္မာ၏။ လေးကို တင်နိုင်,ချနိုင်သော မင်းဟူ၍လည်း ကျော်စော၏။ ငါသည် အမှုကြီး,ငယ်ကို ပြုသည်ဖြစ်၍ လူမနီးသော တောကြီးကျယ်စွာ ဟိမဝန္တာ၌ သင်တို့ကို ငါ လုပ်ကျွေးပါအံ့။”

“အချင်းရသေ့တို့။ ငါသည် ခြင်္သေ့, သစ်, ကျားတို့၏ စားကြွင်းကိုရှာ၍လည်းကောင်း၊ တည်သီး, လွန်သီး, သစ်မည်စည်သီး, ထောက်ရှာသီး, သရက်ဖြူသီး, ပိန္နဲ, မာလကာတို့ကို ရှာ၍လည်းကောင်း ဤသို့အစရှိသော ပျားမွဲအရသာနှင့်တူသော သစ်သီးသစ်မြစ်တို့ကိုရှာပြီးလျှင်၊ ငါသည် သောက်ရေသုံးရေတည်ထားခြင်း ခြေလက်ဆုပ်နယ်ပြုခြင်း, ရေပူရေချမ်းကမ်းလှမ်းခြင်း အစရှိသော အမှုကြီးငယ်တို့ကိုပြု၍ ဟိမဝန္တာ ကျယ်စွာသောတောကြီး၌ သင်တို့ကို သုဝဏ္ဏသာမကဲ့သို့ ငါ လုပ်ကျွေးမွေးပါအံ့”ဟု ဆို၏။”

ဤသို့ ပီဠိယက္ခမင်းကြီးသည် “အချင်းရသေ့တို့။ သင်တို့သည် မစိုးရိမ်ကုန်လင့်။ ငါသည် မင်းအဖြစ်ကို အလိုမရှိပြီ။ ငါသည် ရှင်ရသေ့တို့ကို အသက်ထက်ဆုံး လုပ်ကျွေးပါအံ့”ဟု ဆို၍၊ ထိုဒုကူလ, ပါရိကာတို့ကို နှစ်သိမ့်စေ၏။

ထိုဒုကူလ, ပါရိကာတို့သည် ပီဠိယက္ခမင်းကြီးနှင့် စကားပြောလိုသောကြောင့်-

“နေသ ဓမ္မော မဟာရာဇ၊ နေတံ အမှေသု ကပ္ပတိ။

ရာဇာ တွမသိ အမှာကံ။ ပါဒေ ဝန္ဒာမ တေ မယံ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်ပြည်ကြီးကို အစိုးရတော်မူသော မဟာဓမ္မာရာဇ်မင်းမြတ်။ အရှင်မင်းကြီးသည် အကျွန်ုပ်တို့၏ အမှုကြီး,ငယ်ကိုပြုခြင်းသည် သဘောမဟုတ်။ ငါတို့အမှုကြီး,ငယ်ကို ပြုခြင်းသည် ငါတို့၌မအပ်။ အရှင်မင်းမြတ်သည် ငါတို့သခင်ဖြစ်သော မင်းပေတည်း။ ငါတို့သည် အရှင်မင်းကြီး၏ခြေကို ရှိခိုးပါကုန်၏”ဟု ဆို၏။

(“ပါဒေ ဝန္ဒာမ တေ မယံ”ဟူသောစကားကိုကား ရဟန်း၏အသွင်၌ တည်ကုန်သော်လည်း သား၌စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သည်အဖြစ်ကြောင့်လည်းကောင်း၊ မာန်ကိုချသည်၏အဖြစ်ကြောင့်လည်းကောင်း၊ မင်းကြီးအား အကျွမ်းဝင်ခြင်းကို ဖြစ်စိမ့်သောငှာလည်းကောင်း၊ ဤသို့ “ပါဒေ ဝန္ဒာမ တေ မယံ” ဟူ၍ဆိုကုန်၏ဟု ဆရာတို့ ဆိုကုန်၏။)

ထို ဒုကူလ, ပါရိကာတို့စကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည် အလွန်နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ “အဟော အစ္ဆရိယံ၊ ဪ အံ့ဖွယ်ရှိစွာ့ကား။ ဤသို့ အပြစ်ကိုပြုတတ်သော ငါ၌လည်း ကြမ်းကြုတ်သော စကားကိုမျှလည်း မဆို။ ငါ့ကို ချီးပင့်သလျှင်ကတည်း”ဟု ကြံ၍-

“ဓမ္မံ နေသာဒ ဘဏထ၊ ကတာ အပစိတီ တယာ။

ပိတာ တွမသိ အမှာကံ၊ မာတာ တွမသိ ပါရိကေ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“နေသာဒအမျိုးဖြစ်ကုန်သော ရသေ့တို့။ သင်တို့သည် သဘောကိုသာလျှင် ဆိုကုန်၏။ ဒုကူလရှင်ရသေ့။ ယနေ့မှစ၍ ရှင်ရသေ့သည် ငါ၏အဖအရာ၌ တည်လော့။ ပါရိကာသည်လည်း ငါ၏ အမိအရာ၌ တည်လော့။ ငါကား သင်တို့သားဖြစ်သော သုဝဏ္ဏသာမ၏အရာ၌ တည်၍ ခြေဆေးခြင်းအစရှိသော ခပ်သိမ်းသောအမှုကိစ္စတို့ကို ပြုအံ့။ ငါ့ကို “မင်း”ဟူ၍ မမှတ်လင့်။ “သုဝဏ္ဏသာမ”ဟူ၍သာလျှင် မှတ်ကုန်လေ”ဟု ဆို၏။

ထိုပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ဒုကူလ, ပါရိကာတို့သည် လက်အုပ်ချီလျက်ရှိခိုး၍- “ကာသိကရာဇ်ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ အရှင်မင်းကြီးသည် ငါတို့ကို မွေးအံ့သောကိစ္စမရှိပေ။ စင်စစ်သော်ကား ကြိုးတန်းနွယ်စွန်းကိုကိုင်၍ ငါတို့ကိုဆောင်ပြီးလျှင် သုဝဏ္ဏသာမကို ပြပါလော့”ဟု တောင်းပန်လိုသောကြောင့်-

“နာမော တေ ကာသိရာဇတ္ထု၊ နမော တေ ကာသိဝဍ္ဎန။

အဉ္ဇလိံ တေ ပဂ္ဂဏှာမ၊ ယာဝ သာမာနုပါပယ။”

“တဿ ပါဒေသမဇ္ဇန္တာ၊ မုခဉ္စ ဘုဇဒဿနံ။

သံသုမ္ဘမာနာ အတ္တာနံ၊ ကာလမာဂမယာမသေ။”

ဟူသော ၂-ဂါထာကိုဆို၏ ။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်ပြည်သူတို့ကို အစိုးရတော်မူသောအရှင်မင်းကြီး။ အရှင်မင်းကြီးအား ရှိခိုးခြင်းသည် ဖြစ်စေသတည်း။ ကာသိကရာဇ်ပြည်သူတို့၏အစီးအပွားကို ဆောင်တော်မူသော အရှင်မင်းကြီး။ အရှင်မင်းမြတ်အား ရှိခိုးခြင်းသည် ဖြစ်စေသတည်း။ အရှင်မင်းမြတ်အား လက်အုပ်ချီပါကုန်၏။ အရှင်မင်းမြတ်သည် ငါတို့ကို သုဝဏ္ဏသာမထံသို့ ပို့တော်မူလော့။”

“ထိုသုဝဏ္ဏသာမကို ခြေတို့ကိုလည်းကောင်း၊ ရှုချင်ဖွယ်သော မျက်နှာကိုလည်းကောင်း သုံးသပ်ပြီးလျှင် မိမိကိုယ်ကိုပုတ်ခတ်လျက် သေခြင်းသို့ရောက်ကုန်အံ့”ဟု ဆို၏။

ဤသို့လျှင် ၃-ယောက်သော မင်း, ရသေ့တို့ စကားပြောဟော၍နေစဉ်တွင်ပင်လျှင် နေဝင်ခဲ့၏။ ထိုနေဝင်သောအခါ ပီဠိယက္ခမင်းကြီးသည် “ဤယခုအခါ ငါသည် ဤရသေ့တို့ကို သုဝဏ္ဏသာမနေရာ မိဂသမ္မတာမြစ်သို့ ဆောင်ချေအံ့။ ထိုသုဝဏ္ဏသာမကို ပြကတည်းကလျှင် ထိုရသေ့၏နှလုံးသည် ကွဲလတ္တံ့သတည်း။ ဤသို့ နှလုံးကွဲသောအခါ ၃-ယောက်သောသူတို့သည် သေခြင်းသို့ ရောက်ကုန်လတ္တံ့။ ထိုသို့ ဒုကူလ, ပါရိကာ, သုဝဏ္ဏသာမတို့သည် သေခြင်းသို့ရောက်သောအခါ ငါသည် ငရဲ၌ဖြစ်သည်သာ မည်ရာ၏။ ထို့ကြောင့် ဒုကူလ,ပါရိကာတို့ သွားအံ့သောငှာ မပေးအံ့”ဟု ကြံ၍-

“ဗြဟာ ဝါဠမိဂါကိဏ္ဏံ၊ အာကာသန္တံဝ ဒိဿတိ။

ယတ္ထ သာမော ဟတော သေတိ၊ စန္ဒောဝ ပတိတော ဆမာ။”

“ဗြဟာ ဝါဠမိဂါကိဏ္ဏံ၊ အာကာသန္တံဝ ဒိဿတိ။

ယတ္ထ သာမော ဟတာ သေတိ၊ သူရိယောဝ ပတိတော ဆမာ။”

“ဗြဟာ ဝါဠမိဂါကိဏ္ဏံ၊ အာကာသန္တံဝ ဒိဿတိ။

ယတ္ထ သာမော ဟတော သေတိ၊ ပံသုနာ ပတိကုန္တိတော။”

“ဗြဟာ ဝါဠမိဂါကိဏ္ဏံ၊ အာကာသန္တံဝ ဒိဿတိ။

ယတ္ထ သာမော ဟတော သေတိ၊ ဣဓေဝ ဝသထဿမေ။”

ဟူသော ၄-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်ရသေ့တို့။ ဗြဟာရညဟုဆိုအပ်သော ကျယ်စွာသောတောကြီး၌ ကြောက်မက်ဖွယ်သော တိုး, အောင်း, စာမရီ, ဆင်, ခြင်္သေ့, သစ်, ကျား, သားရဲတို့ဖြင့်ပြည့်သော ဟိမဝန္တာ ကျယ်စွာသောတောကြီး၌ ငါသတ်မိသော သုဝဏ္ဏသာမသည် မြေထက်၌ကျသောလမင်းကဲ့သို့ အိပ်ရစ်၏။”

“အို၊ ရှင်ရသေ့တို့။ အကြင်တောအရပ်၌ ငါသတ်မိသော သုဝဏ္ဏသာမသည် မြေကြီးထက်၌ကျသော နေလုလင်ကဲ့သို့ အိပ်ရစ်၏။”

“ထိုတောသည်ကား ဗြဟာရညဟုဆိုအပ်သော တောကြီးသည် အလွန်မြင့်စွာ၏။ ဝါဠိမိဂါကိဏ္ဏဟု ဆိုအပ်သော သားရဲတို့ဖြင့်လည်း ပြည့်၏။ ကောင်းကင်အဆုံးကဲ့သို့ ထင်၏။ တစ်နည်းကား အို-ရှင်ရသေတို့။ ဟိမဝန္တာတောအရပ်၌ ငါသတ်မိသောသုဝဏ္ဏသာမသည် မြေမှုန့်အလိမ်းလိမ်း ကပ်သည်ဖြစ်၍ အိပ်ရစ်၏။”

“ထိုဗြဟာရညဟုဆိုအပ်သော တောကြီးသည် အလွန်ကျယ်စွာရှိ၏။ ဝါဠမိဂါကိဏ္ဏဟုဆိုအပ်သော သားရဲတို့ဖြင့် ပြည့်၏။ ကောင်းကင်အဆုံးကဲ့သို့ ထင်၏။ ဤသင်္ခမ်း၌သာလျှင် နေကြကုန်လော့”ဟု ဆို၏။

ထိုသို့ဆိုသောအခါ ဒုကူလ, ပါရိကာတို့သည် မိမိတို့၏ သားရဲ၌ မကြောက်သောသဘော ရှိသောအဖြစ်ကိုပြအံ့သောငှာ-

“ယဒိ တတ္ထ သဟဿာနိ၊ သတာနိ နဟုတာနိ စ။

နေဝမှာကံ ဘယံ ကောစိ၊ ဝနေ ဝါဠေသု ဝိဇ္ဇတိ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ်ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ အဘယ့်သို့ ဆိုတော်မူသနည်း။ ဤဟိဝမန္တာ ကျယ်စွာသောတော၌ အထောင်, အသောင်း, အသိန်း, အသန်းမကသော သားရဲတို့သည် အကယ်၍ ရှိကုန်အံ့။ ထို ဟိမဝန္တာ ကျယ်စွာသောတော၌ ထိုသားရဲတို့သည် ရှိလေငြားသော်လည်း တစ်စုံတစ်ခုသော သားရဲ၌ ငါတို့ ကြောက်ခြင်းလည်း မရှိ”ဟု ဆို၏။