မာတိကာသို့ ခုန်သွားရန်

အင်းဝပျက်တမ်းချင်း (၃)

ဝီကီရင်းမြစ် မှ
အင်းဝပျက်တမ်းချင်း (၃)
by ဟံသာဝတီရောက်မင်း
4097အင်းဝပျက်တမ်းချင်း (၃)ဟံသာဝတီရောက်မင်း

တစ်ကြောင်းမှာလည်း၊ ဩဃာသဝ၊ သံသာရဝယ်၊ လည်ထစပ်ယှက်၊ ဖွားဖွားတက်၍၊ ယောက်ယက်ဆန်မျှ၊ လောက်လက်လှသား၊ လှိုင်းကျရိုက်တိုး၊ ထမ်းပိုးကြက်ခွပ်၊ တဖျပ်ဖျပ်နှင့်၊ ဝဲစပ်ကြုံ၍၊ ဝိုက်ကာဝေ့ရှင့်။

ညည်းငွေ့ဖွယ်သာ၊ အနိစ္စာနှင့်၊ ဒုက္ခာဒေါမနသ်၊ အာရုံညွတ်သား၊ ရဟတ်ယန္တရား၊ စက်အလားသို့၊ ဟုတ်ငြားသင့်စွာ၊ သို့အရာတွင်၊ သိုက်လာကိန်းခန်း၊ ကုန်ပြန်ဆန်းက၊ ရေသွန်းရှုပ်ချ၊ ရွှေအဝဝယ်၊ ကာလအလိုက်၊ စရိုက်တိမ်းစောင်း၊ ရှေးကျင့်ဟောင်းလည်း၊ လမ်းကောင်းမလာ၊ ပဲလေးရာတွင်၊ ထက်ကာကဲမြင့်၊ ဖရုံဆင့်သို့၊ လှောက်ခွင့်ဖြီးစည်၊ လူတို့သည်လည်း၊ မတည်မရပ်၊ မဝပ်မသေ၊ ယွင်းချွတ်လေ၍၊ ဦးနေလှေလှော်၊ အများချော်က၊ ရှုမြော်ရှေးရှူ၊ ပဲ့ဘိသူလည်း၊ တူရူမသွား၊ တိမ်းစောင်းမှား၍၊ သုံးပါးကပ်ဆုံ၊ ကြုံကာစပ်လျဉ်း၊ ကြိမ်ကြိမ်ဖျဉ်းမျှ၊ ပျောင်းမျဉ်းလှိုက်ဆူ၊ တိုင်းပြည်သူတို့၊ ဆာပူညှိုးစွာ၊ ဥပမာကား၊ ကမ္ဘာဦးက၊ နေနှင့်လကို၊ တောင့်တသော့နှယ်၊ ညှိုးငယ်လျလျ၊ လက်မှိုင်ကျ၍၊ မောဟကြံကာ၊ ရှိလှည့်ရာဝယ်၊ ဟံသာဝတ၊ ရာမညဝယ်၊ နရထွတ်တင်၊ မင်းမင်းရှင်လည်း၊ လျှံထင်ရွှေဘုန်း၊ မိုးသို့ချုန်း၍၊ ကွန့်မှုန်းမြေပေါ်၊ ပတ်လွှံ့ကျော်သည်၊ ညီတော်ဘုရား၊ မင်းနှစ်ပါးတို့၊ လျောက်လျားထောက်ပင့်၊ လုပ်ကျွေးလင့်၍၊ အသင့်လွန်ကူ၊ သိမ်းမြန်းယူရှင့်။

ဆင်ဖြူသခင်၊ ရှေးကပင်လျှင်၊ ရပ်ထင်အဝ၊ ပြည်ပုရနှင့်၊ ရမ္မသီဟိုဠ်၊ ထိုထိုရပ်သား၊ ယိုးဒယားက၊ တိုင်းကားကျယ်ဝင်း၊ လင်းဇင်း ဇင်းမယ်၊ ဒါးဝယ် တောင်ငူ၊ သိမ်းယူဗိုလ်ခြေ၊ သရေခေတ္တ၊ မုတ္တမက၊ စသည်ဝှန်သောင်း၊ မင်းအပေါင်းတို့၊ ဦးခေါင်းနှိမ်ထွေ၊ ဝပ်ပျပ်စေ၍၊ တောင်မြေကျွန်းချာ၊ မြို့ဟံသာဝယ်၊ နရာထွတ်တင်၊ ဆင်ဖြူရှင်လျှင်၊ ဥကင်လှစ်ထား၊ ပျော်စံစား၍၊ တံခါးနှစ်ဆယ်၊ ကျုံးပင်လယ်နှင့်၊ ကျယ်ကျယ်ဆိုင်းဆိုင်း၊ မှိုင်းမှိုင်းညို့ညို့၊ မြို့လည်းကျယ်ဝင်း၊ လုံးရင်းပြည့်နှက်၊ လက်နက်မျိုးထပ်၊ တပ်လည်းလုံခြုံ၊ နတ်ပြည်ဘုံသို့၊ စေ့စုံဘဏ္ဍာ၊ ရတနာနှင့်၊ သာယာစွာဘိ၊ ပျော်ဘွယ်ရှိလည်း၊ ဇာတိနန်းတည်၊ ဝရွှေပြည်ကို၊ စိတ်ကြည်ဩလဲ၊ ငှက်နှယ်ဝဲရှင့်။

နှိုက်နှဲစေ့ရေ၊ အောက်မေ့ချေသော်၊ လူပြေအတွင်း၊ လူဖြစ်ခြင်းကား၊ နနွင်းမျှသာ၊ ခဏသာလျှင်၊ ဆင်းဝါမတည်၊ မျက်လှည့်သည်ဟု၊ မရှည်ဖြစ်ပျက်၊ ကြာနေပြက်သို့၊ ရေပွက်ပမာ၊ တသက်လျာတွင်၊ တွယ်တာဆည်းငံ့၊ လောကီရွှံ့ဝယ်၊ စိတ်ပျံ့မနွံ၊ နန်းတိုင်းကျွံသား၊ ခြိုးခြုံဉာဏ်ရင့်၊ ပညာချင့်၍၊ မြင့်မြတ်သုံးဖြာ၊ ရတနာကို၊ ထိပ်မှာဆင့်တပ်၊ နေ့တိုင်းကပ်သား၊ လေးရပ်တံခါး၊ ဟန့်ဆီးတားလိမ့်၊ ထောက်ထားဆည်ဖြေ၊ ပြေကြောင်းဖြေလည်း၊ မပြေနိုင်ဘဲ၊ တလဲလဲသည်၊ ထင်မြဲနတ်ခြောက်ရွာတည့်လေ၊ မြန်ခန်း ယဉ်သီတာတည့်လေး။


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.