အစွဲအလန်းကြီးလွန်းသူ
သင်ခန်းစာ (၃၅)
အစွဲအလန်း ကြီးလွန်းသူ
[ပြင်ဆင်ရန်]အစွဲအလန်းကြီးလွန်းသောလိပ် ရှေးအခါက မြစ်ဘေးရှိ ရေကန်တစ်ကန်၌ အစွဲအလန်းကြီးသော လိပ်ကြီးတစ်ကောင် ရှိသည်။ မြစ်နှင့်ရေကန်သည် မိုးများသောအခါ တစ်ဆက်တည်း ဖြစ်သွားသော်လည်း မိုးနည်းသောအခါ တခြားစီ ဖြစ်သွားသည်။ ငါးများနှင့်လိပ်များသည် သူတို့သဘာဝအားလျော်စွာ မိုးများမည့်နှစ်၊ မိုးနည်းမည့် နှစ်များကို ကြိုတင်သိကြလေသည်။ တစ်နှစ်တွင် မိုးခေါင်မည်ကို သိနေကြသော ငါး များနှင့်လိပ်များသည် ရေကန်မှာ ရေမရှိလျှင် အသက်ဆုံးရှုံးမည်ဖြစ်သောကြောင့် ရေကန်မှ မြစ်ထဲသို့ ကူးပြောင်းသွားကြသည်။ သို့သော် နေရာကို အစွဲအလန်းကြီးသော လိပ်ကြီးသည် “ငါ့ကို ဒီကန်ထဲမှာ မွေးတယ်၊ ငါ့ကို မွေးတဲ့မိဘတွေကလည်း ဒီကန်ကြီးထဲမှာပဲ နေသွားခဲ့ကြတယ်၊ ဒီကန်ကြီးဟာ ငါ့ နေရာဖြစ်တယ်၊ ဒီနေရာကနေ ဘယ်ကိုမှ မသွားနိုင်ဘူး၊ ဒီကန်ကြီးထဲမှာပဲ နေမယ်”ဟု ဆုံးဖြတ်ကာ ရေကန်ကြီးထဲမှ မပြောင်းရွှေ့ဘဲ နေခဲ့လေသည်။
နွေရာသီရောက်သောအခါ ရေကန်ကြီးတွင် တဖြည်းဖြည်း ရေများ ခန်းခြောက်လာသည်။ လိပ် ကြီးသည် စိုးရိမ်မှုမရှိဘဲ သူ့ခန္ဓာကိုယ်ကြီးကို ရွှံ့ညွန်ထဲသို့ နှစ်ထားလိုက်သည်။ ထိုအခါတွင် အိုးလုပ်သား များသည် ရေကန်သို့ ရောက်လာပြီး ရွှံ့ညွန်များကို တူးလေသည်။ မာသောမြေများကို ပေါက်တူးဖြင့် အားကုန်ပေါက်လိုက်သောအခါ လိပ်ကြီးဝပ်နေသောမြေနေရာကို ပေါက်မိ၏။ လိပ်ကြီးသည် အပြင်းအထန် ဒဏ်ရာရသွားလေသည်။ “အန္တရာယ်ရှိမှန်းသိလျက် မစွဲလန်းသင့်သော နေရာဒေသကို စွဲလန်းမိသောကြောင့် အသက်ဆုံးရှုံးရတော့မှာပါလား”ဟု ညည်းတွားလျက် လိပ်ကြီး သေဆုံးသွားခဲ့လေသည်။