အရှင်ကင်္ခါရေဝတ မထေရ်အကြောင်း
(၁၅) အရှင်ကင်္ခါရေဝတမထေရ်အကြောင်း
(က) မထေရ်၏ ရှေးဆုတောင်း
ဤကင်္ခါရေဝတမထေရ်သည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်၌ ရှေးမထေရ်အလောင်း သူတော်ကောင်းတို့ နည်းတူ လူများအပေါင်းနှင့် အတူတကွ ကျောင်းတော်သို့သွား၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားနာသည်ရှိသော် မြတ်စွာဘုရားရှင်က ရဟန်း တပါးကို “ဈာယီ = ဈာန်ဝင်စားကြသော ရဟန်း”တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ထားတော်မူသည်ကို တွေ့မြင်လတ်၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ပင် ဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်ကာ တရားပွဲ ပြီးဆုံးသောအခါ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ရှေးမထေရ်အလောင်းများနည်းတူ ခုနစ်ရက်ပတ်လုံး ကြီးစွာသော ပူဇော်သက္ကာရမှု ပြုပြီးလတ်သော် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်သည် ဤအဓိကာရကောင်းမှု ကုသိုလ်ကံကြောင့် အခြားတပါးသော စည်းစိမ်များကို မတောင့်တ၊ စင်စစ်သော်ကား အရှင်ဘုရားတို့သည် ဤနေ့မှအထက် လွန်ခဲ့သော ခုနစ်ရက်က ဈာန်ဝင်စားလေ့ရှိသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူအပ်သော ရဟန်းကဲ့သို့ပင် တပည့်တော်သည်လည်း နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ဈာန်ဝင်စားလေ့ရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု လျှောက်ဆိုကာ ဆုတောင်းပတ္ထနာမှု ပြုလေ၏။
၂၆၉
ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့် ဆင်ခြင်တော်မူလတ်သော် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် ပြည့်စုံလိမ့်မည်ကို မြင်တော်မူ၍ “နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ထင်ရှား ပွင့်တော်မူလိမ့်မည်၊ ထိုဘုရား၏ သာသနာ၌ သင်သည် ဈာန်ဝင်စားသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်”ဟု ဗျာဒိတ်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။
(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း
ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ကမ္ဘာတသိန်း ကာလပတ်လုံး (အပါယ်လေးပါး မလားမရောက်ပဲ) နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည် မဟာဘောဂသူကြွယ်မျိုး သူဌေးမျိုး၌ ဖြစ်၍ အမည်အားဖြင့် ရေ၀တ-ဟု အမည်တွင်လေသည်။ ရေ၀တ သူဌေးသားသည် တနေ့သ၌ နေလွဲအခါ ကျောင်းတော်သို့ တရားနာရန် သွားရောက်ကြသော လူများအပေါင်းနှင့် အတူတကွ ဇေတဝန်ကျောင်းတော်သို့ သွားရောက်၍ ပရိသတ်အစွန်၌ ရပ်တည်ကာ မြတ်စွာဘုရား၏ တရားစကားကို နာကြားရသည် ရှိသော် သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုပြီးနောက် မြတ်စွာဘုရား အထံတော်မှ ကမ္မဋ္ဌာန်းတရားကို နာယူကာ သမာဓိပရိကံ စီမံပြုလုပ် အားထုတ်လတ်သည်ရှိသော် လောကီဈာန်ရ ရဟန်းဖြစ်၍ ဈာန်ကိုပင် အခြေပါဒကပြုကာ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလတ်သည်တွင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်လေ၏။
(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း
ထိုအရှင် ကင်္ခါရေဝတမထေရ်သည် မြတ်စွာဘုရား ဝင်စားတော်မူအပ်သော သမာပတ်တို့တွင် အနည်းငယ်မျှသာ သမာပတ်တို့ကို ထား၍ များစွာသော သမာပတ်တို့ကို ဝင်စားလျက်
၂၇၀
နေ့နေ့ညဉ့်ညဉ့် ဈာန်တရားတို့၌ လေ့လာ နိုင်နင်းတော်မူလေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်ကင်္ခါရေဝကမထေရ်အား-
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဈာယီနံ ယဒိဒံ ကင်္ခါရေ၀တော = ရဟန်းတို့.. ဈာန်ဝင်စားလေ့ ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကင်္ခါရေဝတ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ဈာန်ဝင်စားသောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။
ကင်္ခါရေ၀တဟု အမည်ရခြင်းအကြောင်း
အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ရာဇဂြိုဟ်ပြည်သို့ ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် အရှင်ကင်္ခါရေဝတသည် လမ်းခရီးအကြား၌ တင်လဲချက်ရာ တင်းကုပ် (ထန်းလျက်တင်လဲချက်ရာ တဲကုပ်)သို့ ဝင်၍ မုန့်ညက်နှင့် ဖွဲထည့်သော တင်လဲကို (တင်လဲထန်းလျက်ခဲ ပြုရာဝယ် မာကျောအောင် တင်လဲ ထန်းလျက်ထဲ၌ မုန့်ညက်မှုန့် အနည်းငယ်နှင့် ဖွဲ ထည့်နေကြသည်ကို) မြင်ရသောကြောင့် “အာမိသနှင့် တကွသော တင်လဲ ထန်းလျက်သည် မအပ် = တင်လဲထန်းလျက်ထဲ၌ မုန့်ညက်နှင့် ဖွဲတည်းဟူသော အာမိသ ပါရှိနေသောကြောင့် မအပ်၊ တင်လဲ ထန်းလျက်ကို နေလွဲသောအခါ သုံးဆောင်ခြင်းငှါ) မအပ်”ဟု ယုံမှားတွေးတောမှု သံသယကုက္ကုစ္စ ရှိသည်ဖြစ်၍ သူ၏တပည့် ပရိသတ်နှင့်တကွ တင်လဲထန်းလျက် နေလွဲအခါ၌ မသုံးဆောင်ချေ။
ထိုမထေရ်၏စကားကို ယုံကြည်ကိုးစား လိုက်နာကြသော ရဟန်းတို့သည်လည်း တင်လဲကို မသုံးဆောင်ကြကုန်။ မြတ်စွာဘုရားရှင်အား ရဟန်းတို့က ထိုအကြောင်းကို လျှောက်ထားကြသောအခါ
၂၇၁
မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. အဘယ့်ကြောင့် တင်လဲ၌ မုန့်ညက်နှင့် ဖွဲကို လူများ ထည့်ကြသနည်း”ဟု မေးတော်မူ၏။ ရဟန်းတို့က “မာကျောစိမ့်သောငှါ ထည့်ပါကုန်၏ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့.. အကယ်၍ မာကျောစိမ့်သောငှါ တင်လဲ၌ မုန့်ညက်မှုန့်နှင့် ဖွဲကို လူတို့ထည့်ကြလျှင် ထိုထည့်သော မုန့်ညက်မှုန့်နှင့် ဖွဲ့သည် တင်လဲဟူသော အရေအတွက်သို့ ရောက်သည်သာတည်း။ ရဟန်းတို့.. အလိုရှိတိုင်း တင်လဲကို သုံးဆောင်ခြင်းငှါ ငါဘုရား ခွင့်ပြု၏”ဟု အနုညာတသိက္ခာပုဒ် ခွင့်ပြု ပညတ်တော်မူလေသည်။
အရှင်ကင်္ခါရေဝတသည် လမ်းခရီးအကြားဝယ် ကျင်ကြီး၌ အပင်ပေါက်သော ပဲနောက်ကို မြင်ရ၍ “ပဲနောက်တို့သည် မအပ်ကုန်၊ ကျက်ပြီးသော ပဲနောက်များသည်လည်း အပင်ပေါက်ကုန်၏”ဟု မိန့်ဆိုကာ မအပ်ဟု ယုံမှား တွေးတောမှု သံသယကုက္ကုစ္စ ရှိသည်ဖြစ်၍ သူ၏တပည့် ပရိသတ်နှင့်တကွ ပဲနောက်ကို မသုံးဆောင်။ ထိုမထေရ်၏ စကားကို ယုံကြည်ကိုးစား လိုက်နာကြသော ရဟန်းတို့သည်လည်း ပဲနောက်ကို မသုံးဆောင်ကြကုန်။ မြတ်စွာဘုရားရှင်အား ရဟန်းတို့က ဤအကြောင်းကို လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ကျက်ပြီးသော ပဲနောက်တို့ကို အပင်ပေါက်စေကာမူ အလိုရှိတိုင်း သုံးဆောင်ခြင်းငှါ ငါဘုရား ခွင့်ပြု၏”ဟု အနညာတသိက္ခာပုဒ် ခွင့်ပြု ပညတ်တော်မူလေသည်။ (ဤအကြောင်းများကား ဝိနည်းမဟာဝါ ၆-ဘေသဇ္ဇက္ခန္ဓက ပိဋကတ်မြန်မာပြန် စာမျက်နှာ ၃ဝ၃၊ ၃၀၄-တို့၌ လာ၏။)
ဤသို့လျှင် ဤယခု အရှင်ရေဝတမထေရ်သည် အပ်စပ်သော ဝတ္ထုတို့၌ပင် မအပ်စပ်ဟု တွေးတောယုံမှားမှု ဝိနယကုက္ကုစ္စ အားကြီးလှသောကြောင့် ကင်္ခါရေဝတမထေရ်ဟု အမည်တွင်လေသည် = တွေးတောယုံမှားမှု အားကြီးသော ရေ၀တမထေရ်ဟု ဆိုလိုသည်။
၂၇၂
ထိုမှတပါး ဤကင်္ခါရေဝတ မထေရ်နှင့်စပ်သော တရားတို့ကို အပဒါန် ပါဠိအဋ္ဌကထာ, ထေရဂါထာ အဋ္ဌကထာ- စသည်တို့မှ ထုတ်နုတ်မှတ်ယူရာ၏။
ဤကား အရှင်ကင်္ခါရေဝတမထေရ် အကြောင်းတည်း။
**********