အဘိဓမ္မာ အခါတော်နေ့
သင်ခန်းစာ (၃၉)
[ပြင်ဆင်ရန်]အဘိဓမ္မာအခါတော်နေ့
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာ မြန်မာတို့သည် သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု ခေါ်ကြ သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ်တွင် တာဝတိံသာနတ်ပြည်၊ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်၌ မွေးကျေးဇူးဆပ်သည့်အနေဖြင့် မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတနတ်သား အမှူးရှိသော နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာတရားတော်ကို အကျယ်နည်းဖြင့် ဝါတွင်းသုံးလပတ်လုံး ဟောကြားတော် မူခဲ့သည်။
မြတ်စွာဘုရားသည် အဘိဓမ္မာတရား ဟောကြားနေစဉ် နတ်တို့၏ အာဟာရကို မဘုဉ်းပေးဘဲ လူတို့၏ အာဟာရကိုပင် ဘုဉ်းပေးတော်မူသည်။ နေ့စဉ် ဆွမ်းခံချိန်ရောက်လျှင် မြတ်စွာဘုရားရှင် သည် မိမိကိုယ်စား ဆက်လက်ဟောတော်မူရန် နိမ္မိတရုပ်ပွားတော် တစ်ဆူကို ဖန်ဆင်းထားခဲ့ပြီး မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူ၏။ ထို့နောက် အနောတတ်အိုင်အနီးတွင် ဆွမ်းဘုဉ်းပေးတော်မူ ပြီးလျှင် နေ့ခင်းအချိန်၌ စန္ဒကူးတောသို့ ကြွရောက်သီတင်းသုံးတော်မူသည်။
ထိုအချိန်တွင် အရှင်သာရိပုတ္တရာမထေရ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ ဝတ်ကြီးဝတ်ငယ် ပြုတော်မူသည်။ မြတ်စွာဘုရားရှင်သည် နတ်ပြည်၌ ဟောကြားခဲ့သော အဘိဓမ္မာဒေသနာတော်ကို အရှင်သာရိပုတ္တရာမထေရ်အား အကျဉ်းမျှ ပြန်လည်ဟောကြားတော်မူ၏။ အရှင်သာရိပုတ္တရာ မထေရ်သည် အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့၍ သိမြင်တော်မူသည်။ အရှင်သာရိပုတ္တရာ မထေရ်သည် ဘုရားရှင်ထံမှ ကြားနာခဲ့ရသော အဘိဓမ္မာဒေသနာတော်ကို မိမိ၏ တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် ပြန်လည် ဟောကြားတော်မူသည်။
မြတ်စွာဘုရားက နတ်ဗြဟ္မာအပေါင်းတို့နှင့် အရှင်သာရိပုတ္တရာကို ဟောတော်မူခြင်း၊ အရှင် သာရိပုတ္တရာက တပည့်ရဟန်း ၅၀၀ တို့အား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းတို့သည် သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးခြင်းသို့ ရောက်လေသည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြခြင်း ဖြစ်၏။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်း သံဃာတော်များ ဝါတွင်းသုံးလပတ်လုံး ခရီးမသွားဘဲ မိမိကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်၍ နေတော်မူခြင်း ပြီးမြောက်သောနေ့လည်း ဖြစ်သည်။ ရဟန်းသံဃာတော်များ အချင်းချင်း အပြစ်ရှိက ထောက်ပြပြောဆိုကြရန် တောင်းပန်ကြသည့် မဟာပဝါရဏာနေ့လည်း ဖြစ်သည်။
မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားပြီး လူ့တို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့ညတွင် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် ပြန်လည် ဆင်းသက်တော်မူလာသည်။ ထိုသို့ဆင်းသက်တော်မူရာတွင် နတ်ပရိသတ်တို့က လက်ယာဘက် ရွှေစောင်းတန်း၊ ဗြဟ္မာပရိသတ်တို့က လက်ဝဲဘက်ငွေစောင်းတန်း၊ မြတ်စွာဘုရားရှင်က အလယ်ပတ္တမြား စောင်းတန်းဖြင့် ကြွချီတော်မူလာသည်။
မြတ်စွာဘုရားရှင် လူ့ပြည်သို့ ပြန်လည်သက်ဆင်းသည့်အချိန်တွင် ဆီမီးရောင် အစုံစုံတို့ဖြင့် ထူးထူးကဲကဲ ကြိုဆိုပူဇော်ကြသည်။ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့တိုင်း မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ကြသည်။ ဗုဒ္ဓဘာဘာဝင် မြန်မာလူမျိုးတို့ကလည်း သီတင်းကျွတ်လပြည့်နေ့ (သို့မဟုတ်) အဘိဓမ္မာအခါတော်နေ့ကို နေ့ထူး နေ့မြတ်အဖြစ် အစဉ်အဆက် သတ်မှတ်လာခဲ့ကြပြီး မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့အား ပူဇော် ကန်တော့ခြင်း၊ အပြစ်ရှိက ဝန်ချတောင်းပန်ခြင်း၊ မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်ခြင်း၊ ပရိတ်၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းစသော ကောင်းမှုမင်္ဂလာ အဖြာဖြာတို့ကို ပြုလုပ်လေ့ရှိ ကြသည်။
အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်တင်သံ
[ပြင်ဆင်ရန်]၁။ ခုနစ်ဝါမြောက်၊ ဘုန်းတောက်လျှံဝေ၊
ကရုဏာပွား၊ မြတ်ဖျားစိန္တေ၊
သတ္တဝါများ၊ သနားငဲ့ပေ၊
ဝတိံနန်း၊ ကြွမြန်းလာခဲ့ချေ။
၂။ မြင်းမိုရ်မြင့်နန်း၊ တင့်ဆန်းပြည်သာ၊
မြရိပ်ဝါဝင်း၊ သာခင်းတည်စွာ၊
ကသစ်ပင်ရင်း၊ စီခင်းနေရာ၊
ကျောက်ဖျာထက်၊ စံလျက်တည်သောအခါ။
၃။ မယ်တော်နတ်မှူး၊ မြတ်ဦးထင်စွာ၊
နတ်ဗြဟ္မာပေါင်း၊ ခ,ညောင်းယူနာ၊
သုံးလဝါတွင်း၊ ရှင်ရင်းမိန့်ရာ၊
မြတ်ဓမ္မ၊ သတ္တ ဘိဓမ္မာ။
၄။ နောင်တွင်မပျက်၊ အဆက်တည်ရာ၊
နိမ္မိတပွား၊ ဘုရား ကြွလာ၊
လက်ျာရံဘိ၊ သာရိပုတ္တာ၊
တစ်ဆင့်ဟော၊ မြင့်မော ဘိဓမ္မာ။
၅။ လူ့ပြည်လူသား၊ နာကြားစေရာ၊
ရှင်တော်ညွှန်းပြ၊ ခွန်းဟမြွက်သာ၊
ပညာခေါင်ထိ၊ သာရိပုတ္တာ၊
လယ်အလတ်၊ မိန့်အပ် ဘိဓမ္မာ။
၆။ လင်းနို့ဖြစ်ဖူး၊ သစ်ထူးဂုဏ်ရည်၊
ငါးရာရဟန်း၊ နာခန်းကြုံပြီ၊
ကျူးရင့်သံလွတ်၊ ဝါကျွတ်အမီ၊
ပြီးအဆုံးနိဂုံးပြိုင်ခဲ့သည်။
၇။ သို့လျှင် နေ့ထူး၊ ကြုံဖူးလေရာ၊
ဘိဓမ္မာနေ့၊ မှတ်လေ့အခါ၊
ညီညာပေါင်းစု၊ ကောင်းမှုကြည်သာ၊
သံပြိုင်လွတ်၊ ဆိုရွတ် ဘိဓမ္မာ။
(မင်းကွန်းတိပိဋက ဆရာတော်)
ပန်းချီမောင်ကျော်
“အဘိဓမ္မာအခါတော်”
[ပြင်ဆင်ရန်]အဘိဓမ္မာဒေသနာ
ဘုရားမြတ်စွာ ဟောပေရာ
တာဝတိံသာ နတ်ပြည်မှာ။
တပြိုင်တည်းမှာ ဟောဖော်ကြား
သာရိပုတ္တရာမထေရ်အား
တဆင့်နာကြား သူငါများ။
သီတင်းကျွတ်ည လပြည့်ခါ
တရားမြတ်ကို ဟောပြီးရာ
သက်ဆင်းကြွမြန်း လူ့ပြည်ရွာ၊
ပူဇော်ဖြာဖြာ မြတ်ဆီမီး
စောင်းတန်းသွယ်မှာ ရှုမငြီး
အဘိဓမ္မာ အခါတော်ကြီး။ ။