သောမနဿဇာတ်
ဝီသတိနိပါတ်
၉။ သောမနဿဇာတ်
သူတပါး မကောင်းကြံ၍ကိုယ်၌ဘေးရန် ရောက်ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကော တံ ဟိံသတိ ဟေဌေတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောမနဿဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်၏ ဘုရားသခင်ကို သတ်ခြင်းငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် ဤဒေဝဒတ်သည် ငါဘုရားအား သတ်ခြင်းငှါ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ပြုဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ကုရုတိုင်း ဥတ္တရပဉ္စာလမြို့၌ ရေဏုမည်သော မင်းသည် မင်းပြု၏။ ထိုအခါ မဟာရက္ခိတမည်သော ရသေ့သည် ရသေ့ငါးရာ ခြံရံလျှက် ဟိမဝန္တာ၌ ကြာမြင့်စွာနေ၍ ချဉ်ဆားမှီဝဲအံ့သောငှါ ဒေသစာရီ သွားသည်ရှိသော် ဥတ္တရ ပဉ္စာလမြို့သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေ၍ မိမိပရိသတ်နှင့်တကွ ဆွမ်းအလို့ငှါ သွားသည်ရှိသော် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် ရသေ့အပေါင်းတို့ကို မြင်လျှင် ဣရိယာပုထ်၌ ကြည်ညို၍ တန်ဆာဆင်အပ်သော ပြာသာဒ်အပြင်၌ နေစေပြီးလျှင် မွန်မြတ်သော ဆွမ်းအာဟာရဖြင့် လုပ်ကျွေး၍ အရှင်ဘုရားတို့- အရှင်ဘုရားတို့သည် ဤမိုးလပတ်လုံး အကျွန်ုပ် ဥယျာဉ်၌လျှင် နေတော်မူပါကုန်ဟု ပင့်လျှောက်၍ ထိုရသေ့တို့နှင့်တကွ ဥယျာဉ်တော်သို့ သွား၍ နေရာကျောင်းတို့ကို ဆောက်လုပ်စေပြီးလျှင် ရဟန်းပရိက္ခရာတို့ကို လှူ၍ ရသေ့အပေါင်းတို့ကို ရှိခိုးလျက် ဥယျာဉ်မှ ထွက်ခဲ့၏။
ထိုအခါမှစ၍ ထိုအလုံးစုံကုန်သော ရသေ့တို့သည်လည်း မင်းအိမ်၌သာလျှင် ဆွမ်းစားကုန်၏။ မင်းသည်ကား သားသ္မီးမရှိသည်ဖြစ်၍ သားကို တောင့်တ၏။ သားသ္မီးတို့သည် မဖြစ်ကုန်၊ မိုဃ်းလလွန်သဖြင့် မဟာရက္ခိတရသေ့သည် ယခုအခါ ဟိမဝန္တာအရပ်သည် မွေ့လျော်ဘွယ်ရှိသည်။ ထိုဟိမဝန္တာသို့လျှင် သွားကုန်အံ့ဟု မင်းကိုပန်ကြား၍ မင်းသည် ပြုအပ်ပြီးသော ပူဇော်သက္ကာရ မြတ်နိုးတနာ ရှိသည်ဖြစ်၍ မြို့မှထွက်ခဲ့သဖြင့် ခရီးအကြား၌ မွန်းတည့်သောအခါ ခရီးမှဖဲ၍ ချမ်းအေးသော အရိပ်ရှိသော တခုသော သစ်ပင်အောက်ဝယ် နုပျိုသော မြက်သစ်ပင် အပြင်၌ အခြံအရံနှင့်တကွ နေ၏။ အခြံအရံ ရသေ့တို့သည် စကားကို ဖြစ်စေကုန်၏။ မင်းအိမ်၌ အမျိုးအနွယ်ကို စောင့်လတ္တံ့သော သားတယောက်မျှ မရှိ၊ မင်းသည် သားကို အကယ်၍ ရအံ့၊ ဤသို့ ရသည်ရှိသော် ကောင်းစွာသာလျှင် ဖြစ်ရာ၏။ မင်းစဉ်မင်းဆက်သည် စပ်မိရာ၏ဟု စကားကို ဖြစ်စေကုန်၏။
မဟာရက္ခိတ ရသေ့သည် ထိုရသေ့တို့၏ စကားကို ကြား၍ မင်းအား သားသည် ဖြစ်လတ္တံ့လော, မဖြစ်လတ္တံ့လော ဟု စုံစမ်း ဆင်ခြင်လတ်သော် သားသည် ဖြစ်လတ္တံ့သည်ကို သိ၍ ဤသို့ဆို၏။ အို ရသေ့အပေါင်းတို့- သင်တို့သည် မစိုးရိမ်ကြကုန်လင့်၊ ယနေ့ မိုးသောက်သောအခါ နတ်သားတယောက်သည် နတ်ပြည်မှ စုတေခဲ့၍ မင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေယူလတ္တံ့ဟု ဆို၏။ ထိုစကားကို ကြား၍ ရသေ့စဉ်းလဲတယောက်သည် ယခုအခါ ငါသည် မင်းဆရာဖြစ်လတ္တံ့ဟု ကြံ၍ ရသေ့တို့ သွားသောအခါ ဖျားနာဟန်ပြုသဖြင့် အိပ်၍ လာလှည့် သွားကြကုန်အံ့ဟု ဆိုလတ်သော် ငါလိုက်ခြင်းငှါ မတတ်နိုင်ဟု ဆို၏။ မဟာရက္ခိတ ရသေ့သည် ထိုရသေ့စဉ်းလဲ၏ အိပ်ခြင်းအကြောင်းကို သိ၍ အကြင်အခါ တတ်နိုင်၏။ ထိုအခါ သင်လာခဲ့လော့ဟု ဆိုပြီးလျှင် ရသေ့အပေါင်းကို ယူ၍ ဟိမဝန္တသို့လျှင် သွား၏။ ရသေ့စဉ်းလဲသည်လည်း ပြန်၍ လျင်မြန်စွာ သွားပြီးလျှင် မင်းအိမ်တံခါး၌ ရပ်၏။ မဟာရက္ခိတ ရသေ့၏ အလုပ်အကျွေး တပည့်ရသေ့သည် လာ၏ဟု မင်းအား လျှောက်စေ၏။
မင်းသည် လျင်မြန်စွာ ပင့်ခေါ်သဖြင့် ပြာသာဒ်ထက်သို့ တက်၍ ခင်းအပ်သော နေရာ၌ နေ၏။ မင်းသည် ရသေ့စဉ်းလဲကို ရှိခိုးလျက် တင့်အပ်သော အရပ်၌နေ၍ ရသေ့အပေါင်းတို့၏ အနာမရှိသော အဖြစ်ကိုမေး၍ အရှင်ဘုရား -အလွန်လျင်မြန်စွာ ပြန်ခဲ့တော်မူ၏။ အဘယ်အကြောင်းကြောင့် ကြွလာတော်မူသနည်းဟု မေး၏။ မြတ်သောမင်းကြီး- လျင်မြန်စွာ ပြန်ခဲ့သည် မှန်၏။ ရသေ့အပေါင်းတို့သည် ချမ်းသာစွာ နေကြကုန်သည်ဖြစ်၍ ရှင်မင်းကြီး၏ အမျိုးအနွယ် အစဉ်အဆက်ကို စောင့်ရှောက်တတ်သော သားသည် ဖြစ်ပါမူကား ကောင်းလေစွဟု စကားကို ဖြစ်စေကုန်၏။ ငါတို့သည် ထိုစကားကိုကြား၍ ရှင်မင်းကြီးအား သားသည် ဖြစ်လတ္တံ့လော, မဖြစ်လတ္တံ့လောဟု ဒိဗ္ဗစက္ခုဖြင့် ကြည့်လတ်သော် တန်ခိုးကြီးသော နတ်သားသည် နတ်ပြည်မှ စုတေ၍ သုဓမ္မာ မိဖုယားကြီးဝမ်း၌ ဖြစ်လတ္တံ့သည်ကိုမြင်၍ မင်းသည် မသိသည်ဖြစ်၍ ကိုယ်ဝန်ကို ဖျက်ဆီးရာ၏။ ထိုအကြောင်းကို မင်းအား ငါကြားအံ့ဟု အရှင်မင်းကြီးတို့အား ပြောဆိုအံ့သောငှါ ငါလာ၏။ ငါသည်လျှင် မင်းကြီးအား ပြောဆိုအပ်ပြီ၊ မြတ်သောမင်းကြီး - ငါသည် သွားအံ့ဟု ဆိုသည်ရှိသော် အရှင်ဘုရား- သွားခြင်းငှါ မတတ်ကောင်းဟု နှစ်သက်သဖြင့် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ထိုရသေ့စဉ်းလဲကို ဥယျာဉ်တော်သို့ ဆောင်ယူပြီးလျှင် နေရာအရပ်ကို စီရင်၍ ပေး၏။ ထိုရသေ့စဉ်းလဲသည် ထိုနေ့မှစ၍ မင်းအိမ်၌ သာလျှင် ဆွမ်းစား၍နေ၏။ ထိုရသေ့စဉ်းလဲ၏ အမည်သည် ဒိဗ္ဗစက္ခုရသေ့ဟူ၍လျှင် ထင်ရှား၏။
ထိုအခါ ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ သုဓမ္မာ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေယူ၏။ ယူပြီး၍ ဆယ်လလွန်သဖြင့် ဖွား၏။ ထိုမင်းသားကို အမည် မှည့်သောနေ့၌ သောမနဿ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသားသည် အခြံအရံဖြင့်ကြီး၏။ ရသေ့စဉ်းလဲသည်လည်း ဥယျာဉ်၏ တခုသောနံပါး၌ အထူးထူးသော ဟင်းချက်ကောင်းသော ဟင်းရွက်ကို၎င်း, နွယ်မှ ဖြစ်သော ဗူး, ဖရုံ သခွါး အစရှိသော သစ်သီးကို၎င်း စိုက်ပျိုး၍ ဟင်းရွက်သည်တို့၏ လက်၌ ရောင်း၍ ဥစ္စာကို ဖြစ်စေ၏။ ဘုရားလောင်း သောမနဿ မင်းသား ခုနစ်နှစ် မြောက်သောအခါ မင်း၏ ပစ္စန္တရစ်သည် ပုန်ကန်၏။ ထိုမင်းသည် ဒိဗ္ဗစက္ခုရသေ့ကို သင် မမေ့မလျော့လင့်ဟု မင်းသားကို အပ်နှင်းခဲ့ပြီးလျှင် ပစ္စန္တရစ်ကို ငြိမ်းအံ့ဟု သွား၏။
ထိုအခါ တနေ့သ၌ မင်းသားသည် ရသေ့ကို ဖူးမြင်အံ့ဟု ဥယျာဉ်တော်သို့ သွား၍ ရသေ့စဉ်းလဲသည် မည်းနက်သော သင်္ကန်းတထည်ကို ဝတ်၍ မည်းနက်သော သင်္ကန်းတထည်ကို ရုံလျက် လက်နှစ်ဘက်တို့ဖြင့် ရေအိုးနှစ်လုံးတို့ကိုကိုင်၍ ဟင်းရွက်ခင်း၌ ရေလောင်းသည်ကို မြင်၍ ရသေ့စဉ်းလဲသည် မိမိ၏ ရဟန်းတရားကို မပြုမူ၍ ဟင်းရွက်ရောင်းသော အမှုကို ပြု၏ဟု သိ၍ ဟင်းရွက်သည် သူကြွယ်- သင်သည် အဘယ်ကို ပြုသနည်းဟု ထိုရသေ့စဉ်းလဲကို ရှက်စေ၍ ရှိမခိုးဘဲလျှင် ဥယျာဉ်မှ ထွက်ခဲ့၍ မြို့သို့သွား၏။ ရသေ့စဉ်းလဲသည် ယခုကပင်လျှင် ဤမင်းသားငယ်သည် ဤသို့သဘောရှိသော ဆန့်ကျင်ဘက် ရန်သူဖြစ်၏။ အဘယ်သူသည် သိနိုင်အံ့နည်း၊ အသို့ပြုလတ္တံ့နည်း၊ ယခုအခါ၌လျင် ထိုမင်းသားကို ဖျက်ဆီးခြင်းငှါ သင့်၏ဟု ကြံ၍ မင်းလာသောအခါ၌ ကျောက်ပျဉ်ချပ်ကို တင့်အပ်သော အရပ်၌ချ၍ ရေသောက်အိုးကို ခွဲပြီးလျှင် ကျောင်း၌ မြက်သစ်ရွက်တို့ကိုကြဲ၍ ကိုယ်ကို ဆီနှင့်လိမ်းကျံ၍ ကျောင်းတွင်းသို့ ဝင်ပြီးလျှင် ဦးခေါင်းနှင့်တကွ ခြုံ၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်သကဲ့သို့ ညောင်စောင်းငယ်၌ အိပ်၏။ မင်းသည် လာလတ်၍ မြို့ကို လက်ျာရစ်လှည့်သည်ကို ပြု၍ နန်းတော်သို့ မဝင်မူ၍လျှင် ငါ၏သခင် ဒိဗ္ဗစက္ခုရသေ့ကို ဖူးမြင်အံ့ဟု ကျောင်းတံခါးသို့ သွား၍ ထိုဖောက်ပြန်သော အခြင်းအရာကို မြင်လျှင် ဤဖောက်ပြန်ခြင်းသည်ကား အသို့နည်းဟု ကျောင်းတွင်းသို့ ဝင်၍ အိပ်လျက်နေသော ထိုရသေ့ကိုမြင်လျှင် ခြေတို့ကို ဆုပ်နယ်လျက် အကြောင်းကို မေးလိုရကား-
ကိံနု ဒုမ္မနော သောစသိ အပ္ပတီတော။
ကဿဇ္ဇ မာတာပိတရော ရုဒန္တု၊
ကောနွဇ္ဇ သေတိ နိဟတော ပထဗျာ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၂၁၁။ သာမိ ဒိဗ္ဗစက္ခု၊ အရှင်ဒိဗ္ဗစက္ခုရှင်ရသေ့။ ကော၊ အဘယ်သူသည်။ တံ၊ ထိုရှင်ရသေ့ကို။ ဟိံသတိ၊ ပုတ်ခတ်ညှဉ်းဆဲသနည်း။ ကော၊ အဘယ်သူသည်။ တံ၊ ရှင်ရသေ့ကို။ ဟေဌေတိ-အက္ကောသတိ၊ ဆဲရေးသနည်း။ ကိံ၊ အဘယ့်ကြောင့်။ ဒုမ္မနော၊ နှလုံးမသာသည်ဖြစ်၍။ အပ္ပတီတော၊ မနှစ်သက်သည်ဖြစ်၍။ တွံ၊ သင် ရှင်ရသေ့သည်။ သောစသိ နု၊ စိုးရိမ်သနည်း။ အဇ္ဇ၊ ဤအခါ၌။ ကဿ၊ အဘယ်သူသည်။ မာတာပိတရော၊ အမိအဖတို့သည်။ ရောဒန္တု၊ ငိုစေကုန်သနည်း။ ကောနု၊ အဘယ်သူသည်။ အဇ္ဇ၊ ဤအခါ၌။ နိဟတော၊ ညှဉ်းဆဲသတ်ပုတ်သည်ဖြစ်၍။ ပထဗျာ၊ မြေ၌။ သေတိ၊ အိပ်စေသနည်း။
ထိုစကားကို ကြား၍ ရသေ့စဉ်းလဲသည် ကြည်းညည်းလျက် အိပ်ရာမှထ၍ မင်းအား အကြောင်းကို ကြားလိုရကား-
စိရဿံ ပဿာမိ တံ ဘူမိပါလ။
အဟိံသကော ရေဏု မနုပ္ပဝိဿ၊
ပုတ္တေန တေ ပေါထယိတော သ္မိ ဒေဝ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၂၁၂။ ဒေဝ၊ အရှင်မင်းကြီး။ တဝ၊ အရှင်မင်းကြီးအား။ ဒဿနေန၊ မြင်ရသဖြင့်။ တုဋ္ဌော၊ ငါနှစ်သက်သည်။ အသ္မိ၊ ဖြစ်၏။ ဘူမိပါလ၊ ရေမြေ့ရှင်။ တံ၊ အရှင်မင်းကြီးကို။ စိရဿံ၊ ကြာမြင့်မှ။ ပဿာမိ၊ မြင်ရ၏။ ရေဏု၊ ရေဏုအမည်ရှိသော မင်းမြတ်။ အဟံ၊ ငါသည်။ အဟိံသကော၊ သူတပါးကို မညှဉ်းဆဲ။ ဒေဝ၊ အရှင်မင်းကြီး။ အထ၊ ထိုသို့ သူတပါးကို မညှဉ်းဆဲဘဲလျှက်။ တေ၊ အရှင်မင်းကြီး၏။ ပုတ္တေန၊ သားတော်သည်။ အနုပ္ပဝိဿ၊ ဥယျာဉ်သို့ ဝင်လတ်၍။ အဟံ၊ ငါ့ကို။ ပေါထယိတာ၊ ညှဉ်းဆဲသတ်ပုတ်အပ်သည်။ အသ္မိ၊ ဖြစ်၏။
ထိုဆရာရသေ့စဉ်းလဲ ပြောဆိုသော စကားကို ကြား၍လျှင် ရေဏုမင်းကြီးသည် ပြင်းစွာ အမျက်ထွက်လတ်၍ သားတော်ကို သတ်စိမ့်သောငှာ သူသတ်တို့ကိုစေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
ကာသာဝိယာ ဟန္တု အန္တပုရံ နံ။
ဟန္တွာန တံ သောမနဿံ ကုမာရံ၊
ဆေတွာန သီသံ ဝရ မာဟရန္တု။
ဣဿရေန ဝိတိဏ္ဏောသိ၊ ဝဓံ ပတ္တောသိ ခတ္တိယ။
ဒသင်္ဂုလိံ အဉ္ဇလိံ ပဂ္ဂဟေတွာ။
အဟံပိ ဣစ္ဆာမိ ဇနိန္ဒံ ဒဋ္ဌုံ၊
ဇီဝံ မံ နေတွာ ပဋိဒဿယေထ။
ပုတ္တော စ ပိတရံ ဒိသွာ၊ ဒူရတော ဝဇ္ဈဘာသထ။
ကာသာဝိယာ ဟန္တု မမံ ဇနိန္ဒ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
အပရာဓော ကောနီဓ မမဇ္ဇ အတ္ထိ။
ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။
၂၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ရာဇာ၊ ရေဏု မင်းသည်။ အမစ္စေ၊ အမတ်တို့ကို။ ဧဝံ၊ ဤသို့။ အာဏာပေသိ၊ စေ၏။ ဘောန္တော အမစ္စာ၊ အို-အမတ်တို့။ ခဂ္ဂဗန္ဓာ၊ သန်လျက် လက်စွဲကုန်သော။ ဒေါဝါရိကာ၊ တံခါးစောင့်တို့သည်၎င်း။ ကာသာဝိယာ၊ ခိုးသူသတ်သော အာဏာသားတို့သည်၎င်း။ အာယန္တု၊ လာစေကုန်။ အန္တေပုရံ၊ နန်းတွင်း၌။ နံ၊ ထိုမင်းသားကို။ ဟန္တု၊ သတ်စေကုန်။ တံ သောမနဿကုမာရံ၊ ထို သောမနဿမင်းသားကို။ ဟန္တွာန၊ သတ်ပြီး၍။ ဝရံ၊ မြတ်သော။ သီသံ၊ ဦးခေါင်းကို။ ဆေတွာန၊ ဖြတ်၍။ အာဟရန္တု၊ ဆောင်ခဲ့စေကုန်။
၂၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ရာဇိနော၊ မင်းသည်။ ပေသိတာ၊ စေအပ်ကုန်သော။ ဒူတာ၊ တမန်တို့သည်။ ကုမာရံ၊ မင်းသားကို။ ဧတံ၊ ဤစကားကို။ အဗြဝုံ၊ ဆိုကုန်၏။ ခတ္တိယ၊ အရှင်မင်းသား။ တွံ၊ အရှင်မင်းသားကို။ ဣဿရေန၊ ခမည်းတော်မင်းကြီးသည်။ ဝိတိဏ္ဏော၊ စွန့်အပ်သည်။ အသိ၊ ဖြစ်ပြီ။ ဝဓံ၊ သတ်အပ်သောအဖြစ်သို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်ပြီ။ ဣတိ၊ ဤသို့။ အဗြဝုံ၊ ဆိုကုန်၏။
၂၁၅။ ဘိက္ခဝေ၊ ရဟန်းတို့။ သော ရာဇပုတ္တော၊ ထိုမင်းသားသည်။ ပရိဒေဝယန္တော၊ ငိုကြွေးလျှက်။ ဒသင်္ဂုလိံ၊ လက်ဆယ်ချောင်းဟု ဆိုအပ်သော။ အဉ္စလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာ၊ ချီ၍။ အဟံပိ၊ ငါသည်လည်း။ ဇနိန္ဒံ၊ ခမည်းတော်မင်းမြတ်ကို။ ဒဋ္ဌုံ၊ ဖူးမြင်ခြင်းငှါ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။ မံ၊ ငါ့ကို။ ဇီဝံ၊ အရှင်။ နေတွာ၊ ဆောင်ယူ၍။ ပဋိဒဿယေထ၊ ပြပါကုန်ဦးလော့။ ဣတိ၊ ဤသို့။ အဝေါစ၊ ဆို၏။
၂၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ၊ ထိုသောမနဿမင်းသား၏။ တံဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြားကုန်၍။ ဒူတာ၊ တမန်တို့သည်။ ရညော၊ ခမည်းတော်မင်းကြီးအား။ ပုတ္တံ၊ သားတော်ကို။ အဒဿယုံ၊ ပြကုန်၏။ ပုတ္တော စ၊ သားတော် သောမနဿမင်းသားသည်လည်း။ ပိတရံ၊ ခမည်းတော်မင်းကြီးကို။ ဒိသွာ၊ မြင်၍။ ဒူရတောဝ၊ အဝေးမှသာလျှင်။ အဇ္ဈဘာသထ၊ ဤသို့ဆိုလေ၏။
၂၁၇။ ဇနိန္ဒ၊ ခမည်းတော် မင်းမြတ်။ ဒေါဝါရိကာ၊ တံခါးစောင့်တို့သည်။ ခဂ္ဂဗန္ဓာ၊ သန်လျက် လက်စွဲကုန်လျှက်။ အာဂစ္ဆုံ၊ လာကုန်၏။ ကာသာဝိယာ၊ ခိုးသူသတ်သော အာဏာသားတို့သည်။ မံ၊ အကျွန်ုပ်ကို။ ဟန္တုံ၊ သတ်ခြင်းငှါ။ အာဂစ္ဆုံ၊ လာကုန်၏။ အဇ္ဇ၊ ယခု။ ဣဓ၊ ဤအရပ်၌။ မမ၊ အကျွန်ုပ်အား။ ကော အပရာဓော၊ အဘယ်အပြစ်သည်။ အတ္ထိ၊ ရှိသနည်း။ ပုစ္ဆိတော၊ မေးအပ်သော ခမည်းတော်မင်းကြီးသည်။ မေ၊ အကျွန်ုပ်အား။ တမတ္ထံ၊ ထိုအကြောင်းကို။ အက်ခာဟိ၊ ကြားတော်မူလော့။
မင်းသည် ဘဝဂ်ဘုံသည် အလွန် နိမ့်သေး၏။ သင်၏ အပြစ်သည်ကား အလွန်ကြီး၏ဟု ဆို၍ ထိုမင်းသား၏ အပြစ်ကို ပြလိုရကား-
အဂ္ဂိံ သဒါ ပါရိစရတိ ပ္ပမတ္တော။
တံ တာဒိသံ သံယတံ ဗြဟ္မစာရိံ၊
ကသ္မာ တုဝံ ဗြူသိ ဂဟပ္ပတီတိ။
ဟူသော ဤဂါထာကို ဆို၏။
၂၁၈။ ဧသော၊ ဤငါ့ဆရာ ဒိဗ္ဗစက္ခု ရှင်ရသေ့သည်။ သာယဉ္စ၊ ညဉ့်အခါ၌၎င်း။ ပါတော စ၊ နံနက်အခါ၌၎င်း။ ဥဒကံ၊ ရေသို့။ သဇာတိ၊ ဆင်း၍ကျင့်၏။ သဒါ၊ အခါခပ်သိမ်း။ အပ္ပမတ္တာ၊ မမေ့မလျော့။ အဂ္ဂိံ၊ မီးကို။ ပါရိစရတိ၊ လုပ်ကျွေး၏။ သံယတံ၊ ကိုယ်နှုတ်နှလုံးကို စောင့်ပေသော။ ဗြဟ္မစာရိံ၊ မြတ်သောအကျင့်ကို ကျင့်ပေသော။ တံ တာဒိသံ၊ ထိုသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံပေသော ဒိဗ္ဗစက္ခုရှင်ရသေ့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ တုဝံ၊ သင်သည်။ ဂဟပ္ပတီတိ၊ ဟင်းရွက်သည် သူကြွယ်ဟူ၍။ ဗြူသိ၊ ဆိုဘိသနည်း။
ထို့နောင်မှ မင်းသားသည် အရှင်မင်းကြီး- သူကြွယ်ကိုလျှင် သူကြွယ်ဟူ၍ဆိုသော အကျွန်ုပ်အား အဘယ်အပြစ်ရှိသနည်းဟု ဆို၍ အကြောင်းကို ကြားလိုရကား-
ပရိဂ္ဂဟာ ဝိဝိဓာ သန္တိမဿ။
တေ ရက္ခတိ ဂေါပယတပ္ပမတ္တော၊
တသ္မာ အဟံ ဗြူမိ ဂဟပ္ပတီတိ။
ဟူသော ဤဂါထာကို ဆို၏။
၂၁၉။ ဒေဝ၊ ခမည်းတော်မင်းကြီး။ တာလာ စ၊ ထန်းပင်ငယ်တို့သည်၎င်း။ မူလာ စ၊ အမြစ်အဥတို့သည်၎င်း။ ဖလာ စ၊ သစ်သီးတို့သည်၎င်း။ ဣမဿ၊ ဤရသေ့အား။ ဝိဝိဓာ၊ အထူးထူး အပြားပြားကုန်သော။ ပရိဂ္ဂဟာ၊ သိမ်းဆည်းအပ်သော ဥစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသစ်မြစ်သစ်သီးတို့ကို။ သော၊ ဤရသေ့သည်။ ရက္ခတိ၊ ကိုယ်တိုင်စောင့်၏။ အပ္ပမတ္တာ၊ မမေ့မလျော့။ ဂေါပယတိ၊ စောင်ရန်းဖြင့် လုံခြုံစေ၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ဂဟပ္ပတီတိ၊ ဟင်းရွက်သည် သူကြွယ်ဟူ၍။ ဗြူမိ၊ ဆို၏။
ဤသို့ ထိုရသေ့ကို အကျွန်ုပ်သည်လည်း သူကြွယ်ဟူ၍ ဆိုပေ၏။ အကယ်၍ ယုံတော်မမူအံ့၊ မြို့တံခါး လေးမျက်နှာတို့၌ ဟင်းရွက်သည်တို့ကို မေးစေတော်မူလော့ဟု လျှောက်သည်ရှိသော် မင်းသည် မေးစေ၏။ ထိုဟင်းရွက်သည်တို့သည် မှန်ပေ၏။ အကျွန်ုပ်တို့သည် ဤရသေ့လက်မှ ဟင်းရွက်ဟင်းသီးတို့ကို ဝယ်ရပါကုန်၏ဟု ဆိုကုန်၏။ ဟင်းရွက်ခင်းကိုလည်း စုံစမ်းကြည့်ရှု၍ မျက်မှောက်ပြု၍ မင်းသား၏ အချင်းတို့သည် ကျောင်းတွင်းသို့ဝင်၍ ဟင်းရွက် ဟင်းသီးရောင်း၍ရသော ကျပ် မတ် အစရှိသော အသပြာထုပ်ကို ကျောင်းမှထုတ်၍ မင်းအား ပြ၏။ မင်းသည် သားတော်ဘုရားလောင်း၏ အပြစ်မရှိသော အဖြစ်ကိုသိ၍ သားတော် တင်လျှောက်သော စကားကို ဝန်ခံလိုရကား-
ပရိဂ္ဂဟာ ဝိဝိ သန္တိမဿ။
တေ ရက္ခတိ ဂေါပယတပ္ပမတ္တော။
ဗြာဟ္မဏော ဂဟပတိ တေန ဟောတိ။
ဟူသော ဤဂါထာကို ဆို၏။
၂၂၀။ ကုမာရ၊ မင်းသား။ တွံ၊ သင်သည်။ သစ္စံ ခေါ၊ မှန်သည်သာလျှင်ဖြစ်သော။ ဧတံ၊ ဤစကားကို။ ဝဒသိ၊ ဆိုပေ၏။ ဣမဿ၊ ဤ ရသေ့အား။ ဝိဝိဓာ၊ အထူးထူး အပြားပြား ရှိကုန်သော။ ပရိဂ္ဂဟယ၊ သိမ်းဆည်းအပ်ကုန်သော ဥစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧသော၊ ဤရသေ့သည်။ တေ၊ ထို ဥစ္စာတို့ကို။ ရက္ခတိ၊ ကိုယ်တိုင်စောင့်၏။ အပ္ပမတ္တော၊ မမေ့မလျော့။ ဂေါပယတိ၊ လုံခြုံစေ၏။ တေန၊ ထိုဥစ္စာကို သိမ်းဆည်း စောင့်ရှောက်သောကြောင့်။ ဗြာဟ္မဏော၊ ရသေ့သည်။ ဂဟပတိ၊ ဟင်းရွက်သည် သူကြွယ်မည်သည်။ ဟောတိ၊ ဖြစ်၏။
ထို့နောင်မှ ဘုရားလောင်းသည် ကြံ၏။ ဤသို့ သဘောရှိသော မင်းမိုက်၏အထံ၌ နေသောထက် ဟိမဝန္တာဝင်၍ ရဟန်းပြုခြင်း မြတ်၏ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ပရိသတ်အလယ်၌သာလျှင် ထိုရသေ့စဉ်းလဲ၏ အပြစ်ကို ထင်စွာပြုပြီးလျှင် ပန်ကြား၍ ယနေ့ပင်လျှင် အိမ်မှထွက်၍ ရသေ့ရဟန်းပြုအံ့ဟု ထိုဘုရားလောင်းသည် ပရိသတ်အား ရှိခိုး၍ ခမည်းတော် မင်းကြီးကို ကဲ့ရဲ့လိုရကား-
သ နေဂမာ သ ဇနပဒါ စ သဗ္ဗေ။
ဗာလော ယံ ဗာလဿ ဝစော အနိသမ္မ၊
အဟေတုနာ မံ အဃာတယေ ဇနိန္ဒော။
ဟူသော ဤဂါထာကို ဆို၏။
၂၂၁။ သမာဂတာ၊ အညီအညွတ် လာကုန်သော။ သနေဂမာ၊ နိဂုံးနှင့် တကွဖြစ်ကုန်သော။ သဇနပဒါ၊ ဇနပုဒ်နှင့်တကွ ဖြစ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ပရိသာ၊ ပရိသတ်တို့သည်။ မယှံ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏန္တု၊ နာကြကုန်။ အယံ ဗာလော ဇနိန္ဒော၊ ဤ မင်းမိုက်သည်။ ဗာလဿ၊ ဆရာရသေ့မိုက်၏။ ဝစော၊ စကားကို။ သုတွာ၊ နာယူ၍။ အနိသမ္မ၊ မစုံစမ်းမူ၍။ အဟေတုနာ၊ အကြောင်းမရှိဘဲလျက်။ မံ၊ ငါ့ကို။ အဃာတယေ၊ သတ်စေဘိ၏။
ဤသို့သော စကားကိုဆိုပြီးလျှင် ခမည်းတော် မင်းကြီးကို ရှိခိုး၍ မိမိကိုယ်ကို ရသေ့ရဟန်းပြုခြင်းငှါ ခွင့်ပြုစေလိုရကား-
ဒုန္နိက္ကယော ဝေဠု ပသာခဇာတော။
ဝန္ဒာမိ ပါဒါနိ တဝ ဇနိန္ဒ၊
အနုဇာန မံ ပဗ္ဗဇိဿာမိ ဒေဝ။
ဟူသော ဤဂါထာကို ဆို၏။
၂၂၂။ ဇနိန္ဒ၊ လူတို့ကိုအစိုးရတော်မူသော။ ဒေဝ၊ ခမည်းတော်မင်းကြီး။ ပသာခဇာတော၊ ပေါက်ရောက်ပြီး၍ အကိုင်းအခက် စည်ပင်ပြီးသော။ ဝေဠု၊ ဝါးပင်ကို။ ဒုန္နိက္ကယော ဣဝ၊ ဆွဲငင်နုတ်ယူနိုင်ခဲ သကဲ့သို့။ ဒဠှသ္မိံ၊ မြဲမြံခိုင်ခံ့သော။ ဝိရူဠှေ၊ ရောက်သော။ မူလေ၊ တဏှာဟူသော အမြစ်သည်။ ဝိသဋေ၊ ပွားများစည်ပင်လတ်သော်။ ဒုန္နိက္ကယော၊ ဖယ်ရှား နုတ်ယူနိုင်ခဲ၏။ တဝ၊ ရှင်မင်းကြီး၏။ ပါဒါနိ၊ ခြေတော်တို့ကို။ ဝန္ဒာမိ၊ ရှိခိုး၏။ မံ၊ အကျွန်ုပ်ကို။ အနုဇာန၊ အခွင့်ပြုတော်မူပါလော့။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။
ထို နောင်မှ ခမည်းတော်မင်းကြီးသည် သားတော်အား မင်းအဖြစ်ကို ပေးသဖြင့် ရဟန်းပြုခြင်းကို မြစ်လိုရကား-
သဗ္ဗဉ္စ တေ ဣဿရိယံ ဒဒါမိ။
အဇ္ဇေဝ တွံ ကုရူနံ ဟောဟိ ရာဇာ၊
မာ ပဗ္ဗဇိ ပဗ္ဗဇ္ဇာ ဟိ ဒုက္ခာ။
ဟူသော ဤဂါထာကို ဆိုပေ၏။
၂၂၃။ ကုမာရ၊ ချစ်သား သောမနဿ။ ဝိပုလေ၊ ပြန့်ပြောစွာကုန်သော။ ဘောဂေ၊ စည်းစိမ် ချမ်းသာတို့ကို။ ဘုဉ္စဿု၊ ခံစားလော့။ သဗ္ဗံ၊ အလုံးစုံသော။ ဣဿရိယဉ္စ၊ မင်းအဖြစ်ကိုလည်း။ တေ၊ သင်ချစ်သားအား။ ဒဒါမိ၊ ငါပေး၏။ တွံ၊ သင်ချစ်သားသည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ကုရူနံ၊ ကုရုတိုင်းသူတို့၏။ ရာဇာ၊ မင်းသည်။ ဟောဟိ၊ ဖြစ်လော့။ တာတ၊ ချစ်သား။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ် မည်သည်။ ဒုက္ခာ၊ ဆင်းရဲ၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်ချစ်သားသည်။ မာ ပဗ္ဗဇိ၊ ရဟန်းမပြုလင့်။
ဘုရားလောင်းသည် ခမည်းတော် စကားကို ပယ်လိုရကား-
ပုဗ္ဗေ စ ဟံ ဒေဝလောကေ ရမိဿံ။
ရူပေဟိ သဒ္ဒေဟိ အထော ရသေဟိ၊
ဂန္ဓေဟိ ဖဿေဟိ မနောရမေဟိ။
ပရိဝါရိတာ အစ္ဆရာသင်္ဂဏေန။
တုဝဉ္စ ဗာလံ ပရနေယျံ ဝိဒိတွာ၊
န တာဒိသေ ရာဇကုလေ ဝသေယျံ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၂၂၄။ ဒေဝ၊ အရှင်မင်းကြီး။ တဝ၊ အရှင်မင်းကြီး၏။ ဘောဂါ၊ စည်းစိမ်တို့သည်။ ကိံနု အတ္ထိ၊ အဘယ်မည်သော သုံးဆောင် ခံစားချင်စဘွယ် ရှိကုန်အံ့နည်း။ အဟဉ္စ၊ ငါမူကား။ ပုဗ္ဗေ၊ ရှေး၌။ ဒေဝလောကေ၊ နတ်ပြည်၌။ မနာရမေဟိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။ ရူပေဟိ၊ ရူပါရုံတို့ဖြင့်၎င်း။ သဒ္ဒေဟိ၊ သဒ္ဒါရုံတို့ဖြင့်၎င်း။ အထော၊ ထိုမြို့။ ဂန္ဓေဟိ၊ ဂန္ဓာရုံတို့ဖြင့်၎င်း။ ရသေဟိ၊ ရသာရုံတို့ဖြင့်၎င်း။ ဖဿေဟိ၊ ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်၎င်း။ ရမိဿံ၊ မွေ့လျော်ဘူးပြီ။
၂၂၅။ ဒေဝ၊ အရှင်မင်းကြီး။ မေ၊ အကျွန်ုပ်သည်။ တိဒိမှိ၊ တာဝတိံသာ နတ်ပြည်၌။ အစ္ဆရာသင်္ဂဏေန၊ နတ်သ္မီးအပေါင်းဖြင့်။ ပရိဝါရိတာ၊ ခြံရံအပ်သည် ဖြစ်၍။ ဘောဂါ စ၊ နတ်စည်းစိမ်တို့ကိုလည်း။ ဘုတ္တာ၊ ခံစားအပ်ကုန်ပြီ။ ဗာလံ၊ မိုက်စွာသော။ ပရနေယျံ၊ သူတပါးသည် ဆောင်ယူအပ်သော။ တုဝဉ္စ၊ ခမည်းတော်မင်းကြီးကိုလည်း။ ဝိဒိတွာ၊ သိ၍။ တာဒိသေ၊ ခမည်းတော် မင်းကြီးကဲ့သို့ သဘောရှိသော။ ရာဇကုလေ၊ မင်းအိမ်၌။ အဟံ၊ အကျွန်ုပ်သည်။ န ဝသေယျံ၊ မနေလိုပြီ။
ခမည်းတော်မင်းကြီးသည် မိမိအပြစ်ကို သည်းခံစေသဖြင့် တဖန် အနုသာသန ပြုစိမ့်သောငှါ ဝန်ခံလိုရကား-
ဧတာပရာဓံ ခမ ပုတ္တ မယှံ။
ပုနပိ စေ ဧဒိသကံ ဘဝေယျ၊
ယထာ မတိံ သောမနဿ ကရောဟိ။
ဟူသော ဤဂါထာကို ဆို၏။
၂၂၆။ ပုတ္တ၊ ချစ်သား။ သစေ၊ အကယ်၍။ အဟံ၊ ငါသည်။ ဗာလော၊ မိုက်သည်။ ပရနေယျော၊ သူတပါးတို့သည် ဆောင်ယူအပ်သည်။ အသ္မိ၊ ဖြစ်၏။ မယှံ၊ ငါ၏။ ဧတာပရာဓံ၊ ဤအပြစ်ကို။ တွံ၊ သင်ချစ်သားသည်။ ခမ၊ သည်းခံပါလော့။ ပုနပိ၊ တဖန်လည်း။ ဧဒိသကံ၊ ဤသို့သဘောရှိသော အပြစ်သည်။ မေ၊ ငါ့အား။ စေ ဘဝေယျ၊ အကယ်၍ဖြစ်ငြားအံ့။ သောမနဿ၊ ချစ်သား သောမနဿ။ တွံ၊ သင်ချစ်သားသည်။ ယထာမတိံ၊ အလိုရှိတိုင်း။ ကရောဟိ၊ ပြုလော့။
ထိုစကားကို ကြား၍ ဘုရားလောင်းသည် ခမည်းတော် မင်းကြီးကို ဆုံးမလိုရကား-
ဘေသဇ္ဇဿေဝ ဝေဘင်္ဂေါ၊
ဝိပါကော ဟောတိ ပါပကော။
ဘေသဇ္ဇဿေဝ သမ္ပတ္တိ၊
ဝိပါကော ဟောတိ ဘဒြကော။
အသညတော ပဗ္ဗဇိတော န သာဓု။
ရာဇာ န သာဓု အနိသမ္မကာရီ၊
ယော ပဏ္ဍိတော ကောဓနော တံ န သာဓု။
နိသမ္မကာရိနော ရာဇာ၊ ယသော ကိတ္တိ စ ဝဍ္ဎတိ။
ဝေဂါ ကတံ တပ္ပတိ ဘူမိပါလ။
သမ္မာ ပဏီဓိ စ နရဿ အတ္ထာ၊
အနာနုတပ္ပါ တေ ဘဝန္တိ ပစ္ဆာ။
ဝိဘဇ္ဇ ကမ္မာယတနာနိ လောကေ၊
ဝိညူပသတ္ထာနိ သုခုဒြယာနိ၊
ဘဝန္တိ ဗုဒ္ဓနုမတာန တာနိ။
ကသာဝိယာ ဟန္တ မမံ ဇနိန္ဒ။
မာတု စ အင်္ကသ္မိ အဟံ နိသိန္နော၊
အာကဍ္ဎိတော သာဟသာ တေဟိ ဒေဝ။
မဓုရံ ပိယံ ဇီဝိတံ လဒ္ဓံ ရာဇ။
ကိစ္ဆေနာဟံ အဇ္ဇ ဝဓာ ပမုတ္တော၊
ပဗ္ဗဇ္ဇမေဝါ ဘိမနော အသ္မိ။
ဟူသော ဤရှစ်ဂါထာတို့ကို ဟော၏။
၂၂၇။ တာတ၊ ခမည်းတော်မင်းကြီး။ အနိသမ္မ၊ မစုံမစမ်းမူ၍။ ကတံ၊ ပြုအပ်သော။ ကမ္မဉ္စ၊ အမှုသည်၎င်း။ အနဝတ္ထာယ၊ မနှိုင်းချိန်မူ၍။ စိန္တိတဉ္စ၊ ကြံအပ်သော အကြံသည်၎င်း။ ဘေသဇ္ဇဿေဝ၊ ဆေးသမား၏သာလျှင်။ ဝေဘင်္ဂေါ ဣဝ၊ ပျက်စီးသကဲ့သို့။ ပါပကော၊ ယုတ်မာသော။ ဝိပါကော၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏။
၂၂၈။ မဟာရာဇ၊ မြတ်သောညခမည်းတော်မင်းကြီး။ နိသမ္မ၊ စုံစမ်းဆင်ခြင်၍။ ကတံ၊ ပြုအပ်သော။ ကမ္မဉ္စ၊ အမှုသည်၎င်း။ သမ္မာဝတ္ထာယ၊ ကောင်းစွာ နှိုင်းချိန်၍။ စိန္တိတဉ္စ၊ ကြံအပ်သော အကြံသည်၎င်း။ ဘေသဇ္ဇဿေဝ၊ ဆေးသမား၏ သာလျှင်။ သမ္ပတ္တိ ဣဝ၊ ပြည့်စုံသကဲ့သို့။ ဘဒြကော၊ ကောင်းသော။ ဝိပါကော၊ အကျိုးသည်။ ဟောတိ၊ ဖြစ်၏။
၂၂၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကာမဘောဂီ၊ ကာမဂုဏ်စည်းစိမ်ကို ခံစားသော။ ဂိဟီ၊ လူသည်။ အလသာ၊ ပျင်းရိမူကား။ န သာဓု၊ မကောင်း။ အသညတော၊ ကိုယ်နှုတ်နှလုံးကို မစောင့်သော။ ပဗ္ဗဇိတော၊ ရဟန်းသည်။ န သာဓု၊ မကောင်း။ အနိသမ္မကာရီ၊ မစုံစမ်းမူ၍ ပြုလေ့ရှိသော။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ န သာဓု၊ မကောင်း။ ယော ပဏ္ဍိတာ၊ အကြင် ပညာရှိသည်။ ကောဓနော၊ အမျက်ထွက်တတ်၏။ တဿ ပဏ္ဍိတဿ၊ ထိုပညာရှိ၏။ တံ ကောဓနံ၊ ထိုအမျက်ထွက်ခြင်းသည်။ န သာဓု၊ မကောင်း။
၂၃၀။ ဒိသမ္ပတိ၊ အရပ်မျက်နှာအရှင်ဖြစ်သော။ ရာဇ၊ ခမည်းတော်မင်းမြတ်။ ခတ္တိယော၊ ရေမြေ့ရှင်သည်။ နိသမ္မ၊ စုံစမ်း ဆင်ခြင်၍။ ကယိရာ၊ ပြုရာ၏။ အနိသမ္မ၊ မစုံစမ်း မဆင်ခြင်မူ၍။ န ကယိရာ၊ မပြုရာ။ နိသမ္မ၊ စုံစမ်း ဆင်ခြင်၍။ ကာရိနော၊ ပြုလေ့ရှိသော ပြည့်ရှင်မင်းအား။ ယသော စ၊ စည်းစိမ်အခြံအရံသည်၎င်း။ ကိတ္တိ စ၊ ကျော်စောခြင်းသည်၎င်း။ ဝဍ္ဎတိ၊ ပွားများ၏။
၂၃၁။ ဘူမိပါလ၊ ရေမြေ့အရှင်ဖြစ်တော်မူသော။ မဟာရာဇ၊ ခမည်းတော်မင်းကြီး။ ဣဿရော၊ လူများသေဌ်နင်း ပြည့်ရှင်မင်းသည်။ နိသမ္မ၊ စုံစမ်းစိစစ်၍။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏယေယျ၊ ပေးရာ၏။ ဝေဂါ၊ အဆောတလျင်။ ကတံ၊ ပြုအပ်သောအမှုသည်။ တပ္ပတိ၊ နောင်တပူပန် ရှိတတ်၏။ တာတ၊ ခမည်းတော်မင်းကြီး။ ယဿ နရဿ၊ အကြင်သူအား။ အတ္ထာ၊ အကျိုးစီးပွားရှိကုန်သော။ သမ္မာပဏီဓိ စ၊ ကောင်းစွာ ဆောက်တည်ခြင်းတို့သည်လည်း။ ဟောန္တိ၊ ရှိသည် ဖြစ်ကုန်၏။ တေနရာ၊ ထိုသူတို့သည်။ ပစ္ဆာ၊ နောက်ကာလ၌။ အနာနုတပ္ပါ၊ နောင်တပူပန်ခြင်းမရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
၂၃၂။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ယေ နရာ၊ အကြင်သူတို့သည်။ ဟိ သစ္စံ၊ အကယ်၍လျှင်။ အနာနုတပ္ပါနိ၊ နောင်တပူပန်ခြင်း မရှိသော အမှုတို့ကို။ ကရောန္တိ၊ ပြုကုန်၏။ လောကေ၊ လောက၌။ ဝိဘဇ္ဇ၊ ဝေဘန်ခွဲခြမ်း၍။ ကမ္မာယတနာနိ၊ အမှုတို့ကို။ ကရောန္တိ၊ ပြုကုန်၏။ တေသံ၊ ထိုသူတို့၏။ တာနိ၊ ထိုနောင်တ ပူပန်ခြင်းမရှိသော အမှုတို့သည်။ ဗုဒ္ဓါနုမတာနိ၊ ဘုရားအစရှိသော ပညာရှိတို့၏ အလိုသို့ လိုက်ကုန်သည်။ ဝိညူပသတ္ထာနိ၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သည်။ သုခုဒြယာနိ၊ ကောင်းသော ချမ်းသာသော အကျိုးရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
၂၃၃။ ဇနိန္ဒ၊ ခမည်းတော်မင်းကြီး။ ခဂ္ဂဗန္ဓာ၊ သန်လျက် လက်စွဲကုန်သော။ ဒေါဝါရိကာ၊ တံခါးစောင့်တို့သည်၎င်း။ ကာသာဝိယာ၊ ခိုးသူသတ်သော အာဏာသားတို့သည်၎င်း။ မမံ၊ အကျွန်ုပ်ကို။ ဟန္တုံ၊ သတ်ခြင်းငှါ။ အာဂစ္ဆုံ၊ လာကုန်၏။ ဒေဝ၊ ခမည်းတော်မင်းကြီး။ တေဟိ၊ ထိုသူသတ်ယောက်ျားတို့သည်။ မာတု၊ မယ်တော်မိဖုယား၏။ အင်္ကသ္မိံ၊ ရင်ခွင်၌။ နိသိန္နော၊ နေသော။ အဟံ၊ အကျွန်ုပ်ကို။ သာဟသာ၊ အဆောတလျင်။ အာကဍ္ဎိတော၊ ဆွဲငင်၏။
၂၃၄။ ရာဇ၊ ခမည်းတော်မင်းမြတ်။ ဟိ-သစ္စံ၊ မှန်၏။ ကဋုကံ၊ ခါးစပ် ကျင်နာသော။ သမ္ဗာဓံ၊ ကျဉ်းမြောင်းသော။ သုကိစ္ဆံ၊ အလွန်ဆင်းရဲငြိုငြင်သော သေဘေးသို့။ ပတ္တော၊ ရောက်၏။ မဓုရံ၊ ကောင်းမြတ်သော။ ပိယံ၊ ချစ်အပ်သော။ ဇီဝိတံ၊ အသက်ကို။ မယာ၊ အကျွန်ုပ်သည်။ လဒ္ဓံ၊ ရအပ်၏။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ ကိစ္ဆေန၊ ဆင်းရဲငြိုငြင်သဖြင့်။ ဝဓာယ၊ သတ်ခြင်းမှ။ ပမုတ္တော၊ လွတ်၏။ အဟံ၊ အကျွန်ုပ်သည်။ ပဗ္ဗဇ္ဇံ ဧဝ၊ ရဟန်းအဖြစ်ကိုသာလျှင်။ အဘိမနော၊ ရှေးရှုညွတ်သော စိတ်ရှိသည်။ အသ္မိ၊ ဖြစ်၏။
ဤသို့ သားတော် ဘုရားလောင်းသည် တရားဟောသည်ရှိသော် ခမည်းတော်မင်းကြီးသည် မိဖုယားကြီးကို ခေါ်၍ သားတော်ကို တောင်းပန်စေလိုရကား-
အနုကမ္ပကော သောမနဿော ကုမာရော။
တံ ယာစမာနော န လဘာမိ သွဇ္ဇ၊
အရဟသိ နံ ယာစိတဝေ တုဝမ္ပိ။
ဟူသော ဤဂါထာကို ဆို၏။
၂၃၅။ သုဓမ္မေ၊ သုဓမ္မာမိဖုယား။ တဝ၊ သင်မိဖုယား၏။ ပုတ္တော၊ သားတော်ဖြစ်သော။ အယံ သောမနဿ ကုမာရော၊ ဤသောမနဿ မင်းသားသည်။ တရုဏော၊ ပျိုနုသေး၏။ အနုကမ္ပကော၊ သနားဘွယ်ရှိ၏။ အဇ္ဇ၊ ယခုအခါ၌။ တံ၊ ထိုသားတော်ကို။ ယာစမာနော၊ တောင်းပန်သော။ သော အဟံ၊ ထိုငါသည်။ န လဘာမိ၊ အခွင့်မရ။ တုဝမ္ပိ၊ ရှင်မိဖုယားသည်လည်း။ နံ၊ ထိုသားတော်ကို။ ယာစိတဝေ၊ တောင်းပန်ခြင်းငှါ။ အရဟသိ၊ ထိုက်ပါ၏။
ထိုမယ်တော် မိဖုယားသည်လည်း ရဟန်းအဖြစ်ကိုသာလျှင် တိုက်တွန်းလိုရကား-
နိသမ္မ ဓမ္မေသု ပရိဗ္ဗဇဿု။
သဗ္ဗေသု သတ္တေသု နိဓာယ ဒဏ္ဍံ၊
အနိန္ဒိတော ဗြဟ္မမုပေဟိ ဌာနံ။
ဟူသော ဤဂါထာကို ဆို၏။
၂၃၆။ ပုတ္တ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ ဘိက္ခာစရိယာယ၊ ဆွမ်းခံသဖြင့် အသက်မွေးခြင်း၌။ ရမဿု၊ မွေ့လျော်လော့။ ဓမ္မေသု၊ ရဟန်းပြုခြင်း၏ အကျင့်တို့၌။ နိသမ္မ၊ စုံစမ်းဆင်ခြင်၍။ ပရိဗ္ဗဇဿု၊ ရဟန်းပြုလေလော့။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ သတ္တသု၊ သတ္တဝါတို့၌။ ဒဏ္ဍံ၊ ဒဏ်ကို။ နိဓာယ၊ ချ၍။ တွံ၊ သင်ချစ်သားသည်။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ ဗြဟ္မံ၊ မြတ်သော။ ဌာနံ၊ နိဗ္ဗာန်အရပ်သို့။ ဥပေဟိ၊ ကပ်လေလော့။
ထိုစကားကိုကြား၍ မင်းသည် မိဖုယားကို အပြစ်တင်လိုရကား-
ဒုက္ခိတံ မံ ဒုက္ခာပယသေ သုဓမ္မေ။
ယာစဿု ပုတ္တံ ဣတိ ဝုစ္စမာနာ၊
ဘိယျောဝ ဥဿာဟယသေ ကုမာရံ။
ဟူသော ဤဂါထာကို ဆို၏။
၂၃၇။ သုဓမ္မေ၊ သုဓမ္မာမိဖုယား။ ယာဒိသဉ္စ၊ အကြင်သို့ သဘောရှိသော စကားကိုသာလျှင်။ တွံ၊ သင်မိဖုယားသည်။ ဝဒေသိ၊ ဆို၏။ တဝ၊ သင်မိဖုယား၏။ တံ ဝစနံ၊ ထိုစကားသည်။ အစ္ဆရိယရူပံ ဝတ၊ အံ့ဘွယ်သရဲ ရှိစွတကား။ ဒုက္ခိတံ၊ ဆင်းရဲသော။ မံ၊ ငါ့ကို။ ဒုက္ခာပယသေ၊ ဆင်းရဲစေဘိ၏။ ပုတ္တံ၊ သားကို။ ယာစဿု၊ တောင်းပန်ပါလော့။ ဣတိ၊ ဤသို့။ ဝုစ္စမာနာ၊ ငါဆိုပါလျက်။ တွံ၊ သင်မိဖုယားသည်။ ဘိယျောဝ၊ လွန်စွာသာလျှင်။ ကုမာရံ၊ မင်းသားကို။ ဥဿာဟယသေ၊ ရဟန်းပြုစေခြင်းငှါ အားထုတ်စေဘိ၏။
ထိုစကားကို ကြား၍ မိဖုယားသည် သားတော်ကို တောင်းပန်ခြင်းငှာ မဝံ့ကြောင်းကို မင်းအား တဖန် ကြားပြန်လိုရကား-
ပရိနိဗ္ဗုတာ လောကမိမံ စရန္တိ။
တမရိယမဂ္ဂံ ပဋိပဇ္ဇမာနံ၊
န ဥဿဟေ ဝါရယိတုံ ကုမာရံ။
ဟူသော ဤဂါထာကို ဆို၏။
၂၃၈။ ဒေဝ၊ အရှင်မင်းမြတ်။ ဝိပ္ပမုတ္တာ၊ ရာဂအစရှိသော ကိလေသာမှ လွတ်ကုန်သော။ အနဝဇ္ဇဘောဂိနော၊ အပြစ်မရှိသော သုံးဆောင်ခြင်း ရှိကုန်သော။ ယေ၊ အကြင် ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ ပရိနိဗ္ဗုတာ၊ ကိလေသာမှ ငြိမ်းကုန်သည်ဖြစ်၍။ ဣမံ လောကံ၊ ဤလောကကို။ စရန္တိ၊ ကြွသွားတော်မူကုန်၏။ တေသံ၊ ထို ဘုရားအစရှိသော သူတော်ကောင်းတို့၏။ တံ အရိယမဂ္ဂံ၊ ထို မြတ်သောခရီးကို။ ပဋိပဇ္ဇမာနံ၊ သွားပေသော။ ကုမာရံ၊ မင်းသားကို။ ဝါရယိတုံ၊ မြစ်ခြင်းငှါ။ အဟံ၊ အကျွန်ုပ်သည်။ န ဥဿဟေ၊ မစွမ်းနိုင်။
ထိုမိဖုယား၏စကားကို ကြား၍ မင်းသည် မိဖုယားအား ချီးမွမ်းလိုရကား -
ဗဟုဿုတာ ယေ ဗဟုဋ္ဌာနစိန္တိနော။
တေသာယံ သုတွာန သုဘာသိတာနိ၊
အပ္ပေါဿုက္ကာ ဂီတသောကာ သုဓမ္မာ။
ဟူသော ဤဂါထာကို ဆို၏။
၂၃၉။ အဒ္ဓါ၊ မချွတ်။ ဟဝေ-ဧကန္တေန၊ စင်စစ်အားဖြင့်။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ် အပ်ကုန်သော။ သပညာ၊ ပညာရှိကုန်သော။ ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်သော။ ဗဟုဋ္ဌာနစိန္တိနော၊ များစွာသော အကြောင်းကို ကြံနိုင်ကုန်သော။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ သုဘာသိတာနိ၊ ကောင်းစွာ ဆိုအပ်ကုန်သော စကားတို့ကို။ သုတွာန၊ ကြားရ၍။ အယံ သုဓမ္မာ၊ ဤသုဓမ္မာမိဖုယားသည်။ အပ္ပေါဿုက္ကာ၊ ကြောင့်ကြမရှိသည်။ ဝီတသောကာ၊ ကင်းသော စိုးရိမ်ခြင်း ရှိသည်။ ဇာတာ၊ ဖြစ်၏။
ဘုရားလောင်းသည် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ အကျွန်ုပ်အား အကယ်၍ အပြစ်ရှိအံ့၊ သည်းခံတော်မူပါကုန်ဟု ဆိုပြီးလျှင် လူအပေါင်းအား လက်အုပ်ချီခြင်းကို ပြု၍ ဟိမဝန္တာသို့ ရှေးရှုသွားသဖြင့် လူများအပေါင်းတို့သည် ပြန်ကုန်သည်ရှိသော် နတ်တို့သည် လူ၏အသွင်ဖြင့် လာလတ်ကုန်၍ တောင်ခုနစ်လုံးတို့ကို လွန်၍ ဟိမဝန္တာသို့ ဆောင်ယူသဖြင့် ဝိသုကြုံနတ်သားသည် ဖန်ဆင်းအပ်သောကျောင်း၌ ရသေ့ရဟန်းပြု၏။ ထိုဘုရားလောင်းကို ထိုကျောင်း၌ တဆယ့်ခြောက်နှစ်မြောက်သည့်တိုင်အောင် မင်းအိမ်၌ အလုပ်အကျွေး၏ အသွင်ဖြင့် နတ်တို့သည်သာလျှင် လုပ်ကျွေးကုန်၏။ ဒိဗ္ဗစက္ခုမည်သော ရသေ့စဉ်းလဲကိုလည်း လူများသည် ထောင်းခတ်သတ်ပုတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၏။ ဘုရားလောင်းသည် ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ဤသို့လျှင် ရှေး၌လည်း ဒေဝဒတ်သည် ငါဘုရားအား သတ်ခြင်းငှါ လုံ့လပြုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ၌ ဒိဗ္ဗစက္ခုရသေ့ဟု ကျော်စောထင်ရှားသော ရသေ့စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ မဟာမာယာဒေဝီသည် ထိုအခါ သုဓမ္မာမည်သော မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မဟာရက္ခိတရသေ့ ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သောမနဿမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
မစစ်မဆေး၊ အပြစ်ပေး၊ မင်းရေးမှားတတ်သည်
ကိုးခုမြောက်သော သောမနဿဇာတ်သည် ပြီး၏။
*****