အရာရာကို ချင့်ချိန်ပါ
သင်ခန်းစာ (၃၆) အရာရာကို ချင့်ချိန်ပါ
[ပြင်ဆင်ရန်]ရှေးလွန်လေပြီးသောအခါက သာဝတ္ထိပြည်တွင် သူဌေးသမီးတစ်ယောက် ရှိသည်။ မိဘများက အလိုလိုက်ထားသောကြောင့် ထိုသူဌေးသမီးသည် ပညာဗဟုသုတ လေ့လာဆည်းပူးခြင်းမရှိဘဲ ဆော့ ကစား၊ ပျော်ပါးခြင်းဖြင့်သာ အချိန်ကုန်နေ၏။
ဤသို့ဖြင့် သူဌေးသမီး အရွယ်ရောက်လာသောအခါ မိဘများက အိမ်ထောင် ချပေးချင်ကြသည်။ ထို့ကြောင့် အခြားမြို့တစ်မြို့မှ သူဌေးသားတစ်ယောက်နှင့် လက်ထပ်ပေးရန် စီစဉ်၍ မင်္ဂလာပွဲ ကျင်းပရန်လည်း ရက်သတ်မှတ်ထားလေသည်။
တစ်နေ့တွင် သူဌေးသမီးသည် မိမိအိမ်၌ နွားလားဥသဘ တစ်ကောင်အား တယုတယ ကျွေးမွေး နေသည်ကို မြင်၍ “ဪ ကျောပေါ်မှာ ဘုကြီးရှိတဲ့ နွားက မြင့်မြတ်လို့ တယုတယ ကျွေးမွေးနေတာဖြစ်ရမယ်”ဟု တွေးမိကာ ဘုရှိသော နွားလားဥသဘကို မြင့်မြတ်သည်ဟု သတ်မှတ် လိုက်လေသည်။ တစ်နေ့တွင် သူဌေးသမီးသည် ကျောပေါ်တွင် ဘုရှိသော လူတစ်ယောက် အိမ်ရှေ့မှ ဖြတ်သွား သည်ကို တွေ့လိုက်သည်။ သို့ဖြစ်၍ သူဌေးသမီးသည် “ဘုရှိတဲ့ နွားလားဥသဘဟာ မြင့်မြတ်သလို ဘုရှိတဲ့ ယောက်ျားဟာလည်း မြင့်မြတ်သူပဲ ဖြစ်ရမယ်၊ ဒီယောက်ျားဥသဘခြေရင်းမှာ နေပြီး အလုပ်အကျွေးပြုရရင် ကောင်းမယ်”ဟု တွေးမိ၏။ ထို့ကြောင့် မိဘများ မသိအောင် လက်ဝတ်ရတနာနှင့် ပစ္စည်းဥစ္စာအချို့ကို ယူ၍ ကျောပေါ်တွင် ဘုရှိသော ယောက်ျားနောက်သို့ လိုက်သွားလေသည်။
ထို့သို့ ထွက်ပြေးလာရင်း မှောင်လာသောအခါ သူတို့နှစ်ယောက်သည် ဇရပ်တစ်ဆောင်တွင် အနားယူ အိပ်စက်ကြသည်။ သူဌေးသမီးက ဘုရှိသော ယောက်ျား၏ ခြေရင်းတွင် အိပ်သည်။ ထိုအဖြစ် အပျက်ကို သိကြသော လူများက သူဌေးသမီးကို ဝိုင်းဝန်း အပြစ်တင်ကြ၏။ နောက်တစ်နေ့ နံနက် တွင် ... သတို့သားလောင်းက သူဌေးသမီးကို လိုက်ရှာရင်း ဇရပ်သို့ ရောက်လာသောအခါ ဘုရှိသည့် ယောက်ျား၏ ခြေရင်း၌ အိပ်နေသည်ကို တွေ့ရသည်။ အကျိုးအကြောင်းကို သိလို၍ သူဌေးသမီးကို မေးရာ ဘုရှိသော ယောက်ျားကို မြင့်မြတ်သည်ဟု ထင်မှတ်၍ လိုက်ပြေးလာကြောင်း ပြောပြလေ၏။ သတို့သား လောင်းကလည်း အကြောင်းအကျိုးပြ၍ ပြစ်တင်ဆုံးမလေသည်။
ထိုအခါ သူဌေးသမီးသည် သူ၏ ပညာဉာဏ် နည်းပါးစွာ လုပ်လိုက်သည့်လုပ်ရပ်ကို နားလည် သဘောပေါက်သွားသည်။ ထို့ကြောင့် “ဒီနေ့ကစပြီး ပညာဗဟုသုတကို ကြိုးစားဆည်းပူးပါမယ်၊ အရာရာကိုလည်း ပညာဆင်ခြင်ဉာဏ်နဲ့ ချင့်ချိန် ဆောင်ရွက်ပါမယ်”ဟု သတို့သားလောင်းကို ကတိပေး၍ မိဘများအိမ်သို့ ပြန်လိုက်သွားလေသည်။