အညတရကုလဒါရိကာဝတ္ထု
သုခဝဂ်
၄။ အညတရ ကုလဒါရိကာဝတ္ထု
နတ္ထိ ရာဂသမောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော သတို့သမီးငယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မင်္ဂလာနေ့ သံဃာအား လုပ်ကျွေးခြင်း
ထိုသတို့သမီးငယ်အား မိခင်,ဖခင်တို့သည် ထိမ်းမြားခြင်း မင်္ဂလာပြုလုပ်ပြီးလျှင် မင်္ဂလာပြုသောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ကြကုန်သတတ်၊ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံတော်မူလျက် ထိုအိမ်သို့ကြွ၍ နေထိုင်တော်မူလေ၏။ ထိုချွေးမငယ်သည်လည်း ရဟန်းသံဃာတော်အပေါင်း၏အလို့ငှာ သောက်တော်ရေစစ် စသည်တို့ကို ပြုလုပ်လျက် ထိုမှဤမှ အဖန်ဖန် သွားလာလျက် ရှိလေ၏။ ထိုသူငယ်မ၏ ခင်ပွန်းယောက်ျားသည်လည်း သူငယ်မကို ကြည့်ရှုကာ ရပ်တည်နေလေ၏။ ထိုယောက်ျားသည် တပ်နှစ်သက်သော ရာဂ၏အစွမ်းဖြင့် ကြည့်ရှုနေစဉ် ကိုယ်တွင်း၌ ကိလေသာသည် အကြိမ်များစွာ ဖြစ်ပေါ်လေ၏။ ထိုသတို့သားသည် အဝိဇ္ဇာဟူသော မောဟမှောင်ဖြင့် နှိပ်စက်ခြင်းကြောင့် ဘုရားရှင်ကိုလည်း မလုပ်ကျွေးနိုင်၊ ရှစ်ကျိပ်သော မဟာထေရ်ကြီးတို့ကိုလည်း မလုပ်ကျွေးနိုင်ရှာ။ လက်ကို ဆန့်တန်းကာ ဇနီး သတို့သမီး မိန်းမငယ်ကို ဆွဲကိုင်လိုက်အံ့ဟု ဤသို့သော စိတ်အကြံကိုကား ပြုလေဘိ၏။ မြတ်စွာဘုရားသည် ထိုသတို့သား၏အလိုကို ကြည့်ရှုတော်မူပြီးလျှင် အကြင်အခြင်းအရာဖြင့် ပြုသည်ရှိသော် ထိုမိန်းမငယ်ကို မမြင်နိုင်၊ ဤသို့သော အခြင်းအရာဖြင့် ပြုတော်မူလေ၏။ ထိုသတို့သားသည် သတို့သမီးငယ်ကို မမြင်ရသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြော်လျက် ရပ်တည်နေလေ၏။ ဘုရားရှင်သည် ထိုသတို့သား ဖူးမြော်ကာ တည်နေသောအခါ၌ သတို့သမီးငယ်ကို “ရာဂဟူသော မီးနှင့်တူသော မီးမည်သည် မရှိ၊ ဒေါသဟူသော အပြစ်နှင့်တူသော အပြစ်မည်သည် မရှိ၊ ခန္ဓာဝန်ကို ဆောင်ရွက်ခြင်းကြောင့်ဖြစ်သော ဆင်းရဲခြင်းနှင့်တူသော ဆင်းရဲခြင်းမည်သည် မရှိ၊ နိဗ္ဗာန်ချမ်းသာနှင့်တူသော ချမ်းသာခြင်းမည်သည် မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။
ဒေသနာတော်
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။
ရာဂသမော၊ ရာဂနှင့်တူသော။ အဂ္ဂိ၊ မီးသည်။ နတ္ထိ၊ မရှိ။ ဒေါသသမော၊ ဒေါသနှင့်တူသော။ ကလိ၊ အပြစ်သည်။ နတ္ထိ၊ မရှိ။ ခန္ဓသမာ၊ အမြဲမပြတ် ရွက်ဆောင်ရသော ခန္ဓာနှင့်တူကုန်သော။ ဒုက္ခာ၊ ဆင်းရဲခြင်းတို့သည်။ နတ္ထိ နသန္တိ၊ မရှိကုန်။ သန္တိပရံ၊ နိဗ္ဗာန်ထက် လွန်မြတ်သော။ သုခံ၊ ချမ်းသာခြင်းသည်။ နတ္ထိ၊ မရှိ။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ သတို့သမီးသည်လည်းကောင်း၊ သတို့သားသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုသောတာပန် တည်ပြီးသောအခါ၌ မြတ်စွာဘုရားသည် ထိုသတို့သား သတို့သမီးတို့အား အချင်းချင်း မြင်သောအခြင်းအရာကို ပြုတော်မူလေ၏။