မာတိကာသို့ ခုန်သွားရန်

သောဝ်ငါးချက် ဆုတောင်း

ဝီကီရင်းမြစ် မှ
သောဝ်ငါးချက် ဆုတောင်း
by အမည်မသိ
4034သောဝ်ငါးချက် ဆုတောင်းအမည်မသိ

၁။ အကုသိုလ်ဆယ်ပါး၊ မပွားဒုစရိုက်၊ ကိုယ်၌မီးကြီး၊ ဖျက်ဆီးတတ်ငြား၊ ဤသုံးပါးကို၊ ရှောင်ရှား ဖဲကြဉ်၊ စွန့်ကြဲပစ်ခွာနိုင်စေသောဝ်။

၂။ ကုသိုလ်ဆယ်ပါး၊ တရားသုစရိတ၊ သတ္တအကျော်၊ ခုနစ်ဖော်နှင့် သူတော်ဥစ္စာ၊ မှန်စွာတရား၊ ရှစ်ပါးမဂ္ဂင်၊ မြဲပင်စွဲနေ၊ မသွေဥပါယ်၊ သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာသည်၊ မကွာကိုယ်၌ မြဲစေသောဝ်။

၃။ အပါယ်လေးပါး မလားငရဲ၊ ဆင်းရဲမသိ၊ မရှိရောဂါ၊ ရှင်းရှင်းကွာ၍၊ အဋ္ဌာရသ၊ သိပ္ပမလပ်၊ ကြွင်းမဲ့တတ်၍၊ ပိဋကတ်ဗေဒင်၊ သင်သင်ရာရာ၊ ကြားကာမြင်ကာ၊ မကြာခဏ တတ်စေသောဝ်။

၄။ အမျိုးကောင်းသား၊ ယောက်ျားစင်စစ်၊ ဆက်တိုင်ဖြစ်၍၊ အပြစ်များစွာ၊ ငါးဖြာရန်သူ၊ မပြုဝံ့ရှောင်း၊ သူတော်ကောင်းနှင့်၊ အလောင်းတကာ၊ တောင်းကုန်ရာသား၊ ပတ္ထနာဆု၊ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ၊ ပဋိဘာန၊ ဘဝမခြား၊ စက်လေးပါးနှင့် ညားစေသောဝ်။

၅။ ဘုန်းသမ္ဘာနှင့်၊ ပညာပြည့်စုံ၊ ကုံလုံဥစ္စာ၊ လှူဒါနစ၊ ဒသပါရမီ၊ အညီပြည့်စွမ်း၊ နိဗ္ဗာန်လမ်းကို၊ တန်းတန်းမတ်မတ်၊ မချွတ်လျင်ဆော ရောက်စေသောဝ်။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။