မာတိကာသို့ ခုန်သွားရန်

အညာမင်္ဂလာဆောင် လေးချိုးကြီး

ဝီကီရင်းမြစ် မှ
အညာမင်္ဂလာဆောင်
by သခင်ကိုယ်တော်မှိုင်း
4155အညာမင်္ဂလာဆောင်သခင်ကိုယ်တော်မှိုင်း

ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာပ
အဟုတ်ဗျို့ ဓမ္မတာအစဉ်အလာ မညှိုးခဲ့ပေဘု
အရိုးသမားကျရှေးလိုပါ့ အဘွားကလည်း ကျီတစ်ဆောင်
(ကိုမင်းရာရယ်) အမျိုးကလည်း မသေးပေဘု
အဘိုးအဖနှင့်တကွ မေးကြပါတော့
တစ်မျိုး ငါ့မြေးဖို့ရယ်လို့
(အိုကွယ်) အဘိုးက ပေးလိုက်ပါတဲ့နွားညီနောင်။

သြော် အမိအဖတို့ကလည်း
ပြည့်ပြည့် ဝဝ တွေမို့
ရှိသမျှ ကုန်ချင်ကုန်ရော့လို့
မယုံရင် ကြုံလျှင်မေးပါတော့
အလုံတစ်ခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူး
မုံရွေး ကြေးမုံ ချောင်းဦးနယ် တစ်လွှားစီက
အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဉာတကာ မိတ်တို့ကိုလ
အဖေသွားရင်သာ လာစရာ ဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့
ခြုံစရာ အကွက် ဖျင်စောင်နှစ်ခု ငဲ့ပြင်
ဂုံပုဝါပါတဘက်နှင့် ခြင်ထောင်ကလဲ တစ်ခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ဟာ တစ်ခင်းငဲ့ပြင်
ပြောင်းခင်းတစ်စလယ်ဝင်နှင့်
လယ်တစ်ရှင် စပါးနှစ်ဆယ်ထွက်ကိုလ
(ကိုမင်းရာရယ်) ရှေးအဆက်ဆက်
အကြွေးတက်တက်ပြီး
အဝေးမထွက်ရအောင်လို့တဲ့ကွယ်
ပေး လက်ဖွဲ့နှောင်။

လမ်းချိုး အရှေ့က
စမ်းဂိုးအကွေ့ခယောင်းယာမှာ
(ဟောသည်က) အထုပ်တွေ ဖြေဖြေပြီး
အကုန်သာကြဲလေရော့ဟဲ့လို့
ခရမ်းမျိုးစေ့ကောင်းစွာ
ငရုတ် ဂျုံ ကုလားပဲသာဝ
နှမ်းမျိုးသွေ့သွေ့ ပြောင်းဝါ ငပြုပ် ဖရုံပါ ဖရဲငဲ့ပြင်
ထမ်းပိုး၍ ရောင်းစရာ အထုပ် မုံလာ ခဝဲတွေနှင့်
အလုပ်စုံစရာ ကပဲရယ်လို့များလက်ဆောင်
(အို ကိုမင်းရာရဲ့) သားအတွက်ဆိုတော့
တစ်အားတက်အောင်ရယ်လို့(ကျုပ်တို့) အမေအို ကလည်း
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်း
(ကိုမင်းရာရယ်) မယားဘက်က မောင်တွေကလည်း
ပလွေတိုနှစ်စင်း။

မျိုးဆက်ကာခြုံ
အိုးခွက်ပန်းကန် အစုံနှင့်
ပြည်တစ်ခွင် သထုံ ရောက်ရာကပဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင်
ကွမ်းအစ်ပါ လွယ်အိတ်တစ်လုံးငယ်နှင့်
ပဲခူး ဘူတာမှာလေ
ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ထန်းခေါက်ဖာကလည်း တစ်လုံးပါပဲ
စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ
လူ့ထုံးစရိုက်တွင် တစ်သိန်ပြောင်လောက်တဲ့
မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနည်းပါဘူး
မွဲဖို့ရာ ကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလည်း မကောင်းချင်တော့
အထက် ဟို အညာမှာလေ
ကြက်ဆိုတာတောင်မလောင်းခဲ့ပါဘူး
အညာမြေ ဌာနေဟောင်းဆီက
အကြွေးတစ်ရာကို ဒွေးခါကလည် တောင်းပြန်ပေါ့တဲ့
(အမယ်မင်း) မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင့်
ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ ရယ်နှင့်ဝဝပြည့်ပြည့် နွားပြာ တစ်ရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ ဘာဘာညာညာရယ်လို့မငြင်းလေနှင့်
(မလေးရယ်)ရောင်းကာသာ ဆပ်လိုက်ပေတော့
ရွာ့ရှေ့ ယာတစ်ခင်း။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.