သူရိယ သိဒ္ဓန္တကျမ်း
သူရိယ သိဒ္ဓန္တကျမ်း ဘာသာပြန်
မင်္ဂလာစရဏ
[ပြင်ဆင်ရန်]၁။ မကြံစည်အပ် မကြံစည်ပိုင် ပကတိမျက်စိဖြင့်မမြင်နိုင် မမြင်ကောင်းသောသဘောရှိသော၊ သတွ၊ ရဇုတမ ဟူသော ဂုဏ်သုံးပါးကား ကင်းလျက် မြဲမြန်သော ---သုခဂုဏ်သဘောရှိသော၊ လောကအလုံး၏တည်ရာ ကိုယ်ခန္ဓာနည်းရှိသော ဗြဟ္မာမင်းအား ဘုရားသခင်အား ညွတ်တွားရိုကျိုး ရှိခိုးပါ၏။ ။
ထို့နောက် ရသေ့မြတ်က ဤသို့ ဆို၏-
၂-၃။ ကတယုဂ်-သစ္စယုဂ်ကုန်ခါနီး အနည်းငယ် ကြွင်းကျန်သောအခါ မယမည်သော အသုရာကြီးသည် လျှို့ဝှက်၍ကြီးကျယ်သော ကောင်းမှုဖြစ်စေနိုင်သည့် ရှေ့သွားသေဌဝေဒင်္ဂခေါ် ဉာဏ်အကျော်ကို ရလိုလှရကား ပျောက်ကွယ်ပျက်စီးခြင်းမရှိသည်ဖြစ်၍ ဂြိုဟ်နက္ခတ်တို့၏ သွားလာလှုပ်ရှားခြင်းအကြောင်းဖြစ်သော နေးမင်းကို နှစ်သိမ့်ကျေနပ်စေရန် အလွန်ကျင့်နိုင်သောအကျင့်ကို ကျင့်ပြီး (ဤကား သုဓာတရင်္ဂိဏီဋီကာအတိုင်း ဘာသာပြန်ဆိုအပ်သောနည်းတည်း။
တနည်း - ကတယုဂ်-သစ္စယုဂ်ကုန်ခါနည်း အနည်းငယ်ကြွင်းကျန်သောအခါ မယမည်သောအသုရာကြီးသည် ပဝဟလေ၌တည်သော ဂြိုဟ်နက္ခတ်အပေါင်းတို့၏ သွားလာလှုပ်ရှားမှုကိုသိကြောင်းဖြစ်သော နက္ခတ်ဗေဒင်ကျမ်းအားလုံးကို သိလိုသည်ဖြစ်၍ နေမင်း၏နှစ်သက်ကျေနပ်မှုကို ဖြစ်စေနိုင်သည့် သူ၏ဂုဏ်ကိုအောက်မေ့ ရွတ်ဘက်မပြတ်သရဇ္ဈယ်ခြင်း ယဇ်ပူဇော်ခြင်း စသည်ဖြင့် နှစ်သက်ကျေနပ်စေလျက် အကျင့်ခက်သော ဒုက္ကရစရိယာကိုကျင့်ပြီ။ ဝေဒင်္ဂဉာဏ်သည် လျှို့ဝှက်နက်နဲ၍ ကြီးကျယ်သော ကောင်းမှုကို ဖြစ်စေနိုင်သဖြင့် အမြတ်ဆုံးဉာဏ်ဖြစ်ပေသည်ဟူသော ဤစကားကိုလည်း ပြောဆိုလေပြီ။ (ဤကား အမတဋီကာအတိုင်း ဘာသာပြန်ဆိုအပ်သောနည်းတည်း။)
၄။ ထိုမယအသုရာကြီးက ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ဖြင့် နှစ်သက်ရောင့်ရဲကျေနပ်စေအပ်သော နေမင်းသည် ကိုယ်တိုင်ဆုကိုအလိုရှိသော ထို မယအသုရာကြီးအား ဂြိုဟ်နက္ခတ်အပေါင်းတို့၏ လှုပ်ရှားသွားလာမှုကို သိသော နက္ခတ်ဗေဒင်အသိဉာဏ်ကို ပေးလိုက်လေပြီ။ ။
ထို့နောက် နေမင်းက မယအသုရာကို ပြောဆို၏။ -
၅။ သင်၏အလိုကို ကျွန်ုပ်သိပြီ။ သင်ကဒုက္ကရစရိယာအကျင့်ဖြင့် နှစ်သက်ကျေနပ်စေအပ်သောကြောင့် ကျွန်ုပ်က သင့်အား နက္ခတ်ဗေဒင်အသိဉာဏကို ပေးပါတော့မည်။
ထို့နောက် ကိုယ်တိုင်ဟောပြောသင်ကြားပေးရာ၌ အပြစ်နှစ်မျိုးကို ပြ၏။
၆။ သို့သော် .... အို မယအသုရာ တစုံတယောက်သောသူသည် ကျွန်ုပ်၏အစွမ်းသတ္တိတံခိုးအာနုဘော်ကို ခံနိုင်ရည်ရှိမည်လည်းမဟုတ်။ ကျွန်ုပ်ကိုယ်တိုင်သင်ကြားပေးရန်လည်း ကျွန်ုပ်မှာအခွင့်အခါမရှိပါ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ပွားဖြစ်သော ယောက်ျားမြတ်(ယဝနဆရာ)သည် သင့်အား အကုန်အစင်ဟောပြောသင်ပြပါလိမ့်မည်။
၇။ ဤသို့ပြောဆိုပြီး၍ နေမင်းသည် မိမိကိုယ်ပွားဖြစ်သော ယောက်ျားမြတ်(ယဝနဆရာ)ကို အမိန့်ပေးညွှန်ကြားခဲ့၍ မယအသုရာ၏မျက်မှောက်မှ ကွယ်ပျောက်ခဲ့လေပြီ။ ထိုယောက်ျားမြတ်သည် လက်အုပ်ချီလျက်တည်သော မယအသုရာအား ဤစကားကို ပြောဆိုပြီ။
နေမင်း၏ကိုယ်ပွား ယောက်ျားမြတ်က ပြောဆိုပုံ
[ပြင်ဆင်ရန်]၈။ အို မယအသုရာ ရှေးအခါ နေမင်းသည် ကိုယ်တိုင်ပင်လျှင် ယုဂ်တိုင်းယုဂ်တိုင်း၌ ရသေ့မြတ်တို့အား အကြင်မြတ်သော နက္ခတ်ဗေဒင်အသိဉာဏ်ကို ဟောကြားအပ်ပြီး ထိုနက္ခတ်ဗေဒင်အသိဉာဏ်ကို ငြိမ်သက်စွာ သင် နားထောင်ပါ -
၉။ သင်နာကြားမှတ်သားလိုသော နက္ခတ်ဗေဒင်ကျမ်းက ကျမ်းပေါင်းများစွာတွင် အဦးဆုံးအစဆုံးဖြစ်သော ဤကျမ်းပင်ဖြစ်ပေသည်။ ဤကျမ်းကိုပင် နေမင်းသည် ရှေးအခါက ရသေ့မြတ်တို့အားဟောကြားအပ်ပြီ။ သို့သော် ဟောရာကာလ ကွဲပြားခြင်းကြောင့် ဤကျမ်းမှာ အနည်းငယ်ကွဲပြားမှုတော့ ရှိပေသည်။
ကာလ၏သဘောကိုပြဆိုခြင်း
[ပြင်ဆင်ရန်]၁၀။ ကာလသည် (၁) လောကအလုံး၏ အဆုံးကို ပြုတတ်သော = လောကအလုံးကို ဖျက်ဆီးတတ်သော အနန္တအခဏ္ဍကာလ။ (၂) ရေတွက်မှတ်သားပိုင်းခြား၍ ရကောင်းသော ကာလနတ္တခဏ္ဍကာလဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ထိုနှစ်မျိုးတွင် ဒုတိယအမျိုးအစားဖြစ်သောကာလသည်လည်း ကြီးကျယ်ထင်ရှား၍ ခေါ်ဝေါ်ရေတွက်လောက်သော မုတ္တကာလ၊ သေးငယ်သိမ်မွေ့၍ မခေါ်ဝေါ်မရေတွက်လောက်သော အမုတ္တကာလဟူ၍ နှစ်မျိုးနှစ်စားရှိပြန်သည်။
ရေတွက်မှတ်သား၍ရကောင်းသော ကာနတ္တကခဏ္ဍကာလ၌ မုတ္တ အမုတ္တအပြားကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၁-၁၂။ ပြာဏ် အစရှိသည်ကား မုတ္တကာလ၊ တြိုဋိ အစရှိသည်ကား အမုတ္တကာလမည်၏။ ခြောက်ပြာဏ် တဗီဇနာ = တစ်ဝိနာရီ၊ ဗီဇနာ = ဝိနာရီ ခြောက်ဆယ်တနာရီ၊ နာရီခြောက်ဆယ် နက္ခတ်ရက်တရက်၊ နက္ခတ်ရက် သုံးဆယ် နက္ခတ်လ တလ၊ နေတစ်ကြိမ်ထွက်မှ နောက်နေ့တကြိမ်ထွက်အောင်ကာလသည် သာဝနရက်မည်၏။
ခန္ဒြမာန၊ သောရမာန၊ ဒိဗ္ဗမာနတို့ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၃။ ထိုနက္ခတ်ရက် သာဝနရက်ကဲ့သို့သာလျှင် လဆန်း တရက်တိထိမှ လကွယ်တိထိအဆုံးရှိသော တိထိသုံးဆယ်ဖြင့် စန္ဒြမာသ တလ ဖြစ်သည်၊ တနင်္ဂနွေပြောင်းရာကာလနှစ်ပါး၏အကြားကာလဖြင့် သောရမာသ တလ ဖြစ်သည်။ သောရမာသ ဆဲ့နှစ်လဖြင့် သောရနှစ် တနှစ်ဖြစသည်၊ သောရနှစ် တနှစ်ဖြင့် ဒိဗ္ဗနေ့ တနေ့ဖြစ်သည်။
နတ်အသုရာတို့၏ နေ့ညဉ့်တည်ပုံနှင့် ဒိဗ္ဗနှစ်ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၄။ နတ်နှင့်အသုရာတို့၏ နေ့ညဉ့်သည် အချင်းချင်းအပြန်အလှန်ဖြစ်သည်။ ထို နတ်အသုရာတို့၏ ရက်ပေါင်း သုံးရာခြောက်ဆယ်သည် နတ်အသုရတို့၏ တနှစ် ဖြစ်သည်။
မဟာယုဂမာနကိုပြဆိုခြင်း
[ပြင်ဆင်ရန်]၁၅။ ထို နတ်အသုရာတို့၏ နှစ်ပေါင်း တသောင်းနှစ်ထောင် (၁၂,၀၀၀) သည် စတုယုဂ် = မဟာယုဂ် တခုဖြစ်သည်။ ၎င်းမဟာယုတခုမှာ သောရနှစ်ပေါင်း လေးသန်းသုံးသိန်းနှစ်သောင်း (၄,၃၂၀,၀၀၀)ရှိသည်။
စတုယုဂ်ပမာဏသဘောနှင့် ကတယုဂ်စသည်တို့၏ ပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၆။ ထို စတုယုဂ်သည် သက်သက် ဒိဗ္ဗနှစ် တသောင်းနှစ်ထောင် (၁၂,၀၀၀) ရှိသည်မဟုတ်၊ အစဆည်းဈာ အဆုံးဆည်းဈာ နှစ်ပါး၏ ပမာဏနှင့် ပေါင်းမှ ဒိဗ္ဗနှစ် တသောင်းနှစ်ထောင် (၁၂,၀၀၀) ရှိသည်။ ဆိုလတံ့သော ကတယုဂ်စသည်တို့၏ အပိုင်းအခြားပမာဏကို လူတို့၏ ကိုယ်ကျင့်တရား အပိုင်းအခြားပမဏအာလျှော်စွာ သိရမည်။
ကတယုဂ် စသည်တို့၏ ပမာဏနှင့် ဆည်းဈာ၏ ပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၇။ စတုယုဂ်ဆယ်ပုံတပုံ ၁/၁၀ ကို လေးသုံးနှစ်တစ် (၄-၃-၂-၁) တို့ဖြင့် မြှောက်ရသင်္ချာသည် အစဉ်အတိုင်း ကတ၊ တြေတာ၊ ဒွါပရ၊ ကလ ဟူသော ယုဂ်လေးပါးတို့၏ အတိုင်းအရှည်ပမာဏဖြစ်၏။ အသီးအသီး မိမိတို့၏ ခြောက်ပုံတပုံ ၁/၆ သည် ကတ စသော ယုဂ်လေးပါးတို့၏ အစအဆုံး ဆည်းဈာနှစ်ပါး၏ အတိုင်းအရှည်ပမာဏ ဖြစ်၏။
မနွန္တရနှင့် ၎င်း၏သဒ္ဓိပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၈။ မဟာယုဂ် = စတုယုဂ်ခုနှစ်ဆဲ့တခုသည် မန္တန္တရ တခု ဖြစ်၏။ ထို မနွန္တရ၏ အဆုံးကတယုဂ်သက်ပမာဏရှိသော နှစ်အရေအတွက်သည် သန္ဓိတခုဖြစ်၏။ ၎င်း သန္ဓိကာလပမာဏတိုင်အောင် ဤကမ္ဘာမြေကြီးသည် ရေဖုံးလျက်ပျက်စီး၏။
ကပ္ပပမာဏနှင့် ထိုကပ်၏ အစသန္ဓိပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၉။ ကပ်တခု၌ မိမိတို့သန္ဓိနှင့်တကွဖြစ်သော ထိုမနုတို့သည် တဆဲ့လေးခု = ဆဲလေးပါးရှိကုန်၏၊ (သန္ဓိနှင့်တကွ မနုဆဲ့လေးရောက်တို့၏ သက်တမ်းပမာဏသည် ကပ်တခုဖြစ်သည်ဟု ဆိုလိုသည်) ကပ်၏အစ၌ ကတယုဂ်သက်ပမာဏနှင့် ညီမျှသော သန္ဓိတဆဲ့ငါးခုရှိသည်။
ဗြဟ္မာမင်း၏ နေ့ညဉ့်ပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၀။ ဤသို့ဆိုခဲ့ပြီးသောနည်းအတိုင်း မဟာယုဂ်တထောင် (၁,၀၀၀)ဖြင့် = မဟာယုဂ်တထောင်ရှိက သက်ရှိသက်မဲ့အားလုံးကို ဖျက်ဆီးတတ်သောကပ်တခု ဖြစ်၏။ ၎င်း ကပ်တခုသည် ဗြဟ္မာမင်း၏ တနေ့ဖြစ်၏၊ ညဉ့်လည်း ထိုကပ်တခု၏ ပမာဏနှင့်ပင် ညီမျှ၏။
ဗြဟ္မာမင်း၏ သက်တမ်းနှင့် ၎င်း၏ လွန်ပြီးသော အာယုကပ္ပပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၁။ ဆိုအပ်ပြီးသော နေ့ညဉ့်အရေအတွက်ဖြင့် ဗြဟ္မာမင်းသည် အနှစ်တရာ (၁၀၀) အသက်ရှည်၏။ ယခုဗြဟ္မာမင်း၏ အသက်တဝက် = အနှစ်ငါးဆယ် (၅၀) လွန်ခဲ့ပြီ၊ ယခုရောက်ဆဲကပ်ကား သူ၏အသက်နောက်တဝက်၏ အစဆုံးကပ်ဖြစ်သည်။
ဤကျမ်းကိုပြုစုစီရင်ရာကာလ၌ ရောက်ဆဲကပ်၏လွန်ပြီးသော ပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၂-၂၃။ ဤရောက်ဆဲကပ်မှ သိဒ္ဓိနှင့်တကွ မနုခြောက်ခု = ခြောက်ပါးလွန်ပြီ၊ ရောက်ဆဲသတ္တမမြောက် ဝေဝသွတမနု၏လည်း မဟာယုဂ် = စတုယုဂ်နှစ်ဆဲ့ခုနှစ်ခု လွန်ခဲ့ပြီ၊ ယခုရောက်ဆဲ နှစ်ဆယ့်ရှစ်ခုမြောက် စတုယုဂ်မှ ဤရောက်ဆဲ ကတယုဂ်ကိုလည်း လွန်ခဲ့ပြီ၊ ထိုကြောင့် ကပ်ဦးမှစ၍ဆိုအပ်ပြီးသော မနု စသည်တို့၏ ကာလပမာဏကို ရေတွက်၍ရသော သင်္ချာကိုလည်း တဌာနတည်း၌ ပေါင်းရမည်။
ကပ်ဦးမှ ကမ္ဘာကို ဗြဟ္မာ ဘန်ဆင်းရာကာလ၏ အစတိုင်အောင် ကာလပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၄။ ဂြိုဟ်နက္ခတ်နတ်အသုရာဇင်္ဂမထာဝရ အရာဝတ္ထုအားလုံးကို ဗြဟ္မာမင်းတည်းဆောက်ဖန်တီးနေစဉ်ပင် ကပ်ဦးကစ၍ ရေတွက်သော် ဒိဗ္ဗနှစ်ပေါင်း လေးသောင်းခုနှစ်ထောင်လေးရာ (၄၇,၄၀၀) လွန်ခဲ့ပြီ။
ဂြိုဟ်တို့၏အရှေ့ကိုသွားခြင်းအကြောင်းကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၅-၂၆။ ပဝဟမည်သော လေအဟုန်ကြောင့် နက္ခတ်တို့နှင့် အလွန်လျင်မြန်စွာ အမြဲတမ်း အနောက်ဘက်သို့သာ သွားသော တနင်္ဂနွေစသောသော ဂြိုဟ်တို့သည် နက္ခတ်တို့ကို အမှီမလိုက်နိုင်သဖြင့် မိမိတို့ ကက္ခလမ်းကြောင်း၌ တည်လျက် ယူဇနာပမာဏ အညီအမျှသာလျင် မိမိတည်ရာဌာနမှ အရှေ့ဘက်သို့ မျက်နှာမူ၍ ကျန်ရစ်ကုန်၏။ ထို့ကြောင့် ထိုဂြိုဟ်တို့၏ အရှေ့ဘက်သို့ သွားသည်၏အဖြစ်ထင်ရှားသည်။ ဆိုလတံ့သော ဘဂဏတို့ဖြင့် ထိုဂြိုဟ်တို့၏ နေ့စဉ်သွားအတိုင်းအတာပမာဏသည် မိမိတို့သွားရာလမ်းကြောင်း ကက္ခကွဲပြားခြင်းကြောင့် ကွဲပြားသည်။ ထိုကွဲပြားသော နေ့စဉ်သွားအတိုင်းအတာပမာဏ၏ အစွမ်းအားဖြင့် ဂြိုဟ်သည် နက္ခတ်တို့ကို စားသည် = ကျော်လွန်သွားသည်။
နက္ခတ်စက်ကို ကျော်လွန်ရာ၌ အယုတ်အလွန်ရှိပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၇။ လျင်မြန်စွာသွားသောဂြိုဟ်သည် ထိုနက္ခတ်တို့ကို အချိန်တိုတိုဖြင့် ကျော်လွန်သည်။ အနှေးသွားသောဂြိုဟ်သည် ထိုနက္ခတ်တို့ကို အချိန်ကြာမှ ကျော်လွန်နိုင်သည်။
ဘာဂဏပရိဘာသာကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၈။ ဝိကလာ - ၆၀ ကလာ တခု။ ကလာ - ၆၀ တအံသာ၊ အံသာ - ၃၀ တရာသီ၊ ၁၂ရာသီ ဘဂဏ တခု။
စတုယုဂ တခု၌ တနင်္ဂနွေ ဗုဒ္ဓဟူး သောကြာနှင့် အင်္ဂါ ကြာသပတေး စနေ သီဃဥစ်တို့ ဘဂဏသင်္ချာကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၂၉။ စတုယုဂ်တခု၌ အရှေ့သို့သွားသော တနင်္ဂနွေ ဗုဒ္ဓဟူး သောကြာနှင့် အင်္ဂါ ကြာသပတေး စနေ သီဃဥစ်တို့၏ ဘဂဏတို့သည် အသီးအသီး လေးသန်းသုံးသိန်းနှစ်သောင်း (၄,၃၂၀,၀၀၀) စီ ရှိကြသည်။
အခြားသောဂြိုဟ်တို့၏ ၎င်းသီဃဥစ်နှင့် ပါတတို့၏ ၎င်းဘဂဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃၀-၃၁-၃၂-၃၃။
- တနင်္လာဘဂဏ ငါးကုဋေခုနှစ်သန်းခုနှစ်သိန်းငါးသောင်းထောင့်သုံးရာ သုံးဆယ့်ခြောက် (၅,၇၇၅,၃၃၆)
- အင်္ဂါဘဂဏ နှစ်သန်းနှစ်သိန်းကိုးသောင်းခြောက်ထောင်ရှစ်ရာသုံးဆဲ့နှစ် (၂,၂၉၆,၈၃၂)
- ဗုဒ္ဓဟူးသီဃဥစ်ဘဂဏ တကုဋေခုနှစ်သန်းကိုးသိန်းသုံးသောင်းခုနှစ်ထောင်ခြောက်ဆယ် (၁၇,၉၃၇,၀၆၀)
- ကြာသပတေးဘဂဏ သုံးသိန်းခြောက်သောင်းလေးထောင်နှစ်ရာ့နှစ်ဆယ် (၃၆၄,၂၂၀)
- သောကြာသီဃဥစ်ဘဂဏ ခုနှစ်သန်းနှစ်သောင်းနှစ်ထောင်သုံးရာခုနှစ်ဆယ်ခြောက် (၇,၀၂၂,၃၇၆)
- စနေဘဂဏ တသိန်းလေးသောင်းခြောက်ထောင်ငါးရာခြောက်ဆဲ့ရှစ် (၁၄၆,၅၆၈)
- တနင်္လာ ဥစ်ဘဂဏ လေးသိန်းရှစ်သောင်းရှစ်ထောင်နှစ်ရာ့သုံး (၄၈၈,၂၀၃)
- လက်ဝဲရစ်သွားသော စန္ဒြပါတ = ရာဟုဘဂဏ နှစ်သိန်းသုံးသောင်းနှစ်ထောင်နှစ်ရာသုံးဆဲ့ရှစ် (၂၃၂,၂၃၈)
နက္ခတ်ရက်နှင့် ဂြိုဟ်တို့၏ သာဝနရက်သင်္ချာကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃၄။ စတုယုဂ်တခု၌ နက္ခတ်တကြိမ်ထွက်သည်မှ နောက်တကြိမ်ထွက်သည်အထိကာလဖြင့် ပိုင်းခြားမှတ်သားအပ်သော နက္ခတ်ရက်သည် တရာ့ငါးဆယ်ရှစ်ကုဋေနှစ်သန်းနှစ်သိန်းသုံးသောင်းခုနှစ်ထောင်ရှစ်ရာနှစ်ဆယ့်ရှစ် (၁,၅၈၂,၂၃၇,၈၂၈) ရှိသည်။ ထိုနက္ခတ်ရက်တို့မှ ဂြိုဟ်တို့၏ မိမိတို့ဘဂဏဖြင့် အသီးသီး နှုတ်အကြွင်းသည် အစဉ်အတိုင်း ထိုထိုဂြိုဟ်တို့၏သာဝနရက်ဖြစ်၏။
စန္ဒြမာသနှင့် အဓိမာသကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃၅။ စတုယုဂ်တခု၌ တနင်္ဂနွေဘဂဏနှင့် တနင်္လာဘဂဏတို့၏ ခြားနားချက်သည်ပင် စန္ဒြမာသဖြစ်သည်။ စန္ဒြမာသမှ သောရမာသကို နှုတ်အကွင်း အဓိမာသဖြစ်သည်။
ခယပမာဏနှင့် သာဝနရက်ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃၆။ တိထိရက်မှ သာဝနရက်တို့ကို နှုတ်အကြွင်း ခယရက်ဖြစ်သည်။ ဤ၌ နေတကြိမ်ထွက်မှ နောက်တကြိမ်ထွက်တိုင်အောင်သောကာလကို သာဝနရက်ဟုခေါ်သည်။
စတုယုဂ်တခု၌ သာဝနရက်နှင့် တိထိရက် စသည်၏ အရေအတွက်ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃၇-၃၈-၃၉။ စတုယုဂ်တခု၌ သာဝနရက် တရာ့ငါးဆယ့်ခုနှစ်ကုဋေခုနှစ်သန်းကိုးသိန်းတသောင်းခုနှစ်ထောင်ရှစ်ရာနှစ်ဆယ့်ရှစ် (၁,၅၇၇,၉၁၇,၈၂၈) ရှိသည်။ တိထိရက် ကုဋေတရာ့ခြောက်ဆယ်(?သုံးသန်း)နှင့် ရက်ပေါင်းရှစ်ဆယ် (၁,၆၀၃,၀၀၀,၀၈၀) ရှိသည်။
အဓိမာသ တသန်းငါးသိန်းကိုးသောင်းသုံးထောင်သုံးရာသုံးဆယ့်ခြောက် (၂,၅၉၃,၃၃၆) ရှိသည်။
ခယရက်ပေါင်း နှစ်ကုဋေငါးသန်းရှစ်သောင်းနှစ်ထောင်နှစ်ရာငါးဆယ့်နှစ် (၂၅,၀၈၂,၂၅၂) ရှိသည်။
သောရမာသ ငါးကုဋေတသန်းရှစ်သိန်းလေးသောင်း (၅၁,၈၄၀,၀၀၀) ရှိသည်။ နက္ခတ်ရက်မှ တနင်္ဂနွေဘဂဏကို နှုတ်အကြွင်း ၁,၅၈၂,၂၃၇,၈၂၈ - ၄,၃၂၀,၀၀၀ = ၁၅၇,၉၁၇,၈၂၈ သည် သာဝနရက်ဖြစ်၏။
ကပ်တခု၌ အဓိမာသစသည်နှင့် ဂြိုဟ်တို့၏ ဘဂဏစသည်ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၄၀။ အထက်ဖော်ပြပါအဓိမာသ ခယရက်၊ နက္ခတ်ရက်၊ တိထိရက်၊ သာဝနရက်နှင့် ဂြိုဟ်တို့၏ ဘဂဏ စသည်တို့ကို တထောင် (၁.၀၀၀) ဖြင့် မြှောက်ရသင်္ချာကား ကပ်တခု၏ အဓိမာသ စသော သင်္ချာရေဖြစ်၏။
စတုယုဂ်၌ အစိပ်အပိုင်းရှိ ကပ်၌အစိပ်အပိုင်းမရှိသော ဘဂဏတို့ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၄၁-၄၂-၄၃-၄၄။ ကပ်တခု၌ အရှေ့သို့သွားသော တနင်္ဂနွေ မန္ဒဥစ်၏ ဘဂဏ သုံးရာရှစ်ဆယ့်ခုနှစ် (၃၈၇)၊ အင်္ဂါ မန္ဒဥစ်၏ ဘဂဏ နှစ်ရာ့လေး (၂၀၄)၊ ဗုဒ္ဓဟူး မန္ဒဥစ်၏ ဘဂဏ သုံးရာခြောက်ဆယ့်ရှစ် (၃၆၈)၊ ကြာသပတေး မန္ဒဥစ်၏ ဘဂဏ ကိုးရာ (၉၀၀)၊ သောကြာ မန္ဒဥစ် ဘဂဏ ငါးရာသုံးဆယ့်ငါး (၅၃၅)၊ စနေ မန္ဒဥစ်၏ ဘဂဏ သုံးဆယ့်ကိုး (၃၉)။
အနောက်သို့သွားသော အင်္ဂါပါတ၏ ဘဂဏ နှစ်ရာတဆယ့်လေး (၂၁၄)၊ ဗုဒ္ဓဟူးပါတ၏ ဘဂဏ လေးရာရှစ်ဆယ့်ရှစ် (၄၈၈)၊ ကြာသပတေးပါတ၏ ဘဂဏ တရာခုနှစ်ဆယ့်လေး (၁၇၄)၊ သောကြာပါ၏ ဘဂဏ ကိုးရာ့သုံး (၉၀၃)၊ စနေပါ၏ ဘဂဏ ခြောက်ရာခြောက်ဆယ်နှစ် (၆၆၂) ဖြစ်သည်။ တနင်္လာပါ = ရာဟု၏ ဘဂဏကိုကား ဂါထာအမှတ် (၃၃) က ပြဆိုခဲ့ပြီ။
ကပ်ဦးမှ ကတယုဂ်ဆုံးတိုင် လွန်ပြီးသော နှစ်အရေအတွက်ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၄၅-၄၆-၄၇။ လွန်ပြီးသော မနုခြောက်ပါးတို့ကာလပမာဏ သောရနှစ်ပေါင်း ၁,၈၄၀,၃၂၀,၀၀၀။ သဒ္ဓိခုနှစ်ပါး၏ သောရနှစ်ပေါင်း = ၁၁၆,၆၄၀,၀၀၀ ယ္ခုရောက်ဆဲ နှစ်ဆယ့်ရှစ်ခုမြောက် စတုယုဂ်တွင် လွန်ပြီးသော ကတယုဂ်၏ သောရနှစ်ပေါင်း = ၁,၇၂၈,၀၀၀။ ၎င်း သင်္ချာလေးရပ်၏ အပေါင်းဖြစ်သော သာရနှစ်ပေါင်း တရာ့ကိုးဆယ့်ခုနှစ်ကုဋေခုနှစ်သိန်းရှစ်သောင်းလေးထောင် (၁,၉၇၀,၇၈၄,၀၀၀)သည် ကပ်ဦးမှ ကတယုဂ်ဆုံးတိုင် သောရနှစ်ပေါင်းဖြစ်၏။ ၎င်းမှ ကမ္ဘာကို ဗြဟ္မာမင်းဖန်ဆင်းရာကာလ သောရနှစ်ပေါင်း တကုဋေခုနှစ်သန်းခြောက်သောင်းလေးထောင် (၁၇,၀၆၄,၀၀၀)ကိုနှုတ်၊ အကြွင်း တရာ့ကိုဆယ့်ငါးကဋေသုံးသန်းခုနှစ်သိန်းနှစ်သောင်း (၁,၉၅၃,၇၂၀,၀၀၀) သည် ကမ္ဘာကို ဗြဟ္မာဖန်ဆင်း၍ပြီးဆုံးသည်မှ ယ္ခုရောက်ဆဲ စတုယုဂ်၏ တကယုဂ်ဆုံး ဤသူရိယသိဒ္ဓန္တကျမ်းပြုနှစ်တိုင်အောင် သောရနှစ်ပေါင်းဖြစ်၏။
ဣဌသာဝနမာရဂုဏ် တွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၄၈-၄၉-၅၀-၅၁။ အထက်ဖော်ပြပါ ကတယုဂ်ဆုံးတိုင် သောရနှစ်ပေါင်း (၁,၉၅၃,၇၂၀,၀၀၀)တွင် ၎င်းမှ မိမိလိုရာနှစ်တိုင်အောင်လွန်ပြီး သောရနှစ်အရေအတွက်ကိုနှော ဆယ့်နှစ်ခုမြှောက်၊ မြှောက်ရ သောရမာသပေါင်းတွင် ရောက်ဆဲ သောရနှစ်၏ လွန်ပြီးသောလတို့ကို ရေ၍နှော သောရမာသပေါင်းဖြစ်၏။ ၎င်းကို နှစ်ဖော်ထား၊ အောက်တဖော်ကို စတုယုဂ်အဓိမာသပေါင်း (၁,၅၉၃,၃၃၆) ဖြင့် မြှောက်၍ စတုယုဂ်သောရမာသပေါင်း (၅၁,၈၄၀,၀၀၀)ဖြင့် စား၊ စားလဒ်ကား အဓိမာသဖြစ်၏။ ၎င်းအဓိမာသကို အထက်တဖော်တွင် နှော၊ သုံးဆယ်မြှောက် ရောက်ရာလ၏ လွန်ပြီးသောရက်တို့ကို ရေ၍နှော၊ တိထီရက်ဖြစ်၏။ ၎င်းကို နှစ်ဖော်ထား၊ အောက်တဖော်ကို စတုယုဂ် ခယရက် (၂၅,၀၈၂,၂၅၂) ဖြင့်မြှောက်၊ စတုယုဂ်တိထီရက် (၁,၆၀၃,၀၀၀,၀၈၀) ဖြင့်စား၊ စားလဒ်ကား ခယရက်ပေါင်းဖြစ်၏။ ၎င်း ခယရက်ပေါင်းဖြင့် အထက်တဖော်တွင်နှုတ်၊ အကြွင်း လင်္ကာကျွန်း၏ သန်းခေါင်သာဝနရက်ဖြစ်၏။ ၎င်းသာဝနရက်မှ ရက်အရှင်၊ လအရှင်၊ နှစ်အရှင်တို့ကို တွက်ယူအပသည်။ သာဝနရက်ကို ခုနှစ်ခုစား အကြွင်းကား ရက်အရှင် = ရက်ကိုပိုင်သော တနင်္ဂနွေစသောနေ့ ထွက်၏။
(အမှာ) ထိုနေ့ထွက်အောင် ဝံခါသာဝနရက်တွင် ထိုက်သည်အားလျော်စွာ တခုနှောနှုတ် ပြုလုပ်ရမည်။ ဤအဓိပ္ပာယ်ကို အမှတ် (၅၂-၅၃)ဂါထာတို့ဖြင့် ကျမ်းဆရာပြလိမ့်မည်။
သာဝနဟရဂုဏ်ထွက်ရာ၌ အထူးပြဆိုခြင်း
[ပြင်ဆင်ရန်]၅၂-၅၃။ မဇျနှင့် ဖုဋတိထိ ကွဲပြားခြင်းကြောင့် ရံခါ သာဝနဟရဂုဏ်သည် ထိုက်သည်အားလျော်စွာ တခုကိုတခုလျော့ရှိတတ်သည်။ ထို့ကြောင့် လိုနေ့ထွက်အောင် တခုတိုးတခုလျော့ သင့်တော်အောင် ပြုလုပ်ရမည်။ ထိုအတူ မဇျနှင့် ဖုဋ အဓိမာသနှစ်မျိုး ကွဲပြားခြင်းကြောင့် မဇျအဓိမာသပြိုလျက်လည်း ဖုဋအဓိမာသကို မရအပ်မူ ထွက်ရအဓိမာသတွင် တခုတိုး၊ မဇျအဓိမသာမပြိုဘဲလည်း ဖုဋအဓိမာသကို ရအပ်မူ ထွက်ရအဓိမာသမှ တခုလျှော့ရမည်။
(အမှာ) ဤအမှတ် (၅၂-၅၃)ဂါထာများသည် လက္ချမီမာယာယကာတိုက်ရိုက်သုဇာတရင်္ဂိနီဋီကာမူ၍ ပါရှိသည်။ ဋီကာဆရာကလည်း ဤနှစ်ဂါထာကို ရှေးမူဟောင်းစာပေများတွင် တွေ့ရသည်ဟုဆိုသည်။
အကျိုးကိုဟောရန် လအရှင် နှစ်အရှင် တွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅၄။ သာဝနဟရဂုဏ်ကို နှစ်ဖော်တည်၊ အထက်တဖော်ကို တလအတွက် ရက်ပေါင်း (၃၀)ဖြင့်စား၊ အောက်တဖော်ကို တနှစ်အတွက် ရက်ပေါင်း (၃၆၀)ဖြင့်စား၊ စားလဒ်နှစ်ပါးတွင် ပဌမလဒ်ကို (၂)ခုဖြင့်မြှောက်၊ ဒုတိယလဒ်ကို (၃)ခုဖြင့်မြှောက်၍ မြှောက်ရသင်္ချာ (၂)ပါးလုံး၌ တခုစီနှော၊ (၇)ခုဖြင့်စား၊ အကြွင်း နှစ်ပါးသည် အစဉ်အတိုင်း လအရှင်နေ့နှင့် နှစ်အရှင်နေ့ဖြစ်သည်။
မဇျဂြိုဟ်တွက်ပုံကိုပြဆိုခြင်း
[ပြင်ဆင်ရန်]၅၅။ သာဝနဟရဂုဏ်ကို မိမိတို့စတုယုဂ်၏ ဘဂဏ သို့မဟုတ် ကပ်၏ဘဂဏတို့ဖြင့် မြှောက်အပ်သကဲ့သို့ ဇာတူ စတုယုဂ်၏ သာဝန သို့မဟုတ် ကပ်၏ သာဝနဟရဂုဏ်တို့ဖြင့်စား၊ လဒ်ကား မဇျသွား ပမာဏအားဖြင့် ဘဂဏရာသီ၊ အံသာ၊ လိတ္တာ၊ ဝိလိတ္တာ၊ တို့ဖြင့် ဝေဘန်ပိုင်းခြားအပ်သော မဇျဂြိုဟ်ဖြစ်၏။
သီဃမန္ဒဥစ် နှင့် ပါတ တွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅၆။ ဆိုအပ်ပြီးသောနည်းအတိုင်း အရှေ့သို့သွားသာ သီဃဥစ်နှင့် မန္ဒဥစ်တို့ကို တွက်ယူအပ်ကုန်၏။ ထိုသီဃဥစ်နှင့် မန္ဒဥစ် တွက်နည်းအတိုင်းသာလျှင် အနောက်သို့သွားသော ပါတကိုလည်း တွက်ယူအပ်ကုန်၏။ ထိုပါတတို့ကို တွက်ရအတိုင်းမထားဘဲ တဆယ့်နှစ်ရာသီမှ နှုတ်၍ နှုတ်ကြွင်းကိုသာ မိဿစသောရာသီတို့ဖြစ်သည်ဟု မှတ်ယူရမည်။
ကောင်းကျိုး ဆိုးကျိုးကို သိရန် ကြာသပတေးဂြိုဟ်နှစ်တွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅၇။ အမှန် (၅၅)ဂါထာ၌ ဆိုအပ်ပြီးသောတွက်နည်းအတိုင်း တွက်ယူအပ်သည်။ မဇျကြာသပတေးဂြိုဟ်၏ လွန်ပြီး ဘဂဏတို့ကို ၁၂ ခုမြှောက်၊ ၎င်းမဇျကြာသပတေး၏ ရောက်ဆဲရာသီတို့နှင့် ပေါင်း၍ ခြောက်ဆယ်စား၊ အကြွင်းအတိုင်း ဝိဇယစသောနှစ် ဖြစ်၏။
(မှတ်ချက်) မဇျကြာသပတေးနှင့်စပ်သော နှစ်ပေါင်း ခြောက်ဆယ်ကား (၁)ဝိဇယ၊ (၂)ဇယ၊ (၃)မမ္မထ၊ (၄)ဒမ္မုခ၊ (၅)ဟေမလမ္ဗ၊ (၆)တိလမ္ဗ၊ (၇)ဝိကာရီ၊ (၈)သံဝရီ၊ (၉)ပ္လဝ၊ (၁၀)သုဘကတ၊ (၁၁)သောဘန၊ (၁၂)ကောဓီ၊ (၁၃)ဝသွာဝသု၊ (၁၄)ပရာဘဝ၊ (၁၅)ပ္လဝင်္ဂ၊ (၁၆)ကီလက၊ (၁၇)သောမျ၊ (၁၈)သာဓာရဏ၊ (၁၉)ဝိရောဓကတ၊ (၂၀)ပရိဇာဝီ၊ (၂၁)ပမာဒီ၊ (၂၂)အာနန္ဒ၊ (၂၃)ရက္ခသ၊ (၂၄)နလ၊ (၂၅)ဝိင်္ဂလ၊ (၂၆)ကာလယုတ္တ၊ (၂၇)သိဒ္ဓတ္တီ၊ (၂၈)ရုန္ဒြ၊ (၂၉)ဒုမ္မတာ၊ (၃၀)ဒုန္ဒုဘိ၊ (၃၁)ရုဓိရုဂ္ဂါရီ၊ (၃၂)ရတ္တက္ခ၊ (၃၃)ကောဇန၊ (၃၄)ခယ၊ (၃၅)ပဘဝ၊ (၃၆)ဝိဘဝ၊ (၃၇)သုတ္လ၊ (၃၈)ပမောဒ၊ (၃၉)ပဇာပတိ၊ (၄၀)အံဂိရာ၊ (၄၁)သိရီမုခ၊ (၄၂)ဘာဝ၊ (၄၃)ယုဝါ၊ (၄၄)ဓာတာ၊ (၄၅)ဣဿရ၊ (၄၆)ဗဟုဓည၊ (၄၇)ပမာထီ၊ (၄၈)ဝက္ကမ၊ (၄၉)ဗြိဿ၊ (၅၀)စိတြဘာနု၊ (၅၁)သုဘာနု၊ (၅၂)တာရမာ၊ (၅၃)ပတ္တိဝ၊ (၅၄)ဗျယ၊ (၅၅)သဗ္ဗဇိတ၊ (၅၆)သဗ္ဗစာရီ၊ (၅၇)ဝိရောဓီ၊ (၅၈)ဝိကတ၊ (၅၉)ခရ၊ (၆၀)နန္ဒန နှစ်တည်း။
ဂြိုဟ်တွက်ရန်အလွယ်အကျဉ်းနည်းကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅၈။ အမှတ် (၅၅)ဂါထာတွင် ဆိုခဲ့ပြီးသော ဂြိုဟ်တွက်နည်းကို အကျယ်အားဖြင့် အာဆိုခဲ့ပြီ။ အများအတွက် လွယ်ကူသော မဇျဂြိုဟ်တွက်နည်းကိုကား အကျည်းအားဖြင့် ရောက်ဆဲဖြစ်သော လိုရာယုဂ်မှ တွက်ယူရမည်။
ကတယုဂ်ဆုံး၌ ဂြိုဟ်တို့၏ ဓုဝကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅၉-၆၀။ ဤကတယုဂ်အဆုံး၍ ဂြိုဟ်တို့၏ပါတနှင့် မန္ဒဥစ်မှတပါး မဇျဂြိုဟ်အားလုံးတို့သည် မိဿရာသီဦး၌ချည်း အညီအမျှရာသီအံသာလိတ္တာစသည် သုညဖြစ်၍ တည်ကုန်၏။ တနင်္လာမန္ဒဥစ်ကား မကရရာသီဦး တနင်္လာ၏ ပါတ (ရာဟု)ကား တူရာသီဦး၌ တည်၏။ အနှေးသွား တပါးသောဂြိုဟ်တို့၏ ပါတနှင့် မန္ဒဥစ်တို့ကား မိမိတို့ရောက်ရာ ရာသီ၌ အံသာလိတ္တာစသော အပိုအစွန်းနှင့်တကွ တည်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ငါအထူးမဆိုတော့ပြီ။
ဘူဗျာသယူဇနာနှင့် ၎င်း၏ ပရိဓိယူဇနာပမာဏကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၆၁။ ဘုကဏ္ဏ = ဘူဗျာသယူဇနာ ထောင့်ခြောက်ရာ (၁,၆၀၀) ရှိသည်။ ဆယ်ခုဖြင့်မြှောက်အပ်သော ဘူဗျာသဝဂ်၏မူလသည် ဘူပရိဓိယူဇနာဖြစ်၏။
ဖုဋပရိဓိနှင့် ဒေသန္တရတွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၆၂-၆၃။ မဇျဘူပရိဓိကို လမ္ဗဇယားဖြင့်မြှောက်၊ တြိဇယားဖြင့်စား၊ လဒ်ကား မိမိဒေသ၏ ဖုဋဘူပရိဓိယူဇနာဖြစ်၏။ ထို့နောက် ဂြဟဘုတ္တိခေါ်သော ဂြိုဟ်သွားလိတ္တာကို ဒေသန္တရယူဇနာဖြင့်မြှောက်၊ ဖုဋဘူပရိဓိယူဇနာဖြင့်စား၊ လဒ်ကို မဇျလေခါမှ အရှေ့ဘက်၌ဖြစ်မူ ဂြိုဟ်တို့မှနှုတ်၊ မဇျလေခါမှ (အနောက်ဘက်)၌ဖြစ်မူ ဂြိုဟ်တို့၌ပေါင်း၊ ထိုသို့နှုတ်ပြီးပေါင်းပြီးသည် မိမိဒေသရှိသန်းခေါင်ဂြိုဟ်များဖြစ်ကုန်၏။
မဇျလေခါပေါ်ရှိ အချို့ဒေသတို့ကိုပြဆိုခြင်း
[ပြင်ဆင်ရန်]၆၄။ လင်္ကာကျွန်းနှင့် မြင့်မိုရ်နောင်အလယ် မဇျလေခါခေါ်သော တောင်မြောက်မျဉ်းကြောင်း၍ ရောဟီတကတိုင်း၊ အဝန္တီတိုင်း၊ ဥဇ္ဇေနီမြို့၊ ကုရုတိုင်း = ဒေလီမြို့ စသည်တို့ တည်ရှိကုန်၏။
မဇျလေခါဒေသနှင့် မိမိဒေသတို့၏ အရှေ့အနောက်တည်နေပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၆၅-၆၆-၆၇။ တွက်ရဥမ္မီလနနာရီမှ နောက်၌ သဗ္ဗကြယ်ကြတ်သောလ၏ အရောင်ရာဟုမှ ထွက်စပြုလာမူ မိမိဒေသသည် မဇျလေခါမှ အရှေ့ဘက်၌တည်၏။ တွက်ရဥဗ္ဗီလနနာရီ မတိုင်မီ သဗ္ဗကြယ်ကြတ်သောလ၏ အရောင်ရာဟုမှ လွတ်စပြုလာလျှင်မူ မိမိဒေသသည် မဇျလေခါမှ အနောက်၌တည်၏။ တနည်း နိမိလနနာရီဖြင့်လည်း ဆိုခဲ့ပြီးသောနည်းအတိုင်း သိရမည်။ ထိုနောင်တွက်ရနှင့် မျက်မြင် ဥမ္မီလနနာရီတို့၏ အကွာအခြားနာရီတို့ဖြင့် မိမိဒေသ၏ဖုဋပရိမိကို မြှောက်၊ ခြောက်ဆယ်စား၊ လဒ် အရှေ့အနောက်ယူဇနာတို့ဖြင့် မိမိဒေသ၏ဖုဋပရိမိ၌ မိမိဒေသကို သိအပ်၏။ ထို့ကြောင့် ထိုအရှေ့အနောက်အကွာအခြားယူဇနာဖြင့် (အမှတ် ၆၂-၆၃ ဂါထာတို့၌ ဆိုအပ်ပြီးသောနည်းအတိုင်း) ဒေသန္တရကို တွက်ယူရမည်။
(အမှာ) ဥမ္မီလနနှင့် နိမိလန သို့မဟုတ် သမ္မီလန တွက်ပုံများကို စတုတ္တပိုင်း၌ ဤကျမ်းဆရာကိုယ်တိုင် ဆိုလိမ့်မည်။
နေ့ဖြစ်ပေါ်ရာကာလကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၆၈။ မဇျလေခါ အရှေ့ဘက်၌ မိမိဒေသတည်ရှိမူ (အမှတ် ၆၆-၆၇)ဂါထာတို့၌ဆိုအပ်ပြီးသည့်အတိုင်း တွက်ရဒေသန္တရနာရီတို့ဖြင့်သန်းခေါင်ကိုလွန်မှ မိမိဒေသတွင် နေ့၏အစဖြစ်သည်။ မိမိဒေသက မဇျလေခါအနောက်ဘက်၌ တည်ရှိမူ သန်းခေါင်မတိုင်မီ နေ့၏အစဖြစ်သည်။
တတ္တာလိကဂြိုဟ်တွက်ပုံ
[ပြင်ဆင်ရန်]၆၉။ ဂြိုဟ်တို့၏ လိတ္တာစသော မဇျဘုတ္တိဂတိ (ဖျမ်းမျှအသွား) ပမာဏကို လိုရာနာရီဖြင့်မြှောက်၊ ၆၀စား လဒ် လိတ္တာစသည်ကို လိုသောကာလ အတိတ်လွန်ခဲ့ပြီးဖြစ်မူ တွက်ရဂြိုဟ်မှနှုတ်၊ အနာဂတ်(ရောက်လတ္တံ့)မူ တွက်ရဂြိုဟ်တွင်နှော တတ္တာလိက(လိုရာကာလ၏)ဂြိုဟ်ဖြစ်၏။
တနင်္လာစသောဂြိုဟ်တို့၏ ပရမသရ-ဝိက္ခေပကလာ-ဝက္ခေပလိတ္တာကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၇၀။ တနင်္လာဂြိုဟ်ကို မိမိ၏ပါတက မိမိ၏ကြန္တီစက်ဝန်းအဆုံးမှ တောင်နှင့်မြောက်သို့ အလွန်အများဆုံး လိတ္တာ ၂၇၀ တိုင်အောင် ပစ်လွှင့်သည်။ အင်္ဂါဂြိုဟ်ကို လိတ္တာ ၉၀ တိုင်အောင်၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေဂြိုဟ်တို့ကို လိတ္တာ ၁၂၀ တိုင်အောင်၊ ကြာသပတေးဂြိုဟ်ကို လိတ္တာ ၆၀ တိုင်အောင် မိမိတို့၏ ပါတတို့က မိမိတို့ ကြန္တီစက်ဝန်းမှ တောင်နှင့်မြောက်သို့ အသီးသီး ပစ်လွှင့်ကြသည်။ ထို့ကြောင့် တနင်္လာ၏ ဝိက္ခေပ ၂၇၀၊ အင်္ဂါ၏ဝက္ခေပ ၉၀၊ ဗုဒ္ဓဟူး၏ဝိက္ခေပ ၁၂၀၊ ကြာသပတေ၏ဝိက္ခေပ ၆၀၊ သောကြာ၏ဝိက္ခေပ ၁၂၀။ စနေ၏ဝိက္ခေပ ၁၂၀ ရှိသည်။
ဤတွင် မဇျပိုင်း အပြီးတည်း။
ဖုဋပိုင်း (၂)
[ပြင်ဆင်ရန်]မဇျဖုဋကွဲပြားခြင်းအကြောင်းကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁-၂။ မမြင်အပ်မမြင်ကောင်းသည်ဖြစ်၍ဆိုခဲ့ပြီးသည့် ဘဂဏတို့၌ မှီကုန်လျှက် သီဃဥစ်၊ မန္ဒဥစ်၊ ပါတဟူသော အမည်ဖြင့် ထင်ရှားကုန်သော အချိန်ကာလ၏ အကောင်အထည်ဝတ္ထုဒြပ်တို့သည် ဂြိုဟ်တို့၏ သွားခြင်းအကြောင်း ဖြစ်ကုန်၏။ ထို သီဃဥစ်၊ မန္ဒဥစ် နှင့် ပါတ တို့၏ လေတည်းဟူသောကြိုးတို့ဖြင့် ဖွဲ့အပ်ကုန်သော တနင်္ဂနွေစသော ဂြိုဟ်တို့ကို ထိုသီဃဥစ်၊ မန္ဒဥစ်နှင့် ပါတတို့က ဝဲယာလက်နှစ်ဘက်ဖြင့် မိမိတို့တည်ရှိရာ အရှေ့ဘက်နှင့်အနောက်ဘက်သို့ မိမိတို့နှင့်နီးကပ်အောင် ဆွဲဆောင်(လှုပ်ရှားစေ)အပ်ကုန်၏။
ဂြိုဟ်တို့၏ အသွားကွဲပြားခြင်းအကြောင်းကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၃။ ပဝဟမည်သော လေသည် ထိုတနင်္ဂနွေစသော ဂြိုဟ်တို့ကို မိမိတို့ဥစ်ရှိရာဘက်သို့ ရွေ့လျားစေ၏။ ထို့ကြောင့် ထိုဂြိုဟ်တို့သည် မိမိဥစ်တို့က၎င်း ပဝဟလေက၎င်း အရှေ့အနောက်ဆွဲငင်အပ်ကုန်သည်ဖြစ်၍ မဇျဂတိ = မဇျသွားမှ ကွဲပြားသော ဖုတဂတိ = ဖုတသွာအားဖြင့် သွားကုန်၏။ ထို့ကြောင့်ပင်လျှင် ဖြန်းမျှတွက်ယူအပ်သောမဇျဂြိုဟ်တို့နှင့် မျက်မြင်ဖုဋဂြိုဟ်တို့ အချင်းချင်းကွဲပြားကြသည်။
ဥစ်တဂြိုဟ်တို့ကို အရှေ့အနောက်ဆွဲငင်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၄။ အကြင်အခါ ဥစ်သည် မဇျဂြိုဟ်မှ အရှ့ဘက်ခြောက်ရာသီ၌တည်၏။ ထိုအခါ ဂြိုဟ်ကို အရှေ့ဘက်သို့ ဆွဲငင်၏။ ထို့အတူ အကြင်အခါ မဇျဂြိုဟ်မှ အနောက်ဘက် ခြောက်ရာသီ၌တည်၏။ ထိုအခါ အနောက်ဘက်သို့ ဆွဲငင်၏။
မဇျနှင့် မုဋဂြိုဟ်တို့၏ ခြားနားချက်ဖလ၏ မဇျ၌ အပေါင်းအနှုတ်ဖြစ်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၅။ မိမိတို့ဥစ်က ဆွဲငင်အပ်ကုန်သော ဂြိုဟ်တို့သည် ရာသီစသည်တို့ဖြင့် အကြင်မျှလောက်အရှေ့ဘက်သို့ သွားကုန်၏။ ထိုမျှလောက်၎င်း၊ မဇျဂြိုဟ်တို့၌ မဇျနှင့် ဖုဋခြားနားချက်ဖလကို မဇျဂြိုဟ်၌ ပေါင်းရမည်။ အနောက်ဘက်သို့ ဆွဲငင်ကုန်မူ ဖလကို မဇျဂြိုဟ်မှ နှုတ်ရမည်။
ပါတ,က ဂြိုဟ်တို့ကို တောင်မြောက်ပစ်လွှင့်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၆။ ဥစ်သည်ဂြိုဟ်ကို အရှေ့အနောက်ဆွဲငင်သကဲ့သို့ ထို့အတူ ပါတမည်သော ဤရာဟုသည်လည်း မိမိ၏အရှိန်အဟုန်ဖြင့် တနင်္လာစသောဂြိုဟ်တို့၏ အဝန်းအဝိုင်း ဗိမ္ဗကို ကြန္တီစက်ဝန်း၏ အဆုံးမှ ထိုဂြိုဟ်၏ ဝိက္ခေပဆုံးသည်တိုင်အောင် တောင်မြောက် ပစ်လွှင့်သည်။
ပါတ,က မည်သည့်အခါတောင်ဘက်၊ မည်သည့်အခါ မြောက်ဘက်သို့ ပစ်လွှင့်သနည်းဟူသော ပုစ္ဆာ၏ အဖြေကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၇။ ဂြိုဟ်တည်ရာဌာနမှ အရှေ့ခြောက်ရာသီအတွင်း၌တည်သော ပါတသည် ဂြိုဟ်ကို ကြန္တီစက်ဝန်းမှ မြောက်ဘက်သို့ ပစ်လွှင့်သည်။ (အနောက်)ခြောက်ရာသီအတွင်း၌တည်သော ပါတသည် တောက်ဘက်သို့ ပစ်လွှင့်သည်။
ပါတ,က ဗုဒ္ဓဟူး သောကြာဂြိုဟ်တို့ကို တောင်မြောက်ပစ်လွှင့်ရာ၌ အထူးကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၈။ ဗုဒ္ဓဟူး သောကြာဂြိုဟ်တို့၏ သီဃဥစ်ဌာနမှ ၎င်းတို့၏ပါတသည် နောက်ခြောက်ရာသီအတွင်း၌တည်နေမူ ၎င်းတို့သီဃဥစ်ကဆွဲငင်ခြင်းကြောင့် ၎င်းဗုဒ္ဓဟူး သောကြာဂြိုဟ်တို့ကို မြောက်ဘက်သို့၊ အရှေ့ခြောက်ရာသီအတွင်း၌ တည်နေမူ တောင်ဘက်သို့ ပစ်လွှင့်အပ်သည်။
ဆွဲငင်ရာတွင် အယုတ်အလွန်ရှိခြင်း၏အကြောင်းကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၉-၁၀-၁၁။ အဝန်းအဝိုင်းပမာဏကြီးခြင်းကြောင့် တနင်္ဂနွေကို ဥစ်က အနည်းငယ်သာဆွဲနိုင်သည်။ အဝန်းအဝိုင်းပမာဏသေးခြင်းကြောင့် တနင်္လာကို ဥစ်က တနင်္ဂနွေထက် ပိုလွန်၍ဆွဲငင်နိုင်သည်။ အလွန်သေးငယ်သော အဝန်းအဝိုင်း ဗိမ္ဗပမာဏရှိခြင်းကြောင့် အင်္ဂါစသော ဂြိုဟ်တို့ကို သီဃဥစ်နှင့် မန္ဒဥစ်တို့က အရှိန်အဟုန်ပြင်းစွာဖြင့် အလွန်ဝေးအောင် ဆွဲဆောင်အပ်ကုန်၏။ ထို့ကြောင့် အင်္ဂါစသော ဂြိုဟ်တို့၏ သီဃမန္ဒဥစ်တို့က အလွန်ဆွဲဆောင်ခြင်းကြောင့်ဖြစ်သော ရွေ့လျားသွားလာခြင်း၏ အစွမ်းအားဖြင့် နှောနှုတ်ဖလ အလွန်များလာရသည်။ ဤဆိုအပ်ပြီးသောနည်းအတိုင်း ဥစ်တို့က ဆွဲငင်အပ်ကုန်သော ထိုဂြိုဟ်တို့သည် ပဝဟလေအဟုန်ကြောင့် ကောင်းကင်ပြန်၌ လှည့်လည်သွားလာကြသည်။
ဂြိုဟ်တို့သွားပုံ ရှစ်မျိုးကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၂။ ဖုဋဂြိုဟ်တို့၏အသွားသည် (၁)ဝကြဂတိ၊ (၂)အတိဝကြဂတိ၊ (၃)ဝိကလဂတိ၊ (၄)မန္ဒဂတိ၊ (၅)မန္ဒတရဂတိ၊ (၆)သမဂတိ၊ (၇)သီဃဂတိ၊ (၈)သီဃတရဂတိဟု ရှစ်မျိုးပြားသည်။
(အမှာ) အထက်ပါ ဖုဋဂြိုဟ်တို့၏အသွားရှစ်မျိုးတွင် ပကတိသွားမြဲမှနောက်သို့ ဆုတ်လျက်နေ့စဉ် ယုတ်လျော့၍သွားခြင်းသည် 'ဝကြဂတိ'မည်၏။ နေ့စဉ်လိတ္တာများစွာတိုး၍ ပို၍ နောက်သို့ဆုတ်သွားခြင်းသည် 'အတိဝကြဂတိ'မည်၏။ တနေ့နှင့်တနေ့ တလိတ္တာမျှရှေ့တိုးနောက်ဆုတ် မထင်မရှားသော သွားခြင်းသည် 'ဝကလဂတိ'မည်၏။ မဇျသွားအောက် ယုတ်လျော့လျှက်နေ့စဉ် လိတ္တာများစွာတိုး၍ပို၍ အဖြောင့်သွားခြင်းသည် 'မန္ဒတရကတိ'မည်၏။ မဇျသွားနှင့် တူမျှသောသွားခြင်းသည် 'သမဂတိ'မည်၏။ မဇျသွားထက်ပိုလွန်လျှက် နေ့စဉ်လိတ္တာများစွာ နည်း၍ဆုတ်၍အဖြောင့်သွားခြင်းသည် 'သီဃဂတိ'မည်၏။ မဇျသွားထက်ပိုလွန်လျှက် နေ့စဉ်လိတ္တာများစွားတိုး၍ပို၍ အဖြောင့်သွားခြင်းသည် 'သီဃတရဂတိ'မည်၏။
အသွားရှစ်မျိုးပြားသော်လည်း စင်စစ်အားဖြင့် ငါးပါးပြားပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၃။ ထိုဂြိုဟ်၏အသွားရှစ်မျိုးတွင် အတိသီဃနှင့် သီဃဂတိသည် သာမန်အားဖြင့် သီဃသာမည်၏။ မန္ဒနှင့် မန္ဒတရဂတိသည် တူညီရကား သာမန်အားဖြင့် မန္ဒသာမည်၏။ ဤသီဃနှင့် မန္ဒဂတိနှစ်မျိုးသည် အဖြောင့်သွား၏။ ဝကြနှင့် အတိဝကြဂတိနှစ်မျိုးသည် သာမနအားဖြင့် ဝကြသာမည်၏။ ဤသို့လျှင် စင်စစ်ဂြိုဟ်တို့၏အသွားကို သီဃ၊ သမ၊ ဝိကလ၊ မန္ဒ၊ ဝကြဟု ငါးမျိုးရှိကြောင်း သိရမည်။ (ဤကား သုဇာတရင်္ဂိနီဋီကာ အလိုကျအကျဉ်း ဘာသာပြန်ပြန်ဆိုခြင်းတည်း။)
တနည်း - ထိုဂြိုဟ်တို့၏အသွားရှစ်မျိုးတွင် အတိသီဃနှင့် သီဃဂတိသည် အမြန်အဖြောင့်သွားအဖြစ်ဖြင့်သဘောတူ၏။ ထို့ကြောင့် ၎င်းနှစ်ပါးကို သာမန်အမည်အားဖြင့် သီဃဂတိဟု ခေါ်၏။ မန္ဒနှင့် မန္ဒတရဂတိသည် အနှေးအဖြောင့်သွားအဖြစ်ဖြင့်တူ၏။ ထို့ကြောင့် ၎င်းနှစ်ပါးကို သာမန်အမည်အားဖြင့် မန္ဒဂတိဟုခေါ်၏။ သမဂတိကား မနှေးမမြန်အဖြောင့်သွားတမျိုးတည်းသာ ရှိသည်။ ဤဆိုခဲ့သော အစဉ်အတိုင်း အတိသီဃ၊ သီဃ၊ မန္ဒ၊ မန္ဒတရ၊ သမ ဟု ငါးပါးသဘောတူပေါင်း၍ သီဃ၊ မန္ဒ၊ သမ ဟု သုံးပါးသော အသွားကား အဖြောင့်သွားတည်း။ တကြနှင့် အတိတကြဂတိသည် အကောက်သွားဖြစ်သဖြင့် သဘောတူ၏။ ထို့ကြောင့် ၎င်းနှစ်ပါးကို သာမန်အားဖြင့် တကြဟုခေါ်၏။ ဝိကလဂတိ အနှေး၊ အမြန်၊ အဖြောင့်၊ အကောက်သွားဟူ၍ လုံးဝမရှိသောကြောင့် အဖြောင့်အကောက်ဟု သူ့ကို ဝေဘန်ဖို့ မလိုတော့ပေ။ ဤသို့လျှင် သီဃ၊ မန္ဒ၊ သမ၊ ဝိကလ၊ ဝကြ ဟု အသွားငါးမျိုးရှိသည်။ ၎င်းငါးမျိုးတွင်လည်း (၁)သီဃ၊ မန္ဒ၊ သမဂတိတို့ကား အဖြောင့်သွား၊ (၂)ဝကြဂတိကား အကောက်သွားဟု အစစ်အမှန် နှစ်မျိုးသာရှိသည်။ တိကလဂတိကိုကား လိတ္တာသုညသာဖြစ်၍ အဖြောင့်သွားအကောက်သွားဟု မဆိုရတော့ပေ။ ၎င်းကို မြန်မာတို့က နိယတုံကျင့်သည်ဟု ခေါ်ကြသည်။ (ဤကား တထွာမတဋီကာအလိုကျ အကျယ်ဘာသာပြန်ဆိုခြင်းတည်း။)
ဖုဋတွက်ကို ချီးမွမ်းခြင်း
[ပြင်ဆင်ရန်]၁၄။ ဆိုဆိုအပ်ပြီးသော ထိုထိုအသွားရှစ်မျိုး၊ တနည်းငါးမျိုး၊ တနည်းနှစ်မျိုးတို့၏ အစွမ်းအားဖြင့် ထွက်ခဲ့ပြီးသော မဇျဂြိုဟ်တို့သည် အကြင်တွက်နည်းဖြင့် တွက်ယူအပ်သည်ရှိသော် အမြဲနေ့စဉ်မျက်မြင်နှင့် တူမျှကုန်၏။ ထိုဖုဋတွက်နည်းကို ချစ်ခင်လေးစားစွာဖြင့် ကျွန်ုပ်ပြဆိုမည်။
ဖုဋဂြိုဟ်တွက်ရာ၌အသုံးဝင်သော ကမ နှစ်ဆယ့်လေးဇယားတွက်ပုံကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၅-၁၆။ တရာသီရှိ လိတ္တာ ထောင့်ရှစ်ရာ (၁,၈၀၀) ၏ ရှစ်ပုံတစ်ပုံ ၁၈၀၀/၈ = ၂၂၅ သည် ပဌမဇယားမည်၏။ ၎င်းပထမဇယား ၂၂၅ ဖြင့် ပဌမဇယား ၂၂၅ ကိုပင် စား၍ ရသောလဒ် ၁ ဖြင့် ပဌမဇယား ၂၂၅ မှနှုတ် အကြွင်း ၂၂၄သည် စဏ္ဍမည်၏။ ၎င်း စဏ္ဍ ၂၂၄ ကို ပဌမဇယား ၂၂၅ တွင်ပေါင်း ၂၂၄+၂၂၅ = ၄၄၉ သည် ဒုတိယဇယားမည်၏။ ဤနည်းဖြင့်ပင် အစဉ်အတိုင်း ဒုတိယဇယားစည်တို့ကို ပဌမဇယားဖြင့် စား၍ လဒ်ဖြင့်နှောနှုတ်အပ်သောစဏ္ဍတို့ကို တွက်ယူရမည်။ ထိုအခါ စက်ဝန်း၏ လေးပုံတစ်ပုံအံသာ ၉၀ ၌ အစဉ်အတိုင်း ဤနှစ်ဆယ့်လေး (၂၄) ဇယားတို့သည် ဖြစ်ကုန်၏။
တွက်ပြီး ကမ နှစ်ဆယ့်လေးဇယားတို့ကို ပြဆိုခြင်း
[ပြင်ဆင်ရန်]၁၇-၁၈-၁၉-၂၀-၂၁.၅။
(၁) | ပဌမဇယား | ၂၂၅ |
(၂) | ဒုတိယဇယား | ၄၄၉ |
(၃) | တတိယဇယား ခြောက်ရာခုနှစ်ဆယ့်တစ် | ၆၇၁ |
(၄) | စတုတ္ထဇယား ရှစ်ရာ့ကိုးဆယ် | ၈၉၀ |
(၅) | ပဉ္စမဇယား တထောင့်တရာ့ငါး | ၁၁၀၅ |
(၆) | ဆဌမဇယား တထောင့်သုံးရာတဆယ့်ငါး | ၁၃၁၅ |
(၇) | သတ္တမဇယား တထောင့်ငါးရာနှစ်ဆယ် | ၁၅၂၀ |
(၈) | အဌမဇယား တထောင့်ခုနှစ်ရာတဆယ့်ကိုး | ၁၇၁၉ |
(၉) | နဝမဇယား တထောင့်ကိုးရာတဆယ် | ၁၉၁၀ |
(၁၀) | ဒဿမဇယား နှစ်ထောင့်ကိုးဆယ့်သုံး | ၂၀၉၃ |
(၁၁) | ဧကာဒဿမဇယား နှစ်ထောင်နှစ်ရာခြောက်ဆယ့်ခုနှစ် | ၂၂၆၇ |
(၁၂) | ဒွါဒသမဇယား နှစ်ထောင့်လေးရာသုံးဆယ့်တစ် | ၂၄၃၁ |
(၁၃) | တေရသမဇယား နှစ်ထောင့်ငါးရာရှစ်ဆယ့်ငါး | ၂၅၈၅ |
(၁၄) | စတုဒဿမဇယား နှစ်ထောင့်ခုနှစ်ရာနှစ်ဆယ့်ရှစ် | ၂၇၂၈ |
(၁၅) | ပန္နရသမဇယား နှစ်ထောင့်ရှစ်ရာငါးဆယ့်ကိုး | ၂၈၅၉ |
(၁၆) | သောဋသမဇယား နှစ်ထောင့်ကိုးရာခုနှစ်ဆယ့်ရှစ် | ၂၉၇၈ |
(၁၇) | သတ္တရသမဇယား သုံးထောင့်ရှစ်ဆယ့်လေး | ၃၀၈၄ |
(၁၈) | အဌာနရသမဇယား သုံးထောင်တစ်ရာခုနှစ်ဆယ့်ခုနှစ် | ၃၁၇၇ |
(၁၉) | ဧကူနဝီသတိမဇယား သုံးထောင်နှစ်ရာငါးဆယ့်ခြောက် | ၃၂၅၆ |
(၂၀) | ဝီသတိမဇယား သုံးထောင့်သုံးရာနှစ်ဆယ့်တစ် | ၃၃၂၁ |
(၂၁) | ဧကဝီသတိမဇယား သုံးထောင်သုံးရာခုနှစ်ဆယ့်နှစ် | ၃၃၇၂ |
(၂၂) | ဒွါဒီသတိမဇယား သုံးထောင်လေးရာရှစ် | ၃၄၀၈ |
(၂၃) | တေဝီသတိမဇယား သုံးထောင်လေးရာသုံးဆယ့်တစ် | ၃၄၃၁ |
(၂၄) | စတုဝီသတိမဇယား သုံးထောင်လေးရာသုံးဆယ့်ရှစ် | ၃၄၃၈ |
စဏ္ဍ သို့မဟုတ် ကမဝိစရများ
[ပြင်ဆင်ရန်](၁)၀၊ (၂)၂၂၄၊ (၃)၂၂၂၊ (၄)၂၁၉၊ (၅)၂၁၅၊ (၆)၂၁၀၊ (၇)၂၀၅၊ (၈)၁၉၉၊ (၉)၁၉၁၊ (၁၀)၁၈၃၊ (၁၁)၁၇၄၊ (၁၂)၁၆၄၊ (၁၃)၁၅၄၊ (၁၄)၁၄၃၊ (၁၅)၁၃၁၊ (၁၆)၁၁၉၊ (၁၇)၁၀၆၊ (၁၈)၉၃၊ (၁၉)၇၉၊ (၂၀)၆၅၊ (၂၁)၅၁၊ (၂၂)၃၇၊ (၂၃)၂၂၊ (၂၄)၇။
ဥတ္တရမဇယားတွက်ပုံကိုပြဆိုခြင်း
[ပြင်ဆင်ရန်]၂၂။