မာတိကာသို့ ခုန်သွားရန်

အညတရဘိက္ခုဝတ္ထု -၂

ဝီကီရင်းမြစ် မှ

စိတ္တဝဂ်

၂။ မထင်ရှားသောရဟန်းဝတ္ထု

ဒုန္နိဂ္ဂဟဿ လဟုနောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မာတိကမိခင် ဒါယိကာမကြီးနှင့် ရဟန်းခြောက်ကျိပ်တို့အကြောင်း

ကောသလမင်း၏ နိုင်ငံတွင် တောင်ခြေရင်း၌ တခဲနက်ပြည့်သော လူနေအိမ်ခြေရှိ၍ စည်ပင်လှစွာသော မာတိကမည်သောရွာသည် ရှိသတတ်။ ထိုအခါ တစ်နေ့သ၌ ခြောက်ကျိပ်မျှလောက်ကုန်သော ရဟန်းတို့သည် ဘုရားအထံ၌ အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်သော ကမ္မဋ္ဌာန်းတရားများကို ဟောကြားစေပြီးလျှင် ထိုရွာသို့ သွားရောက်၍ ဆွမ်းအလို့ငှာ ရွာသို့ ဝင်ကြလေကုန်၏။ ထိုရွာကိုပိုင်သော ရွာသူကြီးသည် မာတိကမည်၏။ ထိုရွာသူကြီး၏မိခင်သည် ရဟန်းတို့ကိုမြင်၍ မိမိအိမ်၌ နေစေလျက် အထူးထူး ကောင်းမွန်သော အရသာရှိသော ယာဂုဆွမ်းတို့ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွလိုကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “ဒါယိကာမကြီး- ချမ်းသာစွာနေရအံ့သော အရပ်ထိုထိုသို့ သွားပါကုန်အံ့”ဟုဆိုလျှင် ရွာသူကြီး၏မိခင်သည် “အရှင်ကောင်းတို့သည် ဝါဆိုကျောင်းကို ရှာယောင်တကား”ဟု ရိပ်မိသိရှိ၍ ခြေရင်း၌ တုံ့ဝပ်လျက် “အရှင်ကောင်းတို့သည် ဤအရပ်၌ ဤဝါတွင်းသုံးလပတ်လုံး အကယ်၍ နေကြကုန်သည် ဖြစ်ပါအံ့၊ တပည့်တော်မသည်လည်း သရဏဂုံသုံးပါး, ငါးပါးသော သီလတို့ကိုယူ၍ ဥပုသ်စောင့်သုံးသောအမှုကို ပြုပါအံ့”ဟု လျှောက်လေ၏။ ရဟန်းတော် အရှင်မြတ်တို့ကလည်း “ငါတို့သည် ဤဒါယိကာမကြီးကိုမှီ၍ ဆွမ်းမပင်ပန်းဘဲ သံသရာဝဋ် ဘဝညွတ်မှ လွတ်ထွက်ရအောင်ပြုခြင်းငှာ စွမ်းနိုင်ကုန်လတ္တံ့”ဟု ဝန်ခံကြကုန်၏။ ဒါယိကာမကြီးသည်လည်း ထိုရဟန်းတို့ နေစရာ ကျောင်းကို သုတ်သင်ပြုပြင်၍ ပေးလှူလေ၏။

ထိုရဟန်းတို့သည် ထိုကျောင်း၌ပင် နေကုန်လျက် တစ်နေ့သ၌ စည်းဝေး၍ အချင်းချင်း ဆုံးမကြကုန်၏။ “ငါ့ရှင်တို့- ငါတို့သည် မေ့လျော့သောအကျင့်ကို ကျင့်ခြင်းငှာ မသင့်၊ ငရဲကြီးရှစ်ထပ်တို့သည် ငါတို့ဖို့ မိမိနေရာ ကျောင်းကဲ့သို့ တံခါးဟင်းလင်း ပွင့်နေကုန်သေးသည်သာတည်း။ ဤသို့ သက်တော်ထင်ရှား ဘုရားအထံ၌ ကမ္မဋ္ဌာန်းကိုယူ၍ ငါတို့လာကြလေကုန်ပြီ၊ ဘုရားရှင်တို့မည်သည်ကား ဖဝါးအဆင့်ဆင့် ခြေရာစပ်အောင် အကြိမ်များစွာ လှည့်လည်နေသဖြင့်လည်း နှစ်သိမ့်စိမ့်သောငှာ မတတ်ကောင်း၊ ဖြောင့်မတ်သော နှလုံးသွင်း အလိုအားဖြင့်သာ နှစ်သိမ့်စိမ့်သောငှာ တတ်ကောင်း၏၊ မမေ့မလျော့ ဖြစ်ကြကုန်လော့၊ နှစ်ပါးသောရဟန်းတို့သည် တစ်ခုသောအရပ်၌ ရပ်မနေအပ်, ထိုင်မနေအပ်, ညနေချမ်းအခါ မထေရ်ကြီးထံ ဆည်းကပ်သောအခါ၌လည်းကောင်း၊ နံနက် ဆွမ်းခံသွားသောအခါ၌လည်းကောင်း ထိုအခါနှစ်ပါး၌သာ တစ်ပေါင်းတည်း ဖြစ်ကြကုန်စို့အံ့။ ကြွင်းသောအခါ၌ နှစ်ပါးအတူတကွ မနေကြကုန်စို့အံ့၊ စင်စစ်အားဖြင့်ကား ရဟန်းတစ်ပါး နာဖျားမကျန်းရှိခဲ့လျှင် လာ၍ ကျောင်းအလယ်၌ ခေါင်းလောင်းထိုးခတ်မှ ခေါင်းလောင်းသံ အမှတ်သညာဖြင့် လာကြ၍ ထိုနာသောရဟန်းအား ဆေးဝါးကုသကြကုန်စို့အံ့”ဟု စည်းဝေး၍ အချင်းချင်း ဆိုဆုံးမကာ ကတိကဝတ်ပြုကြလေကုန်၏။

မာတိကမာတာ ဒွတ္တိံသကမ္မဋ္ဌာန်းဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်နှင့်တကွ အနာဂါမ်တည်ပုံ

ထိုရဟန်းခြောက်ကျိပ်တို့သည် ဤသို့ ဆုံးမကာ ကတိကဝတ်ပြု၍ နေကြကုန်သည်ရှိသော် တစ်နေ့သ၌ ထို (မာတိကမာတာ) ဒါယိကာမကြီးသည် ထောပတ်, ဆီ, တင်လဲ စသည်တို့ကို ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမ အမှုလုပ်စသည်တို့ဖြင့် ခြံရံလျက် ညချမ်းသောအခါ ကျောင်းသို့သွား၍ ကျောင်းအလယ်၌ ရဟန်းတစ်ပါးမျှ မမြင်ခြင်းကြောင့် “အရှင်ကောင်းတို့သည် အဘယ်အရပ်သို့ သွားကြကုန်သနည်း”ဟု ကျွန်အမှုလုပ် ယောကျာ်းတို့ကို မေးသော် “အရှင်မ- အရှင်ကောင်းတို့သည် မိမိ, မိမိတို့၏ ညဉ့်သန့်ရာ နေ့သန့်ရာအရပ်တို့၌ နေကုန်သည်ဖြစ်လတ္တံ့”ဟု ဆိုကုန်ရကား “အဘယ်သို့ပြုမှ ဖူးမြင်ခြင်းငှာ ရလတ္တံ့နည်း”ဟု မေးလေ၏။ ထိုအခါ ရဟန်းသံဃာ၏ ကတိကဝတ်ကို သိကုန်သောလူတို့သည် “အရှင်မ- ခေါင်းလောင်း ထိုးခတ်အပ်သည်ရှိသော် အရှင်ကောင်းတို့စည်းဝေးကုန်လတ္တံ့”ဟု ပြောဆိုကြကုန်သဖြင့် ထိုဒါယိကာမကြီးသည်လည်း ခေါင်းလောင်းကို ထိုးခတ်စေ၏။ ရဟန်းတို့လည်း ထိုခေါင်းလောင်းသံ ကြားရ၍ တစ်စုံတစ်ယောက်သော ရဟန်းအား မကျန်းမမာ မချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု မိမိ,မိမိတို့၏ နေရာမှထွက်၍ ကျောင်းအလယ်၌ စည်းဝေးကြကုန်၏။ နှစ်ဦးသော ရဟန်းတို့သည် တစ်ကြောင်းတည်းသောခရီးဖြင့် ကြွလာခြင်းမည်သည် မရှိ၊ တစ်ခုတစ်ခုသော အရပ်မှ တစ်ပါး တစ်ပါးစီသာ ကြွလာသည်ကို ဒါယိကာမကြီးမြင်လျှင် “ငါ့သားတို့သည် အချင်းချင်း ခိုက်ရန်ငြင်းခုံပြုသည် ဖြစ်လတ္တံ့”ဟု ကြံ၍ ရဟန်းသံဃာတို့ကို ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့ ခိုက်ရန်ငြင်းခုံ ပြုကြကုန်သလော”ဟုမေးလျှောက်လေ၏။

“ဒါယိကာမကြီး- ခိုက်ရန်ငြင်းခုံ မပြုကုန်”ဟု မိန့်ဆိုကုန်သည်ရှိသော် “အရှင်ဘုရားတို့အား ထိုသို့ ခိုက်ရန်ငြင်းခုံခြင်း မရှိခဲ့ပါလျှင် အဘယ့်ကြောင့် အိမ်သို့ကြွလာသောအခါ အားလုံး တစ်ပေါင်းတည်း ကြွလာကုန်သကဲ့သို့ မကြွလာဘဲ တစ်ခုတစ်ခုသော အရပ်မှ တစ်ပါးစီသာ ကြွလာကုန်သနည်း”ဟု လျှောက်ပြန်သဖြင့် “ဒါယိကာမကြီး- တစ်ခုတစ်ခုသော အရပ်၌ တစ်ပါးတစ်ပါးစီနေ၍ ရဟန်းတရားကို အားထုတ်ကြရကုန်သည်”ဟု မိန့်ဆိုကြကုန်သော် “အရှင်ဘုရားတို့- ဤရဟန်းတရားမည်သည်ကား အဘယ်နည်း”ဟု မေးလျှောက်ပြန်သဖြင့် “ဒါယိကာမကြီး ဆံပင်,မွေးညင်း အစရှိသော သုံးဆယ့်နှစ်ပါးသော အခြင်းအရာတို့ဟူသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းရွတ်ဖတ် သရဇ္ဈာယ်ခြင်းကို ပြုကုန်လျက် ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အဖန်တလဲလဲ နှလုံးသွင်း၍ နေကြကုန်၏”ဟု မိန့်ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- အသို့ပါနည်း၊ ဤဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ခြင်းငှာလည်းကောင်း၊ ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံးသွင်းခြင်းငှာလည်းကောင်း အရှင်ဘုရားတို့အားသာ ပြုအပ်ပါသလော၊ တပည့်တော်မ ဒါယိကာမတို့အားလည်း အပ်ပါမည်လော”ဟု မေးလျှောက်ပြန်၏။

“ဒါယိကာမကြီး- ဤဒတ္တိံသာကာရကမ္မဋ္ဌာန်း စီးဖြန်းခြင်းကို တစ်စုံတစ်ယောက်သောသူအားမျှ တားမြစ်တော် မမူအပ်”ဟု မိန့်ဆိုတော်မူကြသဖြင့် “အရှင်ဘုရားတို့- ထိုသို့ ဖြစ်ပါမူ တပည့်တော်မအားလည်း ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို စီးဖြန်းအံ့သောငှာ ပေးသနားတော်မူကြပါဘုရား၊ ဤကိုယ်အတ္တဘော၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် နှလုံးသွင်းပုံကို ဟောကြား သင်ပေးတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ “ဒါယိကာမကြီး- ထိုသို့ စီးဖြန်းလိုမူကား သင်ယူလော့”ဟု ဆို၍ အလုံးစုံကို သင်ယူစေကြလေကုန်၏။ ဒါယိကာမကြီးသည်လည်း ထိုအခါမှစ၍ ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းသရဇ္ဈာယ်ခြင်းပြုလျက် မိမိကိုယ်၌ ကုန်ခန်းခြင်း ပျက်စီးခြင်း ထင်မြင်အောင် အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် ထိုရဟန်းတို့ထက် ရှေးဦးစွာသာလျှင် မဂ်သုံးပါး, ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏။ ထိုဒါယိကာမကြီးအား မဂ်စိတ်ဖြစ်သည်နှင့် တကွပင်လျှင် ပဋိသမ္ဘိဒါလေးပါးနှင့် လောကီအဘိညာဉ်တို့သည်လည်း ဖြစ်လာ ရောက်လာလေကုန်၏။

မာတိကမာတာ၏ ကျေးဇူးကြောင့် အားလုံး ရဟန္တာဖြစ်၍ ဘုရားထံ သွားရောက်လျှောက်ထားကြပုံ

ထိုအနာဂါမ်တည်သော ဒါယိကာမကြီးသည် မဂ်ဖိုလ်ချမ်းသာခံစားခြင်းမှထ၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်၍ “အဘယ်အခါ၌ ငါ့သားတို့သည် တရားထူးကို ရအပ်လေသနည်း”ဟု စူးစမ်းသည်ရှိသော် “အလုံးစုံ ဤခြောက်ကျိပ်သော ရဟန်းတို့သည်လည်း ရာဂ, ဒေါသ, မောဟ ရှိကြကုန်သေး၏၊ ဈာန်မျှ ဝိပဿနာမျှလည်း ထိုရဟန်းတို့အား မရှိကုန်။ အသို့နည်း- ငါ့သားတို့အား အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယသည် ရှိအံ့လော”ဟု စူးစမ်းပြန်သည်ရှိသော် ရှိကြောင်းကို သိမြင်လေလျှင် “လျောက်ပတ်သော ကျောင်းဟူသော သေနာသန သပ္ပါယသည် မရှိလေသလော”ဟု စူးစမ်းပြန်သော် သေနာသနသပ္ပါယကို မြင်လေလျှင် “လျောက်ပတ်သော ပုဂ္ဂိုလ်ဟူသော ပုဂ္ဂလသပ္ပါယ မရလေကုန်သလော”ဟု စူးစမ်းပြန်သော် ပုဂ္ဂလသပ္ပါယကို မြင်လေလျှင် “လျောက်ပတ်သော အာဟာရဟူသော အာဟာရသပ္ပါယ မရလေကုန်သလော”ဟု စူးစမ်းပြန်သော် ထိုရဟန်းတို့အား အာဟာရ သပ္ပါယ မရှိပါတကားဟု မြင်ရလေလျှင် ထိုအခါမှစ၍ အထူးထူးအပြားပြားရှိသော ယာဂု, များသော အပြားရှိသော ခဲဖွယ်, အထူးထူး အရသာရှိသော ဘောဇဉ်ကို ပြည့်စုံစွာ စီရင်စေ၍ အိမ်၌ ရဟန်းတို့ကို သီတင်းသုံး ထိုင်နေစေပြီးလျှင် မြတ်သော အလှူရေစက် သွန်းချပေးလှူ၍ “အရှင်ဘုရားတို့- အရှင်မြတ်တို့၏ နှစ်သက်ရာ ထိုထို ယာဂု, ခဲဖွယ်, ဘောဇဉ်ကိုယူ၍ (အလိုရှိတိုင်း) ဘုဉ်းပေးတော်မူပါဘုရား”ဟု ဆောင်နှင်း ဆက်ကပ်လေ၏။

ရဟန်းတို့လည်း အလိုရှိတိုင်း ယာဂုစသည်တို့ကိုယူ၍ ဘုဉ်းပေးတော်မူကြကုန်၏။ လျောက်ပတ်သော ခဲဖွယ်, ဘောဇဉ်ကို ရကုန်သော ထိုရဟန်းတို့၏စိတ်သည် တည်တည်ကြည်ကြည် ရှိလေ၏။ ထိုရဟန်းတို့သည် တည်ကြည်သောစိတ်ဖြင့် ဝိပဿနာကို ပွားစေသည်ရှိသော် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြပြီးလျှင် ဤသို့ ကြံစည်ကြကုန်၏။ “ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ငါတို့၏ မှီခိုအားထားရာ ဖြစ်ပေ၏၊ ငါတို့သည် လျောက်ပတ်သော ဆွမ်းစသော အာဟာရကို အကယ်၍ မရကြသည်ဖြစ်အံ့၊ မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်ရာ၊ ယခုအခါ ဝါကျွတ်ပြီဖြစ်သောကြောင့် ပဝါရဏာပြု၍ ဘုရားထံတော်သို့ သွားကြကုန်အံ့”ဟု ကြံစည်ကြပြီးလျှင် ထိုရဟန်း ခြောက်ကျိပ်တို့သည် မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သည်ဟု ဥပါသိကာ ဒါယိကာမကြီးကို ပန်ကြားလေကုန်၏။ ဒါယိကာမကြီးသည်လည်း “အရှင်ဘုရားတို့- ကောင်းလှပါပြီဘုရား”ဟု ကျေနပ်စွာ လျှောက်ထားပြီးလျှင် ထိုရဟန်းတို့ကို အစဉ်အတိုင်း လိုက်ပို့လျက် “အရှင်ဘုရားတို့သည် တစ်ဖန် တပည့်တော်တို့ကို ငဲ့ညှာသမှု ကြည့်ရှုတော်မူကြပါဦးဘုရား”ဟု ချေငံသာယာသော စကားတို့ကို လျှောက်ထား၍ ပြန်ခဲ့လေ၏။

ထိုရဟန်းတို့သည်လည်း သာဝတ္ထိပြည်သို့ရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်လျက် “ချစ်သား ရဟန်းတို့- အသို့နည်း၊ ခံ့ကျန်းခြင်း မျှတခြင်း ရှိ၏လော၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိကြကုန်၏လော”ဟု မေးတော်မူသည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခံ့ကျန်းခြင်း မျှတခြင်း ရှိပါ၏။ အထူးသဖြင့် ဆွမ်းဖြင့်ကား ပင်ပန်းခြင်း အလျှင်းမရှိကြပါ။ ပင်ပန်းခြင်း မရှိရကြောင်းကား မာတိကမာတာဟူသော အမည်ရှိသော တစ်ယောက်သော ဒါယိကာမကြီးသည် ဘုရားတပည့်တော်တို့၏ စိတ်အကြံဖြစ်ပုံ (စိတ်အလို)ကိုသိ၍ “ငါတို့အလို့ငှာ ဤသို့သဘောရှိသော ဆွမ်းစသော အာဟာရကို စီရင်ပါမူကား ကောင်လေစွ”ဟု ကြံသည်ရှိသော် ကြံတိုင်းကြံတိုင်းသော ဆွမ်းစသော အာဟာရကို စီရင်၍ လှူဒါန်းပါသည်။ ထို့ကြောင့် ပင်ပန်းခြင်းမရှိရပါဘုရား”ဟု ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောကြား လျှောက်ထားကြလေကုန်၏။

အညတရ ရဟန်းတစ်ပါးနှင့် မာတိကမာတာတို့အကြောင်း

ထိုအခါ အမှတ်မရှိ တစ်ပါးသောရဟန်းသည် ထိုအနာဂါမ် ဒါယိကာမကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားရ၍ ထိုရွာသို့ သွားလိုသောကြောင့် ဘုရားရှင်အထံတော်၌ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုမာတိကရွာသို့ သွားပါရစေဘုရား”ဟု ဘုရားထံ ပန်ကြားပြီးမှ ဇေတဝန်ကျောင်းတော်မှ ထွက်လာခဲ့ရာ အစဉ်သဖြင့် ထိုရွာသို့ရောက်၍ ကျောင်းသို့ဝင်အံ့သောနေ့၌ “ဒါယိကာမကြီးသည် ကြံတိုင်းကြံတိုင်းကို သိသတတ်၊ ငါသည်လည်း ခရီးပင်ပန်းခဲ့၏။ ကျောင်းကို သုတ်သင်ခြင်းငှာ မစွမ်းနိုင်၊ ငါ့ထံ ကျောင်းကိုသုတ်သင်တတ်သော လူကို စေလွှတ်ပါမူကား ကောင်းလေစွ”ဟု ကြံလေ၏။ ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင်လျှင် ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ “သွားချေ၊ ကျောင်းကို သုတ်သင်ရှင်းလင်း၍ လာခဲ့လော့”ဟု လူတစ်ယောက်ကို စေလွှတ်၏။ ရဟန်းသည်လည်း သောက်ရေ သောက်လိုသည်ဖြစ်၍ “ငါ့အား သကာအဖျော်ကိုပြု၍ (လှူချေဟု) စေလွှတ် ပို့လိုက်ပါမူကား ကောင်းလေစွ”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည် ထိုသကာ အဖျော်ကိုလည်း စေလွှတ်ပို့လိုက်လေ၏။ ရဟန်းသည် တစ်ဖန် မိုးသောက်ရောက်သောနေ့၌ နံနက်စောစောကပင်လျှင် “ငါ့အား ပျော့ပျောင်းနူးညံ့သော ယာဂုကို လက်သုပ်ဟင်းလျာနှင့်တကွ စေလွှတ်၍ ပို့ပါစေသတည်း”ဟု အောက်မေ့ကြံစည်၏။ ဒါယိကာမကြီးသည်လည်း ထိုအကြံအတိုင်း (လှူချေဟု) စေပြန်၏။ ရဟန်းသည်လည်း ယာဂုသောက်ပြီးသော် “ငါ့အား ဤသို့သဘောရှိသော ခဲဖွယ်ကို စေလွှတ်၍ ပို့လိုက်ပါမူကား ကောင်းလေစွာ့”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည်လည်း ထိုသို့ သဘောရှိသော ခဲဖွယ်ကို ပို့ချေဟု စေလွှတ်လိုက်လေ၏။ ရဟန်းသည်လည်း “ဤဒါယိကာမကြီးကား ငါ ကြံတိုင်း,ကြံတိုင်း အလုံးစုံကို ပေးပို့စေလွှတ်လေပြီ၊ ငါသည် ဤဒါယိကာမကြီးကို ရှုမြင်ခြင်းငှာ အလိုရှိ၏။ အထူးထူး ကောင်းမွန်သော အရသာရှိသော ဘောဇဉ်ကို ယူစေ၍ ငါ့အထံ ကိုယ်တိုင် ရောက်လာပါမူကား ကောင်းလေစွ”ဟု ကြံပြန်၏။ ဒါယိကာမကြီးသည်လည်း “ငါ့သားသည် ငါ့ကိုရှုမြင်ခြင်းငှာ အလိုရှိ၏။ ငါ၏လာခြင်းကို တောင့်တ၏”ဟု ဘောဇဉ်ကိုယူစေ၍ ကျောင်းသို့သွား၍ ထိုရဟန်းအား လှူဒါန်းလေ၏။

မာတိကမာတာကို ကြောက်ရွံ့၍ အညတရရဟန်း ဘုရားထံ ပြန်ပြေးခြင်း

ထိုအခါ ထိုရဟန်းသည် ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် “ဒါယိကာမကြီး- မာတိကမာတာ မည်သောသူသည် သင် ဒါယိကာမကြီးပင်လော”ဟု မေးမြန်းလေ၏။ “သားတော် မောင်ပဉ္စင်း- မာတိကမာတာမည်သောသူ ဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်လျှင် “သင်ဒါယိကာမကြီးသည် သူတစ်ပါးစိတ်အကြံကို သိလေသလော”ဟု မေးပြန်၏။ “သားမောင်ပဉ္စင်း- အဘယ့်ကြောင့် ဒါယိကာမကြီးကို မေးရသနည်း”ဟု လျှောက်လျှင် “ငါသည် ကြံတိုင်း,ကြံတိုင်း အလုံးစုံကို ပြုခဲ့လေပြီ။ ထို့ကြောင့် ဒါယိကာမကြီးကို မေးမြန်းရသည်”ဟု မိန့်ဆိုလေ၏။ “သားမောင်ပဉ္စင်း- သူတစ်ပါးစိတ်ကို သိသောရဟန်းတို့သည် များစွာရှိကုန်၏”ဟု လျှောက်ဆိုပြန်သည်ရှိသော် “ဒါယိကာမကြီး- ငါသည် သူတစ်ပါးကို မမေး၊ သင်ဒါယိကာမကြီးကိုသာ မေး၏”ဟု ဆိုလေ၏။ ဤသို့ မလွှဲသာအောင် မေးသော်လည်း ဒါယိကာမကြီးသည် “သူတစ်ပါးစိတ်အကြံကို တပည့်တော် သိတတ်ပါသည်ဘုရား”ဟူ၍ မဆိုဘဲ “သားမောင်ပဉ္စင်း- သူတစ်ပါးစိတ်အကြံကို သိသောသူတို့ မည်သည်ကား ဤသို့ ပြုတတ်ကြကုန်၏”ဟု လျှောက်သည်ရှိသော် ထိုရဟန်းသည် “ဤအမှုသည်ကား ဝန်လေးလေစွတကား၊ ပုထုဇဉ်တို့မည်သည် လျောက်ပတ်သည်ကိုလည်းကောင်း၊ မလျောက်ပတ်သည်ကိုလည်းကောင်း ကြံစည်တတ်ကုန်၏။ ငါသည် မသင့်တင့် မလျောက်ပတ်သည်ကို အကယ်၍ ကြံမှားမိသည်ဖြစ်အံ့၊ ဥစ္စာထုပ်နှင့်တကွ ဖမ်းမိသော ခိုးသူကို သျှောင်ကိုဆွဲငင်ဘိသကဲ့သို့ ငါ့ကို ဖရိုဖရဲ ဖောက်ပြန်ခြင်းသို့ ရောက်စေရာ၏။ ငါသည် ဤကျောင်းမှ ထွက်ပြေးခြင်းငှာ သင့်၏”ဟု ကြံ၍ “ဒါယိကာမကြီး- ငါသွားတော့အံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးလျှောက်သည်ရှိသော် “ဘုရားရှင်ထံတော်သို့ သွားပါအံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤကျောင်း၌ နေကြည့်စမ်းပါဦးဘုရား”ဟု လျှောက်ပြန်သော် “ဒါယိကာမကြီး- နေနိုင်တော့မည် မဟုတ်၊ သွားမည်သာတည်း”ဟုဆို၍ ကျောင်းမှ ထွက်ခဲ့ပြီးလျှင် မြတ်စွာဘုရားအထံတော်သို့ သွားလေ၏။

ထိုအခါ ရဟန်းကို ဘုရားရှင်သည် “ရဟန်း- သင်သည် ထိုအရပ်၌ အဘယ့်ကြောင့် မနေသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မနေဝံ့ပါ။ ထိုအရပ်၌ နေခြင်းငှာ မစွမ်းနိုင်ပါဘုရား”ဟု လျှောက်လေ၏။ “ချစ်သားရဟန်း- အဘယ့်ကြောင့်နည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုဒါယိကာမကြီးသည် ကြံတိုင်း,ကြံတိုင်း အလုံးစုံကို သိမြင်ခဲ့၏။ ပုထုဇဉ်တို့မည်သည်ကား လျောက်ပတ်သည်ကိုလည်းကောင်း မလျောက်ပတ်သည်ကိုလည်းကောင်း ကြံတတ်ကုန်၏။ တပည့်တော်သည် “တစ်စုံတစ်ခုသော မသင့်မတင့် မလျောက်ပတ်သည်ကို အကယ်၍ မတော်တဆ ကြံမိသည်ဖြစ်အံ့၊ ဥစ္စာထုပ်နှင့်တကွ ဖမ်းမိသောသူကို သျှောင်ကိုဆွဲငင်ဘိသကဲ့သို့ ဘုရားတပည့်တော်ကို ဖရိုဖရဲ ဖောက်ပြန်ခြင်းသို့ ရောက်စေပါလတ္တံ့”ဟု ကြံမိ၍ မြတ်စွာဘုရားထံ ပြန်လာပါကြောင်း”နှင့် လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း- ထိုကျောင်း၌ပင် သင်နေခြင်းငှာ သင့်၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- မတတ်နိုင်ပါ၊ တပည့်တော်သည် ထိုအရပ်၌ နေခြင်းငှာ မဝံ့ပါဘုရား”ဟု လျှောက်လေ၏။ “ရဟန်း- ထိုသို့ဖြစ်မူ သင်သည် တစ်ခုတည်းကိုသာလျှင် စောင့်ရှောက်နိုင်လတ္တံ့လော”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- တစ်ခုတည်းဟူသည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေသဖြင့် “သင်၏စိတ်ကိုသာလျှင် စောင့်ရှောက်လော့၊ ထိုစိတ်မည်သည်ကို စောင့်ရှောက်နိုင်ခဲ၏။ သင်သည် မိမိစိတ်ကိုသာလျှင် နှိပ်နင်းလော့၊ တစ်ပါးသော တစ်စုံတစ်ခုကို မကြံစည်လေလင့်၊ ထိုစိတ်မည်သည်ကို နှိပ်နင်းနိုင်ခဲ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၅] ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

ဒုန္နိဂ္ဂဟဿ၊ အလွန်နှိပ်နင်း နိုင်ခဲထသော။ လဟုနော၊ လျင်စွာ ဖြစ်ခြင်း,ချုပ်ခြင်း ရှိထသော။ ယတ္ထကာမနိပါတိနော၊ အလိုရှိရာအာရုံ၌ ကျတတ်သော။ စိတ္တဿ၊ စိတ်ကို။ ဒမထော၊ ယဉ်ကျေးအောင် ဆုံးမခြင်းသည်။ သာဓု၊ ကောင်း၏။ ဒန္တံ၊ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်တတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရောက်လာသော ပရိသတ်များစွာတို့သည် သောတာပန် စသည်တို့ ဖြစ်ကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အညတရရဟန်း ရဟန္တာဖြစ်ခြင်းနှင့် ဒါယိကာမကြီးအပေါ်၌ အတိတ်ဘဝ အပြစ်မြင်ခြင်း

ဘုရားရှင်သည် ထိုရဟန်းအား ဤသို့သော ဆုံးမဩဝါဒကို ပေး၍ “ရဟန်း- သွားလေ၊ တစ်ပါးသော တစ်စုံတစ်ခုသောအကြံကို မကြံမူ၍ ထိုကျောင်း၌သာ နေလေလော့”ဟု စေလွှတ်တော်မူလေ၏။ ရဟန်းလည်း ဘုရားရှင်အထံတော်မှ အဆုံးအမကိုရ၍ ထိုကျောင်းသို့ပင် သွားရလေ၏။ တစ်စုံတစ်ခု အပဖြစ်သော အာရုံကြံခြင်းမည်သည်ကို မကြံစည်ဝံ့လေပြီ။ ဒါယိကာမကြီးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်လတ်သည်ရှိသော် မထေရ်ကိုမြင်၍ “ယခုအခါ အဆုံးအမဩဝါဒ ပေးသနားတော်မူတတ်သော ဆရာကိုရ၍ ငါ့သားသည် တစ်ဖန် ပြန်လာ၏”ဟု မိမိဉာဏ်ဖြင့်ပိုင်းခြား၍ ထိုရဟန်းအား လျောက်ပတ်သော ဆွမ်းစသော အာဟာရကို စီရင်၍ လှူဒါန်းလေ၏။ ထိုရဟန်းသည်လည်း လျောက်ပတ်သော ဘောဇဉ်ကို မှီဝဲရ၍ နှစ်ရက်သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မဂ်ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် “အံ့ဖွယ်ရှိလှပေစွတကား၊ ဒါယိကာမကြီးသည် ငါ၏ မှီခိုအားထားရာ ဖြစ်ပေစွတကား၊ ငါသည် ဤဒါယိကာမကြီးကို အမှီပြု၍ ဝဋ်မှ ထွက်မြောက်ခြင်းသို့ ရောက်ရပေပြီ”ဟု ကြံ၍ “ရှေးဦးစွာ ငါ၏ ဤကိုယ်အဖြစ်၌ မှီခိုရာဖြစ်ပြီ။ သံသရာ၌ ငါ၏ ခန္ဓာအစဉ် ကျင်လည်သောအခိုက် တစ်ပါးသော ငါ၏ကိုယ်အဖြစ်တို့၌လည်း ဤဒါယိကာမကြီးသည် မှီခိုရာ ဖြစ်ဖူးသလော၊ မဖြစ်ဖူးသလော”ဟု စူးစမ်းသည်ရှိသော် ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့မိလေ၏။ ထိုဒါယိကာမကြီးသည်လည်း ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်၌ ထိုမထေရ်၏ ခြေရင်းအလုပ်အကျွေးဖြစ်သော ခင်ပွန်းမ,ဖြစ်ဖူး၍ တစ်ပါးသောသူတို့၌ တပ်သောစိတ် ရှိခြင်းကြောင့် ထိုမထေရ်ဖြစ်ဖူးသော လင်ယောက်ျားကို အသက်မှ ချစေဖူးလေ၏။ မထေရ်သည် ထိုဒါယိကာမကြီး၏ ဤမျှလောက်သော ကျေးဇူးမဲ့အစုကို မြင်ရ၍ “ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသောအမှုကို ပြုဖူးလေပြီတကား”ဟု ကြံစည်အောက်မေ့ကာ နေလေ၏။

အညတရရဟန်းသည် မာတိကမာတာအပေါ်၌ အတိတ်ဘဝကျေးဇူးကို မြင်ခြင်းနှင့် နိဗ္ဗာန်ဝင်ခြင်း

ဒါယိကာမကြီးသည်လည်း အိမ်၌နေလျက်ပင် “အသို့နည်း၊ ငါ့သားအား ရဟန်းကိစ္စအပြီးသို့ ရောက်ပြီလော၊ မရောက်သေးလေသလော”ဟု စူးစမ်းသည်ရှိသော် ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်သည်ကိုသိ၍ ထိုထက်အလွန် စူးစမ်းပြန်သည်ရှိသော် “ငါ့သားသည် အရဟတ္တဖိုလ်သို့ ရောက်၍ ဤဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ငါ၏ ကြီးကျယ်သော မှီခိုအားထားရာ ဖြစ်ဖူးလေစွတကား”ဟု ကြံစည်ပြီးလျှင် အတိတ်ဘဝ၌လည်း “ဤဒါယိကာမကြီးသည် ငါ၏ မှီခိုအားထားရာ ဖြစ်ဖူးလေသလော၊ မဖြစ်လေသလောဟု ဆင်ခြင်စူးစမ်းရာ ကိုးဆယ့်ကိုးခုသော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍အောက်မေ့ကာ နေပြီ၊ ငါသည်ကား ကိုးဆယ့်ကိုးဘဝသော ကိုယ်၏အဖြစ်၌ သူတစ်ပါးတို့နှင့် တစ်ပေါင်းတည်းဖြစ်၍ ဤမထေရ်ကို အသက်မှ ချဖူးလေပြီ။ ဤမထေရ်သည် ဤမျှလောက်သော ငါ၏ကျေးဇူးမဲ့ကို မြင်ရ၍ ဒါယိကာမကြီးသည် အံ့ဖွယ်ရှိပေစွ၊ ဝန်လေးသောအမှုကို ပြုဖူးလေပြီတကားဟု ကြံစည် အောက်မေ့ကာ နေလေပြီ။ ဤသို့ သံသရာ၌ ကျင်လည်စဉ် ငါ့သားအား ကျေးဇူးဥပကာရ ပြုဖူးခြင်းသည် ရှိလေသလော”ဟု ဆင်ခြင်ပြန်လျှင် “ထိုကိုးဆယ့်ကိုးဘဝမှ အလွန် တစ်ရာမြောက်သော ကိုယ်အဖြစ်၌ ငါသည် ဤရဟန်း၏ ခြေရင်းအလုပ်အကျွေး ခင်ပွန်းမ,ဖြစ်၍ ဤရဟန်းအပေါ်၌ အသက်ကိုချရာတွင် အသက်အလှူကို ပေးလှူခဲ့ဖူးလေပြီ။ ငါသည် ငါ့သားအား ဤသို့ ကြီးစွာသော ကျေးဇူးဥပကာရကို ပြုဖူးခြင်းသည်လည်း အံ့ဖွယ်ရှိစွ”ဟု မြင်ရ၍ အိမ်၌နေလျက်ပင် “ထိုထက်အလွန် အထူးပြု၍ ဆင်ခြင်တော်မူပါဦးဘုရား”ဟု လျှောက်လိုက်လေ၏။

မထေရ်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် အသံကို ကြားရသဖြင့် အထူးပြု၍ တစ်ရာမြောက်သော ကိုယ်၏အဖြစ်ကို အစဉ်လျှောက်၍ အောက်မေ့လိုက်ရာ ထိုဘဝ၌ ထိုဒါယိကာမကြီးသည် မိမိအား အသက်ပေးအပ်သည်အဖြစ်ကို မြင်လေလျှင် “ဤဒါယိကာမကြီးသည် လွန်လေသောဘဝ၌ ငါ့အား ကျေးဇူးဥပကာရ ပြုဖူးခြင်းကား အံ့ဖွယ်ရှိစွ”ဟု ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ထိုဒါယိကာမကြီး၏ ကျောင်း၌ပင်လျှင် လေးပါးသော မဂ်ဖိုလ်တို့၌ ပြဿနာကို (မဂ်ဖိုလ်တရားတို့ကို ကောင်းစွာ ခွဲခြမ်း၍ မေးဖြေကာ ဟောကြားတော်မူသည် ဟူလို။) ဟောကြားတော်မူ၍ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူလေ၏။

မထင်ရှားသောရဟန်းဝတ္ထု ပြီး၏။