အနောမဒဿီဗုဒ္ဓဝင်
၇-အနောမဒဿီဗုဒ္ဓဝင်
သောဘိတမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် မည်ရွေ့မည်မျှ ဂဏန်းချ၍ မရေတွက်နိုင်လောက်အောင် များပြားလှစွာသော ဘုရားမပွင့်သည့် သုညကပ်ကမ္ဘာတွေ (တသင်္ချေ)ကို လွန်မြောက်ပြီးမှ တခုသောကမ္ဘာတွင် (၁) အနောမဒဿီမြတ်စွာဘုရား၊ (၂) ပဒုမမြတ်စွာဘုရား၊ (၃) နာရဒမြတ်စွာဘုရားဟူ၍ ဘုရားသုံးဆူတို့ ပွင့်တော်မူကြရာ ပဌမပွင့်တော်မူသော ဘုရားမှာ အနောမဒဿီ မြတ်စွာဘုရား ဖြစ်တော်မူလေသည်။
ထိုအနောမဒဿီမြတ်စွာဘုရား အလောင်းတော်သည် (၁၆) တဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်ဗြဟ္မာအပေါင်းတို့၏ ဘုရားဖြစ်ရန် တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်ဆင်းသက်ကာ စန္ဒဝတီ မင်းနေပြည်တော် ယသဝါမည်သော မင်းကြီး၏ ယသောဓရာ အမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋ္ဋိသန္ဓေ နေတော်မူ၏။
၃၆၄
ထူးခြားချက်တရပ်မှာ.. အနောမဒဿီမင်းသား ယသောဓရာမိဖုရားကြီး၏ ကြာတိုက်ဝမ်းသို့ သက်ရောက်လျှင်ပင် အလောင်းတော်မင်းသား၏ ကောင်းမှုအာနုဘော်ကြောင့် ပတ်ဝန်းကျင် အတောင်ရှစ်ဆယ် အတွင်း နေလတို့၏ အရောင်သော်လည်း မလွှမ်းမိုးနိုင်အောင် အရောင်အလင်းသည် ထွန်းလင်းပျံ့နှံ့၍ တည်လေသည်။
ယသောဓရာ မိဖုရားကြီးသည် ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ အလောင်းတော် အနောမဒဿီမင်းသားကို သုစန္ဒနဥယျာဉ်တော်၌ ဖွားမြင်လေသည်။
အလောင်းတော်မင်းသားကို အမည်မှည့်အံ့သောနေ့၌ အမည်မှည့်ကြမည့် ပညာရှိတို့သည် “အလောင်းတော်မင်းသား ပဋိသန္ဓေနေသောအခါ ကောင်းကင်မှ ရတနာခုနစ်ပါးတို့ တဖွားဖွား ကျရောက်လာသည်ကို အစွဲပြုကာ အနောမမည်သော ရတနာတို့ ဖြစ်ပေါ်ကြောင်းဖြစ်သောကြောင့် အလောင်းတော်၏အမည်ကို အနောမဒဿီမင်းသား”ဟူ၍ မှည့်ခေါ်ကြလေကုန်သည်။
ထီးနန်း စိုးစံတော်မူခြင်း
အလောင်းတော် အနောမဒဿီ မင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) သိရီရွှေနန်းဆောင်၊ (၂) ဥပသိရီရွှေနန်းဆောင်၊ (၃) ဝဍ္ဎရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သိရိမာမိဖုရားကြီးနှင့်တကွ ရံရွေတော်ပေါင်း (၂၃ဝဝဝ) နှစ်သောင်း သုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း (၁၀၀၀၀) တသောင်းတို့ပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်း စိုးစံတော်မူ၏။
၃၆၅
တောထွက်တော်မူခြင်း
ဤသို့ ထီးနန်းစိုးစံတော်မူရာ သိရိမာမိဖုရားကြီးမှ ဥပဝါဏ အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ အလောင်းတော် အနောမဒဿီမင်းသားသည် ရွှေထမ်းစင်စီးကာ တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသောအခါ အလောင်းတော်ကို (အားကျကာ) အတုလိုက်၍ သုံးကုဋေ အရေအတွက်ရှိသော ယောက်ျားတို့သည် ရဟန်းပြုကြကုန်၏။ ထိုရဟန်းပေါင်း သုံးကုဋေခြံရံလျက် အလောင်းတော်သည် ဆယ်လကြာအောင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလေသည်။
ဘုရားဖြစ်တော်မူခြင်း
အလောင်းတော်သူမြတ်သည် ဆယ်လကြာ ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် အနုပမအမည်ရှိသော ပုဏ္ဏားရွာသို့ ဆွမ်းခံဝင်ပြီးလျှင် အနောပမာအမည်ရှိသော သူဌေးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံရဟန်းတို့ကို စွန့်ခွာခဲ့ပြီး မဟာဗောဓိမဏ္ဍိုင်ရှိရာအရပ်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီး အကြား၌ အနောမအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ ထောက်ကြံ့ (ဖောက်ကြံ့)ပင်အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက်(၃၈) သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်အောင်မြင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၃၆၆
အနောမဒဿီ မြတ်စွာဘုရားသည် သံသရာ၀ဋ်မှ မလွတ်ရအောင် ဖွဲ့နှောင်တတ်သည့် သံယောဇန်ဆယ်မျိုး လွန်ရှည်ကြိုးကို ဖြတ်တော်မူ၍ ဘဝသုံးပါးသို့ ပြေးသွားကျင်လည်စေတတ်သော ကံတို့ကို ကမ္မက္ခယအမည်ရသော မဂ်ဉာဏ်ဖြင့် ဖျက်ဆီး တော်မူပြီးလျှင် ဗြဟ္မာနတ်လူ သတ္တဝါဟိန္ဒဂူတို့အား နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သည့်လမ်းစဉ် မဂ္ဂင်ရှစ်ပါး တရားကို ဟောကြားတော်မူနိုင်ပေ၏။
ထို အနောမဒဿီ မြတ်စွာဘုရားသည် မဟာသမုဒြာကြီးပမာ သူတပါးတို့က ချောက်ချား တုန်လှုပ်စေခြင်းငှါ မတတ်နိုင်သော ဂုဏ်ကျေးဇူးနှင့်လည်း ပြည့်စုံတော်မူပေ၏။ မြင်းမိုရ်တောင်ကြီးပမာ (ယံဝါ တံဝါ) ဟုတ်ဟုတ်ငြားငြား ပုဂ္ဂိုလ်တို့ ချဉ်းကပ်ခြင်းငှါ ခဲယဉ်းသော ဂုဏ်ကျေးဇူးနှင့်လည်း ပြည့်စုံတော်မူ၏။ ကောင်းကင်ကြီးပမာ အဆုံးအပိုင်းအခြားမရှိသော ဂုဏ်ကျေးဇူးတော်တို့နှင့်လည်း ပြည့်စုံတော်မူပေ၏။ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးပမာ လက္ခဏာတော် ကြီးငယ်တို့ဖြင့်လည်း တင့်တယ်တော်မူပေ၏။
သတ္တဝါတို့သည် အနောမဒဿီမြတ်စွာဘုရားကို ဖူးမြင်ရခြင်းဖြင့် ချမ်းကြည်ရွှင်ပျို့ နှစ်လို့ကြကုန်၏။ ဟောဖော်မိန့်ကြား တရားသံကို ကြားရကုန်သည်ရှိသော် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်ကြရကုန်၏။
တရားပွဲကြီး သုံးကြိမ်
အနောမဒဿီမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ တရားဟောရန် အာသယာနုသယဉာဏ် ဣန္ဒြိယပရောပရိယတ္တိဉာဏ် တည်းဟူသော ဗုဒ္ဓစက္ခုဖြင့်
၃၆၇
သတ္တလောကကို ကြည့်ရှုတော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုကြသည့် သုံးကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ယခုအခါ ထိုသူတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် သုဘဝတီမြို့၏အနီး သုဒဿနဥယျာဉ်ကြီး၌ နေကြသည်ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူကာ သုဒဿန ဥယျာဉ်ကြီးအတွင်း သက်ဆင်းတော်မူပြီးလျှင် ထိုရဟန်းတော်သုံးကုဋေ ခြံရံလျက် နတ်လူပရိသတ်တို့ အလယ်၌ ဓမ္မစက္ကပဝတ္တန သုတ်ဒေသနာကို ဟောကြားတော်မူလေသည်။ ထိုတရားပွဲကြီး၌ ကုဋေတရာ အတိုင်းအရှည်ရှိသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်၏။
ထိုမှနောက် အခါတပါး၌ ဩသဓိမြို့၏အနီး ပိတောက်ပင်ကြီး၏ အပါး၌ ရေမီးအစုံအစုံ တန်းခိုးပြဋိဟာကို ပြတော်မူပြီးလျှင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ ဒေသနာရွှေမိုဃ်း စွေဖြိုး ရွာသွန်းစေတော်မူသည်။ ထိုအခါ ကုဋေရှစ်ဆယ်သော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်သည်။
ထို့နောက် အခါတပါး၌ မင်္ဂလာပုစ္ဆာ ပြဿနာကို စိတ်ဖြာခွဲခြမ်း ဟောကြား ဖြေဆိုတော်မူသော တရားပွဲကြီး၌ ခုနစ်ဆယ့် ရှစ်ကုဋေသော သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေကုန်သည်။
**********
၃၆၈
သာဝကအစည်းအဝေးကြီး သုံးကြိမ်
ပဌမသန္နိပါတ
အနောမဒဿီ မြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီးလည်း သုံးကြိမ်ပင် ဖြစ်ပေ၏။ ထိုသုံးကြိမ်တို့တွင် အနောမဒဿီ မြတ်စွာဘုရားသည် သောရေယျမြို့၌ ဣသိဒတ္တမင်းအား တရားဟောတော်မူအပ်သည်ရှိသော် သဒ္ဓါတရားကြီးစွာ ဖြစ်ပွါးကြ၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြသည့် ရဟန္တာရှစ်သိန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူသည်။
ဒုတိယသန္နိပါတ
တဖန် ရာဓဝတီမြို့၌ သုန္ဒရိန္ဓရ (မဓုရိန္ဓရ)မည်သော မင်းအား တရားဟောအပ်သည်ရှိသော် သဒ္ဓါတရား ကြီးစွာ ဖြစ်ပွါးကြ၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြသည့် ရဟန္တာ ခုနစ်သိန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူသည်။
တတိယသန္နိပါတ
တဖန် သောရေယျမြို့၌ပင် သောရေယျမင်းနှင့်တကွ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြသည့် ရဟန္တာခြောက်သိန်းတို့၏ အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူသည်။
ဂေါတမမြတ်စွာဘုရားအလောင်း ဘီလူးစစ်သူကြီး ဗျာဒိတ်ခံခြင်း
အနောမဒဿီမြတ်စွာဘုရားပွင့်တော်မူသောအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် တန်းခိုးအာနုဘော်
၃၆၉
ကြီးမားလှသည့် ကုဋေပေါင်းများစွာသော ဘီလူးတို့ကို အစိုးရသော ဘီလူးစစ်သေနာပတိကြီး ဖြစ်တော်မူကာ “လောက၌ မြတ်စွာဘုရား ပွင့်နေသည်”ဟူသော သတင်းစကား ကြားသိရ၍ ဘုရားထံမှောက် လာရောက်ပြီးလျှင် အလွန်တင့်တယ် ရှုချင်ဖွယ်ရာ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော မဏ္ဍပ်ကြီးကို ဖန်ဆင်းပြီးလျှင် ထိုရတနာမဏ္ဍပ်အတွင်း၌ ဘုရားအမှူးရှိသော သံဃာတော်အား ခုနစ်ရက်ပတ်လုံး ဆွမ်းအဖျော် အစရှိသည့် ကြီးစွာသော အလှူဒါနကို ပေးလှူလေသည်။
ထိုအခါ အလောင်းတော် ဘီလူးစစ်သူကြီးကို အနောမဒဿီ မြတ်စွာဘုရားသည် ဆွမ်းနှင့်စပ်၍ ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာတရား ဟောကြားရာတွင် “ဤကမ္ဘာမှနောက် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်မြောက်သောအခါ၌ ဤဘီလူးစစ်သူကြီးသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်ကြားတော်မူ၏။
အနောမဒဿီ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားသိရလျှင် အလောင်းတော်သည် အလွန်ဝမ်းမြောက်ရွှင်ဖိတ် လန့်ထိတ်သော စိတ်နှလုံးရှိတော်မူကာ ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် လုံ့လပြုတော်မူလေသည်။
မြို့တော်စသည်ကို ပြဆိုချက်
အနောမဒဿီ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ စန္ဒဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ ယသဝါမင်းကြီး, မယ်တော်မှာ ယသောဓရာ မိဖုရားကြီးတို့ ဖြစ်ကြသည်။
ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၁၀၀၀၀) တသောင်းဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သိရိစံနန်းတော်, ဥပသိရိစံနန်းတော်, ဝဍ္ဎစံနန်းတော်တို့ ဖြစ်ကုန်၏။
၃၇၀
အဂ္ဂဒေဝီ မဟေသီမိဖုရားကြီးမှာ ရံရွေတော်ပေါင်း နှစ်သောင်းသုံးထောင် အခြံအရံရှိသည့် သိရိမာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ ဥပ၀ါဏမင်းသား ဖြစ်လေသည်။
နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသောယာဉ်မှာ ရွှေထမ်းစင်ဖြစ်၍ ဆယ်လကြာအောင် ဒုက္ကရစရိယာ ကျင့်တော်မူရသည်။
အဂ္ဂသာဝကအစုံတို့မှာ နိသဘမထေရ်နှင့် အနောမမထေရ်တို့ဖြစ်၍ အလုပ်အကျွေး မှာ ဝရုဏမထေရ် ဖြစ်လေသည်။
အဂ္ဂသာဝိကာ အစုံတို့မှာ သုန္ဒရီထေရီမနှင့် သုမနာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်ကား ထောက်ကြံ့ (ဖောက်ကြံ့)ပင်ဗောဓိ ဖြစ်လေသည်။
မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ နန္ဒိဝဍ္ဎသူဌေးနှင့် သိရိဝဍ္ဎသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဥပ္ပလာဥပါသိကာနှင့် ပဒုမာ ဥပါသိကာတို့ ဖြစ်ကြကုန်၏။
အနောမဒဿီ မြတ်စွာဘုရား၏ အရပ်တော်မှာ (၅၈) ငါးဆယ့်ရှစ်တောင်မြင့်လျက် ထွန်းတက်သော နေလုင်ကဲ့သို့ ရောင်ခြည်တော်မှာ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာတိုင်အောင် ထွက်ကွန့်တော်မူလေသည်။
အနောမဒဿီ မြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၁၀၀၀၀၀) တသိန်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံလေးပုံ) တည်နေတော်မူလျက် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။
မြတ်သော တရားစကားတော် တည်းဟူသော အနောမဒဿီ မြတ်စွာဘုရား၏ သာသနာတော်သည် လောကဓံတရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ တာဒိဂုဏ်ရှင် ဖြစ်တော်မူကြသော
၃၇၁
ရာဂကင်းကွာ ကိလေသာ အညစ်အကြေး ကင်းဝေးတော်မူကြသည့် ရဟန္တာသခင် အရှင်မြတ်တို့ဖြင့် ပွင့်လင်း တင့်တယ်ခဲ့လေပြီ။
သံဝေဂ
မနှိုင်းရှည်နိုင်သော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူသည့် ထိုအနောမဒဿီ မြတ်စွာဘုရားသည်၎င်း, အတုမရှိသောဂုဏ်နှင့် ပြည့်စုံကြသည့် သာဝကအစုံ အစရှိသည်တို့သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။
စေတီတော်
မာရ်ငါးပါးကို အောင်တော်မူပြီးသော အနောမဒဿီ မြတ်စွာဘုရားသည် ဓမ္မာရာမခေါ်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူခဲ့၏။ ထိုအရာမ်အတွင်းမှာပင် တည်ထားအပ်သော ထိုအနောမဒဿီ မြတ်စွာဘုရား၏ စေတီတော်ကြီးသည် နှစ်ဆယ့်ငါးယူဇနာ မြင့်တော်မူ၏။
**********