မာတိကာသို့ ခုန်သွားရန်

အရှင်မဟာကပ္ပိန မထေရ်အကြာင်း

ဝီကီရင်းမြစ် မှ
4286မဟာဗုဒ္ဓဝင် — (၃၈) အရှင်မဟာကပ္ပိန မထေရ်အကြာင်းမင်းကွန်းဆရာတော်

(၃၈) အရှင်မဟာကပ္ပိနမထေရ်အကြာင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤမဟာကပ္ပိန မထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါဝယ် ဟံသာဝတီပြည်၌ အမျိုးကောင်းသားဖြစ်၍ နောက်တချိန်ဝယ် မြတ်စွာဘုရား၏ တရားစကားကို နာကြားနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ဘိက္ခုဩဝါဒက = ရဟန်းတို့ကို အံ့ဩလောက်အောင် ဆုံးမဟောကြားသော အရာ”ဝယ်



၅၄၂

အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုဘိက္ခုဩဝါဒက ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ပတ္ထနာဆုတောင်း ပြည့်စုံမည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။ (အင်္ဂုတ္တရအဋ္ဌကထာ၌ မထေရ်မြတ်၏ ကဿပမြတ်စွာ လက်ထက်တော်အခါက ကောင်းမှုကို အရိပ်အမြွက်မျှသာ ဖော်ပြ၍ နောက်ဆုံး ပစ္ဆိမဘဝအကြောင်းကိုသာ အကျယ်ဖွင့်ပြလေသည်။ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ကား ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့ သဒ္ဓါတရား ဖြစ်ပွါးစေရန် ဓမ္မပဒအဋ္ဌကထာလာ မထေရ်၏ အကြားကာလ ကောင်းမှုကုသိုလ် ပြုခဲ့ပုံကို ဖော်ပြဦးအံ့)-

ယက်ကန်းသည် အကြီးအမှူးဘဝ

     ထိုအရှင်မဟာကပ္ပိနအလောင်း အမျိုးကောင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် တခုသောဘ၀၀ယ် ဗာရာဏသီပြည်၏အနီး ယက်ကန်းသည်တို့ရွာကြီးဝယ် ယက်ကန်းသည်အကြီးအမှူး ဖြစ်လေသည်။ ထိုအခါ ပစ္စေကဗုဒ္ဓါ ဆူရေပေါင်း တထောင်တို့သည် ဆောင်းလေးလ, နွေလေးလအားဖြင့် ရှစ်လကြာအောင် ဟိမဝန္တာ၌ နေထိုင်ကြ၍ မိုးလေးလ ကာလတို့ပတ်လုံး ဇနပုဒ်တိုက်နယ်၌ နေထိုင်တော်မူလေ့ ရှိကြကုန်၏။

     ထိုပစ္စေကဗုဒ္ဓါတို့သည် တကြိမ်၌မူ ဗာရာဏသီပြည်၏အနီး၌ ကောင်းကင်မှ သက်ဆင်းတော်မူကြ၍ “ကျောင်းဆောက်လုပ်ရန် ဟတ္ထကံ = လက်အမှုကို မင်းကြီးထံ သွားရောက်၍ တောင်းခံကြလော့”ဟု ပြောဆိုမှာကြား၍ ပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့ကို ဗာရာဏသီ မင်းကြီးထံသို့ စေလွှတ်လိုက်ကြလေကုန်၏။ အထူးအားဖြင့် ထိုအခါဝယ် ဗာရာဏသီမင်းကြီး၏ လယ်ထွန်မင်္ဂလာသဘင် ယင်အံ့ဆဲသောကာလ ဖြစ်လေသည်။ ဗာရာဏသီမင်းကြီးသည်



၅၄၃

“ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ ကြွလာတော်မူကြသတဲ့”ဟူသော သတင်းကို ကြားသိရလျှင်ပင် အချိန်မဆိုင်းပဲ ထိုခဏမှာပင် ထွက်၍ ကြွလာသည့်အကြောင်းကို လျှောက်ထား မေးမြန်းပြီးလျှင် “အရှင်ဘုရားတို့.. ယနေ့ကား ကျောင်းဆောက်နိုင်ရန် အခါအခွင့် မရှိတော့ချေ။ နက်ဖြန်ခါမှာလည်း တပည့်တော်များ၏ လယ်ထွန်မင်္ဂလာပွဲသဘင် ရှိ၍နေပါသည်၊ သို့ပါ၍ ယနေ့မှနောက် သုံးရက်မြောက်နေ့ရောက်မှ ဆောက်လုပ်ပါရစေဘုရား”ဟု လျှောက်ထားပြီးလျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို နက်ဖြန်ခါ ဆွမ်းခံကြွရန် မပင့်မဖိတ်မိပဲ နန်းတွင်းသို့ ဝင်လေ၏။

     ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် “အရပ်တပါး ဖဲသွားကြကုန်အံ့”ဟု မင်းနန်းတော်မှ ကြွတော်မူခဲ့ကြလေကုန်၏။ ထိုခဏ၌ ယက်ကန်းသည် အကြီးအမှူး၏ ဇနီးသည် တစုံတခု ပြုဖွယ်ကိစ္စဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ဖူးတွေ့ရ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့.. အရှင်မြတ်တို့သည် အခါမဟုတ်သည်၌ အဘယ့်ကြောင့် ကြွတော်မူလာကြပါသနည်း”ဟု မေးလျှောက်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း အကြောင်းအရာကို အစမှစ၍ မိန့်ကြားတော်မူကြလေကုန်၏။ ထိုအကြောင်းကို ကြားသိရ၍ သဒ္ဓါ,ပညာ နှစ်ပါးနှင့် ပြည့်စုံသော ထိုယက်ကန်းသည် အကြီးအမှူး၏ဇနီး အမျိုးသမီးသည် “အရှင်ဘုရားတို့.. နက်ဖြန်ခါ တပည့်တော်မတို့၏ ဆွမ်းကို ကရုဏာရှေးရှူ အလှူခံတော်မူကြပါဘုရား..”ဟု လျှောက်ထား ပင့်ဖိတ်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “နှမ.. ငါတို့ ပစ္စေကဗုဒ္ဓါများကား များလှကုန်၏”ဟု မိန့်ဆိုတော်မူကြလေလျှင် အမျိုးသမီးသည် “အဘယ်မျှ ရှိပါကုန် သနည်း အရှင်ဘုရားတို့..”ဟု မေးမြန်း လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က “တထောင်မျှ ရှိကြကုန်၏”ဟု မိန့်ဆိုတော်မူကြလေလျှင် အမျိုးသမီးသည် “အရှင်ဘုရားတို့.. ဤယက်ကန်းသည်ရွာ၌ ယက်ကန်းသည် အိမ်ထောင်ပေါင်း တထောင်တို့ နေကြပါသည်။ တအိမ်ထောင် တအိမ်ထောင်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ် တပါး တပါးအား



၅၄၄

ဆွမ်းလှူဒါန်းပါလိမ့်မည်၊ တပည့်တော်မ ပင့်လျှောက်သည့် ဆွမ်းကိုသာ လက်ခံ သာယာတော်မူကြပါကုန်ဘုရား၊ တပည့်တော်မပင်လျှင် ဦးစီး၍ အရှင်ဘုရားတို့၏အတွက် နေထိုင်ရာကျောင်းကိုလည်း ဆောက်လုပ်စေပါမည်ဘုရား”ဟု ပြတ်ပြတ်သားသား လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ထိုအမျိုးသမီး၏ ပင့်လျှောက်ချက်ကို လက်ခံ သာယာတော်မူကြလေကုန်၏။

     ယက်ကန်းသည်မှူး၏ဇနီး ထိုအမျိုးသမီးသည် ရွာတွင်းသို့ဝင်၍ “အမောင်တို့.. အမိတို့.. ငါသည် တထောင်မျှ အတိုင်းအရှည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ဖူးတွေ့ရ၍ ပင့်ဖိတ်ခဲ့လေပြီ၊ အရှင်မြတ်များအတွက် နေထိုင်ရန် နေရာများကို စီမံကြကုန်လော့၊ ယာဂု,ဆွမ်း- စသည်တို့ကို ပြည့်စုံစေကြကုန်လော့”ဟု ကြွေးကြော် နှိုးဆော်လေ၏။ ထို့နောက် ရွာအလယ်၌ မဏ္ဍပ် ဆောက်လုပ်စေပြီးကာ နေရာများကို ခင်းထားစေပြီး နောက်တနေ့၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ် တထောင်တို့ကို နေရာအသီးသီး၌ ထိုင်နေစေပြီးနောက် မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ဖြင့် ပြုစုလုပ်ကျွေးပြီးလျှင် ဆွမ်းကိစ္စပြီးဆုံးသော အခါဝယ် ထိုရွာမှာနေကြသည့် ခပ်သိမ်းသော မိန်းမတို့ကို ခေါ်ဆောင်ခဲ့၍ ထိုအမျိုးသမီး မိန်းမတို့နှင့် အတူတကွ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ရှိခိုး၍ “အရှင်တို့ဘုရား.. ဝါတွင်းသုံးလ နေတော်မူကြရန် ခံဝန်ချက် ပေးသနားတော်မူကြပါဘုရား”ဟု လျှောက်ထားကာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ ခံဝန်ချက်ကို ရယူပြီးမှ တဖန် ရွာတွင်း၌ “အမောင်တို့.. အမိတို့.. တအိမ်တအိမ်မှ ယောက်ျား တယောက် တယောက်ကျစီ ပုဆိန်, ပဲခွပ်-စသည် စွဲကိုင်ကြ၍ တောသို့ဝင်လျက် သစ်အဆောက်အဦတို့ကို ယူဆောင်ခဲ့ကြပြီးလျှင် အရှင်ပစ္စေကဗုဒ္ဓါတို့၏အတွက် နေထိုင်ရန် ကျောင်းကို ဆောင်လုပ်စေချင်၏”ဟု ကြွေးကြော် နှိုးဆော်လေ၏။

     ယက်ကန်းသည်ရွာနေ လူတို့သည် ထိုအမျိုးသမီး၏ နှိုးဆော်စကားကို ကြားရလျှင်ပင် တယောက် တယောက်လျှင်



၅၄၅

တကျောင်းကျ တကျောင်းကျစီ ညဉ့်သန့်ရာဌာန, နေ့သန့်ရာဌာနတို့နှင့်တကွ သစ်ရွက်မိုး သင်္ခမ်းကျောင်း တထောင် ဆောက်လုပ်ကြ၍ မိမိ,မိမိ၏ သင်္ခမ်းကျောင်း၌ ဝါကပ်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို “အကျွန်ုပ်သည် ရိုသေစွာ ပြုစုလုပ်ကျွေးပါမည်၊ အကျွန်ုပ်သည် ရိုသေစွာ ပြုစုလုပ်ကျွေးပါမည်”ဟု သူ့ထက်ငါ သဒ္ဓါတိုးပွါး ပြောကြား တာဝန်ယူကြ၍ ဝါတွင်းသုံးလပတ်လုံး ရိုသေစွာ ပြုစုလုပ်ကျွေးကြလေကုန်၏။ ယက်ကန်းသည်မှူး၏ ဇနီး ထိုအမျိုးသမီးသည် ဝါကျွတ်သောအခါမှာ “အမောင်တို့.. အမိတို့.. မိမိ မိမိ၏ သင်္ခမ်းကျောင်း၌ ဝါလပတ်လုံး သီတင်းသုံးတော်မူပြီးကြသော (=ဝါကျွတ်တော်မူကြသော) ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အတွက် သင်္ကန်းလျာအဝတ်များကို စီရင်ကြကုန်လော့”ဟု နှိုးဆော် ဆောက်တည်စေ၍ ပစ္စေကဗုဒ္ဓါ တဆူ,တဆူအား အသပြာ တထောင် တထောင်တန် သင်္ကန်းကို ပေးလှူစေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဝါကျွတ်ပြီး သင်္ကန်းများ လှူပြီးကြသော် အနုမောဒနာတရား ဟောကြားဆုညွှန်း၍ ဖဲကြွတော်မူကြလေကုန်၏။

သူကြွယ်အကြီးအမှူးဘဝ

     ယက်ကန်းသည်ရွာ၌နေသူ လူအပေါင်းတို့သည်လည်း ကောင်းမှုကို ပြုလုပ်ကြ၍ ထိုဘဝမှ စုတေကြသည်ရှိသော် တာဝတိံသာ နတ်ပြည်၌ အဖွဲ့လိုက် နတ်သား,နတ်သမီးများ ဖြစ်ကြလေ၏။ ထိုသူတို့သည် တာဝတိံသာနတ်ပြည်၌ နတ်စည်းစိမ်ကို မြိန်ရှက်စွာ ခံစားပြီးနောက် ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ဗာရာဏသီပြည် သူကြွယ်များအိမ်တို့၌ အသီးအသီး ဖြစ်ကြလေကုန်၏၊ ယက်ကန်းသည်မှူးသည် အကြီးဆုံးသူကြွယ်၏ သားဖြစ်၍ သူ၏ဇနီးသည်လည်း သူကြွယ်ကြီး၏သမီးပင် ဖြစ်လာလေသည်။ ထိုအမျိုးသမီး အားလုံးတို့သည်ပင် အရွယ်သို့ ရောက်ကြ၍ အရှင်သခင် လင်ယောက်ျား၏အိမ်သို့ လိုက်ပါကြရသည်ရှိသော် ရှေး ယက်ကန်းသည်ဘဝက အတိုင်းပင် ထိုထိုသူကြွယ်သားတို့၏ အိမ်တို့သို့ လိုက်ပါ ရောက်ရှိကြလေကုန်၏။



၅၄၆

     တနေ့သ၌ ကဿပ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်ဝယ် တရားနာရန် ကြွေးကြော် နှိုးဆော်အပ်လေသော် “မြတ်စွာဘုရား တရားဟောတော်မူလိမ့်မည်”ဟူသော သတင်းကို ကြား၍ ထိုသူကြွယ်အားလုံးတို့ပင် “တရားနာကြကုန်အံ့”ဟု ဇနီးမယား သူကြွယ်ကတော်တို့နှင့် အတူတကွ ကျောင်းတိုက်တော်သို့ သွားကြလေကုန်၏။ ထိုသူတို့ ကျောင်းတိုက်တော်အတွင်း ဝင်မိသောခဏမှာပင် မိုးကြီး သည်းစွာ ရွာသွန်း လေ၏။ ဆွမ်းခံကိုယ်တော်, ဆွေမျိုးသာမဏေ-စသည် ရှိကြသော အခြားလူတို့သည် ထိုဆွမ်းခံကိုယ်တော်, ဆွေမျိုးသာမဏေ- စသည်တို့နေရာ ပရိဝုဏ်တို့သို့ မိုးလွတ်အောင် ပြေးဝင် ခိုလှုံကြလေကုန်၏။

     ထိုသူကြွယ် ဇနီးမောင်နှံစုံ တထောင်တို့သည်ကား ထိုကဲ့သို့သော ဆွမ်းခံကိုယ်တော်, ဆွေမျိုးသာမဏေ- စသည်တို့ မရှိကြသည့်အတွက် မည်သည့်ပရိဝုဏ်တွင်းသို့မျှ မဝင်ဝံ့ကြပဲ ကျောင်းတိုက်အလယ်မှာပင် ရပ်တည်ကြရင်း မိုးအစွတ်ခံကြရလေကုန်၏။ ထိုအခါ ကျန်သော သူကြွယ်တို့ကို အကြီးအမှူးသူကြွယ်သည် “အမောင်တို့.. ငါတို့၏ ကိုးရာမဲ့ဟန် ဖောက်ပြန်ပုံကို ရှုကြလော့၊ အမျိုးကောင်းသားဆိုလျှင် ဤမျှဖြင့်ပင် ရှက်သင့်လှပြီ”ဟု ပြောဆိုလေ၏။ ကျန်သူကြွယ်တို့က “အရှင်.. အကျွန်ုပ်တို့တစုသည် အဘယ်ကောင်းမှု ပြုကြရပါမည်နည်း”ဟု မေးမြန်းကြလေလျှင် အကြီးအမှူးသူကြွယ်သည် “ငါတို့မှာ အကျွမ်းဝင်ရာဌာန မရှိကြခြင်းကြောင့် ဤသို့သော ဖောက်ပြန်မှုသို့ ရောက်ကြရလေသည်။ အားလုံးပင် ဥစ္စာကိုစု၍ ပရိဝုဏ်တခု ဆောက်လုပ်ကြကုန်စို့”ဟု တိုင်ပင် အကြံပေးစကား ပြောကြားလေ၏။ ကျန်သောသူကြွယ် အားလုံးတို့က “ကောင်းပါပြီ အရှင်..”ဟု သဘောတူစကား ပြောကြားလေသော် အကြီးအမှူး သူကြွယ်က အသပြာတထောင်, ကျန်သော သူကြွယ်များက အသပြာငါးရာစီ, သူကြွယ်ကတော်များက အသပြာနှစ်ရာ့ငါးဆယ်စီ အသီး အသီး ထည့်ဝင်လှူဒါန်းကြလေသည်။ ထိုသူကြွယ်အိမ်ထောင်စု တထောင်တို့သည် ဥစ္စာကို



၅၄၇

စုပေါင်း၍ အထွတ်တပ်သည့် ပြာသာဒ်တထောင် အရံရှိသည့် ကဿပမြတ်စွာဘုရားရှင် သီတင်းသုံး နေထိုင်တော်မူရန် ကြီးစွာသော ပရိဝုဏ်ကျောင်းဝိုင်းကြီး စတင် တည်ဆောက်ကြလေ၏။ ပြုလုပ်ရမည့် အမှုသစ်က အားကြီးလှသောကြောင့် မူလစုထားသောဥစ္စာ မလောက်ပြန်သော် တဖန် ရှေး စုဆောင်းလှူဒါန်းသော ဥစ္စာအောက် ထက်ဝက်စီ ထက်ဝက်စီ လျှော့ကာ စုဆောင်း လှူဒါန်းကြပြန်လေသည်။ ဤနည်းဖြင့် ပရိဝုဏ်ကျောင်းဝိုင်းကြီး ဆောက်လုပ်ပြီးလတ်သော် ကျောင်းလွှတ် (=ကျောင်းရေစက်ချ)သဘင် ဆင်ယင်ပြုလုပ်ကြလျက် ကဿပမြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အား ခုနစ်ရက်ကြာ မဟာဒါနကြီး လှူဒါန်းကြပြီးလျှင် ရဟန္တာပေါင်း နှစ်သောင်းတို့အား လှူဒါန်းရန်အတွက် သင်္ကန်းများကို စီမံအားထုတ်ကြလေကုန်၏။

သူကြွယ်ကတော်အကြီးအမှူး၏ ထူးကဲသောစေတနာ

     အထူးသဖြင့် သူကြွယ်မှူးကြီး၏ဇနီး သူကြွယ်ကတော်ကြီးသည် အခြားသူခပ်သိမ်းနှင့် ထပ်မျှညီတူ မပြုမူပဲ မိမိ၏ပညာ၌ တည်ရှိကာ “သူ့ထက်ကဲချွန် သာလွန်အောင်ပြု၍ ငါသည် မြတ်စွာဘုရားရှင်ကို ပူဇော်မည်”ဟု ကြံစည်ပြီးလျှင် လိပ်ဆူးရွှေပန်း (အနော်ဇာပန်း)အဆင်း ဝါဝင်းသော အသွေးအရောင်ရှိသည့် အဖိုးတထောင်တန် သင်္ကန်းလျာ အဝတ်အထည်နှင့်တကွ လိပ်ဆူးရွှေပန်း (အနော်ဇာပန်း) ခြင်းတောင်းကို ယူဆောင်ခဲ့၍ ကျောင်းအနုမောဒနာတရား ဟောကြားသောအခါ ကဿပ မြတ်စွာဘုရားရှင်ကို လိပ်ဆူးရွှေပန်း (အနောဇာပန်း)တို့ဖြင့် ပူဇော်ပြီးနောက် ထိုသင်္ကန်းလျာ အဝတ်စုံကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ချထားပြီးလျှင်-

“မြတ်စွာဘုရား.. ဖြစ်လေရာရာ သံသရာဘဝ၌ တပည့်တော်မ၏ ကိုယ်သည် ဤလိပ်ဆူးရွှေပန်း (အနော်ဇာပန်း)အဆင်း ဝါဝင်းသော အသွေးအရောင်ရှိသည် ဖြစ်ပါစေသား၊



၅၄၈

တပည့်တော်မ၏ အမည်သည်လည်း အနောဇာဟူ၍သာလျှင် တွင်မည်သည် ဖြစ်ပါစေသား”–

ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်ကလည်း “ဧဝံ ဟောတု = ဤယခု သင်ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း”ဟု အနုမောဒနာ ပြုတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုသူအားလုံးတို့ပင် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုကြ၍ ထိုဘဝမှ စုတေကြလေလျှင် နတ်ပြည်၌ ဖြစ်ကြ၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာကာလဝယ် နတ်ပြည်မှ စုတေခဲ့ကြ၍ သူကြွယ်အကြီးသည် ကုက္ကုဋဝတီ မင်းနေပြည် ရွှေနန်းတော်၌ မဟာကပ္ပိနမည်သော မင်းသားဖြစ်၍ အရွယ်သို့ ရောက်လတ်သော် မဟာကပ္ပိနမင်းတရား ဖြစ်လေ၏။ ကျန်သော သူကြွယ်တို့သည် အမတ်မျိုး၌ အသီးအသီး ဖြစ်ကြလေ၏။ သူကြွယ်ကြီး၏ ဇနီးသည် မဒ္ဒတိုင်း သာဂလမြို့ ရွှေနန်းတော်၌ မဒ္ဒမင်းသမီး ဖြစ်လာလေ၏။ ထို မင်းသမီး၏ ကိုယ်ရေအဆင်းမှာ လိပ်ဆူးရွှေပန်း (အနော်ဇာပန်း)အဆင်း ဝါဝင်းသော အသွေးအရောင် ရှိခြင်းကြောင့် ရှေးဆုတောင်းအတိုင်း ထိုမင်းသမီး၏ အမည်ကို “အနောဇာ”ဟူ၍ မှည့်ခေါ်ကြလေ၏။

     အနောဇာမင်းသမီး အရွယ်သို့ ရောက်လတ်သော် မဟာကပ္ပိနမင်း၏ နန်းအိမ်သို့ ရောက်၍ အနောဇာဒေဝီ မိဖုရားကြီး ဖြစ်လာလေသည်။ ကျန်သော သူကြွယ်ကတော်များသည်လည်း အမတ်မျိုး၌ အသီးအသီး ဖြစ်ကြ၍ အရွယ်သို့ ရောက်ကြလေလျှင် ရှေးရေစက်အတိုင်း အရှင်ဟောင်း အမတ်သားတို့၏ ဇနီးများ ဖြစ်လာကြလေကုန်၏။ ထိုသူအားလုံးတို့သည်ပင် မဟာကပ္ပိနမင်းကြီး၏ စည်းစိမ်နှင့်တူသော စည်းစိမ်ကို ခံစံသုံးဆောင်ကြရလေသည်။ သုံးဆောင်ကြရပုံမှာ- မဟာကပ္ပိနမင်းကြီး အဆင်တန်ဆာစုံ ဝတ်ဆင်၍ ဆင်စီးပြီး ခရီးလှည့်လည်လျှင် ထိုအမတ်တထောင်တို့သည်လည်း မင်းကြီးနည်းတူ ဆင်စီး၍ ခရီးလှည့်လည်ကြရကုန်၏။



၅၄၉

မင်းကြီး မြင်းဖြင့်ဖြစ်စေ, ရထားဖြင့်ဖြစ်စေ ခရီးလှည့်လည်တော်မူသောအခါ ထိုအမတ်တထောင်တို့သည်လည်း မင်းကြီးနည်းတူ မြင်းဖြင့်, ရထားဖြင့် ခရီးလှည့်လည်ကြရကုန်၏။ ဤသို့လျှင် ထိုသူတော်ကောင်း တထောင်တို့သည် အတူတကွ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်တို့၏ အာနုဘော်ကြောင့် အတူတကွ သာလျှင် စည်းစိမ်ကို ခံစံသုံးဆောင်ကြရလေကုန်၏။

မင်းကြီး မြင်းစေကျော်တို့ဖြင့် သတင်းစကား နာယူစေခြင်း

     မဟာကပ္ပိနမင်းကြီးမှာ- (၁) ဗလမည်သော မြင်း၊ (၂) ဗလဝါဟနမည်သော မြင်း၊ (၃) ပုပ္ဖမည်သော မြင်း၊ (၄) ပုပ္ဖဝါဟနမည်သော မြင်း၊ (၅) သုပတ္တမည်သော မြင်းဟူ၍ = မြင်းကျော် ၅-စီးတို့ ရှိကြလေသည်။ မင်းကြီးသည် ထိုမြင်းကျော် ၅-စီးတို့အနက် သုပတ္တမည်သော မြင်းကျော်ကို ကိုယ်တိုင်စီးနင်း သုံးဆောင်၍ ကျန်သည့် မြင်းကျော်၄-စီးတို့ကို မြင်းစီးသူရဲကောင်းတို့အား သတင်းစကား ဆောင်ယူရန် ပေးအပ်ထားလေသည်။ မင်းကြီးသည် ထိုမြင်းစေကျော် သူရဲကောင်း ၄-ယောက်တို့ကို စောစောစီးစီး မွန်မြတ်သော ထမင်းဘောဇဉ်ကို ကျွေးမွေးပြီးလျှင် “အမောင်တို့.. သွားကြကုန်၊ ကုက္ကုဋဝတီ နေပြည်တော်မှ ပတ်ဝန်းကျင် နှစ်ယူဇနာ သုံးယူဇနာတိုင်တိုင် လှည့်လည်ကြ၍ ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့ လောက၌ ပွင့်ပေါ်ဖြစ်ထွန်းကြောင်း သတင်းကောင်းကို ကြားသိကြရလျှင် ထိုချမ်းသာကြောင်း သတင်းကောင်းကို ငါ့အထံသို့ လျင်မြန်စွာ သို့ဆောင်ကြရမည်”ဟု မှာတမ်း၍ မြင်းစေကျော် သူရဲကောင်းတို့ကို နေ့စဉ်နေ့စဉ် အရပ်လေးမျက်နှာတို့သို့ စေလွှတ်တော်မှု၏။ ထိုမြင်းစေကျော် သူရဲကောင်းတို့သည် မြို့တံခါးလေးပေါက်တို့မှ တယောက်စီ ထွက်ကြ၍ သုံးယူဇနာတို့တိုင်တိုင် လှည့်လည်ကာ သတင်းစကား နားထောင်ကြပြီးလျှင် ရတနာသုံးပါး ဖြစ်ထွန်းပြီဟူသော သတင်းကို မရကြပဲ မြို့တော်သို့ တဖန် ပြန်လာကြရကုန်၏။



၅၅၀

ရတနာသုံးပါးသတင်း ကြားသိရခြင်း

     ထို့နောက် တနေ့သ၌ မဟာကပ္ပိနမင်းကြီးသည် သုပတ္တမည်သော မြင်းကျော်ကို စီး၍ အမတ်တထောင် ခြံရံအပ်လျက် ဥယျာဉ်တော် ထွက်လေလျှင် ကုန်သည်ငါးရာတို့ ခရီးပင်ပန်း နွမ်းနယ်သော သဘောရှိကြလျက် မြို့တော်သို့ ဝင်ကြသည်ကို မြင်လတ်၍ “ဤကုန်သည်တို့ကား ခရီးပန်းလာကြကုန်၏။ ဧကန်မချွတ်ပင် ဤကုန်သည်တို့ထံမှ သတင်းကောင်းတခုခုကို ကြားရလိမ့်မည်”ဟု ယုံကြည်မျှော်လင့်ကာ ထိုကုန်သည်များကို ရှေ့တော်သို့ ခေါ်စေပြီးလျှင် “အမောင်တို့.. အဘယ်အရပ်မှ လာကြသနည်း”ဟု မေးမြန်းလေ၏။ ကုန်သည်တို့က “အရှင်မင်းကြီး.. ဤကုက္ကုဋဝတီ မင်းနေပြည်မှ ယူဇနာ (၁၂၀) တရာ့နှစ်ဆယ် ထက်၌ သာဝတ္တိမည်သောပြည် ရှိပါသည်၊ ထိုသာဝတ္ထိပြည်မှ အကျွန်ုပ်တို့ လာကြပါသည်”ဟု ပြန်ကြားလျှောက်ထားကြလေလျှင် မင်းကြီးသည် တဖန်ဆက်၍ “အမောင်တို့.. အမောင်တို့၏ သာဝတ္ထိပြည်အရပ်၌ တစုံတခု သတင်းထူး သတင်းဆန်း ဖြစ်ပေါ်ထွန်းသည်များ ရှိပါသလော”ဟု မေးမြန်းလေ၏။ ကုန်သည်များကလည်း “အရှင်မင်းကြီး.. အခြား တစုံတခု လျှောက်ထားရန် သတင်းထူး သတင်းဆန်း မရှိပါ။ စင်စစ်သော်ကား အကျွန်ုပ်တို့၏ သာဝတ္ထိပြည်အရပ်၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပါသည်”ဟု လျှောက်ထားကြလေကုန်၏။

     မင်းကြီးသည် ထိုခဏ၌ပင် ပီတိ၅-မျိုး ကိုယ်လုံးဖြိုးလျက် တစုံတရာကို မမှတ်မသားနိုင်ပဲ တမုဟုတ်မျှ အချိန်ကို လွန်စေပြီးနောက် “အမောင်တို့.. အဘယ်လိုသတင်းစကား လျှောက်ထားလိုက်ကြသနည်း”ဟု မေးမြန်း၍ ကုန်သည်တို့ကလည်း “အရှင်မင်းကြီး.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်” ဟု ထပ်မံ လျှောက်ထားကြလေကုန်၏။ မင်းကြီးသည် နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း ထိုနည်းအတူပင် အချိန်ကို လွန်စေ၍ လေးကြိမ်မြောက်၌ “အမောင်တို့.. အဘယ်လိုသတင်းစကား လျှောက်ထားလိုက်ကြသနည်း”ဟု မေးမြန်းပြီးလျှင်



၅၅၁

ကုန်သည်တို့ကလည်း “အရှင်မင်းကြီး.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်”ဟု ရှေးနည်းအတူ ထပ်မံ လျှောက်ထားကြလေသော် မဟာကပ္ပိနမင်းကြီးသည် “အမောင်တို့.. အမောင်တို့အား ‘မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပါသည်’ဟူသော သတင်းစကား လျှောက်ထားကြသည့်အတွက် အသပြာတသိန်း ငါ ဆုတော်ပေးသနား၏”ဟု မိန့်ဆိုတော်မူလေ၏။

     ထိုသို့ မိန့်ဆိုပြီးလျှင် မင်းကြီးသည် တဖန် “အခြား တစုံတခု သတင်းထူးများ ရှိသေး၏လော”ဟု မေးတော်မူ၍ ကုန်သည်တို့ကလည်း “ရှိပါသည် အရှင်မင်းကြီး.. လောက၌ တရားရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ထပ်မံ လျှောက်ထားကြလေ၏။ မင်းကြီးသည် ထိုသတင်းကို ကြားသိရလျှင်လည်း ရှေးနည်းအတူပင် သုံးကြိမ်တိုင်တိုင် အချိန်ကို ကုန်လွန်စေ၍ လေးကြိမ်မြောက်၌ “လောက၌ တရားရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ကုန်သည်တို့က လျှောက်ထားကြလေသော် “အမောင်တို့.. အမောင်တို့အား ဤ‘တရားရတနာ ဖြစ်ပေါ်နေပါသည်’ဟူသော သတင်းစကား လျှောက်ထားကြသည့် အတွက်လည်း အသပြာတသိန်း ငါ ဆုတော်ပေးသနား၏”ဟု မိန့်ဆိုတော်မူလေ၏။

     ထို့နောက် မင်းကြီးသည် တဖန် “အမောင်တို့.. အခြား တစုံတခု သတင်းထူးများ ရှိသေး၏လော”ဟု မေးတော်မူ၍ ကုန်သည်တို့ကလည်း “ရှိပါသည် အရှင်မင်းကြီး.. လောက၌ သံဃာရတနာသည် ဖြစ်ပေါ်နေပါသည်”ဟု ထပ်မံ လျှောက်ထားကြလေ၏။ မင်းကြီးသည် ထိုသတင်းကို ကြားသိရလျှင်လည်း ရှေးနည်းအတူပင် သုံးကြိမ်တိုင်တိုင် အချိန်ကို ကုန်လွန်စေ၍ လေးကြိမ်မြောက်၌ “သံဃာ”ဟူသော ပုဒ်တစိတ်မျှ ကုန်သည်တို့က ပြောဆိုကြလျှင်ပင် “အမောင်တို့.. အမောင်တို့အား ဤ‘သံဃာရတနာ ဖြစ်ပေါ်နေပါသည်’ဟူသော သတင်းစကား လျှောက်ထားကြသည့် အတွက်လည်း အသပြာတသိန်း ငါ ဆုတော်ပေးသနား၏”ဟု မိန့်ဆိုတော်မူလေ၏။



၅၅၂

မဟာကပ္ပိနမင်းကြီး တောထွက်တော်မူခြင်း

     ထိုသို့ မိန့်တော်မူပြီးလျှင် မဟာကပ္ပိနမင်းကြီးသည် အမတ်တထောင်ကို ကြည့်တော်မူ၍ “အမောင်တို့.. အဘယ်သို့ ပြုကြမည်နည်း”ဟု မေးတော်မူလေ၏။ အမတ်တို့က “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ကော အဘယ်သို့ ပြုကြမည်နည်း”ဟု မေးကြလေလျှင် မဟာကပ္ပိနမင်းကြီးသည် “အမောင်တို့.. ငါသည် ‘ဘုရားရတနာ ဖြစ်ပေါ် ပွင့်ထွန်းနေပြီ, တရားရတနာ ဖြစ်ပေါ်နေပြီ, သံဃာရတနာ ဖြစ်ပေါ်နေပြီ’ဟူသော သတင်းစကားကို ကြားသိရသောကြောင့် ရွှေနန်းတော်သို့ တဖန် မပြန်နစ်တော့ပြီ၊ ဤနေရာမှပင် မြတ်စွာဘုရားကို ရည်ညွှန်း၍ သွားရောက်ပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့မည်”ဟု မိန့်ဆိုတော်မူလေ၏။ အမတ်တို့သည်လည်း “အရှင်မင်းကြီး.. အကျွန်ုပ်တို့သည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ ရဟန်းပြုကြပါမည်”ဟု တညီတညွတ်တည်း လျှောက်ထားကြလေကုန်၏။

     မဟာကပ္ပိနမင်းကြီးသည် ရွှေပြား၌ စာလုံးအက္ခရာ အမှာစကား ရေးသားထွင်းထုစေပြီးလျှင် ကုန်သည်တို့ကို “အမောင်တို့.. အနောဇာဒေဝီ မိဖုရားကြီးသည် အမောင်တို့အား အသပြာသုံးသိန်း ငါ့ကိုယ်စား ဆုပေးသနားလိမ့်မည်။ အထူး မှာတမ်းလိုသည်မှာ- အနောဇာဒေဝီ မိဖုရားကြီးကို ‘မင်းကြီးက အရှင်မိဖုရားကြီးအား မင်း၏စည်းစိမ် အစိုးရ ဂုဏ်သိရ်အားလုံးကို စွန့်ပေးအပ်ပြီတဲ့၊ အလိုရှိတိုင်း ချမ်းသာစွာ မင်းစည်းစိမ်ကို ခံစံ သုံးဆောင်တော်မူပါလော့’ဟု အမောင်တို့ လျှောက်ထားကြရမည်။ အကယ်၍များ အမောင်တို့ကို အနောဇာဒေဝီ မိဖုရားကြီးက ‘မင်းကြီး အဘယ်မှာနည်း’ဟု မေးခဲ့လျှင် ‘မြတ်စွာဘုရားကို ရည်ညွှန်း၍ ရဟန်းပြုတော့မည်ဟု ထွက်ကြွသွားပါပြီ’ဟု အမောင်တို့ လျှောက်ထားကြပါလေ”ဟု နှုတ်ဖြင့် မှာတမ်းပြောဆိုပြီးလျှင် ကုန်သည်တို့လက်၌ ရွှေပြားကိုအပ်၍ လွှတ်လိုက်လေ၏။ အမတ်တို့သည်လည်း မိမိတို့၏ အမတ်ကတော်များထံသို့ ထိုနည်းအတူပင် သတင်းစကား မှာကြား ပို့သစေကြလေ၏။



၅၅၃

မင်းကြီးသည် ကုန်သည်တို့ကို လွှတ်လိုက်ပြီးလျှင် သုပတ္တမြင်းကျော်ကို စီး၍ အမတ်တထောင် ခြံရံအပ်လျက် ထိုခဏမှာပင် တောထွက်တော်မူလေ၏။

မြတ်စွာဘုရား အသင့်စောင့်ကြိုနေတော်မူခြင်း

     မြတ်စွာဘုရားရှင်သည်လည်း ထိုမဟာကပ္ပိနမင်းကြီး တောထွက်တော်မူမည့်နေ့၌ သတ္တလောကကို ကြည့်ရှု ဆင်ခြင်တော်မူလေလျှင် အမတ်တထောင် အခြံအရံနှင့် တကွသော မဟာကပ္ပိနမင်းကြီးကို မြင်တော်မူ၍ “ဤမဟာကပ္ပိနမင်းသည် ကုန်သည်တို့၏ အထံမှ ရတနာသုံးပါးတို့ ဖြစ်ပေါ် ပွင့်ထွန်းကြောင်း သတင်းကောင်းကို ကြားသိ၍ ထိုကုန်သည်တို့၏ သတင်းစကားကို အသပြာသုံးသိန်းတို့ဖြင့် ပူဇော်ပြီးလျှင် မင်းစည်းစိမ်ကို ပယ်စွန့်၍ အမတ်တထောင် ခြံရံအပ်လျက် ငါဘုရားကိုရည်စူး၍ ရဟန်းပြုလိုသည်ဖြစ်၍ နက်ဖြန် တောထွက်လာလိမ့်မည်၊ ထိုမဟာကပ္ပိနမင်းသည် အမတ်တထောင် အခြံအရံနှင့် တကွပင် ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်ပေလိမ့်မည်၊ ငါဘုရားသည် ထိုမဟာကပ္ပိနမင်းအား ခရီးဦးကြိုမှုကို ပြုပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် နောက်တနေ့၌ ရွာစားငယ်ကို ခရီးဦးကြိုဆိုသော စကြဝတေးမင်းကဲ့သို့ ကိုယ်တော်တိုင်ပင် သပိတ်,သင်္ကန်းကို ယူတော်မူ၍ ယူဇနာ တရာ့နှစ်ဆယ်ခရီးတိုင်အောင် ကြိုဆိုသွားရောက်တော်မူကာ စန္ဒဘာဂါအမည်ရှိသော မြစ်၏ဆိပ်ကမ်း ပညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်တော်မူကာ ထိုင်နေတော်မူလေ၏။

မဟာကပ္ပိနမင်း မြစ်သုံးတန်ကို ကူးမြောက်ခြင်း

     မဟာကပ္ပိန မင်းကြီးသည်လည်း အမတ်တထောင်နှင့်တကွ မြင်းကိုယ်စီစီးလျက် တောထွက်လာသည်ရှိသော် မြစ်တခုသို့ရောက်၍ “ဤမြစ်ကား အဘယ်အမည်ရှိသော မြစ်နည်း”ဟု မေးမြန်းလေ၏။ အမတ်တို့က “အရှင်မင်းကြီး.. ဤမြစ်ကား အပရစ္ဆာ အမည်ရှိပါ၏”ဟု လျှောက်ထားကြလေသော်



၅၅၄

“အမောင်တို့.. ဤအပရစ္ဆာမြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့က “အရှင်မင်းကြီး.. ဤမြစ်၏ ပမာဏကား အနက်အားဖြင့် တဂါဝုတ်ရှိ၍ အကျယ်အားဖြင့် နှစ်ဂါဝုတ်တို့ ရှိပါသည်”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ဤမြစ်ကမ်းနား၌ လှေဖြစ်စေ ဖောင်ဖြစ်စေ ရှိသလော”ဟု မေးပြန်လေ၏။ အမတ်တို့က “မရှိပါ အရှင်မင်းကြီး..”ဟု လျှောက်ထားကြလေလျှင် မင်းကြီးသည်-

“လှေ,ဖောင်တို့ကို ရှာကြံကြည့်ရှုနေစဉ်ပင် ငါတို့ကို ဇာတိ = ပဋိသန္ဓေတည်နေခြင်း တရားက ဇရာ = အိုမင်းခြင်းတရားသို့ရောက်အောင် ဆောင်နေဘိတကား၊ ဇရာ = အိုမင်းခြင်းတရားက မရဏ = သေခြင်းတရားသို့ရောက်အောင် ပို့ဆောင်နေဘိတကား။ ငါသည် ယုံမှားကင်းသူဖြစ်၍ ရတနာသုံးပါးတို့ကို ရည်ညွှန်းကာ တောထွက်လာသူစင်စစ် ဖြစ်ပေ၏။ ငါ့အဖို့ရာ ထိုရတနာသုံးပါးတို့၏ အာနုဘော်ကြောင့် ဤရေသည် ရေကဲ့သို့ မဖြစ်ပါစေလင့်”-

ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်လျက် “ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ”- အစရှိသည်ဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ-

“ဘဝသောတံ ဟဝေ ဗုဒ္ဓေါ၊ တိဏ္ဏော လောကန္တဂူ ဝိဒူ။

ဧတေန သစ္စဝဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

ဗုဒ္ဓေါ = သဗ္ဗညူဗုဒ္ဓ အမည်ရသည့် လောကထွတ်ထား မြတ်ဘုရားသည်။ ဟဝေ = စင်စစ်ဧကန် အမှန်ပင်။ ဘဝသောတံ = ဘဝသုံးသွယ် ရေပြင်ကျယ်ကို။ တိဏ္ဏော = နိဗ္ဗူထုတ်ချောက် မှာကမ်းရောက်အောင် ကူးမြောက်တော်မူပြီးလေပြီ။ ဝါ- ကူးမြောက်တော်မူပြီး ဖြစ်ရကား။ လောကန္တဂူ = လောက၏အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်ရောက်တော်မူလေပြီ။ ဝိဒူ = ခပ်သိမ်းသော တရားကို



၅၅၅

ပိုင်းခြားထင်ထင် သိမြင်တော်မူလေပြီ။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ = မဟာကပ္ပိန နာမသမုတ် အကျွန်ုပ်၏။ ဂမနံ = မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း”–

ဤဂါထာကို နုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံအမတ်တထောင် သိန္ဓောမြင်း တထောင်တို့နှင့် အတူတကွ နှစ်ဂါဝုတ် အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြလေ၏၊ ခွါဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်မစိုချေ။

     မဟာကပ္ပိနမင်းကြီးသည် ထိုအပရစ္ဆာမြစ်ကို ကူးပြီး ရှေ့သို့ဆက်၍ ခရီးနှင်ပြန်လေသော် ဒုတိယမြစ်တခုကို တွေ့ပြန်လေ၍ “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က “နီလဝါဟိနီ အမည်ရှိပါ၏ အရှင်မင်းကြီး..”ဟု လျှောက်ထားကြလေသော် မင်းကြီးသည် “အမောင်တို့.. ဤနီလဝါဟိနီ မြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့သည် “အရှင်မင်းကြီး.. ဤနီလဝါဟိနီမြစ်၏ ပမာဏကား အစောက် အနက်အားဖြင့်၎င်း, အပြန့်အကျယ်အားဖြင့်၎င်း ယူဇနာဝက် ရှိပါ၏”ဟု လျှောက်ထားကြကုန်၏။ (အကြွင်း ရှေးနည်းအတူတည်း)။ မင်းကြီးသည် ထိုနီလဝါဟိနီမြစ်ကို “သွာက္ခာတော ဘဂ၀တာ ဓမ္မော” အစရှိသည်ဖြင့် ဓမ္မာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ-

“ယဒိ သန္တိဂမော မဂ္ဂေါ၊ မောက္ခော စစ္စန္တိကံ သုခံ။

ဧတေန သစ္စ၀ဇ္ဇေန၊ ဂမနံ မေ သမိဇ္ဈတု။

မဂ္ဂေါ = လောကုတ္တရာတရား အရိယမဂ်လေးပါးသည်။ ယဒိ = ဇာတု = စင်စစ်ဧကန် အမှန်ပင်။ သန္တိဂမော = နိဗ္ဗာန်ထုတ်ချောက် ရောက်စေနိုင်၏။ မောက္ခော စ = အရိယမဂ်ဖြင့်ရောက်အပ် နိဗ္ဗာန်တရားမြတ်သည်လည်း။



၅၅၆

အစ္စန္တိကံ သုခံ = ချမ်းသာစင်စစ် ဧကန်ဖြစ်၏။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ = မဟာကပ္ပိန နာမသမုတ် အကျွန်ုပ်၏။ ဂမနံ = မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း” -

ဤဂါထာကို နှုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံ အမတ်တထောင် သိန္ဓောမြင်း တထောင်တို့နှင့် အတူတကွ ယူဇနာဝက် အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ ရှေးနည်းအတူပင် သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြ၍ ခွါဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်မစိုချေ။

     မဟာကပ္ပိနမင်းကြီးသည် ထိုနီလဝါဟိနီမြစ်ကို ကူးပြီး ရှေ့သို့ဆက်၍ ခရီးနှင်ပြန်လေသော် တတိယမြစ်တခုကို တွေ့ပြန်လေ၍ “ဤမြစ်ကား အဘယ်အမည်ရှိသနည်း”ဟု မေးလေ၏။ အမတ်တို့က “စန္ဒဘာဂါ အမည်ရှိပါ၏ အရှင်မင်းကြီး..”ဟု လျှောက်ထားကြလေသော် မင်းကြီးသည် “အမောင်တို့.. ဤစန္ဒဘာဂါ မြစ်၏ ပမာဏကား အဘယ်မျှရှိသနည်း”ဟု မေးပြန်လေ၏။ အမတ်တို့သည် “အရှင်မင်းကြီး.. ဤစန္ဒဘာဂါမြစ်၏ ပမာဏကား အစောက်အနက်အားဖြင့်၎င်း အပြန့်အကျယ်အားဖြင့်၎င်း တယူဇနာရှိပါ၏”ဟု လျှောက်ထားကြကုန်၏။ (အကြွင်း ရှေးနည်းအတူတည်း )။ မင်းကြီးသည် ဤစန္ဒဘာဂါမြစ်ကိုကား “သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော” အစရှိသည်ဖြင့် သံဃာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းအောက်မေ့ကာ-

“သံဃော ဝေ တိဏ္ဏကန္တာရော၊

ပုညက္ခေတ္တော အနုတ္တရော။

ဧတေနသစ္စဝဇ္ဇေန၊

ဂမနံ မေ သမိဇ္ဈတု။

သံဃော = ပရမတ္ထအရိယာ သံဃာတော်မြတ်သည်။ ဝေ = စင်စစ်ဧကန် အမှန်ပင်။ တိဏ္ဏကန္တာရော = သသရာခရီးခဲကို



၅၅၇

အံ့အဲစလောက် ဖက်ကမ်းရောက်အောင် ကူးမြောက်ပြီး ဖြစ်တော်မူပေ၏။ အနုတ္တရော = အတုမရှိ လွန်မြတ်ဘိသော။ ပုညက္ခေတ္တော = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေစစ် ပုညခေတ်လည်း ဖြစ်ပါပေ၏။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကြောင့်။ မေ = မဟာကပ္ပိန နာမသမုတ် အကျွန်ုပ်၏။ ဂမနံ = မြတ်ဘုရားထံမှောက် ရဟန်းပြုရန် သွားရောက်ခြင်းသည်။ သမိဇ္ဈတု = အန္တရာယ်မမှောက် ရန်မနှောက်ပဲ ထမြောက်ကုံလုံ ပြည့်စုံပါစေသတည်း” -

ဤဂါထာကို နှုတ်ကတွတ်တွတ် ရွတ်ဆိုလျက် အခြံအရံ အမတ်တထောင် သိန္ဓောမြင်း တထောင်တို့နှင့် အတူတကွ တယူဇနာ အပြန့်ကျယ်သော ရေအပြင်ကို ကူးလေ၏။ ရှေးနည်းအတူပင် သိန္ဓောမြင်းတို့သည် ကျောက်ဖျာပေါ်၌ကဲ့သို့ ပြေးသွားကြ၍ ခွါဖျားတို့ကိုသော်မှလည်း ရေကြည်တပေါက် မစွတ်မစိုချေ။ ။(ဤမဟာကပ္ပိနမင်းကြီး မြစ်သုံးတန်ကူးသည့် သုံးဂါထာတို့ကို မဟာကပ္ပိန ထေရာပဒါန်ပါဠိမှ ထုတ်နုတ်ဖော်ပြအပ်သည်)။

မြတ်စွာဘုရားနှင့်တွေ့၍ ရဟန်းပြုကြခြင်း

     မင်းကြီးသည် ထိုစန္ဒဘာဂါမြစ်ကို ကူးမြောက်၍ သွားလျှင်ပင် ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရား၏ ကိုယ်တော်မှ ထွက်ပေါ် ကွန့်မြူး၍နေသော ရောင်ခြည်တော် ခြောက်သွယ်တို့ကို အံ့ဩစဖွယ် ဖူးတွေ့ရလေ၏။ ထိုအချိန်၌ ပညောင်ပင်ကြီး တပင်လုံးရှိ ပင်စည်, အကိုင်း, အခက်, အရွက်တို့မှာ ရွှေသားအတိပမာ ဝါဝင်းထိန်ဝေလျက် ရှိကြကုန်၏။ ထိုအခါ မင်းကြီးသည် “ဤအရောင်ကား လ၏အရောင်လည်း မဟုတ်၊ နေ၏အရောင်လည်း မဟုတ်၊ နတ်, မာရ်, နဂါး, ဂဠုန် စသည်တို့တွင် တဦးဦး၏ အရောင်လည်း မဟုတ်၊ မချွတ်ဧကန် အမှန်ပင် ငါ မြတ်စွာဘုရားကို ရည်ညွှန်း၍ ရဟန်းပြုရန် လာရောက်သည်ကို ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကြီး



၅၅၈

မြင်တော်မူသည် ဖြစ်လိမ့်မည်”ဟု အမှန်အတိုင်းပင် ဆင်ခြင် ကြံစည်မိလေ၏။

     မဟာကပ္ပိနမင်းကြီးသည် ထိုခဏမှာပင် မြင်းကျောက်ကုန်းထက်မှ ဆင်းသက်၍ ကိုယ်ကိုညွတ်ကာ ရောင်ခြည်တော် ကွန့်မြူးရာသို့ အစဉ်လိုက်ပါလျက် မြတ်စွာဘုရားရှင် ထံတော်သို့ ဆည်းကပ်ပြီးလျှင် ဆေးဒန်း မြင်းသီလာရေ၌ နစ်မြုပ်ငုပ်သောသူကဲ့သို့ ဘုရားရောင်ခြည်တော်တို့၏ အတွင်းသို့ ဝင်ရောက်ကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အမတ်တထောင်တို့နှင့် အတူတကွ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် ထိုမဟာကပ္ပိနမင်းကြီးအား မဂ်ဖိုလ်ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် (၁) ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၊ (၂) သီလကထာ = သီလနှင့်စပ်သော တရားစကား၊ (၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၊ (၄) မဂ္ဂကထာ = မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းကျင့်စဉ်နှင့်စပ်သော တရားစကားတို့ကို အစဉ်အတိုင်း ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ပြီးဆုံးသောအခါ မဟာကပ္ပိနမင်းကြီးသည် အမတ်တထောင်နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

     ထိုအခါ အားလုံးပင် နေရာမှထ၍ ရှင်,ရဟန်းအဖြစ်ကို တောင်းခံကြလေကုန်၏။ မြတ်စွာဘုရားသည် “ဤအမျိုးကောင်းသားတို့၏ အဖို့ရာ ဣဒ္ဓိမယ သပိတ်,သင်္ကန်း လာရောက်မည်လော”ဟု စူးစမ်းဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤအမျိုးကောင်းသားတို့သည် ပစ္စေကဗုဒ္ဓါတထောင်အား သင်္ကန်းစုံရေ တထောင် လှူခဲ့ဘူးကြပြီ၊ ဤတွင်မျှမကသေး ကဿပမြတ်စွာ လက်ထက်တော်အခါကလည်း ရဟန္တာပေါင်း ထေရ်နှစ်သောင်းတို့အား သင်္ကန်းစုံရေပေါင်း နှစ်သောင်းတို့ကို လှူခဲ့ဘူးကြပြီ၊ ဤအမျိုးကောင်းသားတို့ အဖို့ရာ ဣဒ္ဓိမယ သပိတ်သင်္ကန်းများ ကိုယ်သို့ရောက်လာခြင်းမှာ အထူးတဆန်း အံ့ဘနန်း မဟုတ်တော့ချေ၊ အလွယ်နှင့်ပင် ရောက်မည်သာ”ဟု သိတော်မူ၍



၅၅၉

လက်ျာလက်တော်ကို ဆန့်တန်းတော်မူပြီးလျှင် “ဧထ ဘိက္ခဝေါ- အစရှိသည်ဖြင့် = ရဟန်းတို့.. လာကြလော့၊ သင်ချစ်သားတို့ တောင်းပန်အပ်သော ရှင်, ရဟန်းအဖြစ်ကို ခံယူကြလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာ ဟောကြားအပ်လေပြီ၊ သင်ချစ်သားတို့သည် ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ သိက္ခာသုံးရပ် မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြလော့”ဟု ဧဟိဘိက္ခု ခေါ်တော်မူလိုက်လေ၏။ ထိုသို့ ဧဟိဘိက္ခု ခေါ်တော်မူလိုက်သည်နှင့် တပြိုင်နက် မဟာကပ္ပိနမင်းကြီးနှင့်တကွ အမတ်တထောင်တို့သည် ဣဒ္ဓိမယပရိက္ခရာကို သူ့နေရာနှင့်သူ အဆင်သင့် ဆင်ယင်ပြီးသား ဖြစ်ကြလျက် အဝါ ၆ဝ-ရသော (=သက်တော်ရှစ်ဆယ် ရှိပြီး) မထေရ်ကြီးများပမာ လူ့အသွင်ကွယ်ပျောက် ရဟန်းအဖြစ်သို့ ရောက်ကြ၍ ကောင်းကင်သို့ တက်ကြကာ တဖန်ပြန်၍ ဆင်းပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ ထိုင်နေကြလေကုန်၏။

ကုန်သည်များ အနောဇာမိဖုရားကြီးထံ သွားရောက်ကြခြင်း

     သာဝတ္ထိပြည်သား ထိုကုန်သည်များသည်လည်း ကုက္ကုဋ၀တီ ရွှေနန်းတော်သို့ သွားရောက်ကြ၍ မင်းကြီးက စေလွှတ်လိုက်ကြောင်းကို မိဖုရားကြီးအား သံတော်ဦးတင် လျှောက်ထားစေပြီးလျှင် အနောဇာဒေဝီ မိဖုရားကြီးက “လာရောက်ကြစေ”ဟူ၍ အခွင့်ပြုစကား ပြန်ကြား ပြောဆိုအပ်လေလျှင် ရွှေနန်းတော်သို့ ဝင်၍ မိဖုရားကြီးကို ရိုသေမြတ်နိုး ရှိခိုးကြကာ အပြစ်လွတ်ရာအရပ်၌ ရပ်တည်ကြလေကုန်၏။ ထိုအခါ မိဖုရားကြီးနှင့် ကုန်သည်တို့ အပြန်အလှန် မေးကြ,ဖြေကြသည်မှာ-

(မိဖုရားကြီး)

အမောင်တို့.. အဘယ်အကြောင်းကြောင့် ဤရွှေနန်းတော်သို့ လာရောက်ကြသနည်း။

(ကုန်သည်များ)

အရှင်မိဖုရားကြီး.. အကျွန်ုပ်တို့ကို မင်းကြီးက အရှင်မိဖုရားကြီးတို့ထံ စေလွှတ်အပ်ပါကုန်သည်၊



၅၆၀

အကျွန်ုပ်တို့အား အသပြာသုံးသိန်း ဆုလာဘ်တော်များ ပေးသနားတော်မူလိုက်ကြပါတဲ့။

(မိဖုရားကြီး)

အမောင်တို့.. အမောင်တို့သည် အလွန်များစွာ ပြောဆိုကြဘိ၏၊ အမောင်တို့သည် မင်းကြီး၏အပေါ်၌ အဘယ်သို့သော ဥပကာရကျေးဇူးကို ပြုအပ်ကြသနည်း၊ အဘယ်သို့သော ကျေးဇူးဥပကာရ၌ မင်းကြီးသည် စိတ်ကြည်လင်၍ အမောင်တို့အား ဤမျှသော ဆုလာဘ်ကို ပေးသနားစေတော်မူသနည်း။

(ကုန်သည်များ)

အရှင်မိဖုရားကြီး.. အကျွန်ုပ်တို့သည် မင်းကြီးအပေါ်၌ အခြား ဥပကာရကျေးဇူးကို ပြုအပ်ကြသည် မဟုတ်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်တို့သည် မင်းကြီးအား သတင်းထူးတရပ်ကို လျှောက်ထားကြပါသည်။ ထို့ကြောင့် မင်းကြီး စိတ်ကြည်၍ ဤမျှ (အသပြာသုံးသိန်း)သော ဆုလာဘ်ကို အကျွန်ုပ်တို့အား ပေးသနားစေခြင်း ဖြစ်ပါသည်။

(မိဖုရားကြီး)

အမောင်တို့.. ထိုသတင်းထူးကို ငါ့အားကော ပြောကြား လျှောက်ထားနိုင်ကြပါမည်လော။

(ကုန်သည်များ)

လျှောက်ထားနိုင်ပါသည် အရှင်မိဖုရားကြီး..။

(မိဖုရားကြီး)

အမောင်တို့.. ထိုသို့ဖြစ်လျှင် လျှောက်ထားကြလော့။

(ကုန်သည်များ)

အရှင်မိဖုရားကြီး.. လောက၌ ဘုရားရတနာ ပွင့်ထွန်းတော်မူနေပါပြီ-

     မိဖုရားကြီးသည် ထိုသတင်းကို ကြားလျှင်ပင် မင်းကြီးနည်းတူ ပီတိ၅-မျိုး ကိုယ်လုံးဖြိုးလျက် သုံးကြိမ်တိုင်အောင် တစုံတခုကို မမှတ်မသားနိုင်ပဲ လေးကြိမ်မြောက်၌ “ဘုရားရတနာ”ဟူသော ပုဒ်တစိတ်ကိုမျှ ကြားသိရလျှင်ပင် “အမောင်တို့.. ဤဘုရားရတနာဟူသော ပုဒ်၌ မင်းကြီးက အမောင်တို့အား အဘယ်မျှ



၅၆၁

ဆုလာဘ် ပေးသနားလိုက်သနည်း”ဟု မေး၍ ကုန်သည်တို့က “အရှင်မိဖုရားကြီး.. အသပြာတသိန်း ဆုလာဘ်ပေးသနားတော်မူလိုက်ပါသည်”ဟု လျှောက်ထားကြလေလျှင် “အမောင်တို့.. ဤသို့စဉ် ထူးဆန်းအံ့ဘနန်း ကြားရခဲလှသည့် သတင်းစကားကို ကြားသိရပါလျက် မင်းကြီးသည် အမောင်တို့အား ဆုလာဘ်ငွေ အသပြာတသိန်းမျှ ပေးသနားတော်မူလိုက်သည်မှာ သတင်းတန်ဖိုးနှင့်မလျော် မသင့်တော်သည်ကို ပြုအပ်ဘိ၏။ ငါတမူကား အမောင်တို့အား ငါ၏ ဆင်းရဲသားလက်ဆောင် အသပြာ သုံးသိန်းတို့ကို ပေးပါ၏၊ မင်းကြီးအား အမောင်တို့သည် အခြား မည်သည့် သတင်းထူးများကိုလည်း လျှောက်ထားအပ်သေးသနည်း”ဟု မေးမြန်းလေ၏။ ကုန်သည်တို့သည် ကျန်သော တရားရတနာ ဖြစ်ပေါ်နေကြောင်း သတင်း, သံဃာရတနာ ဖြစ်ပေါ်နေကြောင်း သတင်း = ဤသတင်း နှစ်ရပ်တို့ကိုလည်း အစဉ်အတိုင်း ဆက်၍ လျှောက်ထားကြလေကုန်၏။ မိဖုရားကြီးသည် ရှေးနည်းအတူပင် ပီတိ၅-မျိုး ကိုယ်လုံးဖြိုးလျက် သုံးကြိမ်တိုင်အောင် တစုံတခုကို မမှတ်မသားနိုင်ပဲ လေးကြိမ်မြောက်၌ ထို့အတူပင် တရားဟူသော ပုဒ်တစိတ်, သံဃာဟူသော ပုဒ်တစိတ်ကိုမျှ ကြားရလျှင်ပင် အသပြာ သုံးသိန်းစီ သုံးသိန်းစီ ဆုလာဘ် ပေးသနားစေလေ၏။ ဤသို့လျှင် ကုန်သည်တို့သည် မင်းကြီးပေးသည့် ဆုလာဘ် အသပြာသုံးသိန်း, မိဖုရားကြီးပေးသည့် ဆုလာဘ် အသပြာ ကိုးသိန်းအားဖြင့် (၁,၂၀၀,၀၀၀) အသပြာ တသန်း နှစ်သိန်း ဆုလာဘ်တို့ကို ရရှိကြလေကုန်၏။

     ထို့နောက်မှ မိဖုရားကြီးသည် ကုန်သည်တို့ကို “အမောင်တို့.. ယခုအခါ မင်းကြီး အဘယ်အရပ်မှာနည်း”ဟု မေး၍ ကုန်သည်တို့က “အရှင်မိဖုရားကြီး.. ‘မြတ်စွာဘုရားကို ရည်ညွှန်း၍ ရဟန်းပြုတော့မည်’ဟု တောထွက်သွားပါပြီ”ဟု လျှောက်ထားကြလေလျှင် မိဖုရားကြီးသည် “မင်းကြီးက ငါ့အား အဘယ်သို့သော သတင်းစကားကို မှာကြား ပေးအပ်လိုက်ပါသေးသနည်း”ဟု မေးပြန်လေ၏။ ကုန်သည်တို့သည် မင်းကြီးမှာကြားလိုက်သည့်အတိုင်း



၅၆၂

“အရှင်မိဖုရားကြီး.. မင်းကြီးက အရှင်မိဖုရားကြီးတို့အား မင်း၏ စည်းစိမ် အစိုးရဂုဏ်သိရ် အားလုံးကို စွန့်ပေးအပ်ပြီတဲ့၊ အရှင်မိဖုရားကြီးသည် အလိုရှိတိုင်း မင်းစည်းစိမ်ကို ခံစံ သုံးဆောင်တော်မူကြပါကုန်”တဲ့ ဟု ပြန်ကြား လျှောက်ထားကြလေ၏။ တဖန် မိဖုရားကြီးက ကုန်သည်တို့ကို “အမောင်တို့.. အမတ်တထောင်တို့သည်ကား ယခုအခါ အဘယ်အရပ်မှာနည်း”ဟု မေးလေလျှင် ကုန်သည်တို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့်အတိုင်း “အရှင်မိဖုရားကြီး.. အမတ်များသည်လည်း ‘ငါတို့သည် မင်းကြီးနှင့် အတူပင် ရဟန်းပြုကြကုန်အံ့’ဟု လိုက်ပါသွားကြပါပြီ”ဟု လျှောက်ထားကြလေကုန်၏။

အနောဇာမိဖုရားကြီး အမတ်ကတော်တို့နှင့် တိုင်ပင်၍ တောထွက်ခြင်း

     အနောဇာဒေဝီ မိဖုရားကြီးသည် အမတ်ကတော် တထောင်တို့ကို ခေါ်စေပြီးလျှင် ထိုအမတ်ကတော်တို့နှင့် တိုင်ပင်နှီးနှော စကားပြောဆိုသည်မှာ-

(မိဖုရားကြီး)

အမိတို့.. အမိတို့အိမ်သား အမတ်များသည် “မင်းကြီးနှင့်အတူ ရဟန်းပြုကြကုန်အံ့”ဟူ၍ လိုက်ပါသွားကြပြီ၊ ရှင်မတို့သည် အဘယ်အမှု ပြုကြမည်နည်း။

(ကတော်များ)

အရှင်မိဖုရားကြီး.. ထိုအမတ်တို့က ကျွန်တော်မတို့အား အဘယ်သို့သော သတင်းစကားကို ပါးအပ်လိုက်ပါသတဲ့နည်း။

(မိဖုရားကြီး)

အမိတို့အိမ်သား ထိုအမတ်များက မိမိတို့၏ စည်းစိမ်အားလုံးကို အမိတို့အား ပေးစွန့်အပ်ခဲ့ပြီတဲ့။ အမိတို့သည် စည်းစိမ်ကို အလိုရှိတိုင်း သုံးဆောင် ခံစံကြကုန်တဲ့။

(ကတော်များ)

အရှင်မိဖုရားကြီး.. အရှင်မိဖုရားကြီးတို့ကော အဘယ်အမှုကို ပြုကြပါမည်နည်း။



၅၆၃

(မိဖုရားကြီး)

အမိတို့.. ထိုငါ၏အရှင် မဟာကပ္ပိနမင်းကြီးသည် ရတနာသုံးပါး ပွင့်ထွန်းကြောင်း သတင်းစကား ကြားသိရ၍ ခရီးလမ်း၌ ရပ်တည်ရင်းကပင် အသပြာသုံးသိန်းတို့ဖြင့် ရတနာသုံးပါးတို့ကို ပူဇော်ပြီးလျှင် မင်းစည်းစိမ်ကို တံတွေးပေါက်ပမာ စွန့်ပယ်ခွါလျက် “ရဟန်းပြုတော့မည်”ဟု တောထွက်တော်မူနှင့်လေပြီ။ ငါတမူကား ရတနာသုံးပါးတို့ ပွင့်ထွန်းဖြစ်ပေါ်ကြောင်း သတင်းကောင်းကြားသိရ၍ ရတနာသုံးပါးတို့ကို အသပြာ ကိုးသိန်းတို့ဖြင့် ပူဇော်အပ်ပြီးကုန်ပြီ။ ဤမင်းစည်းစိမ်မည်သည် မင်းကြီး၏အရာသာ ဆင်းရဲဒုက္ခ ဖြစ်စေနိုင်သည်မဟုတ်၊ ငါ့အဖို့ရာလည်း ဆင်းရဲဒုက္ခ ဖြစ်စေနိုင်သည်သာ ဖြစ်၏။ မင်းကြီး ထွေးစွန့်၍သွားသော တံတွေးပေါက်ကို ပညာရှိမူ အဘယ်သူသည် ပုဆစ်တုပ်ကာ ခံတွင်းဖြင့် ခံပါမည်နည်း = မခံမည်သာဖြစ်၏၊ ငါ့အား မင်းစည်းစိမ်ဖြင့် အလိုမရှိ = ငါသည် မင်းစည်းစိမ်ကို မလိုချင်၊ ငါသည်လည်း မြတ်စွာဘုရားကို ရည်ညွှန်းကာ မြတ်စွာဘုရားထံမှောက် သွားရောက်၍ ရဟန်းပြုပေအံ့။

(ကတော်များ)

အရှင်မိဖုရားကြီး.. ကျွန်တော်မတို့သည်လည်း အရှင်မိဖုရားကြီးတို့နှင့် အတူတကွပင် ရဟန်းပြုကြပါကုန်အံ့။

(မိဖုရားကြီး)

စွမ်းနိုင်ကြလျှင် ကောင်းပါသည် အမိတို့..။

(ကတော်များ)

စွမ်းနိုင်ကြပါသည် အရှင်မိဖုရားကြီး..။

     ထိုအခါ မိဖုရားကြီးသည် “ကောင်းပြီအမိတို့..၊ ထိုသို့ဖြစ်လျှင် လာ, သွားကြစို့”ဟု ပြောဆိုကာ ရထားစီးရေ တထောင်ကို က-စေ၍ ရထားထက်သို့ တက်စီးပြီးလျှင် ထိုအမတ်ကတော် တထောင်တို့နှင့် အတူတကွ ပြည်မှထွက်ခဲ့၍ လမ်းခရီးအကြားဝယ် ပဌမမြစ်ကို တွေ့ရလေသော် မဟာကပ္ပိနမင်းကြီး အမတ်တို့ကို



၅၆၄

မေးသည့်နည်းအတူ မေးမြန်း၍ ခပ်သိမ်းသော အကြောင်းကို ကြားသိရပြီးလျှင် “မင်းကြီးကူးသွားသော လမ်းကို ကြည့်ရှု ရှာဖွေကြလော့”ဟု ပြောဆိုမိန့်ကြား၍ “အရှင်မိဖုရားကြီး.. သိန္ဓောမြင်းတို့၏ ခြေရာကိုမျှ မတွေ့မမြင်ကြရပါကုန်”ဟု ပြန်ပြီး လျှောက်ထားအပ်လေသော် မိဖုရားကြီးသည် “ငါ၏သခင် မဟာကပ္ပိနမင်းကြီးအား ရတနာသုံးပါးကို ရည်ညွှန်း၍ တောထွက်တော်မူလျက် သစ္စာပြုကာ ဤမြစ်ကို ကူးသန်း သွားရောက်တော်မူသည် ဖြစ်လိမ့်မည်။ ငါသည်လည်း ရတနာသုံးပါးတို့ကို ရည်ညွှန်း၍ တောထွက်ခဲ့လေပြီ။ ထိုရတနာသုံးပါးတို့၏ အာနုဘော်ကြောင့်ပင် ဤမြစ်ရေသည် ရေကဲ့သို့ မဖြစ်ပါစေလင့်”ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကို ဆင်ခြင်အောက်မေ့၍ ရထားတထောင်ကို မြစ်ရေအပြင်၌ မောင်းနှင်စေလေ၏။ ထိုအခါ ရေအပြင်သည် ကျောက်ဖျာကဲ့သို့ ဖြစ်၍နေ၏။ ရထားဘီးတို့၏ အကွပ်အနားကိုမျှ ရေမစွတ်မစိုချေ။ ဤနည်းဖြင့်ပင် ကျန်သော မြစ်နှစ်တန်တို့ကိုလည်း မင်းကြီးအတူ ကူးမြောက်ခဲ့လေ၏။ (ဤတွင်ရွေ့ကား ဓမ္မပဒအဋ္ဌကထာမှ ထုတ်နုတ် ရေးသားအပ်သော စကားစုတည်း၊ ဤမှနောက်၌ အံ ဋ္ဌ ၁-ဖွင့်ပြချက်အတိုင်း ရေးသားဖော်ပြပေအံ့)–

     အနောဇာဒေဝီ မိဖုရားကြီးသည် တတိယမြောက်ဖြစ်သည့် စန္ဒဘာဂါမြစ်ကို ကူးမြောက်မိလျှင်ပင် ပညောင်ပင်ရင်း၌ သီတင်းသုံး ထိုင်နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးမြင်ရလေ၏။ မြတ်စွာဘုရားရှင်သည်လည်း “ဤအမျိုးသမီးတို့၏ အဖို့ရာ မိမိတို့၏ အရှင်သခင် လင်ယောက်ျားတို့ကို တွေ့မြင်ရလျှင် ဆန္ဒရာဂသည် ဖြစ်ပေါ်၍ မဂ်ဖိုလ်၏အန္တရာယ်ကို ပြုလေရာ၏။ တရားကိုလည်း ဖြောင့်ဖြောင့် နာယူနိုင်ကြလိမ့်မည် မဟုတ်”ဟု ကြံစည်ဆင်ခြင် သိမြင်တော်မူသဖြင့် ထိုသူတို့ အချင်းချင်း မမြင်ရလေအောင် တန်ခိုးဖန်ဆင်းမှု ပြုတော်မူလေ၏။ ထိုအမျိုးသမီး အားလုံးတို့သည်လည်း စန္ဒဘာဂါမြစ်ဆိပ်ကမ်းမှ တက်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ထိုင်နေကြလေ၏။ မြတ်စွာဘုရားသည်



၅၆၅

ထိုအမျိုးသမီးတို့အား တရားစကား ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အားလုံးသော အမျိုးသမီးတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြ၍ အချင်းချင်း မိမိတို့၏ အရှင်သခင် လင်ယောက်ျားတို့ကို မြင်ကြရလေကုန်၏။ မြတ်စွာဘုရားသည် “ဥပ္ပလဝဏ္ဏာ ထေရီမသည် လာရောက်စေသတည်း”ဟု ကြံစည် အောက်မေ့တော်မူလျှင်ပင် ထေရီမသည် လာရောက်၍ အားလုံးသော အမျိုးသမီးတို့ကို ရဟန်းမ ပြုပေးပြီးလျှင် ခေါ်ဆောင်၍ ဘိက္ခုနီမကျောင်းတိုက်သို့ သွားရောက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းတထောင်ကို ခေါ်ဆောင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဇေတဝန်ကျောင်းတိုက်သို့ ကြွရောက်တော်မူလေ၏။

အရှင်မဟာကပ္ပိနမထေရ်ကို အကြောင်းပြု၍ ဓမ္မပဒဂါထာကို ဟောတော်မူခြင်း

     ထို့နောက် အရှင်မဟာကပ္ပိန မထေရ်သည် ရဟန်းတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်လတ်သောအခါ မိမိ၏ ရဟန်းကိစ္စ အထွတ်အထိပ်ရောက် ပြီးမြောက်သည်ကို သိ၍ မိမိအနီးနေ တပည့်ရဟန်း တထောင်တို့အား တရားဟောရန် ကြောင့်ကြအားထုတ်မှု ပြုတော်မမူပဲ အရဟတ္တဖိုလ် သမာပတ် ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေလျက် တောသို့ ကပ်ရောက်စဉ်၎င်း, သစ်ပင်ရင်းသို့ ကပ်ရောက်စဉ်၎င်း, ဆိတ်ငြိမ်ရာသို့ ကပ်ရောက်စဉ်၎င်း “အဟော သုခံ, အဟော သုခံ = ဩ.. ချမ်းသာစွာ့, ဩ.. ချမ်းသာစွာ့”ဟု အမြဲမပြတ် ဥဒါန်းကျူးရင့်တော်မူလေ၏။ အခြား ရဟန်းတို့သည် ထိုဥဒါန်းကို ကြားသိကြရ၍ “ကပ္ပိနမထေရ်သည် ပြည်စည်းစိမ်ကို အမှတ်ရ အောက်မေ့ကာ ဥဒါန်းကျူးရင့်နေသည်”ဟု အထင်လွဲစကား ပြောကြားကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည် “ငါ၏သားတော် ကပ္ပိနမထေရ်ကျော်သည် မဂ်ချမ်းသာ, ဖိုလ်ချမ်းသာကို အာရုံပြု၍ ဥဒါန်းကျူးရင့်သည်”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌ ဤတရားဂါထာကို ဟောကြားတော်မူလေ၏-



၅၆၆

ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။

အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..။ ဓမ္မပီတိ = အမြိုက်ကိုးပါး လောကုတ္တရာတရားကို ရွှင်အား ၀၀ သောက်သုံးရသော ပုဂ္ဂိုလ်သည်။ ဝိပ္ပသန္နေန စေတသာ = ဥပက္ကိလေသကင်းစင် အထူးကြည်လင်သော စိတ်ဖြင့်။ သုခံ = ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သေတိ = အိပ်ရ၏။ (ဝါ) သုခံ သေတိ = လေးဖြာယာပထ ချမ်းသာစွာနေရ၏။ ပဏ္ဍိတော = ခန္ဓာကိုယ်ရေး ထောက်တွေးသိမြင် ပညာရှင်သည်။ အရိယပ္ပဝေဒိတေ = ဘုရားအစရှိသည့် အရိယာသူမြတ်တို့ ဟောကြားအပ်သော။ ဓမ္မေ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ့်ခုနစ်ပါး၌။ သဒါ = နေ့ညဉ့်ဆက်ကာ အခါခပ်သိမ်း။ ရမတိ = မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ပေ၏။

     (ဒေသနာတော်အဆုံး၌ များစွာသောသူတို့ သောတာပန်အရိယာစသည် ဖြစ်ကြလေကုန်သည်။ ဓမ္မပဒ၊ ဋ္ဌ ၁၊ ၃၅၆-မှ)။

အရှင်မဟာကပ္ပိနမထေရ် အနီးနေတပည့်တို့ကို တရားဟောတော်မူခြင်း

     ထို့နောက်တနေ့သ၌ မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိနမထေရ်၏ အနီးနေတပည့် ရဟန်းတထောင် (ရှေးက အမတ်များ)တို့ကို ခေါ်တော်မူ၍ “ရဟန်းတို့.. အသို့နည်း = ဘယ့်နှယ်လဲ၊ သင်တို့ဆရာသည် သင်တို့အား တရားကို ဟော၏လော”ဟု မေးတော်မူ၏။ ရဟန်းတထောင်က “မြတ်စွာဘုရား.. တပည့်တို့ဆရာသည် တပည့်တော်တို့အား တရားမဟောပါ၊ တရားဟောရန်အလုပ် ကြောင့်ကြအားထုတ်မှု မပြုပဲ မျက်မှောက်ဘ၀၌ ချမ်းသာစွာ နေထိုင်ကြောင်းဖြစ်သည့် အရဟတ္တဖိုလ် သမာပတ်ကိုသာ မပြတ်အားထုတ်လျက် နေတော်မူပါ၏၊



၅၆၇

တပည့်တပါးအားမျှ အဆုံးအမ ဩဝါဒမျှကိုပင် မပေးပါဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိနမထေရ်ကို ခေါ်စေတော်မူ၍ “ချစ်သားကပ္ပိန.. သင်ချစ်သားသည် အန္တေဝါသိက = အနီးနေတပည့်တို့အား အဆုံးအမ ဩဝါဒမျှကိုပင် မပေးဟူသည် မှန်သလော”ဟု မေးတော်မူ၏။ အရှင်မဟာကပ္ပိနမထေရ်က “မှန်ပါသည် မြတ်စွာဘုရား..”ဟု ပြန်ကြားလျှောက်ထားလေလျှင် မြတ်စွာဘုရားသည် အရှင်မဟာကပ္ပိနမထေရ်ကို “ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏမည်ငြား အိုချစ်သား.. ဤသို့ မပြုပါလင့် = တရားမဟောပဲ မနေပါလင့်၊ ယနေ့မှစ၍ သင်ချစ်သားသည် အန္တေဝါသိက = အနီးနေတပည့် ရဟန်းတထောင်တို့အား တရားကို ဟောပါလော့”ဟု တိုက်တွန်းစကား မိန့်ကြားတော်မူ၏။

     မထေရ်မြတ်သည် “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု မြတ်စွာ ဘုရား၏ တိုက်တွန်းချက်စကားကို ဦးထိပ်ရွက်ပန်ဆင်၍ တရားတပွဲတည်း၌ပင် ရဟန်းတထောင်အား တရားကို ဟောကြား၍ အားလုံး (ရဟန်းတထောင်လုံး)တို့ကိုပင် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူလေ၏။ (ဤအချက်သည်ပင် မထေရ်၏အဖို့ရာ ဧတဒဂ်ဘွဲ့ထူးရကြောင်း လုပ်ငန်းရပ် ဖြစ်လေသည်။)

(ဂ) တဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     နောက်တချိန်ဝယ် မြတ်စွာဘုရားသည် အရိယာသံဃာတို့ အလယ်၌ ထိုင်နေတော်မူကာ အစဉ်အတိုင်း မထေရ်မြတ်တို့ကို ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်မဟာကပ္ပိနမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဘိက္ခုဩဝါဒကာနံ ယဒိဒံ မဟာကပ္ပိနော = ရဟန်းတို့.. ရဟန်းယောက်ျားတို့ကို ဆုံးမကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကပ္ပိနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—



၅၆၈

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဘိက္ခုဩဝါဒက = ရဟန်းယောက်ျားတို့ကို ဆုံးမသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်မဟာကပ္ပိနမထေရ် အကြောင်းတည်း။

**********