မာတိကာသို့ ခုန်သွားရန်

အရှင်ဗာဟိယ- ဒါရုစီရိယ မထေရ်အကြောင်း

ဝီကီရင်းမြစ် မှ
4283မဟာဗုဒ္ဓဝင် — (၂၇) အရှင်ဗာဟိယ- ဒါရုစီရိယ မထေရ်အကြောင်းမင်းကွန်းဆရာတော်

(၂၇) အရှင်ဗာဟိယ-ဒါရုစီရိယမထေရ်အကြောင်း

(ဤမထေရ်၏ အမည်ရင်းမှာ ဗာဟိယတိုင်း၌ ဖွားမြင်သူဖြစ်သောကြောင့် “ဗာဟိယ”ဟူ၍ ဖြစ်လေသည်။ ထိုဗာဟိယသည် နောက်တချိန်၌ ဖော်ပြလတ္တံ့သော ဝတ္ထုအတိုင်း သစ်သားမျှင်တို့ကို အဝတ်ပြုကာ ဝတ်၍နေ၏၊ ထို့ကြောင့် “ဒါရုစီရိယ = သစ်သားမျှင်အဝတ်ကို ဝတ်သောသူ”ဟု အမည်တွင်ပြန်လေသည်။ အမည်နှစ်ရပ်ကို ပေါင်းစပ်၍ ဤမထေရ်ကို “ဗာဟိယ-ဒါရုစီရိယမထေရ်”ဟု ခေါ်တွင်လေလည်)။

(က) မထေရ်၏ ရှေးဆုတောင်း

     ဤဗာဟိယ-ဒါရုစီရိယ မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော် တပါးကို “မဂ်ဖိုလ်အသိဉာဏ်ကို လျင်မြန်စွာ ရရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌



၃၉၈

ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

တောင်ထိပ်တက်၍ ရဟန်းတရားအားထုတ်ခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကဿပမြတ်စွာ သာသနာ ဆုတ်ယုတ်သောအခါဝယ် အောက် အရှင်ဒဗ္ဗမထေရ်၏ ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အဖော်ရဟန်းတို့နှင့် အတူတကွ(အောက် အရှင်ဒဗ္ဗဝတ္ထု စာမျက်နှာ ၃၇၈-၌ ကြည့်ပါ။) တောင်ထိပ်သို့ တက်ရောက်ကာ ရဟန်းတရား အားထုတ်၍ စင်ကြယ်သော, ပြည့်စုံသော သီလရှိသူ ဖြစ်ရကား အသက်အဆုံး၌ နတ်ပြည်ဝယ် ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသား နတ်သားသည် ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်၌သာ စံနေ၍ ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ဗာဟိယတိုင်း၌ အမျိုးကောင်းအိမ်ဝယ် အမျိုးကောင်းသား ဖြစ်၍လာလေသည်။ ထိုဗာဟိယ အမျိုးကောင်းသားသည် အရွယ်သို့ ရောက်လတ်သော် အိမ်ရာတည်ထောင် လူ့ဘောင်၌ စိုးအုပ်နေထိုင်လျက် တနေ့သောအခါ “ငါသည် ကုန်သွယ်မှုကို ပြုပေအံ့”ဟု ကြံစည်ကာ သုဝဏ္ဏဘူမိသို့သွားမည့် စက်လှေကို စီးနင်းလိုက်ပါ၍ သွားလေ၏။ ထိုသူတို့ စီးနင်းလိုက်ပါသွားသော လှေသည် လိုရာအရပ်သို့ မရောက်ပဲ သမုဒြာအတွင်းမှာပင် ပျက်ခဲ့လေ၏။ လှေ သင်္ဘောပါ လူများအပေါင်းသည် ငါး,လိပ်တို့၏အစာ ဖြစ်ကြရလေ၏။

     ဤဗာဟိယ အမျိုးကောင်းသားသည်ကား ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် အသက်မသေပဲ သစ်သားပိုင်းတခုကို ဆွဲကိုင်



၃၉၉

အမှီပြုရ၍ ခုနစ်ရက်မြောက်သောနေ့၌ သုပ္ပါရကဆိပ်ကမ်းဝယ် ကမ်းသို့တက်မိ၍ လူတို့နေရာအရပ်သို့ ရောက်လတ်သည်ရှိသော် “အဝတ်မဝတ်သော ယခု ငါ့အသွင်ဖြင့် လူအများတို့သို့ ချဉ်းကပ်ရန် မသင့်လျော်ချေ”ဟု ဆင်ခြင်မိ၍ မနီးမဝေးသော အရပ်၌ရှိသော တဖက်ဆည်ကန်ကြီးမှ မှော်သိုက်အုံတခုကို ယူဆောင်ကာ ကိုယ်ကို ရစ်ပတ်ပြီးနောက် တနေရာ၌ ကျရောက်နေသော ခွက်ဆွေးတခုကို ကောက်ယူ၍ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်လေ၏။

     လူများသည် ဗာဟိယကို မြင်ကြလေလျှင် “လောက၌ ရဟန္တာပုဂ္ဂိုလ်များ အကယ်၍ ရှိကြမည်ဆိုလျှင် ဤအရှင်မြတ်ကဲ့သို့ သဘောရှိသူတို့သာ ဖြစ်လေရာ၏၊ အသို့နည်း အရှင်သူမြတ်သည် ဥက္ကဌ်အကျင့်ကို ကျင့်သူဖြစ်သောကြောင့်တည်း အဝတ်ကို မခံယူသလော၊ သိုမဟုတ် လှူအပ်လျှင် ခံယူလေရာမည်လော”ဟု စုံစမ်းလိုကြသဖြင့် အထူးထူးသော အရပ်တို့မှ အဝတ်များကို ယူဆောင် ပေးလှူကြလေသည်။ ဗာဟိယသည် “အကယ်၍များ ငါသည် ဤယခု အသွင်အမူဖြင့် မလာရောက်ခဲ့လျှင် (=သားနားသပ်ယပ်စွာ ဝတ်ဆင်၍ လာရောက်ခဲ့လျှင်) ဤလူများသည် ငါ့အား မကြည်ညိုကြကုန်လေရာ၊ တစုံတခုပြုလုပ်ကာ ဤလူများကို လှည့်ဖြား၍ အသက်ရှင်ကြောင်း ဥပါယ်ကောင်းတခုတော့ ပြုမှ သင့်တော်တော့မည်”ဟု ကြံစည်၍ အလိုနည်းသောဟန်ဖြင့် ထိုလူများ လှူအပ်သည့် အဝတ်များကို မခံယူပဲ နေလေ၏။ လူတို့သည် အတိုင်းထက်အလွန် ကြည်ညိုကြ၍ ကြီးစွာသော ပူဇော်သက္ကာရမှုကို ပြုကြလေကုန်၏။

     ဗာဟိယသည်လည်း ဆွမ်းကိစ္စ ပြုပြီးလတ်သော် (=ထမင်းစားပြီးလတ်သော်) ထိုရွာနှင့် မနီးမဝေးသော အရပ်၌ တည်ရှိသည့် နတ်ကွန်းတခုသို့ သွားရောက်လေ၏။ လူများသည် ဗာဟိယနှင့် အတူတကွပင် လိုက်ပါသွားကြ၍ ထိုနတ်ကွန်း = နတ်စင်ကို သုတ်သင်ရှင်းလင်း၍ ပေးကြလေကုန်၏။ ထို့နောက် ဗာဟိယသည် “ဤလူများကား ငါ့အား မှော်သိုက်ကို ဝတ်ကာမျှဖြင့်ပင်



၄၀၀

ဤသို့သော ပူဇော်သက္ကာရမှုကို ပြုကြကုန်၏။ ထိုလူများအပေါ်၌ ငါသည် ဥက္ကဌ် အကျင့်ရှိသူကဲ့သို့ ဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်၍ ပေါ့ပါးသော သစ်ပျဉ်ချပ်များကို ရှာဖွေယူဆောင်ကာ ပါးပါးလွှာလျက် လျှော်မျှင်များ၌ ကုံးသီပြီးလျှင် သစ်သားအဝတ် ပြုလုပ်ကာ ဝတ်ရုံ၍ အသက်မွေးမှုပြုကာ နေလေ၏။ (ဤအချိန်မှစ၍ သူ၏အမည်မှာ ဗာဟိယ-ဒါရုစီရိယ = သစ်သားအဝတ်ကို ဝတ်သည့် ဗာဟိယ-ဟူ၍ တွင်မည်လေ၏)။

ဗြဟ္မာကြီး လာရောက်သတိပေးခြင်း

     ထို့နောက် ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်သောအခါက အတူတကွ တောင်ထိပ်တက်၍ ရဟန်းတရား အားထုတ်ခဲ့ကြသော ရဟန်းခုနစ်ပါးတို့အနက် ဒုတိယမထေရ်သည် အနာဂါမိဖိုလ်သို့ရောက်၍ သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဖြစ်ခဲ့လေသည်။ ထိုဗြဟ္မာသည် သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးသည်၏ အခြားမဲ့မှာပင် မိမိရရှိအပ်သော ဗြဟ္မာ့စည်းစိမ်ကို ကြည့်ရှု၍ လာရာအရပ်ကို ဆင်ခြင်လတ်သော် သူငယ်ချင်းရဟန်း ခုနစ်ပါးတို့ တောင်ထိပ်သို့ တက်ရောက်၍ ရဟန်းတရား ပွါးများအားထုတ်ရာ အရပ်ကို မြင်ပြီးနောက် မိမိမှကြွင်းသော သူငယ်ချင်း ရဟန်းခြောက်ပါးတို့၏ လားရောက်ဖြစ်ပွါးရာ အရပ်ကို ဆက်၍ ဆင်ခြင်လေလျှင် တပါးက ပရိနိဗ္ဗာန်စံကြောင်း, ကျန်ငါးပါးတို့က ကာမာဝစရနတ်ပြည်၌ ဖြစ်ကြကြောင်းကို ကောင်းစွာသိမြင်၍ အခါမပြတ် ထိုသူငယ်ချင်း ငါးဦးတို့ကို ဆင်ခြင်ကြည့်ရှုလေ့ရှိပေ၏။

     ဤယခုအခါ၌ကား “ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြသနည်း”ဟု စဉ်းစားဆင်ခြင်လတ်သော် သုပ္ပါရကဆိပ်ကမ်းကို အမှီပြု၍ အံ့ဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြု၍နေသည့် ဗာဟိယဒါရုစီရိယကို မြင်၍ “ဤသူမိုက်ကား ပျက်စီးပါပေါ့တကား၊ ရှေး ကဿပမြတ်စွာ သာသနာတော် ခေတ်တုန်းက ရဟန်းတရား ပွါးများကျင့်ကြံစဉ် အလွန့်အလွန် ဥက္ကဌ်အကျင့်ရှိသူ ဖြစ်ခြင်းကြောင့်



၄၀၁

ရဟန္တာအရှင်မြတ် ဆောင်ယူအပ်ခဲ့သော ဆွမ်းကိုသော်မှ မစားမသုံးခဲ့ပဲ ယခုအခါ ဝမ်းရေးဟူသော အကြောင်းကြောင့် မိမိကိုယ်တိုင်က ရဟန္တာမဟုတ်ပဲလျက် ရဟန္တာ၏အဖြစ်ကို ဝန်ခံကာ လောက (=လူ အပေါင်း)ကို လှည့်ဖြား၍ ကျက်စားသွားလာနေဘိတကား၊ မြတ်စွာဘုရားရှင် လောက၌ ပွင့်ထွန်းတော်မူကြောင်းကိုလည်း သူသည် မသိသေးချေ။ ငါသည် ယခုပင် သွားရောက်အံ့၊ သွားရောက်ပြီးလျှင် သူငယ်ချင်းကို ထိတ်လန့်သံဝေဂ ရစေ၍ လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းကို အသိပေးပေအံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုခဏမှာပင် ဗြဟ္မာ့ပြည်မှ ဆင်းသက်ခဲ့၍ ညဉ့်အခါဝယ် သုပ္ပါရကဆိပ်ကမ်း ဗာဟိယ-ဒါရုစီရိယ၏ မျက်မှောက်၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ထင်ရှား ပေါ်ပေါက်လာလေ၏။

     ဗာဟိယ-ဒါရုစီရိယသည် မိမိ၏ နေရာအရပ်၌ အရောင်အလင်းကိုမြင်၍ အပြင်သို့ထွက်ကာ ရပ်တည်ပြီးလျှင် ဗြဟ္မာကြီးကို ကြည့်ရှုလျက် လက်အုပ်ကို ချီးမြှောက်ကာ “အရှင်ဘုရားတို့သည် အဘယ်သူတို့ပါနည်း”ဟု မေးလေ၏။ ထိုအခါ ဗြဟ္မာကြီးသည် “ငါသည် သင်၏ သူငယ်ချင်းဟောင်းတည်း၊ ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်သောအခါ သင်နှင့်အတူတကွ တောင်ထိပ်သို့တက်၍ ရဟန်းတရား ပွါးများအားထုတ်သဖြင့် အနာဂါမိဖိုလ်သို့ရောက်၍ ဗြဟ္မာ့ပြည်၌ ငါ ဖြစ်ရလေပြီ၊ ငါတို့ ခုနစ်ပါးအနက် အကြီးဆုံးသံဃမထေရ်သည်ကား အရဟတ္တဖိုလ်သို့ ရောက်တော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ၊ သင်တို့ငါးဦးသည် ကာမာဝစရနတ်ပြည်၌ ဖြစ်ခဲ့ကြလေပြီ၊ ငါသည် သင့်ကို ဤအရပ်၌ အံ့ဩဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြု၍နေသည်ကို မြင်ရ၍ ဆုံးမရန် လာခဲ့ပေသည်”ဟု အကြောင်းအကျိုး ဖော်ပြပြောဆိုပြီးလျှင်-

“အို ဗာဟိယ.. သင်သည် (၁) အာသဝေါကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ၊ (၂) အရဟတ္တမဂ်သို့ ရောက်ဆိုက်သူလည်း မဟုတ်ချေ၊ (၃) (ထိုသို့ ရောက်ဆိုက်ဖို့ရန်ကို



၄၀၂

မဆိုထားဘိ) သင့်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့ ရောက်ဖို့ရန် အကျင့်မှန်လည်း အဏုမြူမျှပင် မရှိသေးချေ”-

ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလေ၏။ ထို့နောက်မှ ဗြဟ္မာကြီးသည် ဗာဟိယ-ဒါရုစီရိယအား လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းနှင့် ယခုအခါ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူကြောင်း ပြောကြား၍ “သင်သည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်လေလော့”ဟု ဗာဟိယ-ဒါရုစီရိယကို တိုက်တွန်းစကား ပြောကြားပြီးလျှင် ဗြဟ္မာ့ပြည်သို့ ပြန်သွားလေ၏။

ဗာဟိရ-ဒါရုစီရိယ ရဟန္တာဖြစ်ခြင်း

     ဗာဟိယ-ဒါရုစီရိယသည် ဗြဟ္မာကြီး၏ စကားကို ကြားသိရလေလျှင် များစွာ ထိတ်လန့် = သံဝေဂရ၍ “ငါသည် နိဗ္ဗာန်လမ်းမှန်ကို ရှာပေတော့အံ့”ဟု ကြံစည် အောက်မေ့ပြီးလျှင် ယူဇနာ (၁၂၀)တရာ့နှစ်ဆယ် ဝေးကွာသော ခရီးကို တညဉ့်သာနေခြင်းဖြင့် အပြင်း သွားရောက်၍ သာဝတ္ထိပြည်သို့ ဆိုက်ရောက်လေ၏။ ဗာဟိယ-ဒါရုစီရိယ သာဝတ္ထိပြည်သို့ ရောက်ချိန်မှာ နံနက်ခင်းအခါ ဖြစ်သည်။

     မြတ်စွာဘုရားသည်လည်း ဗာဟိယ-ဒါရုစီရိယ ကိုယ်တော့်ထံသို့ လာနေသည်ကို သိတော်မူ၍ “ဗာဟိယ၏ သဒ္ဓါ-စသော ဣန္ဒြေတို့ကား ရင့်ကျက်ခြင်းသို့ မရောက်ကြသေး၊ ခဏကြာမှသာ ရင့်ကျက်ခြင်းသို့ ရောက်ကြလိမ့်မည်”ဟု ဆင်ခြင် သိရှိတော်မူကာ ဗာဟိယ၏ ဣန္ဒြေများ ရင့်ကျက်ချိန်ကို ငံ့ဆိုင်း စောင့်လင့်တော်မူလျက် များစွာသော ရဟန်းအပေါင်း ခြံရံကာ ထိုခဏမှာပင် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွဝင်တော်မူလေ၏။

     ဗာဟိယသည် ဘုရားရှင် ဆွမ်းခံကြွသွားတော်မူပြီးနောက်မှ ဇေတဝန်ကျောင်းတိုက်သို့ ဝင်၍ နံနက် ဆွမ်း ဘုဉ်းပေးပြီးကြသဖြင့် ကိုယ်၏ လေးလံမှုကို ပယ်ဖျက်ရန် ဟင်းလင်းပြင်ဝယ်



၄၀၃

လူးလာတုံ့ခေါက် စင်္ကြံလျှောက်နေကြသည့် များစွာသော ရဟန်းတို့ကို ဖူးတွေ့ရ၍ “ယခုအခါ မြတ်စွာဘုရား အဘယ်အရပ်၌ နေတော်မူပါသနည်း အရှင်တို့ဘုရား..”ဟု မေးလျှောက်လေ၏။ ရဟန်းတို့သည် “ယခုပင် မြတ်စွာဘုရားသည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံကြွဝင် သွားတော်မူသည်”ဟု ဖြေကြားပြီးလျှင် “သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးမြန်းကြလေ၏။ ဗာဟိယက “အကျွန်ုပ်သည် သုပ္ပါရကဆိပ်ကမ်းမှ လာရောက်ခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် ရဟန်းတို့သည် ဗာဟိယကို “သင်သည် ခရီးဝေးမှ လာခဲ့ရသူ ဖြစ်၏။ ထိုင်ပါဦး, ခြေများကို ဆေးကြော, နယ်ဆီလိမ်းကျံ၍ အတန်ငယ် အပန်းဖြေပါဦး၊ ဆွမ်းခံရာမှ ပြန်ကြွတော်မူလာသောအခါ မြတ်စွာဘုရားကို ဖူးမြင်ရပါလိမ့်မည်”ဟု စိတ်ရှည်လက်ရှည် ပြောဆိုကြလေ၏။

     ထိုအခါ ဗာဟိယသည် “အရှင်ဘုရားတို့.. တပည့်တော်သည် မိမိအသက်၏ အန္တရာယ်ကို မသိနိုင်ပါ၊ တပည့်တော်သည် တညဉ့်တည်းဖြင့်ပင် တစုံတခုသော အရပ်၌မျှ ကြာမြင့်စွာ မရပ်ခဲ့ပဲ မထိုင်ခဲ့ပဲ ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးကို အပြင်း လာရောက်ခဲ့ရပါသည်၊ မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာ အပန်းဖြေပါတော့မည်”ဟု ပြောဆိုလျှောက်ထား၍ အဆောတလျင်ပင် သာဝတ္ထိပြည်သို့ ဝင်ရောက်သွားလေသော် အတုမရှိသော ဗုဒ္ဓကျက်သရေတော်ဖြင့် တင့်တယ်တော်မူသော ဘုရားရှင်ကို ပက်ပင်းပါ ဖူးတွေ့ရလေ၏။ ဗာဟိယသည် မြတ်စွာဘုရားရှင်ကို လမ်းခရီးအကြား ကြွသွားတော်မူနေသည်ကို ဖူးမြင်ရလေလျှင် “ငါသည် အလွန်ကြီး ကြာမြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်”ဟု ဝမ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြင့် တွေ့ထိနှံ့စပ်သော ကိုယ်ရှိ၍ ပီတိအဟုန်ကြောင့် မတုန်မလှုပ် ဖွင့်လှစ်သော မျက်စိအစုံရှိကာ မြင်ရာအရပ်မှပင် ကိုယ်ကို ကိုင်းညွှတ်လျက် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်အတွင်း ချင်းနင်းသက်ရောက် နစ်မြုပ်ပြီးလျှင် မြတ်စွာဘုရား၏အနီး ထံတော်မှောက်သို့



၄၀၄

တိုးလျှိုးသွားရောက်၍ တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်အစုံတို့ကို ဆုပ်နယ်, နမ်းစုတ်လျက်-

“မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ၊ ယင်းသို့ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် အကျွန်ုပ်၏အဖို့ရာ ရှည်လျားစွာသော ည၌ကာလပတ်လုံး စီးပွါး,ချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်”-

ဟု တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဗာဟိယ-ဒါရုစီရိယကို-

“ချစ်သားဗာဟိယ.. တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရားတို့သည် ဆွမ်းအလို့ငှါ မြို့တွင်းသို့ ဝင်နေကြကုန်၏”-

ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။မြတ်စွာဘုရား၏ အဖို့ရာ သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်ကြံဖို့ရန် အခါမဟုတ်ဟူ၍ ရှိရသေးသလော-ဟု မေးဖွယ်ရှိ၏။ အဖြေကား- ဤ၌ အခါအရ ဝေနေယျတို့၏ ရင့်ကျက်ချိန်ကို ဆိုလို၏၊ ထိုအချိန်၌ ဗာဟိယ၏အဖို့ရာ မိမိ၏ သဒ္ဓါ-စသော ဣန္ဒြေများ ရင့်ကျက်သည်, မရင့်ကျက်သည်၏ အဖြစ်ကို အလွန်သိနိုင်ခဲ၏၊ (စင်စစ် ထိုအချိန်၌ ဗာဟိယ၏ သဒ္ဓါ-စသော ဣန္ဒြေတို့ကား မရင့်ကျက်သေးချေ။ ထိုသို့ သင့်ဣန္ဒြေမျေား မရင့်ကျက်သေးသောကြောင့် ငါဘုရား တရားဟောချိန် မတန်သေးဟု အဖြေပေးလျှင် ဗာဟိယကား နားလည်မည် = သိမည်မဟုတ်)၊ ထို့ကြောင့် မြတ်စွာဘုရားသည် ထို(ဗာဟိယ၏ ဣန္ဒြေများ မရင့်ကျက်သေးမှု တည်းဟူသော) အကြောင်းကို မိန့်တော်မမူပဲ ဗာဟိယ နားလည်သိရှိမည့် “ကိုယ်တော်မြတ်၏ မြို့တွင်း၌ ဆွမ်းခံနေခြင်းကိုသာ” ထိုတရားမဟောခြင်း၏ အကြောင်းအနေဖြင့် ညွှန်ပြတော်မူလေသည်။ (ဆိုလိုရင်းကား)- မြတ်စွာဘုရားသည် ဝေနေယျအကျိုး သည်ပိုးရွက်ဆောင်ရန် တရားဟောတော်မူသည် ဆိုသော်လည်း ကျွတ်ထိုက်သူ ဝေနေယျ၏ ဣန္ဒြေရင့်ကျက်ချိန်ကို



၄၀၅

သိတော်မူ၍သာ ကာလညူပုဂ္ဂိုလ်မြတ်ပီပီ တရားဟောတော်မူသည်၊ ကျွတ်ထိုက်သူ ဝေနေယျ၏ ဣန္ဒြေမရင့်ကျက်သေးချိန်၌ တရားမဟော၊ ထိုအချိန်မှာလည်း ဗာဟိယ၏ ဣန္ဒြေများကား မရင့်ကျက်သေးချေ။ (ထို့ကြောင့် ထိုဣန္ဒြေ မရင့်ကျက်သေးချိန်မှာ တရားဟောလျှင်လည်း မဂ်ဖိုလ်တရားကို ရမည်မဟုတ်)၊ “ဗာဟိယ.. သင်၏ သဒ္ဓါ-စသော ဣန္ဒြေများ မရင့်ကျက်သေးသောကြောင့် ဤအချိန်ကား သင့်အား တရားဟောရန် အချိန်မတန်သေး”ဟု မိန့်တော်မူလျှင်လည်း ဗာဟိယမှာ သာသနာပြင်ပ ပုဂ္ဂိုလ်တယောက်ဖြစ်၍ နားလည် = သိရှိမည် မဟုတ်၊ ထို့ကြောင့် ဗာဟိယ သိရှိနားလည်နိုင်မည့် “မြို့တွင်းသို့ ဆွမ်းခံဝင်နေခြင်း”ကိုသာ အကြောင်းအနေဖြင့် မြတ်စွာဘုရား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။

     ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသောအခါ ဗာဟိယ-ဒါရုစီရိယသည် နှစ်ကြိမ်မြောက် ဆက်၍-

“မြတ်စွာဘုရား.. ဘုန်းတော်သခင် ရှင်တော်ဘုရား၏ အသက်အန္တရာယ်များ ဖြစ်မည်, မဖြစ်မည်ကို၎င်း၊ တပည့်တော်၏ အသက်အန္တရာယ်များ ဖြစ်မည်, မဖြစ်မည်ကို၎င်း ဧကန်ဧက သိနိုင်ခဲလှပါသည်။ သို့ပါသောကြောင့် မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ယင်းသို့ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်သည် အကျွန်ုပ်၏အဖို့ရာ ရှည်လျားစွာသော ညဉ့်ကာလပတ်လုံး စီးပွါး,ချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်”-

ဟု တောင်းပန်စကား လျှောက်ထားပြန်လေ၏။ ထိုအခါမှာလည်း မြတ်စွာဘုရားသည် ရှေးနည်းအတူပင် “ချစ်သားဗာဟိယ.. တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရားတို့သည် ဆွမ်းအလို့ငှါ မြို့တွင်း ဝင်နေကြကုန်၏” ဟူ၍ပင် မိန့်တော်မူ၏။ (ဣန္ဒြေ မရင့်ကျက်သေးသောကြောင့် ဤသို့ ပယ်မြစ်စကား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။



၄၀၆

(ဤ၌။ ။ဗာဟိယ-ဒါရုစီရိယသည် ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် မိမိ၏ (အရဟတ္တဖိုလ်၏) အကြောင်း = ရှေးကောင်းမှုက တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ဤကဲ့သို့ အသက်အန္တရာယ်ကို ထည့်၍ ဦးတည်၍ လျှောက်ထားလေသည်။ မှန်၏- ပစ္ဆိမဘဝိကသားတို့မှာ အရဟတ္တဖိုလ်သို့ မရောက်ပဲသာဖြင့် အသက်ကုန်ခြင်း = သေခြင်းမည်သည် အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

“မြတ်စွာဘုရားသည် ဗာဟိယအား တရားဟောတော်မူလိုပါလျက် အဘယ့်ကြောင့် နှစ်ကြိမ်တိုင်တိုင် ပယ်တော်မူသနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ထိုအချိန်၌ မြတ်စွာဘုရား၏ စိတ်သန္တာန်ဝယ် “ငါဘုရားကို ဖူးမြင်ရသောအချိန်မှစ၍ ဤဗာဟိယ၏ တကိုယ်လုံး နှစ်သက်ခြင်း = ပီတိတရား လွှမ်းလျက် ဖုံးလျက် ရှိလေသည်။ ပီတိအဟုန်ကား အလွန်အားကြီးနေသေး၏။ တရားနာသော်လည်း မဂ်, ဖိုလ်, နိဗ္ဗာန်ကို ထိုးထွင်း၍ သိနိုင်မည် မဟုတ်သေး၊ အလယ်အလတ်ရှုမှု = မဇ္ဈတ္တုပေက္ခာ ဖြစ်လာသည်တိုင်အောင် ဆိုင်းငံ့ဦးမှ သင့်တော်မည်။ ထို့ပြင်လည်း ခရီးယူဇနာ တရာ့နှစ်ဆယ်ကို အပြင်း (ညတွင်းချင်း) လာခဲ့ရသော ကြောင့် ဗာဟိယ၏ ကိုယ်၌လည်း ပင်ပန်းနွမ်းနယ်မှု အလွန်အားကြီးနေသေးသည်။ ထိုပင်ပန်းနွမ်းနယ်မှု ငြိမ်းအေးအောင် စောင့်ဆိုင်း ငံ့လင့်ဦးမှ သင့်တော်မည်”ဟု အကြံတော် ဖြစ်ပွါးလေသည်။ ထို့ကြောင့် နှစ်ကြိမ်တိုင် ပယ်တော်မူသည်။ ဤကား အဖြေတည်း)။

     ဗာဟိယ-ဒါရုစီရိယသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားရှင်ကို ဒုတိယအကြိမ်ကကဲ့သို့ပင် တောင်းပန်စကား လျှောက်ထားပြန်လေသည်။ ထိုသို့ သုံးကြိမ်မြောက် တောင်းပန်အပ်သော်ကား မြတ်စွာဘုရားရှင်သည် ဗာဟိယ-ဒါရုစီရိယ၏ ကိုယ်၌-

(၁) အလယ်အလတ်ရှုမှု = မဇ္ဈတ္တုပေက္ခာ ဖြစ်ပွါးလာပြီကို၎င်း,

(၂) ခရီးပန်း နွမ်းနယ်မှု ငြိမ်းအေးပြီကို၎င်း,

(၃) ဗာဟိယ၏ သဒ္ဓါစသော ဣန္ဒြေတို့ ရင့်ကျက်လာပြီကို၎င်း,



၄၀၇

(၄) ဗာဟိယ၏ အသက်အန္တရာယ် နီးကပ်လာပြီကို၎င်း-

သိမြင်တော်မူ၍ “ယခုအခါ ဗာဟိယအား တရားဟောရန် အချိန်တန်ပြီ”ဟု ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် ဤဆိုလတ္တံ့သောအတိုင်း အကျဉ်းချုပ် တရားစကား ဟောကြားတော်မူလေ၏။ ဟောကြားတော်မူပုံမှာ-

“(၁) ချစ်သားဗာဟိယ.. ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသို့ကျင့်ရမည်- ‘မြင်အပ်သော အဆင်းမျိုးစုံ ရူပါရုံ၌ မြင်ကာမျှဖြစ်အောင်, ကြားအပ်သော အသံမျိုးစုံ သဒ္ဓါရုံ၌ ကြားကာမျှဖြစ်အောင်, တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ, ရသာမျိုးစုံ ရသာရုံ, အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌ တွေ့ရောက်ကာ မဖြစ်အောင်, သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှဖြစ်အောင်’ဟု ဤသို့လျှင် သင်ချစ်သားသည် ကျင့်ရမည်။

(၂) ချစ်သားဗာဟိယ.. သင်ချစ်သားသည် အကြင်အခါ၌ (ဝါ = အကြင့်ကြောင့်) မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်အပ်ကာမျှ, သိအပ်ကာမျှဖြစ်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြားအံ့၊ ချစ်သားဗာဟိယ.. သင်ချစ်သားသည် ထိုအခါ၌ (ဝါ-ထို့ကြောင့်) ထိုမြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ, ဒေါသ, မောဟနှင့် ယှဉ်သူ = တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ စင်စစ် ဖြစ်လိမ့်မည် မဟုတ်တော့ချေ။

(၃) ချစ်သားဗာဟိယ.. သင်ချစ်သားသည် အကြင်အခါ၌ (ဝါ-အကြင့်ကြောင့်) ထိုမြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ, ဒေါသ, မောဟနှင့် မယှဉ်သူ = မတပ်မက်သူ, မပြစ်မှားသူ,

၄၀၈

မတွေဝေသူ စင်စစ် ဖြစ်ခဲ့လျှင် ချစ်သားဗာဟိယ.. သင်ချစ်သားသည် ထိုအခါ၌ (ဝါ-ထို့ကြောင့် ) ထိုမြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မမှီသူ (=ထိုအာရုံလေးစု၌ ‘ငါ့ဥစ္စာ’ဟု တဏှာဖြင့် မစွဲငြိသူ မမှီသူ, ‘ငါ’ဟု မာနဖြင့် မစွဲငြိသူ မမှီသူ, ‘ငါ့လိပ်ပြာ’ဟု ဒိဋ္ဌိဖြင့် မစွဲငြိသူ မမှီသူ) စင်စစ် ဖြစ်ပေလိမ့်မည်။

(၄) ချစ်သားဗာဟိယ.. သင်ချစ်သားသည် အကြင်အခါ၌ (ဝါ-အကြင့်ကြောင့်) မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မမှီသူစင်စစ် ဖြစ်ခဲ့လျှင် ချစ်သားဗာဟိယ.. သင်ချစ်သားသည် ထိုအခါ၌ (ဝါ-ထိုသို့ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မမှီသူစင်စစ် ဖြစ်သောကြောင့်ပင်) ဤမျက်မှောက်ဘဝ = မနုဿဂတိ၌လည်း နောက်တဖန် ဖြစ်တော့မည်မဟုတ်၊ တမလွန်ဘဝဖြစ်သည့် = (ဒေဝဂတိ, နိရယဂတိ, တိရစ္ဆာနဂတိ, ပေတဂတိ တည်းဟူသော) ကြွင်းသည့် ဂတိလေးပါးတို့၌လည်း နောက်တဖန် ဖြစ်တော့မည်မဟုတ်၊ ဤမျက်မှောက်ဘဝ = မနုဿဂတိ, တမလွန်ဘဝ = ကြွင်းသည့် ဂတိလေးပါး (ဝါ-မနုဿဂတိ တည်းဟူသော ဤမျက်မှောက်ဘဝ, ကြွင်းသည့် ဂတိလေးပါး တည်းဟူသော တမလွန်ဘဝ) = ဤနှစ်ပါးကို ချန်လှပ်ဖယ်ရှား အလွတ်ထား၍ အခြားတပါး လားရောက်ဖွယ်ရာ ဂတိလည်း မရှိချေ။ ဤသို့ မျက်မှောက်ဘဝ, တမလွန်ဘဝတို့၌ နောက်တဖန် ရုပ်နာမ်အသစ် မဖြစ်ခြင်းသည်ပင်လျှင် ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ၏ အဆုံးဖြစ်၏”-

ဟု အနုပါဒါပရိနိဗ္ဗာန် အထွတ်တပ်၍ ဟောကြားတော်မူလေသည်။

(ဤ၌။ ။ဗာဟိယ-ဒါရုစီရိယသည် သံခိတ္တရုစိပုဂ္ဂိုလ် (=အကျဉ်းချုပ်တရားကို နှစ်သက်သောပုဂ္ဂိုလ်) ဖြစ်သည်။ ထို့ကြောင့်ပင်



၄၀၉

မြတ်စွာဘုရားရှင်သည် ဗာဟိယ-ဒါရုစီရိယအား အာရုံခြောက်ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် ခြောက်စု ခြောက်ပုံ ဟောတော်မမူပဲ (ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကို တွေ့ရောက်အပ်သော အာရုံမျိုး ဖြစ်၍ မုတဟူသော အမည်ဖြင့် တခုတည်းပြုပြီးလျှင်) ဒိဋ္ဌ = မြင်အပ်သော အာရုံ, သုတ = ကြားအပ်သောအာရုံ, မုတ = တွေ့ရောက်အပ်သော အာရုံ, ဝိညာတ = သိအပ်သောအာရုံဟု လေးစုလေးပုံထား၍ ဟောကြားတော်မူလေသည်။

(၁) ရှေးဖော်ပြရာပါ တရားဒေသနာစကားရပ် လေးရပ်တို့တွင် ၁-အမှတ်ပြ ဒေသနာစကားရပ်၌ “မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံလေးပါး သင်္ခါရတရားအစု၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်ကာမျှ, သိကာမျှဖြစ်အောင် ကျင့်ဆောင် အားထုတ်ရမည်” ဟူသည်မှာ- အဆင်းကိုမြင်သည့် စက္ခုဝိညာဏ်စိတ် ဖြစ်သောအခါ, အသံကိုကြားသည့် သောတဝိညာဏ်စိတ် ဖြစ်သောအခါ, အနံ့ကို တွေ့ရောက်နမ်းရှူသည့် ဃာနဝိညာဏ်စိတ်, အရသာကို တွေ့ရောက် စားလျက်သည့် ဇိဝှါဝိညာဏ်စိတ်, အတွေ့ဖောဋ္ဌဗ္ဗာရုံကို ထိရောက်တွေ့သိသည့် ကာယဝိညာဏ်စိတ်, ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို သိသည့် မနောဒွါရာဝဇ္ဇန်းစိတ် = ဤစိတ်များ ဖြစ်ကြသောအခါတို့၌ မြင်ကာမျှ, ကြားကာမျှ, တွေ့ရောက်ကာမျှ, သိကာမျှ သဘောတို့သာလျှင်ဖြစ်၍ တပ်မက်မှု = ရာဂသဘော, ပြစ်မှားမှု = ဒေါသသဘော, တွေဝေမှု = မောဟသဘောတို့ လုံးဝမပါရှိချေ။ (အသင် စာဖတ်သူသည် တတ်နိုင်ပါလျှင် ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ ဖြစ်ပုံကို အာရုံပြုထားစေချင်ပါသည်)။

(စက္ခုဝိညာဏ် = အမြင်စိတ်, သောတဝိညာဏ် = အကြားစိတ်, ဃာနဝိညာဏ် = အနံစိတ်, ဇိဝှါဝိညာဏ် = လျက်စိတ် စားစိတ်, ကာယဝိညာဏ် = အတွေ့စိတ် = ဤစိတ်၅-မျိုးကို ပဉ္စဝိညာဏ်ဟူ၍ ခေါ်၏)။ ပဉ္စဒွါရဝီထိ, မနောဒွါရဝီထိ စိတ်အစဉ်တို့ ဖြစ်ကြသောအခါ ပဉ္စဝိညာဏ်စိတ်ဖြစ်သော ခဏ, မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်သော ခဏတို့၌ မြင်ရုံ, ကြားရုံ, နံရုံ, လျက်ရုံ, စားရုံ, ထိရုံ, သိရုံ သဘောတို့မျှသာဖြစ်၍ တပ်မက်မူ = ရာဂ, ပြစ်မှားမှု = ဒေါသ, တွေဝေမှု = မောဟသဘောတို့ လုံးဝ မပါရှိသကဲ့သို့ ထိုပဉ္စဝိညာဏ်စိတ်, မနောဒွါရာဝဇ္ဇန်း စိတ်တို့၏ နောက်ဝယ် အလှည့်အကြိမ်ရောက်၍ ဖြစ်ပွါးလာသော အဟုန်ဖြင့်ဖြစ်ကာ အာရုံ၏ အရသာကို ပိုင်နိုင်စွာ သုံးဆောင်သော ဇောစိတ်အစဉ်ကို

၄၁၀

ဖြစ်ပွါးသောအခါမှာလည်း လောဘ, ဒေါသ မောဟသဘောတို့ လုံးဝမပါရှိအောင် (=လောဘဇော မကျအောင်, ဒေါသဇော မကျအောင်, မောဟဇော မကျအောင်) သင်ချစ်သား ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမည်ဟု ဟောတော်မူလိုရင်းဖြစ်သည်။

ထိုသို့ “မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံလေးစု၌ လောဘဇော, ဒေါသဇော, မောဟဇောများ မကျအောင် ကျင့်ရမည်”ဟု ဟောတော်မူသော မြတ်ဘုရားရှင်၏ အလိုတော်မှာလည်း “ချစ်သားဗာဟိယ.. ထိုအာရုံလေးစု သင်္ခါရတရားအစုတို့၌ မြဲသည်, ချမ်းသာသည်, တင့်တယ်သည်, ခိုင်မာသည်-ဟု အလွဲလွဲရှုလျှင် လောဘ, ဒေါသ, မောဟဇောတို့ ကျနိုင်၏၊ မမြဲ, ဆင်းရဲ, မတင့်တယ်, မခိုင်မာ-ဟု ရှုမှသာလျှင် လောဘ, ဒေါသ, မောဟဇောတို့ မကျပဲ ဝိပသာနာ မဟာကုသိုလ်ဇောတို့ ကျနိုင် ဖြစ်နိုင်သည်။ ထို့ကြောင့် သင်ချစ်သားသည် ထိုအာရုံလေးစု သင်္ခါရတရားအစုတို့၌ နိစ္စ = မြဲသည်, သုခ = ချမ်းသာသည်, သုဘ = တင့်တယ်သည်, အတ္တ = ခိုင်မာသည်ဟု အလွဲလွဲမရှုပဲ အနိစ္စ = မမြဲ, ဒုက္ခ = ဆင်းရဲ, အနတ္တ = မခိုင်မာ-ဟူ၍ အမှန်ရှုသော ဝိပဿနာ မဟာကုသိုလ်ဇောများ ဖြစ်ပွါးအောင်သာ အားထုတ် ကျင့်ဆောင်ရမည်”ဟု ဟောတော်မူလိုရင်းဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရားသည် ဗာဟိယ-ဒါရုစီရိယအား (၁) ဤ၁-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် “အာရုံလေးစု သင်္ခါရတရားအစုတို့၌ အနိစ္စ, ဒုက္ခ, အသုဘ, အနတ္တ-ဟု ရှုရန် ညွှန်ပြတော်မူသောကြောင့် ဤစကားရပ်ဖြင့် အောက်ဝိသုဒ္ဓိ ၆-ပါး ဝိပဿနာဉာဏ် ဆယ်ပါးကို အကျဉ်းချုပ် ဟောကြားတော်မူသည်”ဟု ဆိုလိုရင်းကို မှတ်ယူရာ၏။

(၂) ၂-အမှတ်ပြ ဒေသနာစကားရပ်၌ “ချစ်သားဗာဟိယ.. သင်ချစ်သားသည် မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သည့် အာရုံလေးစု သင်္ခါရတရားအစု၌ ဝိပသာနာဉာဏ်ဆယ်ထောက် အောင်မြင်စွာ ကျင့်ဆောက်က မဂ်ဉာဏ်သို့ရောက်၍ လောဘ, ဒေါသ, မောဟကို အမြစ်ပြတ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်ပြီးသူ ပယ်နိုင်သူဖြစ်ကာ တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ စင်စစ် မဖြစ်လတ္တံ့ = မတပ်မက်သူ, မပြစ်မှားသူ, မတွေဝေသူ စင်စစ် ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုရင်း ဖြစ်သောကြောင့် ထို၂-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် မဂ်လေးပါးကို ဟောတော်မူလိုရင်းဖြစ်သည်ဟု သိမှတ်ရာ၏။

၄၁၁

(၃) အရိယာသခင် အရှင်သူမြတ်တို့မှာ အရိယဖိုလ်သို့ ရောက်သောအခါ အာရုံလေးစု သင်္ခါရတရားအစုတို့၌ ငါ, ငါ့ဥစ္စာ, ငါ့လိပ်ပြာဟု တဏှာ, မာန, ဒိဋ္ဌိ အစွန်းအငြိ လုံးဝမရှိသောကြောင့် ၃-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် အရိယဖိုလ်ကို ဟောတော်မူအပ်၏ဟု သိမှတ်ရာ၏။

(၄) ဤ၄-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန စုတိစိတ်တော်မှ နောက်အခါ၌ မျက်မှောက်ဘဝ တည်းဟူသော ဤမနုဿဂတိ, တမလွန်ဘဝ (ဟုရံ-ဟူ၍) ခေါ်ဆိုအပ်သည့် ကြွင်းသော ဂတိလေးပါးတို့၌ ရုပ်နာမ်ခန္ဓာအသစ် မဖြစ်သောချုပ်ငြိမ်းမှု (ယင်း ချုပ်ငြိမ်းမှုကိုပင် အနုပါဒါပရိနိဗ္ဗာန်ဟူ၍ ခေါ်သည်။) အနုပါဒါပရိနိဗ္ဗာန်ကို ဟောတော်မူအပ်၏ဟု သိမှတ်ရာ၏)။

     ဗာဟိယ-ဒါရုစီရိယသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ်ပင် သီလလေးပါးတို့ကို သုတ်သင် စင်ကြယ်စေ၍ ရရှိသော စိတ္တသမာဓိကို အမှီပြုကာ ဝိပဿနာတရား ထိုတထိုင်တည်းမှာပင် ပွါးများအားထုတ်သဖြင့် လျင်မြန်သော မဂ်ဖိုလ်ပညာ အသိဉာဏ်ရှိသူ (ခိပ္ပါဘိညပုဂ္ဂိုလ်) ဖြစ်သောကြောင့် ထိုခဏမှာပင် အာသဝေါတရား လေးပါးတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏။

     ဗာဟိယ-ဒါရုစီရိယ ရဟန္တာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ပစ္စဝေက္ခဏာဉာဏ် (၁၉)တဆယ့်ကိုးတန် ပိုင်ပြီးလတ်သော် ဓမ္မတရား လှုံ့ဆော် တိုက်တွန်းချက်အရ မြတ်စွာဘုရားကို သူ့အား ရှင်ရဟန်းပြုပေးပါရန် တောင်းပန် လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် “သင့်မှာ သပိတ်သင်္ကန်း ပြည့်စုံပြီလော”ဟု မေးတော်မူ၍ “မပြည့်စုံသေးပါဘုရား”ဟု ဗာဟိယက ပြန်ကြားလျှောက်ထားသောအခါ “ထိုသို့ဖြစ်လျှင် သပိတ်သင်္ကန်းကို ရှာဦးလော့”ဟု မိန့်တော်မူ၍ သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဆက်၍ ကြွသွားတော်မူလေ၏။

(ဗာဟိယကား ကဿပမြတ်စွာ သာသနာ၌ အနှစ် (၂ဝဝဝဝ)နှစ်သောင်း ရဟန်းတရား အားထုတ်စဉ် “ရဟန်းမည်သည်



၄၁၂

မိမိကိုယ်တိုင် ပစ္စည်းလေးပါးတို့ကို ရရှိလျှင် ဒါနအားလျော်စွာ ပြုသဖြင့် ကိုယ်တိုင်ပင် သုံးဆောင်သင့်သည်”ဟု ယူဆကာ အခြား အဖော်ရဟန်း တပါးအားမျှလည်း သပိတ်သင်္ကန်း ပေးကမ်းချီးမြှောက်မှု မပြုခဲ့ချေ။ ထို့ကြောင့် ထိုဗာဟိယ၏ ခန္ဓာအစဉ်မှာ ဧဟိဘိက္ခု ခေါ်ယူလောက်သည့် ဥပနိဿယည်း ပစ္စည်းကောင်းမှု မရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဧဟိဘိက္ခု ခေါ်တော်မမူ။ ကေစိဆရာတို့ကမူ “ဗာဟိယသည် ဗုဒ္ဓသုညကမ္ဘာတခု၌ ခိုးသူဖြစ်ခဲ့၍ လေး,တောင့် (=မြှားကျည်တောက်)တို့ကို ဖွဲ့ဆောင်ကာ တောအရပ်၌ ခိုးမှု တိုက်မှု ပြုနေစဉ် ပစ္စေကဗုဒ္ဓါတဆူကို တွေ့ရ၍ သပိတ်သင်္ကန်း၌ တပ်မက်သော လောဘဖြင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို မြှားဖြင့်ပစ်သတ်၍ သပိတ်သင်္ကန်းကို လုယူခဲ့ဘူးလေသည်။ ထို့ကြောင့် ထိုဗာဟိယမှာ (မြတ်စွာဘုရားက ဧဟိဘိက္ခုဟု ခေါ်တော်မူစေကာမူ) ဣဒ္ဓိမယ သပိတ်သင်္ကန်း ဖြစ်လာလိမ့်မည် မဟုတ်ဟု ဤအကြောင်းကို သိတော်မူသောကြောင့် မြတ်စွာဘုရားသည် ဧဟိဘိက္ခု ခေါ်တော်မမူ”ဟူ၍ မိန့်ဆိုကြ၏။ (ဥဒါန ဋ္ဌ၊ မျက်နှာ ၈၅-မှ)။ ဤကေစိဆရာတို့ ဖော်ပြအပ်သည့် အကုသိုလ်ကံမှာ ဗာဟိယ၏ ချည်အဝတ်ကောင်းကို မဝတ်ရပဲ ပျဉ်ချပ်ကိုသာ ဝတ်ရခြင်းအကျိုးနှင့် အထူးပင် အကြောင်းအကျိုး ဆက်စပ်လှ၏)။

ဗာဟိယ နွားဝှေ့ခံရ၍ အသက်ကုန်ခြင်း

     ဗာဟိယသည် မြတ်စွာဘုရားရှင်နှင့် ခွဲခွါခဲ့ပြီးလျှင် သာဝတ္ထိပြည်အတွင်း၌ သပိတ်သင်္ကန်းကို လှည့်လည် ရှာကြံလေ၏၊ ထိုသို့ သပိတ်သင်္ကန်းရှာ လှည့်လည်နေသော ဗာဟိယကို သားသယ်အမိဖြစ်သော နွားမတကောင်သည် အပြေးအလိုက်ကာ ဝှေ့၍ အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။

(လွန်လေပြီးသောအခါ သူဌေးသား လေးယောက်တို့သည် ပြည့်တန်းဆာမတယောက်ကို ဥယျာဉ်သို့ ခေါ်ဆောင်၍ တနေ့ပတ်လုံး မြူးထူးပျော်ပါးကြပြီး နေဝင်သောအခါ သူဌေးသားတယောက်က ကျန်သူငယ်ချင်း သူဌေးသား သုံးယောက်တို့ကို “သူငယ်ချင်းတို့.. ဤပြည့်တန်းဆာမ၏ လက်၌ ငွေတထောင်, ရွှေများစွာတို့နှင့်



၄၁၃

အဖိုးတန် တန်းဆာများ ပါရှိလေသည်။ ဤဥယျာဉ်၌ အခြားသူ တဦးတယောက်မျှ မရှိ၊ ညဉ့်အခါလည်း ဖြစ်ခဲ့ပြီ၊ ကိုင်း.. ငါတို့သည် ဤပြည့်တန်းဆာမကို သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့”ဟု တိုင်ပင်လေ အကြံပေးလေသည်။ သူငယ်ချင်း လေးဦးသားလုံးပင် စိတ်သဘောတူ ပြည့်တန်ဆာမကို သတ်ရန်အားထုတ်ကြလေ၏။ ပြည့်တန်းဆာမသည် ထိုသူလေးယောက်တို့က ထိုးကြိတ် ရိုက်ပုတ် သတ်ဖြတ်ကြ စဉ်ပင် “ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏။ ငါနှင့် ကိလေသာအလိုလိုက် ပျော်ပိုက်ကြပြီး အပြစ်မဲ့သူ ငါ့ကို သက်သက်မဲ့ ဥစ္စာလောဘဖြင့် သတ်ကြ၏၊ ဤသူတို့သည် ငါ့ကို တကြိမ်တော့ (ငါအားနွဲ့၍) သတ်ကြစေဦးတော့၊ ငါတမူကား ဘီလူးမ-ဖြစ်ပြီးလျှင် ဤသူ လေးယောက်တို့ကို အကြိမ်များစွာ သတ်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏”ဟု ဆုတောင်း၍ သေလေ၏။

ထိုသူလေးယောက်တို့တွင် တယောက်ကား ပုက္ကုသာတိ အမျိုးကောင်းသား ဖြစ်လာလေသည်။ တယောက်ကား (ယခု) ဗာဟိယ-ဒါရုစီရိယ, အခြားတယောက်ကား တမ္ဗဒါဌိက ခိုးသတ်သမား, အခြားတယောက်ကား သုပ္ပဗုဒ္ဓ အနာကြီးရောဂါရှိသူ ဖြစ်ကြလေသည်။ ဤသို့လျှင် ဤသူ လေးယောက်တို့ကို အရာမက များစွာသော ကိုယ်အဖြစ်၌ပင် ပြည့်တန်းဆာမသည် ဘီလူးမျိုး၌ဖြစ်သော နွားမဖြစ်၍ (=နွားမယောင်ဆောင်၍) သတ်ခဲ့လေသည်။ ထိုသူ လေးယောက်လုံးပင် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ထိုထိုဘဝ၌ အသက်တမ်းမကုန်မီ အကြား၌ သေခြင်းသို့ ရောက်ခဲ့ကြရလေပြီ။ ဤသို့လျှင် ဖော်ပြရာပါ အကုသိုလ်ကံကြောင့် ဗာဟိယ၏ အဆောတလျင် သေခြင်း ဖြစ်လေသည်ဟု မှတ်ရာ၏။ ။ဥဒါန ဋ္ဌ၊ မျက်နှာ ၂၆၂-မှ)။



၄၁၄

     မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်အတွင်း ဆွမ်းခံကြွပြီးသော် ဆွမ်းကိစ္စ ပြုပြီးနောက် ရဟန်းအပေါင်း ခြံရံလျက် မြို့မှ ထွက်တော်မူလေလျှင် ဗာဟိယ၏ ဥတုဇရုပ်ကိုယ် အမှိုက်ပုံ၌ ကျရောက်နေသည်ကို မြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့.. သွားကြကုန်၊ အိမ်တံခါးတခု၌ ရပ်တည်ကြကာ ညောင်စောင်းငယ် တခုကို ယူဆောင်စေကြ၍ ဤဗာဟိယ၏ ဥတုဇရုပ်ကိုယ်ကို မြို့မှ ထုတ်ဆောင်ပြီး ဖုတ်ကြည်း သင်္ဂြိုဟ်ကြ၍ အရိုးဓာတ်ကို စေတီတည်ကြကုန်လော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်ကြလေကုန်၏။

     ထိုသို့ ပြုလုပ်ကြပြီးနောက် ရဟန်းတို့သည် ကျောင်းတိုက်တော်သို့ ပြန်ရောက်ကြ၍ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ကြပြီးလျှင် မိမိတို့ ရွက်ဆောင်ခဲ့သော ကိစ္စကို လျှောက်ထားကြပြီးနောက် “မြတ်စွာဘုရား.. ဗာဟိယ၏ လားရောက်ရာဂတိကား အဘယ်ပါနည်း၊ ရှေးရှုရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း၊ (တနည်း) မြတ်စွာဘုရား.. ဗာဟိယ၏ အဖြစ်သနစ်ကား အဘယ်ပါနည်း = အရိယာလေလော, ပုထုဇန်လေလော, ရှေးရှုရောက်ရာကား အဘယ်ပါနည်း = ဘဝသံသရာ၌ တဖန်ဖြစ်ခြင်းပင်လော, ဘဝ၏ ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းရာပင်လော”ဟု မေးလျှောက်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့.. ဗာဟိယသည် ပညာရှိ၏၊ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်၏၊ တရားဟူသော အကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ၊ ရဟန်းတို့.. ဗာဟိယသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းလေပြီ”ဟု မိန့်တော်မူလေ၏။

(ဤ၌။ ။အရှင်ဗာဟိယ-ဒါရုစီရိယ၏ အရိုးဓာတ်ကို စေတီတော် အတည်ခိုင်းခြင်းဖြင့်ပင် ထိုအရှင်၏ ပရိနိဗ္ဗာန် စံကြောင်းကား အနက်သွားအားဖြင့် ထင်ရှား၏၊ ထိုသို့ ထင်ရှားသော်လည်း ထိုမျှဖြင့် မရိပ်မိ မသိရှိသော ရဟန်းတို့က ထိုသို့ မေးလျှောက်ခြင်း ဖြစ်သည်။ တနည်း အထူးသဖြင့် ထင်ရှားအောင် လျှောက်ထား မေးမြန်းကြခြင်း ဖြစ်သည်ဟု အထူးမှတ်ရာ၏)။



၄၁၅

ဓမ္မပဒဂါထာ ဟောကြားခြင်း

     ထိုသို့ မြတ်စွာဘုရားရှင်က အရှင်ဗာဟိယ-ဒါရုစီရိယ ပရိနိဗ္ဗာန် စံလွန်ပြီဖြစ်ကြောင်းကို မိန့်ဆိုတော်မူသောအခါ ရဟန်းတို့သည် “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ‘ဗာဟိယ-ဒါရုစီရိယသည် အရဟတ္တဖိုလ်သို့ ရောက်ပြီ’ဟု မိန့်တော်မူကြ၏။ အဘယ်အခါက ထိုဗာဟိယ-ဒါရုစီရိယသည် အရဟတ္တဖိုလ်သို့ ရောက်ပါသနည်း”ဟု မေးမြန်း လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားရှင်က “ငါဘုရား၏ တရားကို ကြားပြီးစကပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်”ဟု မိန့်တော်မူလျှင် ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် အဘယ်အခါ၌ ထိုဗာဟိယ-ဒါရုစီရိယအား တရားဟောတော်မူအပ်ပါသနည်း”ဟု မေးလျှောက်ကြပြန်ကုန်၏။ မြတ်စွာဘုရားရှင်က “ယနေ့ပင် ဆွမ်းခံလှည့်လည်သော ငါဘုရားသည် လမ်းခရီးအကြား၌ ရပ်တည်၍ တရားဟောအပ်ခဲ့ပြ”ဟု မိန့်တော်မူလေလျှင် ရဟန်းတို့သည် “မြတ်စွာဘုရား.. အရှင်ဘုရားတို့ လမ်းခရီးအကြား၌ ရပ်တည်၍ ဟောတော်မူအပ်သော တရားကား အနည်းအပါးမျှသာ ဖြစ်ပါသည်၊ အဘယ်သို့လျှင် ထို ဗာဟိယ-ဒါရုစီရိယသည် ထိုမျှ (အနည်းငယ်)သော တရားဖြင့် မဂ်ဖိုလ်တရားထူးကို ဖြစ်စေနိုင်ပါသနည်း”ဟု လျှောက်ထားကြပြန်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. ငါဘုရား၏ တရားကို သင်ချစ်သားတို့သည် အဘယ့်ကြောင့် နည်းသော, များသောဟူ၍ နှိုင်းရှည်စကား ပြောကြားကြဘိသနည်း၊ ထောင်ပေါင်းများစွာ ဂါထာတို့ပင် ဖြစ်လင့်ကစား အကျိုးနှင့် မစပ်ယှဉ်မူ မချီးမွမ်းအပ် မမြတ်ပချေ။ အကျိုး၌မှီသော စကားဖြစ်မူကား ဂါထာတပိုဒ်ပင်သော်လည်း ချီးမွမ်းအပ် မြတ်လှပေ၏”ဟု မိန့်တော်မူ၍ ဓမ္မပဒကျမ်း၌ ဤဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေ၏။



၄၁၆

သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသဉှိတာ။

ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ သဟဿမပိ စေ ဂါထာ = အထောင်သင်္ချာ ဂါထာတို့ပင် ဖြစ်လင့်ကစား။ အနတ္ထပဒသဉှိတာ = အကျိုးမတဲ့ မိုးဖွဲ့,တောင်ဖွဲ့စသော ပုဒ်ဝါကျနှင့် စပ်ယှဉ်ဘိမူ။ န သေယျော = အဘယ်နည်းဖြင့်မျှ မချီးမွမ်းအပ် မမြတ်ပချေ။ ယံ = အကြင် “အပ္ပမာဒေါ အမတံ ပဒံ” အစရှိသော ဂါထာပိုဒ်ကို။ သုတွာ = သဒ္ဓါနားဖြင့် နာကြားရသည်ရှိသော်။ ဥပသမ္မတိ = ကိလေသာဟူ အပူခပ်သိမ်း အပြီးတိုင် ငြိမ်းအေး၏။ တံ ဧကံ ဂါထာပဒံ = ထို ကိလေသာငြိမ်းကြောင်း တရားဂါထာပိုဒ်ကောင်းတခုကသာလျှင်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏။

     ဤတရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။

(ဂ) ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံဃာ အလယ်၌ စံပယ် ထိုင်နေတော်မူလျက် အရှင်ဗာဟိယ-ဒါရုစီရိယ (ပရိနိဗ္ဗာန် စံလေပြီးသော) ရဟန္တာသူမြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော = ရဟန်းတို့.. လျင်မြန်စွာ ရအပ်သည့် မဂ်ဖိုလ်အသိဉာဏ် ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပျဉ်ချပ်ကိုဝတ်သော ဗာဟိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–



၄၁၇

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ခိပ္ပါဘိည = မဂ်ဖိုလ်အသိဉာဏ်ကို လျင်မြန်စွာရသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ဗာဟိယ-ဒါရုစီရိယမထေရ် အကြောင်းတည်း။

**********