သုဟနုဇာတ်
ဒုကနိပါတ်-ဒဠှဝဂ်
၈။ သုဟနုဇာတ်
မြင်းစဉ်းလဲ နှစ်ကောင်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နယိဒံ ဝိသမသီလေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုဟနုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကြမ်းကြုတ်ကုန်သော နှစ်ယောက်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ ဇေတဝန်ကျောင်းတော်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ဇနပုဒ်၌လည်း တယောက်သော ရဟန်းသည် ကြမ်းကြုတ် ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏။ ထိုအခါ တနေ့သ၌ ဇနပုဒ်ရဟန်းသည် တစုံတခုသော အမှုကြောင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့သွား၏။ သာမဏေတို့သည်၎င်း ရဟန်းငယ်တို့သည်၎င်း ထိုဇနပုဒ်နေရဟန်း၏ ကြမ်းကြုတ်သည်၏ အဖြစ်ကိုသိကုန်၍ ထိုသာမဏေ, ရဟန်းငယ်တို့သည် ကြမ်းကြုတ်ကုန်သော ရဟန်းနှစ်ပါးတို့၏ ခိုက်ရန်ဖြစ်ခြင်းကို မြင်ရကုန်အံ့ဟု အုတ်အုတ် ကျက်ကျက်အားဖြင့် ထိုဇနပုဒ်နေရဟန်းကို ဇေတဝန်ကျောင်းနေရဟန်း၏ ပရိဝုဏ်သို့ပို့ကြကုန်၏။ ကြမ်းကြုတ်ကုန်သော ထိုနှစ်ပါးကုန်သောရဟန်းတို့သည်လည်း အချင်းချင်းမြင်ကုန်၍လျှင် ချစ်ခင်ကြကုန်လျှက် နေကြကုန်၏။ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။ လက်ကို ဆုပ်နယ်ခြင်း ခြေကိုဆုပ်နယ်ခြင်း ကျောက်ကိုဆုပ်နယ်ခြင်းအစရှိသည်တို့ကို ပြုကြကုန်၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ ကြမ်းကြုတ်သော ရဟန်းနှစ်ပါးတို့သည် တပါးသူတို့၏အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ အချင်းချင်းမူကား ထိုနှစ်ပါးကုန်သောရဟန်းတို့သည် ညီညွတ်ကြကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကုန်သည် ချစ်လျှက် နေကြ ကုန်သည် ဖြစ်ကုန်၏။ ဤသို့စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌ သာလျှင် ကြမ်းကြုတ်ကုန်သည် ရုန့်ရင်းကုန်သည် နိုင်ထက်ကလူ မူတတ် ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တပါးကုန်သောသူတို့၏ အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်သည်။ နိုင်ထက်ကလူ မူတတ်ကုန်သည်ဖြစ်၍ အချင်းချင်းမူကား ညီညွတ်ကုန်သည် ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်သည် ချစ်ခင်လျက်နေကြကုန်သည် ဖြစ်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ခပ်သိမ်း သောကိစ္စတို့ကို ပြီးစေတတ်သော အကျိုး အကြောင်းကို ဆုံးမတတ်သောအမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ် မင်းသည်ကား စဉ်းငယ် ဥစ္စာကိုမက်မောတတ်သောသဘောရှိ၏။ ထိုဗြဟ္မဒတ် မင်းအား မဟာသောဏအမည်ရှိသော စဉ်းလဲသောမြင်းသည် ရှိ၏။ ထိုအခါ ဥတ္တရာပထ၌နေကုန်သော မြင်းကုန်သည်တို့သည် မြင်းငါးရာတို့ကို ဆောင်ခဲ့ကုန်၏။ မြင်းတို့လာသည်၏အဖြစ်ကို မင်းအား ကြားလျှောက်ကုန်၏။ ထိုကာလမှရှေး၌ကား ဘုရားလောင်းသည် မြင်းတို့ကို အဘိုးပြတ်၍ အရင်းဥစ္စာကိုမလျှော့စေမူ၍ ပေးစေ၏။ မင်းသည် ထိုအဘိုးရင်းကို မလျော့စေသည်ရှိသော် တပါးသောအမတ်ကိုခေါ်စေ၍ အချင်းသင်သည် မြင်းတို့ကိုအဘိုးပြက်လော့၊ အဘိုးပြတ်သော်လည်း ရှေးဦးစွာ မဟာသောဏမြင်းကို အကြင် သို့သော အခြင်းအရာအားဖြင့်လွှတ်သည်ရှိသော် ထိုဥတ္တရာပထမြင်းတို့၏ အတွင်းသို့ဝင်၏။ ထိုသို့သောအခြင်းအရာအားဖြင့်လွှတ်လိုက်၍ မြင်းတို့ကိုကိုက်စေ၍ အနာကိုပြုစေ၍ အားနည်းသောကာလ၌ အဘိုးရင်းကိုလျော့၍ မြင်းတို့ကိုအဘိုးပြတ်လော့ဟု ဆို၏။ ထိုအမတ်သည် ကောင်းပြီဟု ဝန်ခံ၍ ထိုမင်းဆိုတိုင်း ပြု၏။ မြင်းကုန်သည်တို့သည် မနှစ်သက်ကုန်သည်ဖြစ်၍ ထိုဗြဟ္မဒတ်မင်းသည် ပြုအပ်သော အမူ အရာကို ဘုရားလောင်းအား ကြားကုန်၏။
ဘုရားလောင်းသည် သင်တို့၏မြို့၌ စဉ်းလဲသောမြင်းသည် မရှိသလောဟု မေး၏။ အရှင်သုဟနုအမည်ရှိသော ကြမ်းကြုတ်ရုန့်ရင်းသော စဉ်းလဲသောမြင်းသည် ရှိ၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား တဖန် လာကုန်သည်ရှိသော် ထိုသုဟနုအမည်ရှိသောမြင်းကို ဆောင်ခဲ့ကြကုန်လော့ဟု ဘုရားလောင်းသည်ဆို၏။ ထိုမြင်းကုန်သည်တို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ တဖန် လာသည်ရှိသော် ထိုသုဟနုအမည်ရှိသော မြင်းစဉ်းလဲကိုယူခဲ့၍ လာကုန်၏။ ဗြဟ္မဒတ်မင်းသည် မြင်းကုန်သည်တို့ လာကုန်၏ဟု ကြား၍ ခြင်္သေ့ခံသော လေသွန်တံခါးကို ဖွင့်လှစ်၍ မြင်းတို့ကိုကြည့်၍ မဟာသောဏမြင်းကို လွှတ်စေ၏။ မြင်းကုန်သည်တို့သည်လည်း မဟာသောဏမြင်း လာသည်ကိုမြင်ကုန်၍ သုဟနုမြင်းကို လွှတ်ကုန်၏။ ထိုမဟာသောဏမြင်း, သုဟနုမြင်းတို့သည် တစီးသည်တစီးသို့ ရောက်ကုန်၍ ကိုယ်တို့ကိုလျက်ကြကုန်လျက် ရပ်ကြကုန်၏။ ဗြဟ္မဒက်မင်းသည် နှစ်စီးကုန်သော ဤ မြင်းစဉ်းလဲတို့ကို သင်သည် မြင်၏လော၊ ဤမြင်းစဉ်းလဲ နှစ်စီးတို့သည် တပါးကုန်သောမြင်းတို့၏အပေါ်၌သာ ကြမ်းကြုတ် ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူ မူတတ်ကုန်၏။ တပါးကုန်သောမြင်းတို့ကို ကိုက်ကုန်၍ နာသည်၏အဖြစ်သို့ ရောက်စေတတ်ကုန်၏။ ယခုအခါ၌ အချင်းချင်းကား ကိုယ်ကိုလျက်ကြကုန်လျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်၍ ရပ်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်မည်သော အကြောင်းကြောင့်တုံနည်းဟု ဘုရားလောင်းကို မေး၏။ မြတ်သောမင်းကြီး ဤမြင်းနှစ်ပါးတို့သည် မညီမျှသောအလေ့ရှိကုန်သည်လည်း မဖြစ်ကုန်၊ မညီမျှသော သဘောရှိကုန်သည်လည်း မဖြစ်ကုန်၊ ထိုမြင်းနှစ်စီးတို့သည် တူမျှသော အလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏။ တူမျှသော သဘောရှိကုန်သည်လည်း ဖြစ်ကုန်၏ဟုဆိုလို၍ -
သုဟနူပိ တာဒိသောယေဝ၊ ယော သောဏဿ သဂေါစရော။-
သမေတိ ပါပံ ပါပေန၊ သမေတိ အသတာ အသံ။
ဟူသော ဤနှစ်ဂါထာကို ဆို၏။
၁၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုဟနူ၊ သုဟနု မြင်းသည်။ သောဏေန၊ သောဏ မြင်းနှင့်။ သဟ၊ တကွ။ ယံ ဣဒံ ပေမံ၊ အကြင် ချစ်ခြင်းကို။ ကရောတိ၊ ပြု၏။ တံ ဣဒံ ပေမံ၊ ထိုချစ်ခြင်းကို။ အတ္တနော၊ မိမိ၏။ ဝိသမသီလေန၊ မတူမျှသော အလေ့အားဖြင့်။ န ကရောတိ၊ မပြု။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သောဏဿ၊ သောဏမြင်း၏။ ယော သဂေါစရော၊ အကြင်မြင်းတို့ကိုကိုက်လျက် ကျက်စားခြင်းအကျင့်သည်။ အတ္ထိ၊ ရှိ၏။ သုဟနူပိ၊ သုဟနုမြင်းသည်လည်း။ တာဒိသော ယေဝ၊ ထိုသောဏမြင်းနှင့် တူသည်သာလျှင်တည်း။
၁၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတေသု၊ ထိုမြင်းနှစ်စီးတို့တွင်။ အညတရေန၊ တစီးသောမြင်းနှင့်။ သဒ္ဓိံ၊ တကွ။ အညတရော၊ တစီးသောမြင်းသည်။ ပက္ခန္ဒိနာ၊ မြင်းတပါးတို့၏ အပေါ်သို့ ပြေးသွားခြင်းအလေ့အားဖြင့်၎င်း။ ပဂဗ္ဘေန၊ ကာယကံ၏ ရုန့်ရင်းကြမ်းကြုတ်ခြင်းအစရှိသည်နှင့် ပြည့်စုံခြင်းဟုဆိုအပ်သော မကောင်းသောအလေ့အားဖြင့်၎င်း။ နိစ္စံ၊ အမြဲ။ သန္ဒာနခါဒိနာ၊ မိမိကို ချည်သောကြိုးကို ကိုက်တတ်သော အလေ့အားဖြင့်၎င်း။ သမေတိ၊ တူမျှ၏။ ပါပေန၊ ယုတ်မာသော မြင်းတစီးနှင့်။ သဒ္ဓိံ၊ တကွ။ ပါပဿ၊ ယုတ်မာသော မြင်းတစီး၏။ ပါပံ၊ ယုတ်မာသောအလေ့သည်။ သမေတိ၊ တူမျှ၏။ အသတာ၊ သူတော်မဟုတ်သောသူနှင့်။ သဟ၊ တကွ။ အသတော၊ သူတော်မဟုတ်သော သူ၏။ အသံ၊ မကောင်းသောအမှုသည်။ သမေတိ၊ တူမျှ၏။
ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ကား မြတ်သောမင်းကြီး မင်းမည်သည်ကား အလွန် မက်မောတတ်သည် မဖြစ်ရာ၊ သူတပါး၏ ဥစ္စာမည်သည်ကို ဖျက်ဆီးခြင်းငှါမအပ်ဟု ထိုမင်းကိုဆုံးမ၍ မြင်းတို့ကို အဘိုးပြတ်၍ မှန်သောအဘိုးကို ပေးစေ၏။ မြင်းကုန်သည်တို့သည် သဘောအား လျော်သည်သာဖြစ်သော အဘိုးကိုရကုန်၍ ရွှင်လန်းနှစ်သက်ကုန်လျက် သွားကြကုန်၏။ မင်းသည် ဘုရားလောင်းအဆုံးအမ၌တည်၍ ကံအားလျော်စွာလား၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤရဟန်းကြမ်းနှစ်ယောက်တို့သည် ထိုအခါ မြင်းကြမ်းနှစ်စီးတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
မသူတော်ချင်း၊ ပေါင်းဖက်လျင်း၊ ချဉ်ပြင်း ဆားနှယ်တွေ့
ရှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော သုဟနုဇာတ်သည် ပြီး၏။
*****