မာတိကာသို့ ခုန်သွားရန်

အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် အဂ္ဂသာဝက မထေရ် နှစ်ပါးအကြောင်း

ဝီကီရင်းမြစ် မှ
မဟာဗုဒ္ဓဝင်
by မင်းကွန်းဆရာတော်
(၂-၃) အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် အဂ္ဂသာဝက မထေရ် နှစ်ပါးအကြောင်း
4295မဟာဗုဒ္ဓဝင် — (၂-၃) အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန် အဂ္ဂသာဝက မထေရ် နှစ်ပါးအကြောင်းမင်းကွန်းဆရာတော်

(၂-၃) အဂ္ဂသာဝကမထေရ်နှစ်ပါးအကြောင်း

ဤသာသနာတော်၌ အရှင်သာရိပုတ္တရာ မထေရ်နှင့် အရှင်မဟာမောဂ္ဂလာန်မထေရ် = ဤမထေရ်နှစ်ပါးတို့ကို အဂ္ဂသာဝက မထေရ်နှစ်ပါးဟူ၍ ခေါ်၏။ ထိုမထေရ်နှစ်ပါးတို့မှာ ပါရမီဖြည့်စဉ်ကလည်း များသောအားဖြင့် အတူတကွ ဖြည့်ခဲ့ကြ၍ နောက်ဆုံး ပစ္ဆိမဘဝ၌လည်း အတူတကွ တောထွက်ကာ အတူတကွ ရဟန်းပြုတော်မူကြသဖြင့် အဋ္ဌကထာ, ဋီကာတို့၌ ထိုမထေရ်နှစ်ပါးတို့၏အကြောင်းကို တစုတပေါင်းတည်း ဖွင့်ပြတော်မူကြသည့်အတိုင်း ဤကျမ်း၌လည်း ထိုအဂ္ဂသာဝက မထေရ်နှစ်ပါးအကြောင်းကို တပေါင်းတည်း ရေးသားဖော်ပြပေအံ့-

(က) မထေရ်နှစ်ပါးတို့၏ ရှေးဆုတောင်း

     ဤဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်က အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းသည် ဥစ္စာစီးပွါး ပေါများသော ပုဏ္ဏားသူဌေးမျိုး၌ဖြစ်၍ အမည်အားဖြင့် သရဒလုလင်ဟူ၍ အမည်တွင်လေသည်။ အရှင်မဟာမောဂ္ဂလာန်အလောင်း သူတော်ကောင်းသည် ဥစ္စာစီးပွါး ပေါများသော သူကြွယ်မျိုး၌ဖြစ်၍ အမည်အားဖြင့် သိရိဝဍ္ဎနသူကြွယ်ဟူ၍ အမည်တွင်လေသည်။ ထိုသူနှစ်ဦးလုံးပင် ငယ်စဉ်အခါ အတူတကွ မြေမှုန့်ကစားဖက် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြလေသည်။



၄၅

     သရဒလုလင်သည် ဖခင်ကွယ်လွန်သဖြင့် အိမ်၏စီးပွါး များစွာသော (ဆွေမျိုးစဉ်ဆက် ဆင်းသက်ခဲ့သည့်) ဥစ္စာစုကို ကြည့်ရှုစီမံခန့်ခွဲ၍နေစဉ် တနေ့သ၌ “ငါသည် ဤဘဝကိုယ်အဖြစ်ကိုသာ သိရ၏။ တမလွန်လောက ကိုယ်အဖြစ်ကိုကား မသိရ၊ ဖြစ်တိုင်းဖြစ်တိုင်းသော သတ္တဝါတို့ အဖို့ရာလည်း သေရခြင်းသည် မြေကြီးလက်ခတ် မချွတ်တွေ့ရမည်သာ ဖြစ်၏၊ သို့ရကား ငါသည် ရသေ့ရဟန်းတမျိုးမျိုး ပြုလုပ်ကာ သံသရာမှ လွတ်မြောက်ရေးတရား ရှာမှီးခြင်းကိုပြုမှ သင့်တော့မည်”ဟု ကြံစည် ဆင်ခြင်မိလေသည်။

     သရဒ လုလင်သည် သူငယ်ချင်း သိရိဝဍ္ဎန သူကြွယ်ထံသို့ သွားရောက်၍ “မိတ်ဆွေသိရိဝဍ္ဎန.. ငါသည် ရဟန်းပြုပြီးလျှင် သံသရာမှ လွတ်မြောက်ရေးတရားကို ရှာမှီးပေအံ့၊ သင်သည် ငါနှင့်အတူ ရဟန်းပြုခြင်းငှါ စွမ်းနိုင်ပါမည်လော”ဟု မေးလေ၏။ သိရိဝဍ္ဎနသူကြွယ်က “မိတ်ဆွေ.. ငါသည် ရဟန်းပြုခြင်းငှါ မစွမ်းနိုင်ပါ။ မိတ်ဆွေသာလျှင် ရဟန်းပြုပါလော့”ဟု ပြန်ကြားလေလျှင် သရဒလုလင်သည် “တမလွန်လောကသို့ သွားကြသောသူတို့သည် သူငယ်ချင်း, ဆွေမျိုး, မိတ်သင်္ဂဟတို့ကို အပါခေါ်၍ သွားကြသူတို့မည်သည် မရှိကြကုန်၊ ကိုယ်ပြုအပ်သော ကောင်းမှု, မကောင်းမှုသာ စင်စစ်ဧကန် ကိုယ်ပိုင်ဥစ္စာ မှန်လေသည်”ဟု ဆင်ခြင်စဉ်းစားမိလေ၏။

     ထို့နောင်မှ သရဒလုလင်သည် စီးပွါးဥစ္စာ ရတနာတိုက်များကို ဖွင့်လှစ်စေပြီးလျှင် အထီးကျန်ကပ္ပါး ဆင်းရဲသား, ခရီးသွား, ဖုန်းတောင်း, ယာစကာတို့အား ကြီးစွာသော အလှူဒါနကို ပေးပြီးနောက် တောင်ခြေတခုသို့ သွားရောက်ကာ ရသေ့ရဟန်း ပြုလေတော့၏။ သရဒလုလင်၏နောက် တယောက်, နှစ်ယောက်, သုံးယောက်- ဤသို့စသည်ဖြင့် အတုလိုက်ကာ ရဟန်းပြုကြသော ဆံကျစ်ရသေ့ပေါင်း (၇၄ဝဝဝ) ခုနစ်သောင်း လေးထောင်မျှ အတိုင်းအရှည်ရှိကုန်၏။ သရဒရသေ့သည်ကိုယ်တိုင်က လောကီ အဘိညာဏ်ငါးပါး, သမာပတ်ရှစ်ပါးတို့ကို



၄၆

ဖြစ်စေပြီးနောက် တပည့်ရသေ့ ခုနှစ်သောင်း လေးထောင်တို့အားလည်း ကသိုဏ်းပရိကံအလုပ် အားထုတ်ပုံကို ဟောကြားညွှန်ပြလေသည်။ ထိုတပည့်ရသေ့ အားလုံးတို့သည်လည်း လောကီအဘိညာဏ် ငါးပါး, သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေကြကုန်လေ၏ = ရကြလေ၏။

     ထိုစဉ်အခါ အနောမဒဿီ မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာ၏။ (ထိုမြတ်စွာဘုရား၏ မြို့တော်စသည်ကို ဤမဟာဗုဒ္ဓဝင် ပဌမတွဲ၊ ဒုတိယပိုင်း မျက်နှာ ၃၆၉-၃၇၀-၌ ပြဆိုခဲ့ပြီ)။ တနေ့သ၌ အနောမဒဿီ မြတ်စွာဘုရားသည် မိုးသောက်ထအခါ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် သရဒရသေ့ကို မြင်တော်မူ၍ “ယနေ့ ငါဘုရား သရဒရသေ့ထံသို့ သွားရောက်လျှင် ကြီးစွာသော တရားဟောဆိုမှု ဖြစ်လိမ့်မည်၊ ထိုသရဒရသေ့သည်လည်း လက်ျာရံ အဂ္ဂသာဝကရာထူးကို ဆုတောင်းလိမ့်မည်၊ ထိုသရဒရသေ့၏ သူငယ်ချင်း သိရိဝဍ္ဎနသူကြွယ်သည်ကား လက်ဝဲရံ အဂ္ဂသာဝကရာထူးကို ဆုတောင်းလိမ့်မည်။ ဒေသနာနိဂုံး ဆုံးသောအခါ၌ ထိုသရဒရသေ့၏ တပည့် အခြံအရံ ဆံကျစ်ရသေ့ပေါင်း ခုနစ်သောင်းလေးထောင်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလိမ့်မည်။ သို့ရကား ငါဘုရားသည် ထိုသရဒရသေ့နေရာ တောင်ခြေသို့ သွားမှသင့်တော့မည်”ဟု ဆင်ခြင် ဆုံးဖြတ်တော်မူကာ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင် ယူဆောင်တော်မူ၍ အခြား မည်သူတဦးတယောက်ကိုမျှ မပန်ကြား = အသိမပေးပဲ ခြင်္သေ့မင်းအတူ တပါးတည်းကြွတော်မူလျက် သရဒရသေ့၏ တပည့်များ သစ်သီးကြီး,ငယ် အရှာသွားနေကြချိန်တွင် “ငါဘုရား၏ သဗ္ဗညုဘုရားအဖြစ်ကို သရဒရသေ့သည် သိစေသား”ဟု အဓိဋ္ဌာန် = ဆောက်တည်တော်မူကာ သရဒရသေ့ ကြည့်နေစဉ်ပင် ကောင်းကင်မှသက်၍ မြေ၌ ရပ်တည်တော်မူလေ၏။

     သရဒရသေ့သည် အနောမဒဿီ မြတ်စွာဘုရား၏ ဘုရားအာနုဘော်တော်နှင့် ရူပကာယ အသရေတော်ကို ဖူးမြော်ရ၍



၄၇

လက္ခဏဗေဒင်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်လေလျှင် “ဤလက္ခဏာတို့နှင့် ပြည့်စုံသူမည်သည် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေထိုင်လျှင် စကြဝတေးမင်း ဖြစ်နိုင်သည်။ ရဟန်းပြုလျှင် သဗ္ဗညူမြတ်စွာဘုရား ဖြစ်နိုင်သည်။ ဤယခု ကြွရောက်လာသော ယောက်ျားမြတ်ကား ယုံမှားဖွယ်မရှိ သဗ္ဗညူ မြတ်စွာဘုရားတည်း”ဟု မမှိတ်မသုန် ယုံကြည်သိရှိ၍ ခရီးဦးကြိုဆိုကာ တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးလျှင် နေရာတော်ကိုခင်း၍ ပေးလေ၏။ အနောမဒဿီ မြတ်စွာဘုရား ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူပြီးနောက် သရဒရှင်ရသေ့သည်လည်း မိမိအား လျောက်ပတ်သည့် ထိုင်စရာကိုယူ၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

     ထိုအချိန်၌ တပည့်ရသေ့ ခုနစ်သောင်း လေးထောင်တို့သည် အလွန့်အလွန်ကောင်းကာ ရသဓာတ်ဆီ ဩဇာပြောများသည့် သစ်သီးကြီး,ငယ်တို့ကို ယူဆောင်ခဲ့ကြ၍ ဆရာ့ထံမှောက်သို့ ရောက်ကြလေကုန်သော် မြတ်စွာဘုရားနှင့် သူတို့ဆရာ နေထိုင်ရာနေရာကို ကြည့်ရှုကြပြီးလျှင် “ဆရာ.. အကျွန်ုပ်တို့သည် ‘ဤလောက၌ ဆရာတို့ထက် သာလွန်သောသူ မရှိ’ဟု ယုံကြည်လှည့်လည်ခဲ့ပါသည်။ ဤယခု ယောက်ျားမြတ်ကား ဆရာတို့ထက် သာလွန် မြင့်မြတ်လေယောင်တကား”ဟု ပြောဆိုကြလေ၏။ ထိုအခါ သရဒရှင်ရသေ့က “တပည့်တို့.. အဘယ်သို့ ပြောလိုက်ကြသနည်း (= ဘယ့်နှယ်ပြောလိုက်ကြတာလဲ)၊ မုန်ညင်းစေ့ကလေးနှင့် ယူဇနာပေါင်း (၁၆၈၀၀၀) တသိန်းခြောက်သောင်းရှစ်ထောင် အစောက်ရှိသည့် မြင်းမိုရ်တောင်ကြီးကို နှိုင်းယှဉ်မှု ပြုလိုကြတုံဘိ၏။ ချစ်သားတို့.. ငါ့အား သဗ္ဗညူမြတ်စွာဘုရားရှင်နှင့် နှိုင်းယှဉ်မှု = ဥပမာ မပြုကြပါကုန်လင့်”ဟု တားမြစ်စကား မိန့်ကြားလတ်သော် တပည့်ရသေ့တို့သည် “ဤယခု ယောက်ျားပုဂ္ဂိုလ်သည် အကယ်၍ အညံ့စား အယုတ်စားပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် ငါတို့ဆရာသည် ဤသို့သောဥပမာကို မဆောင်လေရာ၊ ဤယောက်ျားသည် အလွန်လျှင် မြင့်မြတ်စွာ့တကား”ဟု အချင်းချင်း ပြောဆိုကြကာ



၄၈

တပည့်ရသေ့ အားလုံးတို့ပင် မြတ်စွာဘုရားရှင် ခြေတော်တို့၌ တုပ်ဝပ်ကြ၍ ဦးခေါင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးကြလေကုန်၏။

     ထို့နောက်မှ ဆရာ သရဒရသေ့သည် မိမိတပည့်များကို “ချစ်သားတို့.. ငါတို့မှာ မြတ်စွာဘုရားတို့နှင့် လျောက်ပတ်သော လှူဖွယ်ဝတ္ထု မရှိချေ။ မြတ်စွာဘုရားရှင်သည်လည်း ဆွမ်းခံလှည့်လည်ချိန်တွင် ဤငါတို့နေရာ တောင်ခြေရင်းသို့ ကြွတော်မူလာခဲ့လေပြီ၊ ငါတို့သည် စွမ်းအားအလျောက် လှူဖွယ်ဝတ္ထုကို ပေးလှူ ကြကုန်စို့၊ တပည့်တို့သည် ကောင်းနိုးရာရာ သစ်သီးကြီး,ငယ်ကို ဆောင်ယူခဲ့ကြလော့”ဟု ပြောဆိုကာ ဆောင်ယူစေပြီးလျှင် လက်တို့ကိုဆေး၍ ဆရာ သရဒရသေ့ကိုယ်တိုင်ပင် မြတ်စွာဘုရား၏သပိတ်၌ သစ်သီးဆွမ်းကို လောင်းထည့် လှူဒါန်းလေ၏။ မြတ်စွာဘုရား သစ်သီးကြီး,ငယ်ကို ခံယူတော်မူပြီးလျှင်ပြီးခြင်း နတ်တို့သည် နတ်ဩဇာကို ထည့်ကြလေကုန်၏။ သရဒရသေ့သည် သောက်ရေကိုလည်း ကိုယ်တိုင်ပင်စစ်၍ ဆက်ကပ်လေ၏။ ထို့နောက် မြတ်စွာဘုရားရှင် သစ်သီးဆွမ်း ဘုဉ်းပေးပြီး၍ လက်ကို ဆေးကြောပြီး ငြိမ်သက်အေးဆေးစွာ ထိုင်နေတော်မူလတ်သော် သရဒရသေ့သည် တပည့်အားလုံးတို့ကို စုရုံးခေါ်ယူ၍ မြတ်စွာဘုရား၏ အထံတော်၌ တသက်ပတ်လုံး အောက်မေ့ထိုက်သော စကားကို လျှောက်ထားပြောဆိုကာ နေလေ၏။ အနောမဒဿီ မြတ်စွာဘုရားသည် “အဂ္ဂသာဝက နှစ်ပါးတို့သည် ရဟန်းအပေါင်းနှင့်တကွ ငါဘုရားထံမှောက် ဤတောင်ခြေသို့ လာရောက်ကြစေသတည်း”ဟု ကြံစည် ဓိဋ္ဌာန်တော်မူလေလျှင် အဂ္ဂသာဝကနှစ်ပါး (=နိသဘမထေရ်နှင့် အနောမမထေရ်)တို့သည် မြတ်စွာဘုရား၏ စိတ်အလိုတော်ကို သိရှိကြကာ ရဟန္တာထေရ်ပေါင်း တသိန်းခြံရံကြလျက် ခဏအတွင်း လာရောက်ကြ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လာကြလေကုန်၏။

     ထိုအခါ သရဒရသေ့သည် တပည့်ရသေ့ကိုခေါ်၍ “ချစ်သားတို့.. မြတ်စွာဘုရားရှင်တို့အတွက် ယခု ခင်းထားအပ်သည့်



၄၉

ထိုင်စရာနေရာသည်လည်း နိမ့်သေး၏၊ ရဟန်းတော် တသိန်းတို့အတွက်လည်း ထိုင်စရာနေရာ မရှိသေး၊ ချစ်သားတို့သည် ယနေ့ မြင့်မြတ်လှသည့် ဗုဒ္ဓပူဇာ သက္ကာရမှု ပြုမှသင့်မည်၊ တောင်ခြေမှ အဆင်း,အနံ့နှင့်ပြည့်စုံသော ပန်းတို့ကို ယူဆောင်ခဲ့ကြလော့”ဟု မိန့်ဆိုလေ၏။ ပြောဆိုနေသည့် အချိန်ကာလကပင် ကြာမြင့်သကဲ့သို့ ဖြစ်၏၊ တန်ခိုးရှင်တို့၏ တန်ခိုးအရာကား မကြံစည်နိုင် အံ့ဖွယ်ရှိလှပေ၏၊ သို့ရကား တခဏအတွင်းမှာပင် ထိုတပည့်ရသေ့တို့သည် အဆင်း,အနံ့နှင့်ပြည့်စုံသော ပန်းတို့ကို တန်ခိုးဖြင့် ယူဆောင်ခဲ့ကြ၍ မြတ်စွာဘုရားရှင်အတွက် တယူဇနာ ပမာဏရှိသော ပန်းနေရာကို ခင်းကြလေကုန်၏။ အဂ္ဂသာဝက မထေရ်နှစ်ပါးတို့အတွက် ခင်းအပ်သော ပန်းနေရာသည် သုံးဂါဝုတ်, ကျန်သော ရဟန်းတို့အတွက် ခင်းအပ်သော ပန်းနေရာသည် ယူဇနာဝက် = နှစ်ဂါဝုတ်, အငယ်ဆုံးသံဃာ = သင်္ဃနောအတွက် ခင်းထားအပ်သော ပန်းနေရာသည်ပင် တဥသဘမျှ ပမာဏရှိလေသည်။

     ဤသို့ နေရာတော်များကို ခင်းထားအပ်ကုန်ပြီးသည်ရှိသော် သရဒရသေ့သည် မြတ်စွာဘုရား၏ ရှေ့တော်၌ မတ်မတ်ရပ်တည်လျက် လက်အုပ်ချီပြီးသော် ရပ်တည်ရင်းကပင် “မြတ်စွာဘုရား.. တပည့်တော်၏အဖို့ရာ ကာလရှည်ကြာ စီးပွါးချမ်းသာဖြစ်ရန် ဤပန်းနေရာထက်သို့ တက်ရောက် နေတော်မူပါကုန်ဘုရား”ဟု လျှောက်ထားလေ၏။ အနောမဒဿီ မြတ်စွာဘုရားသည် ပန်းနေရာတော်၌ တက်ရောက် ထိုင်နေတော်မူကာ ခုနစ်ရက်ကြာ နိရောဓသမာပတ်ကို ၀င်စား၍ နေတော်မူလေ၏။ မြတ်စွာဘုရား ထိုင်နေတော်မူပြီးသော် အဂ္ဂသာဝကနှစ်ပါးတို့နှင့် ကြွင်းကျန်သော ရဟန်းများသည်လည်း မိမိတို့အားရောက်သော နေရာတို့၌ အသီးအသီး ထိုင်နေကြပြီးလျှင် မြတ်စွာဘုရား နိရောဓသမာပတ် ဝင်စားတော်မူသည်ကို သိကြ၍ ရဟန်းအားလုံးတို့သည်လည်း သမာပတ် ဝင်စားတော်မူကြလေကုန်၏။



၅၀

     သရဒရသေ့သည် ပန်းထီးကြီးကို ကိုင်ဆောင်ကာ မြတ်စွာဘုရား၏ အထက်၌ ဆောင်းမိုး ရပ်တည်လေ၏။ မြတ်စွာဘုရား ခုနစ်ရက်ကြာ နိရောဓသမာပတ်ကို ၀င်စား၍ နေတော်မူစဉ် တပည့်ရသေ့တို့သည် သစ်သီးအစာ ရှာချိန်ရောက်လတ်သော် တောသစ်မြစ်,သစ်သီးကြီး,ငယ်တို့ကို ရှာဖွေသုံးဆောင်ကြ၍ ကြွင်းသောအချိန်၌ မြတ်စွာဘုရားတို့အား လက်အုပ်ချီမိုး ရှိခိုးရပ်တည်နေကြကုန်၏၊ သရဒရသေ့သည်ကား သစ်သီးအစာ ရှာရန်ပင် မသွားတော့ပဲ ပန်းထီးကို စွဲကိုင် ဆောင်းမိုးလျက်ပင် ခုနစ်ရက်ကြာ ပီတိ,သုခအစာဖြင့် အခါကို ကုန်လွန်စေလေ၏။

     မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထတော်မူ၍ လက်ျာနံပါး၌ ထိုင်နေသော အဂ္ဂသာဝက နိသဘမထေရ်မြတ်ကို “ချစ်သားနိသဘ.. ပူဇော်သက္ကာရမှု ပြုကြသည့် ရသေ့တို့အား ပန်းအနုမောဒနာတရား ဟောကြားလော့”ဟု မိန့်တော်မူလေ၏။ နိသဘမထေရ်မြတ်သည် စကြဝတေးမင်းထံမှ ဆုလာဘ်ကြီးစွာရသော စစ်သူရဲကောင်းကြီးပမာ လွန်စွာ နှစ်သက်ဝမ်းမြောက်သောစိတ် ရှိတော်မူလျက် သာဝကပါရမီဉာဏ်၌တည်၍ ပန်းအနုမောဒနာတရား ဟောကြားတော်မူလေ၏။ နိသဘမထေရ်မြတ် တရားဟော၍ ဆုံးသောအခါ မြတ်စွာဘုရားသည် လက်ဝဲရံ အဂ္ဂသာဝကဖြစ်သော အနောမမထေရ်ကို “သင်ချစ်သားလည်း တရားဟောဦးလော့”ဟု မိန့်တော်မူပြန်၏။ အနောမမထေရ်သည် သုံးပုံပိဋကတ် ဘုရားစကားတော်မြတ်ကို သုံးသပ်ဆင်ခြင်၍ တရားဟောတော်မူလေ၏။

     အဂ္ဂသာဝက မထေရ်နှစ်ပါး တရားဟောခြင်းဖြင့် ရသေ့တဦးတယောက်၏မျှ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း မဖြစ်သေး၊ ထို့နောက်မှ အနောမဒဿီ မြတ်စွာဘုရားသည် မနှိုင်းယှဉ်နိုင်သော ဘုရားအရာ၌တည်၍ တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ဆရာဖြစ်သူ သရဒရသေ့မှတပါး တပည့်ဆံကျစ်ရသေ့ပေါင်း ခုနစ်သောင်း လေးထောင်လုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။



၅၁

မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေ = ရဟန်းတို့.. လာကြလော့”ဟု လက်ျာလက်တော်ကို ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုခဏမှာပင် ထိုရသေ့အားလုံးတို့၏ ဆံမုတ်ဆိတ်များ ကွယ်ပျောက်၍ ရသေ့တို့ကိုယ်၌ ပရိက္ခရာရှစ်ပါးကို ဆင်မြန်းဝတ်ရုံပြီးသား ဖြစ်ကြကာ ရဟန်းအဖြစ်သို့ ရောက်ကြလေကုန်၏။

သရဒရသေ့ အဂ္ဂသာဝကဆုပန်ခြင်း

အဘယ့်ကြောင့် သရဒရသေ့သည် ဆရာကြီးဖြစ်ပါလျက် အရဟတ္တဖိုလ်သို့ မရောက်ပဲ ကျန်ရှိရစ်ရသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား- စိတ်ပျံ့လွင့်နေသောကြောင့်ဟူပေ။ ချဲ့ဦးအံ့- ထိုဆရာဖြစ်သော သရဒရသေ့၏သန္တာန်မှာ လက်ျာရံ အဂ္ဂသာဝက နိသဘမထေရ် တရားဟောစအချိန်မှစ၍ “ငါသည်လည်း နောက်အခါဝယ် ပွင့်တော်မူမည့် မြတ်စွာဘုရား၏ သာသနာတော်၌ ဤအဂ္ဂသာဝကမထေရ်မြတ် ရအပ်သောရာထူးကို ရပါမူ ကောင်းလေစွ”ဟု အဖန်ဖန်စိတ်ဖြစ်၍ နေလေသည်။ ထိုအကြံကြောင့် သရဒဆရာရသေ့သည် မဂ်ဖိုလ်ကို ထိုးထွင်း၍သိမှုကို မပြုနိုင်ပဲ ရှိရလေသည်။ (=မဂ်ဖိုလ်ကိုမရပဲ ကျန်ရစ်လေသည်ဟူလို)။

     သရဒရသေ့သည် တပည့်များ ဧဟိဘိက္ခု ရဟန်းဖြစ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ ရှေ့တော်၌ ရပ်တည်လျက် “မြတ်စွာဘုရား.. အရှင်ဘုရားတို့၏ အခြားမဲ့နေရာ၌ ထိုင်နေသော ရဟန်းသည် အရှင်ဘုရားတို့ သာသနာ၌ အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးမြန်းလျှောက်ထားလေ၏။ မြတ်စွာဘုရားက “ထိုရဟန်းသည် ငါဘုရား လည်စေအပ်သည့် ဓမ္မစကြာရတနာကို ငါ့နောက်လိုက်ကာ လည်စေနိုင်လျက် သာဝကပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်ရှိကာ ပညာတဆယ့်ခြောက်ပါးတို့ကို ထိုးထွင်းသိမြင်ကာ တည်သည့် ငါဘုရားသာသနာ၌ လက်ျာရံအဂ္ဂသာဝက နိသဘမထေရ် အမည်ရှိပေ၏”ဟု



၅၂

မိန့်တော်မူလေလျှင် သရဒရသေ့သည် “မြတ်စွာဘုရား.. တပည့်တော်သည် ခုနစ်ရက်ကြာ အရှင်ဘုရားတို့အား ပန်းထီးကို ဆောင်းမိုးကာ ပူဇာသက္ကာရမှု ပြုအပ်သောကုသိုလ် အကျိုးအားကြောင့် အခြားသော သိကြားမင်းအဖြစ်, ဗြဟ္မာမင်းအဖြစ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် ဤနိသဘမထေရ်သူမြတ်ကဲ့သို့ တဆူဆူသော မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂဿာဝကစင်စစ် ဖြစ်ရပါလို၏ဘုရား”ဟု ဆုတောင်းပန်ထွာမှု ပြုလေ၏။

     အနောမဒဿီ မြတ်စွာဘုရားသည် “ဤယောက်ျား၏ ဆုတောင်းပန်ထွာမှုသည် ပြည့်စုံလိမ့်မည်လော”ဟု အနာဂတံသဉာဏ်တော်ကို စေလွှတ်၍ ကြည့်တော်မူလေလျှင် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်မြောက်သောအခါ ပြည့်စုံလိမ့်မည်ကို သိမြင်တော်မူ၍ သရဒရသေ့ကို “သင်၏ ဤယခု ဆုတောင်းသည် အချည်းနှီး ဖြစ်လိမ့်မည်မဟုတ်၊ စင်စစ်သော်ကား အနာဂတ နောက်ကာလဝယ် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်သောအခါ ဂေါတမမြတ်စွာဘုရား လူသုံးပါး၌ ထင်ရှား ဖြစ်ပွင့်တော်မူလိမ့်မည်၊ ထိုဂေါတမမြတ်စွာဘုရား၏ မယ်တော်ကား မဟာမာယာဒေဝီ, ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး, သားတော်ကား ရာဟုလာမင်းသား, လက်ဝဲရံ ဒုတိယအဂ္ဂသာဝကကား မောဂ္ဂလာန်ထေရ်အမည်ရှိသူ ဖြစ်လိမ့်မည်၊ သင်သည်ကား ထိုဂေါတမ မြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝက သာရိပုတ္တထေရ် အမည်ရှိသူ ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းအပေါင်း ခြံရံလျက် ကောင်းကင်သို့ ပျံတက်တော်မူလေ၏။

     သရဒရသေ့သည်လည်း အန္တေဝါသိကတပည့် ဖြစ်ခဲ့သည့် မထေရ်တို့ထံ ချဉ်းကပ်၍ သူငယ်ချင်း သိရိဝဍ္ဎနသူကြွယ်အထံသို့ “အရှင်ဘုရားတို့.. တပည့်တော်၏ သူငယ်ချင်း သိရိဝဍ္ဎနသူကြွယ်အား ‘သင်၏သူငယ်ချင်း သရဒရှင်ရသေ့သည် အနောမဒဿီ မြတ်စွာဘုရား ခြေတော်ရင်း၌ နောက်အခါ ပွင့်တော်မူလတ္တံ့သော



၅၃

ဂေါတမမြတ်စွာဘုရား၏ သာသနာတော်ဝယ် လက်ျာရံ အဂ္ဂသာဝကရာထူးကို ဆုတောင်းပန်ထွာမှု ပြုအပ်လေပြီ၊ သင်သူကြွယ်သည်လည်း လက်ဝဲရံ ဒုတိယအဂ္ဂသာဝက ရာထူးကို ဆုတောင်းပန်ထွာလေလော့’ဟု ပြောကြားတော်မူကြပါဘုရား”ဟု သတင်းစကား မှာကြားလိုက်လေသည်။ ဤသို့ ပြောဆိုမှာကြားပြီးလျှင် သရဒရှင်ရသေ့သည် ထိုရဟန်းတို့ထက် အလျင်လက်ဦး ခရီးလမ်း နံပါးတဖက်ဖြင့် ခပ်သွက်သွက် သွားနှင့်၍ သိရိဝဍ္ဎနသူကြွယ်၏ နေအိမ်တံခါးဝဝယ် ရပ်တည်လေ၏။

     သိရိဝဍ္ဎနသူကြွယ်သည် “ဩ.. ငါ့အရှင်ကား ကြာမြင့်မှ ကြွလာတော်မူပေ၏ = ကြွလာတော်မမူသည်မှာ ကြာမြင့်လှလေပြီ”ဟု အောက်မေ့ကာ သရဒရှင်ရသေ့ကို နေရာ၌ ထိုင်စေပြီးလျှင် မိမိကား နိမ့်သောနေရာ၌ ထိုင်နေလျက် “အရှင်ဘုရား.. အရှင်ဘုရားတို့၏ အန္တေဝါသိက တပည့်ပရိသတ်ကား မထင်ပါတကား”ဟု မေးမြန်း လျှောက်ထားလေ၏။ သရဒရှင်ရသေ့က “အိမ်း.. ဟုတ်ပေသည်သူငယ်ချင်း.. ငါတို့၏ သင်္ခမ်းကျောင်းသို့ အနောမဒဿီ မြတ်စွာဘုရား ကြွလာတော်မူသည်၊ ငါတို့သည် မြတ်စွာဘုရား အမှူးပြုသော သံဃာတော်အား စွမ်းအားအလျောက် ပူဇော်သက္ကာရမှု ပြုကြလေသည်၊ မြတ်စွာဘုရားသည် ငါတို့အားလုံးအား တရားဟောတော်မူသည်၊ တရားဒေသနာအဆုံး၌ ငါ့ကိုထား၍ ကျန်သော တပည့်ရသေ့ (၇၄ဝဝဝ) ခုနှစ်သောင်း လေးထောင်တို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ရဟန်းပြုကြလေပြီ”ဟု ကြားလေလျှင် သိရိဝဍ္ဎနသူကြွယ်သည် တဖန်ထပ်၍ “အရှင်ဘုရားတို့ကမူ အဘယ့်ကြောင့် ရဟန်းမပြုကြသနည်း”ဟု မေးပြန်လေ၏။ သရဒရှင်ရသေ့က “ငါသည် မြတ်စွာဘုရား၏ အဂ္ဂသာဝက လက်ျာရံ နိသဘမထေရ်ကို ဖူးမြင်ရ၍ နောက်အခါ ပွင့်တော်မူမည့် ဂေါတမမြတ်စွာ သာသနာ၌ လက်ျာရံ အဂ္ဂသာဝကရာထူးကို ဆုပန်ပြီးခဲ့လေပြီ၊ သူငယ်ချင်း.. သင်သည်လည်း ထိုဂေါတမမြတ်စွာ သာသနာ၌ လက်ဝဲရံ (ဒုတိယ) အဂ္ဂသာဝကရာထူးကို ဆုပန်လေလော့”ဟု



၅၄

တိုက်တွန်းစကား ပြောကြားလေလျှင် သိရိဝဍ္ဎနသူကြွယ်က “အရှင်ဘုရား.. တပည့်တော်မှာ မြတ်စွာဘုရားတို့နှင့် အတူတကွ စကားပြောဆိုမှု အလေ့အကျက် မရှိခဲ့ပါဘုရား”ဟု ပြန်ကြားသဖြင့် သရဒရှင်ရသေ့သည် “မြတ်စွာဘုရားတို့နှင့် စကားနှီးနှော ပြောဆိုလျှောက်ထားမှုမှာ ငါ့တာဝန် ရှိပါစေ၊ သင်သည် ကြီးစွာသော အဓိကာရ (=အထိကရ) ကောင်းမှုကုသိုလ်ကိုသာ စီမံလော့”ဟု အားပေး တိုက်တွန်းစကား ပြောကြားလေ၏။

     သိရိဝဍ္ဎနသူကြွယ်သည် သရဒရှင်ရသေ့၏ တိုက်တွန်းစကားကို နားထောင်ပြီးလျှင် မိမိအိမ်တံခါးဝ၌ ရှစ်မင်းပယ်မျှသော နေရာကို ညီညွတ်အောင် ပြုစေ၍ သဲဖြူများ ခင်းစေပြီးနောက် ပေါက်ပေါက်လျှင် ငါးခုမြောက်ရှိသော ပန်းများကို ကြဲဖြန့်လျက် ကြာညိုပန်းမိုးအပ်သည့် မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီးလျှင် ဘုရားနေရာတော်ကို ခင်းစေပြီး၍ ကြွင်းကျန်သော ရဟန်းတို့အတွက် ထိုင်နေရန်များကိုလည်း စီမံခင်းကျင်းစေပြီးနောက် ကြီးစွာသော ပူဇော်ဖွယ်ရာများကို နေရာတကျ အသင့်စီစဉ်ပြီးမှ မြတ်စွာဘုရား အမှူးပြုသော သံဃာတော်ကို ပင့်ဖိတ်ရန် သရဒရှင်ရသေ့အား အချက်အမှတ်ပေးလေ၏။ သရဒရှင်ရသေ့သည် သူကြွယ့်စကားကို ကြားရ၍ မြတ်စွာဘုရားအမှူးပြုသော ရဟန်းသံဃာကို ပင့်ဆောင်ခဲ့ပြီးလျှင် သိရိဝဍ္ဎနသူကြွယ် နေအိမ်သို့ ကြွရောက်လာလေ၏။

     သိရိဝဍ္ဎနသူကြွယ်သည် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားလက်တော်မှ သပိတ်ကို ဆီးကြိုယူငင်လျက် မြတ်စွာဘုရားရှင်ကို မဏ္ဍပ်တွင်းသို့ ရိုသေစွာ ပင့်ဆောင်ခဲ့၍ ခင်းထားအပ်သည့် နေရာတော်တို့၌ အသင့်ထိုင်နေပြီးသည့် ဘုရားအမှူးပြုသော သံဃာအား အလှူရေစက် ပေးဆက်လှူဒါန်းပြီးလျှင် မွန်မြတ်သော ဘောဇဉ်ဖြင့် ပြုစုလုပ်ကျွေး၍ ဆွမ်းကိစ္စ ပြီးဆုံးသောအခါ ဘုရားအမှူးပြုသော ရဟန်းသံဃာအား လွန်စွာ အဖိုးထိုက်တန်သော သင်္ကန်းလျာအဝတ်တို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် “မြတ်စွာဘုရား.. တပည့်တော်၏ ဤယခု ကုသိုလ်ကောင်းမှုကို အားသစ်ခြင်းသည်



၅၅

အနည်းငယ်မျှသော ရာထူးဌာနအတွက် မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့် ဤနည်းအတိုင်းပင် ခုနစ်ရက်ကြာ သနားစောင့်ရှောက် ချီးမြှောက်မှုကို ပြုတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည်လည်း ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူလေ၏။ သိရိဝဍ္ဎနသူကြွယ်သည် ထိုနည်းအတိုင်းပင် ခုနစ်ရက်ကြာ မဟာဒါနကြီးကို ပြုလုပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာရှိခိုး၍ လက်အုပ်ချီကာ ရပ်တည် လျက်ပင်လျှင် အနောမဒဿီ မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်၏သူငယ်ချင်း သရဒရှင်ရသေ့သည် အကြင် ဂေါတမမြတ်စွာဘုရား၏ လက်ျာရံ အဂ္ဂသာဝက ဖြစ်ရပါလိုသောဝ်ဟု ဆုတောင်းခဲ့ပြီ။ တပည့်တော်သည်လည်း ထိုဂေါတမ မြတ်စွာဘုရား၏ပင် လက်ဝဲရံ အဂ္ဂသာဝက ဖြစ်ရပါလို၏ဘုရား”ဟု လျှောက်ထား ဆုတောင်းလေ၏။

     မြတ်စွာဘုရားသည် အနာဂတ်ကို ကြည့်တော်မူလေသော် သိရိဝဍ္ဎနသူဌေး၏ ဆုတောင်းပြည့်စုံမည်ကို မြင်တော်မူ၍ “သင်သည် ဤကမ္ဘာမှနောက် တသင်္ချေနှင့် ကမ္ဘာတသိန်း လွန်မြောက်လျှင် ဂေါတမမြတ်စွာဘုရားရှင်၏ ဒုတိယသာဝက = လက်ဝဲရံ အဂ္ဂသာဝက ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်စကားကို ကြားရလေလျှင် သိရိဝဍ္ဎနသူကြွယ်သည် လွန်စွာအားရမ်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းအနုမောဒနာတရား ဟောကြားပြီးလျှင် အခြံအရံ ရဟန်းသံဃာတို့နှင့် အတူတကွ ကျောင်းတော်သို့သာလျှင် ပြန်ကြွတော်မူလေ၏။ သိရိဝဍ္ဎနသူကြွယ်သည် ထိုအခါမှ အစပြု၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ဆည်းပူးပြုလုပ် အားထုတ်၍ ထိုဘဝမှ စုတေလတ်သော် ဒုတိယကိုယ်အဖြစ်ဖြင့် ကာမာဝစရ နတ်ပြည်လောက၌ ဖြစ်လေ၏။ သရဒရှင်ရသေ့သည် ဗြဟ္မဝိဟာရတရား လေးပါးတို့ကို ပွါးများ၍ ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။



၅၆

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြခြင်း

     ထိုသရဒရသေ့ဘဝ, သိရိဝဍ္ဎနသူကြွယ်ဘဝမှ နောက်၌ ဤအရှင်မြတ်နှစ်ပါးတို့၏ အကြားကာလ ကုသိုလ်ကောင်းမှုပြုပုံ အကျယ်ကို အဋ္ဌကထာ၌ မဖော်ပြတော့ပဲ နောက်ဆုံး ပစ္ဆိမဘဝ ဖြစ်စဉ်ကိုသာ ဖော်ပြလေသည်။ ဖော်ပြပုံမှာ-

     အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသည်မှ ရှေးကာလမှာပင် သရဒရှင်ရသေ့ဖြစ်ခဲ့သော အရှင်သာရိပုတ္တရာအလောင်း သူတော်ကောင်းသည် ရာဇဂြိုဟ်ပြည်၏အနီး ဥပတိဿ-မည်သောရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ (=သူဌေးကတော်)၏ဝမ်းဝယ် ပဋိသန္ဓေ ယူနေလာလေသည်။ ထိုနေ့မှာပင် သရဒရသေ့၏ သူငယ်ချင်း သိရိဝဍ္ဎနသူကြွယ်ဖြစ်ခဲ့သော အရှင်မဟာမောဂ္ဂလာန်အလောင်း သူတော်ကောင်းသည်လည်း ရာဇဂြိုဟ်ပြည်၏ အနီးမှာပင် ကောလိတ-မည်သောရွာ၌ မောဂ္ဂလီအမည်ရှိသော ပုဏ္ဏေးမ (=သူဌေးကတော်)၏ဝမ်းဝယ် ပဋိသန္ဓေ ယူနေလာလေသည်။ ထိုအမျိုးကြီး နှစ်မျိုးလုံးပင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်အထက်မှ အစပြုကာ မေတ္တာသက်ဝင် ချစ်ခင်ရင်းနှီးကြသည့် သူငယ်ချင်းအိမ်ထောင်များ ဖြစ်ကြလေသည်။

     အဂ္ဂသာဝကအလျာ ပဋိသန္ဓေ ယူနေလာသော ထိုသူငယ် နှစ်ယောက်တို့အတွက် တနေ့တည်းမှာပင် ကိုယ်ဝန်အစောင့်အရှောက်ကို ပေးကြလေကုန်၏။ ဆယ်လလွန်သဖြင့် မွေးဖွားလာကြသော အခါမှာလည်း ထိုသူငယ် နှစ်ယောက်တို့အတွက် အထိန်းတော် ခြောက်ကျိပ် ခြောက်ယောက်စီတို့က ပြုစုယုကြရလေသည်။ အမည်မှည့်သောနေ့၌ ရူပသာရီပုဏ္ဏေး (=သူဌေးကတော်)၏ သားကို ဥပတိဿရွာဝယ် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ဥပတိဿ”ဟု အမည်မှည့်ကြကုန်၏။ မောဂ္ဂလီပုဏ္ဏေး (=သူဌေးကတော်)၏ သားကိုကား ကောလိတရွာဝယ် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ကောလိတ”ဟု အမည်မှည့်ကြကုန်၏။ ထိုသူငယ် နှစ်ယောက်လုံးပင်



၅၇

အသက်အရွယ် ကြီးပြင်းခြင်းသို့ ရောက်ကြလေသော် အလုံးစုံသော အတတ်မျိုးတို့၏ ကမ်းဆုံးရောက် တတ်မြောက်ကြလေကုန်၏။

     ဥပတိဿလုလင်၏ အဆောင်အယောင် အခမ်းအနားများမှာ မြူးထူးပျော်ပါး ကစားရန် မြစ်သို့ဖြစ်စေ ဥယျာဉ်သို့ဖြစ်စေ တောင်သို့ဖြစ်စေ ခရီးထွက်သောအခါ၌ ရွှေထမ်းစင်ငါးရာ အခြံအရံ အဆောင်အယောင်တို့ ပါရှိကြမြဲဖြစ်သည်။ ကောလိတ လုလင်အတွက်ကား အာဇာနည်မြင်းကသော ရထားငါးရာတို့ အဆောင်အယောင် အခမ်းအနား ပါရှိကြမြဲဖြစ်သည်။ သူငယ်ချင်း နှစ်ဦးလုံးတို့မှာပင် လုလင်ပေါင်း ငါးရာစီ ငါးရာစီ အခြံအရံရှိကြလေသည်။ ရာဇဂြိုဟ်ပြည်မှာလည်း နှစ်စဉ်နှစ်တိုင်းပင် တောင်ထိပ်သဘင်ပွဲ ခံမြဲဖြစ်သည်။ ထိုသူငယ်ချင်း နှစ်ယောက်တို့အတွက် တနေရာတည်းမှာပင် ညောင်စောင်းခဋင်ကို ဖွဲ့ချည် ခင်းထားကြရသည်။ သူငယ်ချင်းနှစ်ဦးလုံးပင် တပေါင်းတည်း အတူတကွ ထိုင်နေကြ၍ ပွဲသဘင်ကို ကြည့်ရှုကြရင်း ရယ်သင့်သောအရာ၌ ရယ်ရွှင်ကြ၍ ထိတ်လန့်သင့်သောအရာ၌ ထိတ်လန့်ကြပြီးလျှင် ဆုလာဘ်ချသင့်သောအရာ၌ ဆုလာဘ် ပေးချကြလေသည်။

     သူငယ်ချင်း နှစ်ဦးလုံးတို့အဖို့ရာ ဤနည်းဖြင့် အကြိမ်များစွာ ပွဲကြည့်၍လာခဲ့ရာမှ တနေ့သ၌ ပွဲကြည့်ကြသည်ရှိသော် ဉာဏ်ပညာ ရင့်ကျက်ခြင်းသို့ ရောက်သောကြောင့် ရှေးပွဲနေ့များမှာကဲ့သို့ ရယ်သင့်သောအရာ၌ ရယ်ရွှင်ခြင်း, ထိတ်လန့်သင့်သော အရာ၌ ထိတ်လန့်ခြင်း, ဆုလာဘ်ပေးချသင့်သော အရာ၌ ဆုလာဘ်ပေးချခြင်း အလျှင်းပင် မရှိတော့ချေ၊ သူငယ်ချင်း နှစ်ဦးလုံးတို့ပင်လျှင် “ဤပွဲလမ်းသဘင်၌ ရှုချင်စဖွယ် အဘယ်မှာ ရှိအံ့နည်း၊ ဤယခု ပွဲကသောသူ ပွဲကြည့်သောသူ အားလုံးတို့သည်ပင် အနှစ်တရာသို့ မရောက်မီ ချုပ်ဆုံး ကွယ်ပျောက်ကြလိမ့်မည် ဧကန်သာတည်း၊ သို့ရကား ငါတို့သည် သံသရာလွတ်မြောက်ရေး တရားတခုခုကို ရအောင်ရှာမှ သင့်တော်တော့မည်”ဟု ကြံစည်ကြ၍ ဤသံဝေဂအကြံကိုပင် အဖန်ဖန် အာရုံပြုကာ ထိုင်နေကြလေ၏။



၅၈

     ထို့နောက်မှ ကောလိတ သူငယ်ချင်းသည် ဥပတိဿ သူငယ်ချင်းကို “မိတ်ဆွေဥပတိဿ.. သင်သည် ယနေ့ အခြားနေ့များမှာကဲ့သို့ နှစ်သက်အားရ စိတ်တိုင်းကျသဘောရှိသည် မဖြစ်ဘိတကား၊ သူငယ်ချင်းသည် အဘယ်အရာကို စဉ်းစားဆင်ခြင်မိသနည်း”ဟု မေးလေ၏။ ဥပတိဿသူငယ်ချင်းက “မိတ်ဆွေကောလိတ.. ဤပွဲလမ်းသဘင်တို့ကို ကြည့်ရှုခြင်း၌ အနှစ်သာရ စိုးစဉ်းမျှမရှိ၊ ဤပွဲလမ်းသဘင် ပျော်ရွှင်ကြည့်ရှုမှုကား အကျိုးမပြီး အချည်းနှီးသာဖြစ်၏၊ သို့ရကား မိမိ၏အတွက်တာ သံသရာလွတ်မြောက်ရေးတရားကိုသာ ရှာမှီးသင့်၏-ဟု ကြံစည်လျက် ငါထိုင်နေပါသည်”ဟု ပြော၍ “မိတ်ဆွေကောလိတ.. သင့်ကော အဘယ့်ကြောင့် မျက်နှာမသာ စိတ်တိုင်းမကျ ဖြစ်ရှိနေရသနည်း”ဟု မေးလေလျှင် ကောလိတ သူငယ်ချင်းသည်လည်း ထိုနည်းအတူပင် ဖြေဆိုလေ၏။ ထိုအခါ ကောလိတ သူငယ်ချင်းမှာ မိမိနှင့် အလိုနှလုံးသွင်း ထပ်မျှတူနေသည်ကို သိရှိကာ ဥပတိဿ သူငယ်ချင်းသည် ကောလိတ သူငယ်ချင်းကို “မိတ်ဆွေကောလိတ.. ငါတို့နှစ်ဦးလုံး၏ အကြံသည်ပင် ကောင်းစွာကြံအပ်သော အကြံဖြစ်လေသည်၊ အထူးအားဖြင့် သံသရာလွတ်မြောက်ရေး တရားကို အရရှာကြသော သူတို့သည် တခုသော ရဟန်းအဖြစ်ကိုတော့ ရမှသင့်မည်၊ ငါတို့သည် မည်သူ့ထံ၌ ရဟန်းပြုကြမည်နည်း”ဟု တိုင်ပင်စကား ပြောကြားလေ၏။

     ထိုစဉ်အခါ သဉ္စယ (=သိဉ္စည်း) ပရိဗိုဇ်ဆရာကြီးသည် ရာဇဂြိုဟ်ပြည်၌ များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူတကွ ဂိုဏ်းဆရာကြီးပြုလုပ်ကာ နေထိုင်ဆဲဖြစ်၏။ ဥပတိဿလုလင်နှင့် ကောလိတလုလင် = သူငယ်ချင်းနှစ်ဦးတို့သည် “ထိုသိဉ္စည်းဆရာကြီးအထံ၌ ရဟန်းပြုကြကုန်စို့”ဟု တိုင်ပင်ညီညွတ်ကြကာ အခြံအရံလုလင် ငါးရာတို့နှင့် အတူတကွ သိဉ္စည်းဆရာကြီးထံ၌ ရဟန်းပြုကြလေကုန်၏။ ထိုဥပတိဿလုလင်နှင့် ကောလိတလုလင်တို့ ရဟန်းပြုကြသော အချိန်မှစ၍ သိဉ္စည်းဆရာကြီးသည် သူ့ထက်



၅၉

ထူးချွန်သာလွန်သော လာဘ်လာဘ အထွတ်အထိပ် အခြံအရံ ဂုဏ်သတင်းကျော်စောခြင်း အထွတ်အထိပ်သို့ ရောက်ရှိသူဖြစ်လေ၏။

     ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် = နှစ်ဦးတို့သည် နှစ်ရက် သုံးရက်ဖြင့်ပင် သိဉ္စည်းဆရာကြီး၏ အယူဝါဒအားလုံးကို သင်ယူတတ်မြောက်ပြီးကြ၍ “ဆရာ.. ဆရာတို့သိသော အယူကား ဤမျှသာလော၊ သို့မဟုတ် အထက်မှာ ဆက်လက်သင်ယူရန်များကော ရှိသေးသလော”ဟု မေးကြကုန်၍ သိဉ္စည်းဆရာကြီးက “ငါတို့သိသော အယူဝါဒကား ဤမျှသာတည်း၊ ငါတို့၏ အယူဝါဒအလုံးစုံကို သင်တို့နှစ်ဦး သိအပ်ပြီးဖြစ်လေပြီ”ဟု ပြောဆိုလတ်သော် သူငယ်ချင်း နှစ်ဦးသားတို့သည်-

“ဤသို့ဖြစ်လျှင် ဤသိဉ္စည်းဆရာကြီးအထံ၌ သူ၏ဗြဟ္မစရိယကို ကျင့်သုံးနေခြင်းသည် အချည်းနှီးသာတည်း၊ ငါတို့သည် သံသရာလွတ်မြောက်ရေး တရားကို ရှာမှီးရန် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခဲ့ကြပြီ၊ ထိုငါတို့ရှာမှီးအပ်သည့် သံသရာလွတ်မြောက်ရေး တရားကို ဤသိဉ္စည်းဆရာကြီးအထံ၌ ဖြစ်စေခြင်းငှါ ဘယ်နည်းဖြင့်မျှ စွမ်းနိုင်မည်မဟုတ်။ ဇမ္ဗူဒိပ်ကျွန်းကြီးကား ကျယ်ဝန်းလှဘိ၏၊ ရွာ, နိဂုံး, မင်းနေပြည်များသို့ လှည့်လည်၍ ရှာဖွေကြလျှင် ငါတို့သည် မချွတ်ဧကန်ပင် သံသရာလွတ်မြောက်ရေးတရား ဟောကြားမည့် ဆရာတဆူကို ရရှိကြပေလိမ့်မည်”-

ဟု ကြံစည်တိုင်ပင်ကြလေကုန်၏။ ဥပတိဿ ပရိဗိုဇ်နှင့် ကောလိတ ပရိဗိုဇ်တို့သည် ထိုအခါမှစ၍ ပညာရှိ ရဟန်းပုဏ္ဏားများ ရှိသည်ဟု သတင်းကြားရာ ထိုထိုအရပ်သို့ သွားရောက်ကြပြီးလျှင် သံသရာလွတ်မြောက်ရေးနှင့်စပ်သည့် မေးဖြေမှု, တရားဆွေးနွေးမှု ပြုကြလေ၏။ ထိုသူနှစ်ဦးတို့မေးသောပုစ္ဆာကို ဖြေဆိုနိုင်စွမ်းသည့် အခြားပညာရှိဘွဲ့ခံ ရဟန်းပုဏ္ဏားတို့ မရှိကြကုန်၊ စင်စစ်သော်ကား ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ် = သူငယ်ချင်း နှစ်ဦးတို့ကသာ ထိုပညာရှိဘွဲ့ခံ ရဟန်းပုဏ္ဏားတို့၏ အမေးပုစ္ဆာ



၆၀

ပြဿနာကို ဖြေရှင်းပေးခဲ့ကြရလေသည်။ ဤသို့ ဇမ္ဗူဒိပ်တကျွန်းလုံးကို လှည့်လည်စုံစမ်းကြပြီးနောက် ဆရာတင်လောက်သူကို မတွေ့ရှိကြသဖြင့် ဥပတိဿပရိဗိုဇ်နှင့် ကောလိတပရိဗိုဇ်တို့သည် ပြန်လည်ဆုတ်နစ်ကာ မိမိတို့နေရာ ပရိဗိုဇ်အရာမ်သို့ လာကြ၍ “မိတ်ဆွေ.. ငါတို့နှစ်ဦးတွင် အမြိုက်တရားကို ရှေးဦးစွာ ရရှိသိမြင်သောသူသည် ကျန်သောသူအား ပြန်ကြားပြောဆိုကြစတမ်း”ဟု အချင်းချင်း ကတိကဝတ် ထားကြလေကုန်၏။

     အချိန်ကား မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး လဝက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့လောက်အချိန် ဖြစ်သည်.. (ဗုဒ္ဓဝင်စာဖတ် ပရိသတ်သူတော်စင်.. အောက် မဟာဗုဒ္ဓဝင် တတိယတွဲအစ စာမျက်နှာ ၂-မှစ၍ စာမျက်နှာ ၂၅-အထိ ပြန်လည်ကြည့်ရှု သုံးသပ်ပါ။ ထိုသို့ သုံးသပ်ပြန်လည် ကြည့်ရှုပါလျှင် (ခ) အဂ္ဂသာဝကနှစ်ပါးတို့ တပည့်ပရိဗိုဇ်ပရိသတ်နှင့်တကွ မြတ်စွာဘုရားရှင်အထံတော်၌ ဧဟိဘိက္ခု ရဟန်းဖြစ်ကြကြောင်း (ဂ) သာဝကဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူကြကြောင်းများကို ကောင်းစွာ သိရှိပါလိမ့်မည်၊ ဤ၌ကား ထိုအကြောင်းအရာများကို ပေယျာလ ချန်ခဲ့ပါတော့အံ့)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူကြကြောင်း

     မြတ်စွာဘုရားရှင် ဘုရားဖြစ်သည့်နှစ် မိဂဒါဝုန်တောမှာ ဝါကျွတ်ခဲ့၍ ထိုမှ ဥရုဝေလတောအုပ်သို့ ကြွတော်မူကာ ကဿပညီနောင်သုံးဦး အမှူးပြုသော ရသေ့တထောင်တို့ကို ချေချွတ်၍ အာဒိတ္တပရိယာယသုတ္တန်ဖြင့် အရဟတ္တဖိုလ်၌ တည်စေပြီးနောက် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ထိုရဟန်းတထောင် ခြံရံလျက် ရောက်တော်မူသည်။ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိပြီး လဝက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့တွင် ဥပတိဿပရိဗိုဇ်သည် ပဉ္စဝဂ္ဂီအဝင်အပါ အရှင်အဿဇိ ရဟန္တာမထေရ်နှင့် ရာဇဂြိုဟ်ပြည်မှာ တွေ့ရှိ၍ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ”စသော ဂါထာကို ကြားနာရ၍ သောတာပန်အရိယာ ဖြစ်လေသည်။ ဥပတိဿပရိဗိုဇ်အထံမှ ထိုဂါထာကိုပင် တဆင့်ကြားနာရ၍



၆၁

ကောလိတပရိဗိုဇ်သည်လည်း သောတာပန်အရိယာ ဖြစ်ပြန်လေသည်။ ထို့နောက် သောတာပန်အရိယာ သူငယ်ချင်း ပရိဗိုဇ်နှစ်ဦးတို့ တပည့်ပရိဗိုဇ် ပရိသတ်နှင့်တကွ မြတ်စွာဘုရားအထံ၌ ဧဟိဘိက္ခုရဟန်း ဖြစ်ကြလေသည်။ တပည့်များမှာ ဧဟိဘိက္ခု ရဟန်းမဖြစ်မီ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို နာကြားကြရ၍ ထိုခဏမှာပင် ရဟန္တာဖြစ်ကြလေသည်။ အဂ္ဂသာဝကအလျာ မထေရ်မြတ်နှစ်ပါးတို့မှာမူ အဂ္ဂသာဝက ပါရမီဉာဏ်၏ အလွန်ကြီးကျယ် မြင့်မြတ်သောကြောင့် ထိုအချိန်၌ ရဟန္တာမဖြစ်ကြသေးပဲ အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်မြောက်၌ ရဟန္တာဖြစ်တော်မူ၍ အရှင်သာရိပုတ္တရာမှာ ရဟန်းဖြစ်ပြီးနောက် ဆယ့်ငါးရက်အကြာ တပို့တွဲလပြည့်နေ့မှာ ရဟန္တာဖြစ်တော်မူလေသည်။ (အကြောင်းအရာ အကျယ်ကို ဤမဟာဗုဒ္ဓဝင်ကျမ်း တတိယတွဲအစမှ မျက်နှာ ၂၅-တိုင်အောင် ကြည့်ရှုရာ၏)။

     ဤသို့လျှင် အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါးလုံးတို့အဖို့ရာ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးနေတော်မူစဉ်ပင် အဂ္ဂသာဝက ပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူကြသည်။ သို့သော် နောက်တချိန်ဝယ် မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ်-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနံ ယဒိဒံ သာရိပုတ္တော = ရဟန်းတို့.. ဉာဏ်ပညာ ကြီးကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သာရိပုတ္တရာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဣဒ္ဓိမန္တာနံ ယဒိဒံ မဟာမောဂ္ဂလ္လာနော = ရဟန်းတို့.. တန်ခိုးဣဒ္ဓိနှင့် ပြည့်စုံကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာမောဂ္ဂလာန်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-



၆၂

ဟု ချီးကျူး မြွက်ဆိုတော်မူကာ အရှင်သာရိပုတ္တရာမထေရ်ကို ပညာကြီးသောအရာ၌, အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးဣဒ္ဓိ ကြီးမြတ်သောအရာ၌ ဧတဒဂ် ထားတော်မူလေ၏။

     ဤမထေရ်မြတ်ကြီးနှစ်ပါးတို့သည် ရဟန်းဖြစ်တော်မူသည်မှစ၍ (၄၄) လေးဆယ့်လေးဝါကြာ ကာလပတ်လုံး သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်တော်မူကြပေ၏။ ထိုမထေရ်မြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်တို့မှာ နိကာယ်ငါးရပ် ပိဋကတ်တော်၌ များလှစွာ၏။ ထုတ်ဆောင်ဖော်ပြခြင်းငှါ မတတ်နိုင်လောက်အောင်ပင် ရှိပါတော့၏။ အထူးအားဖြင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီး, မဟာနိဒ္ဒေသပါဠိတော်ကြီး, စူဠနိဒ္ဒေသ ပါဠိတော်ကြီးတို့မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူအပ်သော တရားဒေသနာတော်များ ဖြစ်၏။ သာရိပုတ္တထေရဂါထာသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ တရားဟင်းလေးအိုးကြီးသဖွယ်ဖြစ်၍ မဟာမောဂ္ဂလ္လာနထေရဂါထာသည် အရှင်မဟာမောဂ္ဂလာန်မထေရ်၏ တရား ဟင်းလေးအိုးကြီးသဖွယ်တို့ ဖြစ်ကြလေသည်။ အလိုရှိသူတို့ ထိုထိုပါဠိတော် မြန်မာပြန်တို့မှ ထုတ်ဆောင်ကြည့်ရှု မှတ်ယူကြပါကုန်။ ဤကျမ်း၌ကား ထိုမထေရ်မြတ်နှစ်ပါးတို့၏ လေးဆယ့်လေးဝါ ကာလကြာအောင် သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်ဆောင်တော်မူကြပြီးနောက် ပရိနိဗ္ဗာန် ဝင်စံတော်မူကြသော အကြောင်းကိုသာ ရေးသားဖော်ပြပါတော့အံ့-

အရှင်သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန် စံတော်မူခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် နောက်ဆုံး လေးဆယ့်ငါးကြိမ်မြောက်ဝါကို ဝေသာလီပြည်၏အနီး ဝေဠုဝရွာငယ်၌ ဝါကပ်တော်မူ၍ ထိုမှ ထတော်မူလတ်သော် (အောက် ပရိနိဗ္ဗာန် စံတော်မူခဏ်း၌ ပြဆိုခဲ့သည့်) ကြွလာတော်မူရင်း ခရီးစဉ်အတိုင်းပင် ဝေဠုဝရွာငယ်မှ ထွက်ကြွတော်မူ၍ အစဉ်သဖြင့် ခရီးဒေသစာရီ နောက်ဆုံး လှည့်လည်တော်မူခြင်းဖြင့် လှည့်လည်တော်မူခဲ့ရာ



၆၃

သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတိုက်သို့ ဝင်တော်မူလေ၏။ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရားရှင်အား ဝတ်ပြု၍ နေ့သန့်ရာအရပ်သို့ ကြွတော်မူလေသည်။ မထေရ်မြတ်သည် ထိုနေ့သန့်ရာအရပ်၌ တပည့်ရဟန်းတို့ ဝတ်ပြုကြကာ ဖဲသွားကြလေလျှင် နေ့သန့်ရာအရပ်ကို တံမြက်လှည်းပြီးနောက် စမ္မခဏ် = သားရေပိုင်းကို ခင်းပြီးလျှင် ခြေဆေးပြီး တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူလေသည်။

     ထို့နောက် ပိုင်းခြားအပ်သော အချိန်ကာလမှာပင် ဖလသမာပတ်မှ ထတော်မူပြီးသော မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “မြတ်စွာဘုရားရှင်တို့ကပင် ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံတော်မူကြကုန်သလော၊ သို့မဟုတ် အဂ္ဂသာဝက နှစ်ပါးတို့ကပင် ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံကြကုန်သလော”ဟု ကြံစည်ဆင်ခြင်မှု ဖြစ်လေသည်။ ထို့နောက် “အဂ္ဂသာဝကနှစ်ပါးက ရှေးဦးစွာ ပရိနိဗ္ဗာန် ဝင်စံကြမြဲဖြစ်သည်”ဟု သိမြင်တော်မူ၍ မိမိ၏ အာယုသင်္ခါရကို ဆက်၍တဖန် ကြည့်ရှုတော်မူပြန်သော် “ငါ၏ အာယုသင်္ခါရတို့သည် ခုနစ်ရက်သာလျှင် ဖြစ်ကြလိမ့်မည်”ဟု သိရှိတော်မူပြီးလျှင် “ငါသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန် ဝင်စံရလိမ့်မည်နည်း”ဟု ဆက်၍တဖန် စဉ်းစားဆင်ခြင်တော်မူပြန်လေသည်။

     ထို့နောက် “ရာဟုလထေရ်သည် တာဝတိံသာနတ်ပြည်၌ ပရိနိဗ္ဗာန်စံခဲ့လေပြီ၊ အညာသိကောဏ္ဍညမထေရ်သည် ဆဒ္ဒန်အိုင်၌ ပရိနိဗ္ဗာန် စံခဲ့လေပြီ။ ငါသည်ကား အဘယ်အရပ်၌ ပရိနိဗ္ဗာန် စံရပါမည်နည်း”ဟု အဖန်ဖန် စဉ်းစားဆင်ခြင်တော်မူလေသော် မယ်တော် ရူပသာရီပုဏ္ဏေး (=သူဌေးကတော်မကြီး)ကို အာရုံပြုမိ သတိရရှိလာလေသည်။ သတိရတော်မူလာပုံမှာ-

“ဩ.. ငါ၏မယ်တော်သည် ရဟန္တာခုနှစ်ပါးတို့၏ မိခင်ကြီးစင်စစ် ဖြစ်ပါလျက် ဘုရား, တရား, သံဃာ = ရတနာသုံးပါးတို့၌ မကြည်ညိုသူ ဖြစ်ချေသည်၊



၆၄

ထိုငါ့မယ်တော်မှာ မဂ်ဖိုလ်၏ ဥပနိဿယည်း ရှိလေသလော၊ မရှိဘူးလော”-

ဟု သတိရဆင်ခြင်တော်မူ၍ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု ဥပနိဿယည်း ပစ္စည်းရှိသည်ကို သိမြင်တော်မူကာ “အဘယ်သူ၏ တရားဒေသနာဖြင့် သစ္စာလေးပါး တရားသိမြင်ခြင်းသည် ဖြစ်ပါမည်နည်း”ဟု ဆက်၍တဖန် ဆင်ခြင်တော်မူပြန်လေသော်-

“ငါ၏ တရားဒေသနာဖြင့်ပင် ငါ့မယ်တော်၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်ပေလိမ့်မည်၊ တပါးသောပုဂ္ဂိုလ်၏ တရားဒေသနာဖြင့် သစ္စာလေးပါးတရားကို သိမြင်ခြင်း ဖြစ်လိမ့်မည်မဟုတ်။ အကယ်၍များ ငါသည် မယ်တော်ကို ချေချွတ်ရန် ကြောင့်ကြစိုက်ထုတ်ခြင်းမပြု လျစ်လျူရှုလိုက်မည်ဆိုလျှင် ‘သာရိပုတ္တရာထေရ်သည် အခြားသူတို့၏ကား မှီခိုအားထားရာ ဖြစ်ပါပေ၏၊ မှန်၏- မထေရ်မြတ် သမစိတ္တသုတ္တန် (အံ-၁၊၆၄-မျက်နှာ)ကို ဟောတော်မူသောနေ့၌ ကုဋေတသိန်းသော နတ်ဗြဟ္မာတို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေသည်၊ အောက်မဂ်သုံးပါးသို့ ဆိုက်ရောက်ကြသူ နတ်ဗြဟ္မာတို့ကား မရေမတွက်နိုင်အောင် များလှပေ၏။ အခြားအရာဌာနတို့၌လည်း သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်း ဝင်ကြခြင်း များစွာတို့ကို တွေ့မြင်အပ်ကြလေသည်၊ ဤတွင်မျှမကသေး မထေရ်မြတ်၌ သဒ္ဓါကြည်ညိုကြ၍ နတ်ပြည်၌ဖြစ်ကြသည့် အမျိုးအိမ် (=အိမ်ထောင်စု)တို့သည်ပင် (၈ဝဝဝဝ)ရှစ်သောင်း အရေအတွက် ရှိကုန်၏။ ထိုအရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ယခုတော့ မိမိမယ်တော်၏ မိစ္ဆာအယူကိုပင်မျှလည်း ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ရှာပေ’ဟု ကဲ့ရဲ့အပြစ်တင်စကား ပြောကြားမည့်သူများ ထင်ရှားပေါ်ထွက်လာလိမ့်မည်။ သို့ရကား ငါသည် မယ်တော်ကို မိစ္ဆာအယူမှ



၆၅

ချေချွတ်ပြီးနောက် ငါ၏ ဖွားရာတိုက်ခန်းမှာပင် ပရိနိဗ္ဗာန် ဝင်စံပေအံ့”-

ဟု ဆုံးဖြတ်ချက် ချမှတ်တော်မူပြီးနောက် “ယနေ့ပင် မြတ်စွာဘုရားကို ခွင့်ပြု = သိစေတော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်မှ ထွက်ချီပေတော့အံ့”ဟု ကြံစည်တော်မူကာ ညီတော် စုန္ဒမထေရ်ကို “ငါ့ရှင်စုန္ဒ.. ငါတို့၏ တပည့်ရဟန်း ပရိသတ်ငါးရာအား ‘ငါ့ရှင်တို့.. သပိတ်သင်္ကန်းများကို အသင့်ပြင်ဆင် ယူဆောင် ထားကြလော့၊ တရားစစ်မှူးကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာထေရ်သည် ဖွားရာဇာတိ နာလကရွာသို့ ကြွတော်မူလို၏’ဟု အချက်အမှတ်ပေးလော့”ဟု ခေါ်ဆို အမိန့်ရှိလေသည်။ စုန္ဒမထေရ်သည်လည်း နောင်တော်မထေရ်မြတ် မိန့်ဆိုအပ်တိုင်းပင် တပည့်ရဟန်း ပရိသတ်ငါးရာအား လိုက်လံနှိုးဆော် အသိပေးလေ၏။

     တပည့်ရဟန်း ငါးရာတို့သည် ကျောင်းအိပ်ရာနေရာများကို သိုမှီးသိမ်းဆည်းကြပြီးလျှင် သပိတ်,သင်္ကန်းကို ယူဆောင်ကြ၍ မထေရ်မြတ်အထံသို့ တညီတညွတ်တည်း စည်းဝေးလာရောက်ကြလေကုန်၏။ မထေရ်မြတ်သည် မိမိ၏ ကျောင်းအိပ်ရာနေရာကို သိုမှီးသိမ်းဆည်းတော်မူပြီးလျှင် နေ့သန့်ရာဌာနကို တံမြက်လှည်း၍ ထိုနေ့သန့်ရာဌာန တံခါးဝ၌ ရပ်တည်တော်မူလျက် နေ့သန့်ရာဌာနကို ကြည့်တော်မူ၍ “ယခုအခါ ဤကြည့်ခြင်းကား နောက်ဆုံးကြည့်ခြင်း ဖြစ်သည်။ နောက်ထပ်တဖန် ပြန်လာခြင်း မရှိတော့ပြီ”ဟု အောက်မေ့တော်မူပြီးလျှင် တပည့်ရဟန်းငါးရာတို့ ခြံရံအပ်လျက် မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တပည့်တော်အား ခွင့်ပြုတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တပည့်တော်အား ခွင့်ပြုတော်မူပါလော့။ တပည့်တော်၏အဖို့ရာ ပရိနိဗ္ဗာန်စံရန် အချိန်ရောက်ခဲ့ပါပြီ၊ တပည့်တော်သည် အာယုသင်္ခါရကို လွှတ်အပ်ပြီးပါပြီ”ဟု ခွင့်ပန်စကား လျှောက်ထားလေ၏။



၆၆

(ဤ၌။ ။အနုဇာနာတု မေ ဘန္တေ ဘဂဝါ-စသော ပါဠိ၌ အနုဇာနာတု-ဟူသော ပါဌ်ကို ခွင့်ပြုတော်မူပါလော့-ဟု မြန်မာပြန်ဆိုခြင်းမှာ ဝေါဟာရပညတ်နက် ပြန်ဆိုခြင်းဖြစ်သည်။ အတွင်းအဓိပ္ပါယ်ငုပ်လျက် သဒ္ဒါနက် = မြန်မာသဒ္ဒါပြန်ဆိုလျှင် “အနုဇာနာတု = တပည့်တော်၏ ပရိနိဗ္ဗာန် ဝင်စံတော့မည့်အကြောင်းကို ဆင်ခြင် သိမြင်တော်မူပါလော့”ဟု ပြန်ရဆိုရပါမည်။ “တပည့်တော်သည် မိမိ၏ ပရိနိဗ္ဗာန်စံရတော့မည့်အကြောင်းကို သိပြီးဖြစ်ပါသည်၊ ရှင်တော်ဘုရားသည် တဖန်ထပ်လှောက် သိတော်မူပါလော့”ဟု လျှောက်ထားလိုရင်း ဖြစ်သည်)။

     ဘုရားရှင်တို့မည်သည်ကား တပည့်ရဟန္တာများ ပရိနိဗ္ဗာန်စံရန် ခွင့်ပန်အသိပေးလာသောအခါ “ပရိနိဗ္ဗာန် စံလော့”ဟု ဆိုလျှင် မိစ္ဆာအယူရှိသူများက “သေခြင်း၏ ကျေးဇူးကို ချီးမွမ်းသည်”ဟု အပြစ်တင်ကြလိမ့်မည်၊ “ချစ်သား.. ပရိနိဗ္ဗာန် မစံလင့်ဦး”ဟု ဆိုပြန်လျှင်လည်း “မြတ်စွာဘုရားသည် ဝဋ်ဒုက္ခ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းဘိသည်”ဟု အပြစ်တင်ကြလိမ့်မည်။ ထို့ကြောင့် ထိုစကား နှစ်မျိုးလုံးကိုပင် မိန့်ဆိုရိုးထုံးစံ မရှိကြကုန်။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သားသာရိပုတ္တရာ.. သင် ချစ်သားသည် အဘယ်အရပ်၌ ပရိနိဗ္ဗာန်စံမည်နည်း”ဟု မေးတော်မူ၍ အရှင်သာရိပုတ္တရာမထေရ်က “မြတ်စွာဘုရား.. မဂဓတိုင်းအဝင်အပါ နာလကရွာ၌ တပည့်တော်၏ မွေးဖွားရာ တိုက်ခန်းရှိပါသည်။ ထိုတိုက်ခန်း၌ တပည့်တော်သည် ပရိနိဗ္ဗာန် စံပါမည်ဘုရား”ဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ချစ်သားသာရိပုတ္တရာ.. သင်ချစ်သားသည်ပင် ယခုအခါ မိမိ၏ ပရိနိဗ္ဗာန်စံရာ ကာလကို သိပေ၏၊ အထူးအားဖြင့် ယခုအခါ သင်ချစ်သား၏ နောင်တော်, ညီတော် ဖြစ်ကြသော ရဟန်းတို့အဖို့ရာ သင်ချစ်သားကဲ့သို့သော ရဟန်းကို နောက်ထပ် ဖူးမြော်ရန် ရခဲသည်ဧကန် ဖြစ်ပေလိမ့်မည်။ သို့ရကား သင်ချစ်သားသည် မိမိ၏ နောင်တော်, ညီတော် ဖြစ်ကြသော ရဟန်းတို့အား တရားဟောဦးလော့”ဟု မိန့်တော်မူလေ၏။

     မထေရ်မြတ်သည် “မြတ်စွာဘုရားရှင်သည် ငါ၏ တန်ခိုးအထူး ဖန်ဆင်းခြင်းလျှင် ရှေ့သွားရှိသော တရားဟောခြင်းကို လိုလား



၆၇

တောင့်တတော်မူသည်”ဟု ဘုရားအလိုတော်ကို သိရှိ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် ထန်းတဆင့်ပမာဏရှိသော ကောင်းကင်သို့ ပျံတက်တော်မူကာ ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလေ၏။ တဖန် ထန်းနှစ်ဆခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်တော်မူကာ ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြန်လေ၏။ ဤနည်းဖြင့် အစဉ်အတိုင်း ထန်းသုံးဆင့်, လေးဆင့်, ငါးဆင့်, ခြောက်ဆင့်, ခုနစ်ဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ တက်၍ တန်ခိုးပြာဋိဟာ ရာပေါင်းများစွာတို့ကို ပြလျက် တရားဟောတော်မူလေသည်၊ ဟောတော်မူပုံ အမြွက်မှာ-

     ကိုယ်တော်ကို ထင်ရှားပြလျက်လည်း တရားဟောတော်မူ၏။ ကိုယ်တော်ကို ကွယ်၍လည်း တရားဟောတော်မှု၏။ အထက်ပိုင်း ကိုယ်တော်ကို ထင်ရှားပြ၍၎င်း, ကွယ်ပ၍၎င်း တရားဟောတော်မူ၏။ အောက်ပိုင်း ကိုယ်တော်ကို ထင်ရှားပြ၍၎င်း, ကွယ်ပ၍၎င်း တရားဟောတော်မူ၏။ ရံခါ လဗိမာန်ပုံဟန် ဖန်ဆင်း၍ ပြတော်မူ၏။ ရံခါ နေဗိမာန်ပုံဟန် ဖန်ဆင်း၍ ပြတော်မူ၏။ ရံခါ တောင်ကြီးအဟန် ဖန်ဆင်းပြတော်မူ၏၊ ရံခါ သမုဒြာကြီးပုံဟန် ဖန်ဆင်းပြတော်မူ၏။ ရံခါ စကြဝတေးမင်းကြီး ဖြစ်လိုက်, ရံခါ ဝေဿဝဏ်နတ်မင်းကြီး ဖြစ်လိုက်, ရံခါ သိကြားနတ်မင်း ဖြစ်လိုက်, ရံခါ မဟာဗြဟ္မာမင်းကြီးဖြစ်လိုက်- ဤသို့ အစရှိသည်ဖြင့် တန်ခိုးပြာဋိဟာ ရာပေါင်းများစွာတို့ကို ပြလျက် တရားဟောတော်မူလေသည်။ သာဝတ္ထိတမြို့လုံး စုရုံးစည်းဝေးလာ၏။ မထေရ်မြတ်သည် တန်ခိုးပြာဋိဟာပြခြင်းကို ရှေ့သွားပြုကာ အားရလောက်အောင် တရားစကား ဟောကြားပြီးသောအခါ ကောင်းကင်မှ ဆင်းသက်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် ရွှေတုရိုဏ်တိုင်ပမာ မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူလေ၏။



၆၈

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သားသာရိပုတ္တရာ.. ဤယခု တရားဟောခြင်းသည် အဘယ်မည်သော တရားဟောခြင်း ဖြစ်သနည်း”ဟု မေးတော်မူ၍ အရှင်သာရိပုတ္တရာမထေရ်မြတ်က “မြတ်စွာဘုရား.. ခြင်္သေ့မင်း၏ မြူးကွန့် စံပယ်ခြင်းနှင့် အလားတူသော = သီဟဝိကီဠိတ- တရားဟောခြင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားသည် “ချစ်သားသာရိပုတ္တရာ.. တကယ်စင်စစ်ပင် သီဟဝိကီဠိတ- တရားဟောခြင်း ဖြစ်ပါပေ၏။ ချစ်သာရိပုတ္တရာ.. တကယ်စင်စစ်ပင် သီဟဝိကီဠိတ- တရားဟောခြင်း ဖြစ်ပါပေ၏”ဟု နှစ်သက်စွာ ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

မြတ်စွာဘုရားကို နောက်ဆုံးကန်တော့ခြင်း

     အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ချိပ်ရည်အသွေး တွေးတွေးနီသော လက်တို့ကိုဖြန့်၍ မြတ်စွာဘုရားရှင်၏ ရွှေလိပ်နှင့်တူသော ခြေတော်အစုံတို့ကို ဖမျက်တို့၌ မြဲမြံစွာ ဆွဲကိုင်ပြီးလျှင်-

“မြတ်စွာဘုရား.. တပည့်တော်သည် အရှင်ဘုရားတို့၏ ဤခြေတော်အစုံတို့ကို ဖူးမြော်နိုင်ရန် တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ပါရမီတို့ကို ဖြည့်အပ်ခဲ့ပါကုန်ပြီ၊ တပည့်တော်၏ ထိုနှလုံးအလိုသည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြောက်ခဲ့ပါပြီ။ ယခုအခါ ဤအချိန်မှစ၍ ဘဝပဋိသန္ဓေ အနေအားဖြင့် နောက်ထပ်တဖန် တနေရာရာ ဘဝတခုခု၌ အရှင်ဘုရားတို့နှင့် တွေ့ကြုံ ပေါင်းဆုံရမှုကား မရှိတော့ပါဘုရား၊ ဤသည့်ဘဝနှင့် စပ်သွယ်သော အကျွမ်းဝင်မှု = ရင်းနှီးမှုကို အကြွင်းမဲ့ ဖြတ်အပ်ပြီးပါပြီ။ ယခုအခါ တပည့်တော်သည် အဆူရေ သိန်းပေါင်းများစွာ ဘုရားတကာတို့ ဝင်စံတော်မူရာ မအိုရာ, မသေရာ, ရန်ကင်းရာ, ချမ်းသာ, အေးမြ, ဘေးမခသည့် နိဗ္ဗာန်ပြည်သို့ ဝင်စံပါတော့မည်။ တပည့်တော်၏အပေါ်မှာ ရှင်တော်ဘုရား မနှစ်သက်လောက်သော တစုံတရာ ကာယကံမှု,



၆၉

ဝစီကံမှုများ ထင်ရှားရှိခဲ့ပါလျှင် ထိုအပြစ်များကို သည်းခံတော်မူကြပါဘုရား၊ တပည့်တော်၏အဖို့ရာ သွားရောက်ရန် အချိန်တန်ပါပြီဘုရား”-

ဟု ကန်တော့ခွင့်ပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သားသာရိပုတ္တရာ.. ချစ်သား၏အပေါ်မှာ ငါဘုရား သည်းခံပါ၏၊ ငါဘုရားစိတ်တော်မှာ မနှစ်သက်လောက်သည့် သင်ချစ်သား ပြုမှား, ပြောမှားသော ကာယကံမှု, ဝစီကံမှု တစုံတရာမျှ မရှိချေ။ ချစ်သားသာရိပုတ္တရာ.. သင်ချစ်သားသည်ပင် ယခုအခါ မိမိ၏ သွားရာကာလကို သိပေ၏ = သွားရန်မှာ သင်ချစ်သား၏ အလိုအတိုင်းပင် ဖြစ်ပေ၏”ဟု ခွင့်ပြုစကား မိန့်ကြားတော်မူလေ၏။

     ဤသို့လျှင် မြတ်စွာဘုရား ခွင့်ပြုတော်မူပြီးသည်၏ အခြားမဲ့၌ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မြတ်စွာဘုရား၏ ခြေတော်တို့ကို တအားကုန် ဆုပ်နယ်ကာ ရှိခိုး၍ ထိုနေရာမှ ထလျှင်ပင် “မြင်းမိုရ်, စကြဝဠာ, ဟိမဝန္တာနှင့်တကွ သတ္တရဗ္ဘန် တောင်ရံခုနစ်လုံးတို့ကို ထမ်းဆောင်၍ ထားနိုင်ပါသော်လည်း ယနေ့ ဤဂုဏ်ကျေးဇူး အစုကိုကား ထမ်းဆောင်ခြင်းငှါ မစွမ်းနိုင်တော့ပါ”ဟု ပြောဆိုသကဲ့သို့ တပြိုင်နက်တည်းပင် ပဲ့တင်ရိုက်ဟည်းလျက် မဟာပထဝီ ဤမြေကြီးသည် ရေအဆုံးတိုင်အောင် ပြင်းစွာ တုန်လှုပ်လေ၏၊ ကောင်းကင်အလုံး အုန်းအုန်းဖြိုးဖြိုး သည်းထန်စွာ မိုးထစ်ကြိုးလေ၏။ မိုးတိမ်တိုက်ကြီးများသည် တခဏအတွင်း တက်ကြွ ဖြစ်ပွါးကြကာ ပေါက္ခရ၀ဿမိုးကို ဖြိုးဖြိုးရွာသွန်းစေလေ၏။

     မြတ်စွာဘုရားရှင်သည် “သာရိပုတ္တရာကား ထိုင်နေသော ငါဘုရား၏ ရူပကာယကို ရှိခိုးပြီးပြီ၊ ယခုအခါ ရပ်တည်နေသော ငါဘုရား၏ ရူပကာယကို သာရိပုတ္တရာကို တဖန် ရှိခိုးစေဦးအံ့”ဟု ကြံစည်ဆင်ခြင်တော်မူကာ တရားဟောရာ ဗုဒ္ဓါသန ဓမ္မပလ္လင်မှ ထတော်မူ၍ ဂန္ဓကုဋီတိုက်တော်သို့ရှေးရှူ ကြွသွားတော်မူပြီးလျှင် ကျောက်မျက်ရတနာ စီခြယ်အပ်သော ပျဉ်ချပ်၌



၇၀

ရပ်တည်နေတော်မူလေ၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုသို့ ရပ်တည်နေသော မြတ်စွာဘုရားကို လက်ျာရစ်သုံးပတ် လှည့်လည်၍ ရှေ့, နောက်, ၀ဲ, ယာ = လေးမျက်နှာအရပ်တို့၌ ရှိခိုးပြီးသော်—

“မြတ်စွာဘုရား.. အကျွန်ုပ်သည် လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်က အနောမဒဿီ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းတုပ်ကွ၍ အရှင်ဘုရားတို့ကို ဖူးမြော်ရန် ပန်ထွာ တောင့်တခဲ့ပါပြီ၊ တပည့်တော်၏ ထိုတောင့်တချက်သည် ယခုအခါ ပြည့်စုံပါပြီ၊ အရှင်ဘုရားတို့ကို နှစ်သက်အားရ ဖူးမြော်ရပါကုန်ပြီ။ ထိုဆုတောင်းပတ္ထနာမှု ပြုစဉ်က အနောမဒဿီ မြတ်စွာဘုရား၏ ဗျာဒိတ်တော်စကားကို အစဉ်လျှောက်၍ ကြားနာကာ ဉာဏ်ပညာဖြင့် အရှင်ဘုရားတို့ကို ရည်ရော်ဖူးမြော်ရခြင်းသည် ပဌမဖူးမြော်ရခြင်း ဖြစ်ပါသည်။ ယခု ဖူးမြော်ရခြင်းသည် နောက်ဆုံး ဖူးမြော်ရခြင်း ဖြစ်ပါသည်။ တဖန် အရှင်ဘုရားတို့ကို ဖူးမြော်ရခွင့် မရှိတော့ပါဘုရား”—

ဟု နောက်ဆုံး လျှောက်ထားကာ လက်သည်းဆယ်ပွင့်တို့ဖြင့် တင့်တယ်တောက်ပြောင်သော လက်အုပ်ကို ချီးမြှောက်၍ မြတ်စွာဘုရားကို မြင်လောက်သောအရပ် ဆုံးသည်တိုင်အောင် နောက်ဆုတ်သွားလျက် ရှိခိုးပြီးလျှင် တပည့်ရဟန်း ငါးရာတို့နှင့် အတူတကွ ဖဲသွားတော်မူလေ၏။ တဖန်ထပ်၍ မဟာပထဝီ မြေကြီးသည် ဂုဏ်ကျေးဇူးအနှစ်ကို မဆောင်စွမ်းနိုင်တော့ပဲ ရေအဆုံးတိုင်အောင် တုန်လှုပ်ပြန်လေ၏။

     မြတ်စွာဘုရားသည် ကိုယ်တော်မြတ်ကို ဝန်းရံ၍ တည်နေကြသော ရဟန်းတို့ကို “ချစ်သားတို့.. သင်တို့၏ နောင်တော်ကြီးကို လိုက်ပို့ကြလော့”ဟု မိန့်တော်မူ၏။ ထိုခဏ၌ ပရိသတ်လေးပါးလုံးပင် မြတ်စွာဘုရား တပါးတည်းကိုသာ ဇေတဝန်ကျောင်းတိုက်၌ ချန်ထားခဲ့ကြ၍ တဦးမကျန် ထွက်ချီလိုက်ပို့ကြလေ၏။ သာဝတ္ထိ ပြည်သူပြည်သားတို့သည်လည်း “အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားကို ပန်ကြား၍ ပရိနိဗ္ဗာန် စံတော်မူလိုရကား



၇၁

ဇေတဝန်ကျောင်းတိုက်တော်မှ ထွက်ကြွတော်မူလာပြီတဲ့၊ မထေရ်မြတ်ကို ငါတို့ နောက်ဆုံး ဖူးမြော်ကြ ကုန်အံ့”ဟု မြို့တံခါးများ သွားလာထွက်ဝင်ရန် နေရာမရှိအောင်ပင် အပြည့်အကြပ် ထွက်ခဲ့ကြ၍ နံ့သာ ပန်း-စသည် လက်စွဲကြကုန်လျက် ဆံပင်တို့ကို ဖရိုဖရဲ ကြဲဖြန့်ကြပြီးသော် “အရှင်ဘုရား.. ယခုအခါ တပည့်တော်တို့သည် ‘မဟာပည သာရိပုတ္တထေရ်သည် အဘယ်အရပ်မှာ နေသနည်း၊ ဓမ္မသေနာပတိ သာရိပုတ္တထေရ်သည် ယခုအခါ အဘယ်အရပ်မှာ နေသနည်း’ဟု မေးမြန်းကြကာ အဘယ်မထေရ်ထံသို့ သွားကြရပါမည်နည်း။ အဘယ်သူ့လက်၌ မြတ်စွာဘုရားကို အပ်ထားခဲ့၍ မထေရ်မြတ်ဘုရား ဖဲကြွသွားတော်မူသနည်း” ဤသို့ အစရှိသည်ဖြင့် ငိုကြွေး မြည်တမ်းကြ၍ မထေရ်မြတ်နောက်သို့ ကောက်ကောက် လိုက်ပါကြလေကုန်၏။

     အရှင်သာရိပုတ္တရာမထေရ်သည် ကြီးကျယ်သော ပညာတည်သူ ဖြစ်တော်မူရကား “ဤဖြစ်တိုင်းဖြစ်တိုင်းသော သတ္တဝါတို့၏ သေခြင်းအဆုံးရှိသော လမ်းသည်ကား ခပ်သိမ်းသော သတ္တဝါတို့ မလွန်မြောက်နိုင်သော လမ်းဖြစ်သည်”ဟု အကျဉ်းချုပ် လူများအပေါင်းကို ဆုံးမတော်မူ၍ “ငါ့ရှင်တို့.. သင်တို့သည်လည်း နေရစ်ကြလော့၊ မြတ်စွာဘုရား၌ မမေ့မလျော့ကြလင့်”ဟု မိန့်ဆိုကာ ရဟန်းအပေါင်းကိုလည်း ပြန်နစ်စေတော်မူ၍ မိမိပရိသတ်နှင့် အတူတကွ နာလကရွာဖက်သို့ ဖဲကြွတော်မူလေ၏။ “ရှေးအခါ အရှင်မြတ်သည် တဖန်ပြန်လာမည့် ဒေသစာရီကို ကြွချီတော်မူ၏၊ ဤယခု ကြွချီခြင်းကား နောက်ထပ်တဖန် ပြန်လာရန်မဟုတ်တော့ချေ”ဟု ငိုကြွေးမြည်တမ်းကာ လိုက်ပါလာသော လူများကိုလည်း “ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့.. သင်တို့သည် အပ္ပမာဒတရား လက်ကိုင်ထားသူများ ဖြစ်ရစ်ကြလော့၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့မည်သည် ဤသို့ ဖြစ်လေ့ရှိကုန်၏ = ဖြစ်ပြီးလျှင် စုတိပြတ်ကြွေ သေခြင်းလျှင် အဆုံးရှိကုန်၏”ဟု အပ္ပမာဒဩဝါဒဖြင့် ဆုံးမတော်မူ၍ ပြန်နစ်စေတော်မူ၏။



၇၂

     ထို့နောက် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် လမ်းခရီးအကြား ခပ်သိမ်းသော အရပ်တို့၌ အချိန်မဆွဲ တညဉ့်စီနေခြင်းဖြင့် ခရီးအကြားဝယ် ခုနစ်ရက်ပတ်လုံး လူတို့ကို ချီးမြှောက်မှု ပြုတော်မူကာ အစဉ်သဖြင့် ကြွချီလာတော်မူခဲ့ရာ ညနေချမ်းကာလ၌ နာလကရွာသို့ ရောက်တော်မူ၍ ရွာတံခါးဝ ပညောင်ပင်ရင်း၌ ရပ်နားနေတော်မူလေ၏။

     ထိုအခါ မထေရ်မြတ်၏ တူအရင်းဖြစ်သော ဥပရေ၀တ-မည်သော သူငယ်သည် ရွာပြင်ဘက်သို့ ထွက်လာလေသော် မထေရ်မြတ်ကိုမြင်၍ အနီးသို့ လာရောက်ကာ ရှိခိုး ရပ်တည်လာ၏။ မထေရ်မြတ်သည် တူဖြစ်သူ ဥပရေ၀တသူငယ်ကို “ဥပရေ၀တ.. အိမ်မှာ သင့်အဖွားရှိ၏လော”ဟု မေးလေ၏။ “ရှိပါသည် အရှင်ဘုရား..”ဟူ၍ ဥပရေဝတသူငယ်က လျှောက်ထားလေလျှင် မထေရ်မြတ်သည် “သင် သွားတည့်ချေ၊ ငါတို့ ဤရွာသို့ ရောက်ရှိလာကြောင်း ပြောကြားလေလော့၊ အကယ်၍ သင့်အဖွားက ‘အဘယ့်ကြောင့် လာသနည်း’ဟု မေးလျှင် ‘ယနေ့တရက်ပတ်လုံး ရွာတွင်း၌ နေလိမ့်မည်တဲ့၊ ဦးကြီး၏ မွေးဖွားရာ တိုက်ခန်းကို ရှင်းလင်းသုတ်သင် ပြင်ဆင်၍ ထားလိုက်ကြပါတဲ့၊ ရဟန်းငါးရာတို့အတွက်လည်း နေရာများကို သိထားလိုက်ကြပါ = ပြင်ထားလိုက်ကြပါတဲ့’ဟု သင်ပြောချေ”ဟု မှာကြားတော်မူလိုက်လေ၏။

     ဥပရေဝတ သူငယ်သည် အဖွားဖြစ်သူ ရူပသာရီပုဏ္ဏေး (သူဌေးကတော်ကြီး)ထံသို့ သွား၍ “အို အဖွား.. ကျွန်တော်၏ ဦးကြီး (ဥပတိဿ) လာနေပါသည်”ဟု ပြောလေလျှင် အဖွားဖြစ်သူက “ယခု အဘယ်မှာနည်း”ဟု မေးလေ၏။ ဥပရေ၀တသူငယ်က “ရွာတံခါးဝမှာ”ဟု ဖြေကြားလေလျှင် အဖွားဖြစ်သူက “တပါးတည်းလော၊ အခြားတပါး တဦးတယောက်များကော ပါရှိသေးသလော”ဟု မေးပြန်လေ၏။ ဥပရေဝတသူငယ်က “ပါရှိပါသည်၊ ရဟန်းငါးရာတို့ ပါရှိကြပါသည်”ဟု ဖြေကြားလေလျှင် အဖွားဖြစ်သူက “အဘယ်အကြောင်းကြောင့် လာသနည်း”ဟု ထပ်၍တဖန် မေးပြန်လေ၏။ ဥပရေဝတသူငယ်က



၇၃

မထေရ်မြတ် မှာကြားလိုက်သော အကြောင်းအရာများကို အဖွားဖြစ်သူ ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးအား ပြောကြားလေလျှင် သူဌေးကတော်ကြီးသည် “ဩ.. ငါ့သားကြီးသည် အဘယ့်ကြောင့် ဤမျှများစွာ ရဟန်းငါးရာတို့အတွက် နေရာကို သုတ်သင် ပြင်ဆင်စေပါသနည်း၊ ငယ်စဉ်အခါ ရဟန်းပြုပြီးလျှင် ကြီးပြင်းသောအခါမှ လူဖြစ်လို၍ ထင်ပါ၏”ဟု ကြံစည် အောက်မေ့၍ ဖွားရာတိုက်ခန်းကို သုတ်သင်ရှင်းလင်းစေပြီးနောက် ရဟန်းငါးရာတို့အတွက် နေရာကို ခင်းကျင်းစေပြီးလျှင် ဆီမီးတိုင်တို့ကို ထွန်းညှိ၍ မထေရ်မြတ်ထံသို့ အပင့်စေလွှတ်လိုက်လေ၏။

     မထေရ်မြတ်သည် ရဟန်းငါးရာတို့နှင့် အတူတကွ ပြာသာဒ်ထက်သို့တက်၍ ဖွားရာတိုက်ခန်းသို့ ဝင်ရောက်ထိုင်နေပြီးလျှင် “သင်တို့၏ နေရာအသီးသီးသို့ သွားကြလော့”ဟု ရဟန်းတို့ကို လွှတ်လိုက်လေ၏။ ထို ရဟန်းတို့ သွားကြလျှင်ပင် မထေရ်မြတ်၏ ကိုယ်ခန္ဓာမှာ ပြင်းထန် ကြမ်းတမ်းသော အနာရောဂါ ဖြစ်ပွါး လာလေ၏။ သေခြင်းလျှင် အဆုံးရှိသည့် သွေးသွန်သော ဝေဒနာတို့ မရပ်မနား ဖြစ်ပွါး၍ လာလေကုန်၏။ ခွက်တခုဝင် ခွက်တခုထွက်ဖြင့် အလဲအလှယ် ပြုစုကြရပေ၏။ မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် “ငါသား၏ဖြစ်ပုံကို မနှစ်သက်နိုင်ပေ”ဟု အောက်မေ့ကာ မိမိနေရာ တိုက်ခန်းတံခါးဝကို မှီ၍ ရပ်တည်နေလေ၏။

     ထိုအခါ စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့သည်“တရားစစ်သူကြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ယခုအခါ အဘယ်အရပ်၌ နေတော်မူသနည်း”ဟု ကြည့်ရှုကြလေသော် “မထေရ်မြတ်သည် နာလကရွာ ဖွားရာတိုက်ခန်းဝယ် ပရိနိဗ္ဗာန်စံရာ ညောင်စောင်း၌ လျောင်းတော်မူလေပြီ၊ နောက်ဆုံးဖူးမြော် ပြုစုရန် ငါတို့ သွားကြကုန်အံ့”ဟု တိုင်ပင်ကြပြီးလျှင် မထေရ်မြတ်ထံသို့ လာရောက်ရှိခိုး ရပ်တည်ကြလေကုန်၏။ မထေရ်မြတ်က “သင်တို့ အဘယ်သူများနည်း”ဟု မေးတော်မူလေလျှင် “မဟာရာဇ်နတ်မင်းကြီးများပါ အရှင်ဘုရား..”ဟု ဖြေကြား



၇၄

လျှောက်ထားကြလေ၏။ “အဘယ့်ကြောင့် လာကြသနည်း”ဟု မေးတော်မူပြန်လေလျှင် “သူနာပြုများ ဖြစ်ကြမည်ဟု လာရောက်ကြပါသည်ဘုရား”ဟု ပြန်ကြား လျှောက်ထားကြလေ၏။ ထိုအခါ မထေရ်မြတ်သည် “ရှိပါစေ, သူနာပြုရဟန်း ရှိပါ၏။ သင်တို့ ပြန်ကြလော့”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ ထိုစတုမဟာရာဇ် နတ်မင်းကြီးများ ပြန်သွားကြသောအခါ ထိုနည်းအတိုင်းပင် သိကြားနတ်မင်း လာရောက်ပြန်လေ၏။ ထိုသိကြားမင်း ပြန်သွားသောအခါ မဟာဗြဟ္မာကြီး လာရောက်ပြန်လေသည်။ ထိုသိကြားမင်းနှင့် မဟာဗြဟ္မာကြီးတို့ကိုလည်း ထို့အတူပင် မထေရ်မြတ်သည် ခွင့်ပြုစကား မိန့်ကြားကာ ပြန်လွှတ်တော်မူလိုက်လေ၏။

     မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် နတ်,ဗြဟ္မာတို့ လာကြ,ပြန်ကြသည်ကို မြင်ရ၍ “ငါ့သားကို ရှိခိုး၍ ပြန်သွားကြသော ထိုသူများကား အဘယ်သူများနည်း”ဟု သိလို၍ မထေရ်မြတ်၏ တိုက်ခန်းတံခါးအနီးသို့ သွားရောက်ပြီးလျှင် “ချစ်သားစုန္ဒ.. ဘာဖြစ်ကြနည်း”ဟု မေးလေ၏။ ညီတော် စုန္ဒ မထေရ်သည် မယ်တော်အား မထေရ်မြတ် မကျန်းမာကြောင်း ရှင်းလင်းပြောကြားပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို “ဒါယိကာမကြီး လာနေပါသည် အရှင်ဘုရား..”ဟု လျှောက်ထားလေ၏။ မထေရ်မြတ်က “ဒါယိကာမကြီး.. အဘယ့်ကြောင့် အခါမဟုတ်ပဲ လာရောက်သနည်း”ဟု မေးလေလျှင် မယ်တော်ကြီးသည်“ချစ်သား.. သင်ချစ်သားကို ဖူးမြင်ရန် လာရောက်ပါသည်”ဟု ပြောဆို၍ ဆက်ပြီးလျှင် “ချစ်သား.. သင ချစ်သားထံ ရှေးဦးစွာ လာရောက်ကြသူများကား အဘယ်သူများပါနည်း”ဟု မေးလျှောက်လေ၏။ မထေရ်မြတ်က “ဒါယိကာမကြီး.. ထိုပဌမ လာရောက်ကြသူများကား စတုမဟာရာဇ် နတ်မင်းကြီးတို့ ဖြစ်ကြသည်”ဟု မိန့်တော်မှုလေလျှင် မယ်တော်ကြီးသည် “ချစ်သား.. သင်ချစ်သားက စတုမဟာရာဇ် နတ်မင်းကြီးတို့ထက် သာလွန်မြင့်မြတ်သလော”ဟု မေးပြန်လေ၏။



၇၅

     မထေရ်မြတ်က “ဒါယိကာမကြီး.. ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့မှာ သားတော်တို့၏ အရာမ်စောင့်များနှင့် တူကြပါသည်။ သားတော်တို့၏ဆရာ မြတ်စွာဘုရား ပဋိသန္ဓေ တည်နေတော်မူသော အချိန်မှစ၍ သန်လျက် လက်စွဲကြကာ စောင့်ရှောက်မှု ပြုခဲ့ကြပါသည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် တဖန်ဆက်၍ “ချစ်သား.. ထိုစတုမဟာရာဇ် နတ်မင်းကြီးများ သွားပြီးသည်၏ အဆုံး၌ လာရောက် သောသူကား အဘယ်သူနည်း”ဟု မေးပြန်လေ၏။ မထေရ်မြတ်က “သိကြားနတ်မင်း ဖြစ်သည်”ဟု မိန့်တော်မှုလေလျှင် မယ်တော်ကြီးသည် “ချစ်သား.. သင်ချစ်သားက သိကြားနတ်မင်းထက်လည်း သာလွန်မြင့်မြတ်သလော”ဟု မေးပြန်လေ၏။

     မထေရ်မြတ်က “ဒါယိကာမကြီး.. ထိုသိကြားနတ်မင်းမှာ သားတော်တို့၏ သပိတ် ပရိက္ခရာ ဘဏ္ဍာကိုင် သာမဏေငယ်ကလေးနှင့် တူပါသည်။ သားတော်တို့၏ဆရာ မြတ်စွာဘုရား အဘိဓမ္မာတရား ဟောကြားတော်မူပြီး၍ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်း ကြွလာတော်မူသောအခါ သပိတ်သင်္ကန်းကို ယူဆောင်၍ သိကြားမင်း သက်ဆင်း လိုက်ပါခဲ့ပါသည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် “ချစ်သား.. ထိုသိကြားနတ်မင်း သွားပြီးသည်၏အဆုံး၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာလျက် လာရောက်သောသူကား အဘယ်သူနည်း”ဟု မေးပြန်လေ၏။ မထေရ်မြတ်က “ဒါယိကာမကြီး.. ထိုနောက်ဆုံးလာရောက်သူမှာ ဒါယိကာမကြီး၏ ဘုရားလည်းဖြစ်, ဆရာလည်းဖြစ်သည့် မဟာဗြဟ္မာကြီးဆိုသူ ဖြစ်သည်”ဟု မိန့်တော်မူလေလျှင် မယ်တော်ကြီးသည် “ချစ်သား.. သင်ချစ်သားက ငါ၏ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သလော”ဟု မေးလေ၏။

     ထိုအခါ မထေရ်သူမြတ်သည် မယ်တော်ကြီးကို “အိမ်း.. ဟုတ်ပေသည် ဒါယိကာမကြီး.. ဤမဟာဗြဟ္မာကြီးတို့မည်သည် ငါတို့ဆရာ မြတ်စွာဘုရား ဖွားမြင်တော်မူသောနေ့၌ တယောက်မက



၇၆

မဟာဗြဟ္မာကြီး လေးယောက်တို့ပင် အလောင်းတော် ယောက်ျားမြတ်ကို ရွှေဇာကွန်ရက်ဖြင့် ခံလင့်လာကြကုန်ပြီ”ဟု ရှင်းလင်း မိန့်ကြားတော်မူလေ၏။

မယ်တော်ကြီး တရားထူးရခြင်း

     ထိုအခါ မယ်တော်ကြီး၏ သန္တာန်မှာ “ဤယခု ငါမြင်ရသော အာနုဘော်မှာ သား၏ အာနုဘော်သာ ဖြစ်သေး၏။ သား၏ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း၊ မမှန်းဆနိုင်အောင်ပင် ရှိလေတော့၏တကား”ဟု ကြံစည်ဆင်ခြင်လျက်ပင် လျင်မြန်စွာ ပီတိငါးမျိုးတို့ တဖြိုးဖြိုး ဖြစ်ပွါးကြလျက် မယ်တော်ကြီး၏ တကိုယ်လုံးကို ပြန့်နှံ့လေတော့၏။ မထေရ်မြတ်သည် “ယခုအခါ မယ်တော်၏ သန္တာန်၌ ပီတိသောမနဿတရား ဖြစ်ပွါးခဲ့လေပြီ၊ ဤအခါသည်ကား ငါ့မယ်တော်အား တရားဟောရန် အလွန်သင့်လျော်သောအခါ ဖြစ်လေသည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင် “ဒါယိကာမကြီး.. အဘယ်အရာကို ကြံစည်စဉ်းစား၍ နေသနည်း”ဟု မေးတော်မူလေ၏။ မယ်တော်ကြီးက “ချစ်သား.. ဤယခု ငါမြင်ရသော အနုဘော်မှာ ငါ့သား၏ အာနုဘော်သာ ဖြစ်သေး၏။ ငါ့သား၏ဆရာ မြတ်စွာဘုရား၏ အာနုဘော်ကား ဘယ်လိုများ ဖြစ်လိမ့်မည်နည်း၊ မမှန်းဆနိုင်အောင်ပင် ရှိတော့၏တကား-ဟု ဤအကြောင်းအရာကို ငါမယ်တော် ကြံစည်ဆင်ခြင်၍ နေပါသည်”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် မယ်တော်ကြီးကို “ဒါယိကာမကြီး.. ငါ၏ဆရာ မြတ်စွာဘုရား ဖွားတော်မူသောအခါ, တောထွက်တော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာတရားဦး ဟောတော်မူသောအခါများ၌ စကြဝဠာပေါင်း တိုက်တသောင်း ရိုက်ခြောင်းတုန်လှုပ်ခဲ့လေပြီ၊ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ်အားဖြင့် ငါတို့ဆရာ မြတ်စွာဘုရားနှင့် တူသောသူမည်သည် လောက၌တစုံတယောက်မျှ မရှိဖြစ်ချေသည်။ ထိုငါတို့ဆရာ မြတ်စွာဘုရားသည် ဤအကြောင်း ဤအကြောင်းများကြောင့်



၇၇

အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူပါပေ၏”- ဤသို့ အစရှိသည်ဖြင့် အကျယ်ဖွင့်ပြကာ မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော တရားဒေသနာကို ဟောကြားတော်မူလေ၏။

     မယ်တော်ကြီးသည် ချစ်လှစွာသော သားကြီးဩရသ၏ တရားဒေသနာ အဆုံးဝယ် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် သားတော် မထေရ်မြတ်ကို “ချစ်သားဥပတိဿ.. ဤသို့စဉ် မွန်မြတ်လှသော အမြိုက်ချမ်းသာကို ငါမယ်တော်အား သင်ချစ်သားသည် ဤမျှ ကာလရှည်ကြာလျားအောင် မပေးပဲနေဘိ၏၊ အဘယ့်ကြောင့် ဤကဲ့သို့ ပြုရက်သနည်း”ဟု အပြစ်တင်စကား ပြောကြားလေ၏။ မထေရ်မြတ်သည် “ငါကား မယ်တော်ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးအား မွေးကျေးဇူးမြတ် ဆပ်အပ်လေပြီ၊ ဤသောတာပတ္တိဖိုလ်မျှဖြင့် မယ်တော်အဖို့ရာ သင့်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် “သွားလော့ ဒါယိကာမကြီး..”ဟု မိန့်ဆို၍ မယ်တော်ကြီးကို လွှတ်လိုက်ပြီးနောက် ညီတော် စုန္ဒမထေရ်ကို “စုန္ဒ.. ဘယ်အချိန်ရောက်နေပြီနည်း”ဟု မေးတော်မူလေ၏။ အရှင်စုန္ဒမထေရ်က “မိုးသောက်အားကြီး လင်းလုနီးအချိန်ပါဘုရား..”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ရဟန်းအပေါင်းကို စည်းဝေးစေလော့”ဟု မိန့်တော်မူလေ၏။ စုန္ဒမထေရ်က “ရဟန်းအပေါင်း စည်းဝေးပြီးပါပြီ အရှင်ဘုရား..”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “စုန္ဒ.. ငါ့ကိုထူ၍ ထိုင်ပေးစမ်း” ဟု မိန့်တော်မူ၍ အထူခိုင်းကာ ထိုင်နေတော်မူလေ၏။

     မထေရ်မြတ်သည် ရဟန်းအပေါင်းကို “ငါ့ရှင်တို့.. လေးဆယ့်လေးဝါ ကာလကြာအောင် ငါနှင့်အတူတကွ လှည့်လည်ကျက်စား သွားလာနေထိုင်ကြရသော ငါ့ရှင်တို့၏အဖို့ရာ ငါ၏အပေါ်၌ မနှစ်သက်ဖွယ်သော ကာယကံမှု, ဝစီကံမှုများ ရှိခဲ့ပါလျှင် ထိုကာယကံမှု, ဝစီကံမှုများကို သည်းခံကြပါကုန်လော့”ဟု တောင်းပန်စကား မိန့်ကြားတော်မူလေ၏။ ရဟန်းအပေါင်းက “အရှင်ဘုရား.. ဤမျှ လေးဆယ့်လေးဝါကြာ ကာလပတ်လုံး



၇၈

အရိပ်ပမာ အရှင်ဘုရားတို့ကို မစွန့်ခွါပဲ လှည့်လည်ကျက်စား သွားလာနေထိုင်ကြရသော တပည့်တော်တို့၏ အဖို့ရာ အရှင်ဘုရားတို့အပေါ်၌ မနှစ်သက်ဖွယ်သော ကာယကံမှု, ဝစီကံမှု တခုခုမျှ မရှိပါဘုရား၊ စင်စစ်သော်မူ အရှင်ဘုရားတို့ကသာ တပည့်တော်တို့အား သည်းခံတော်မူကြပါဘုရား”ဟု တောင်းပန် ကန်တော့စကား လျှောက်ထားကြလေလျှင် မထေရ်မြတ်သည် သင်္ကန်းကြီးကို ရုံးစု၍ မျက်နှာတော်ကို အုပ်ပြီးလျှင် လက်ျာနံတောင်းဖြင့် လျောင်းတော်မူလျက် မြတ်စွာဘုရားရှင်ကဲ့သို့ အစဉ်အတိုင်း ဝင်စားရသည့် သမာပတ်ကိုးပါးတို့ကို အနုလုံ, ပဋိလုံအားဖြင့် ဝင်စားတော်မူပြီးနောက် တဖန် ပဌမဈာန်မှစ၍ စတုတ္ထဈာန်တိုင်အောင် ဝင်စားတော်မူပြန်လေ၏။ ထိုစတုတ္ထဈာန်မှ ထ၍ အခြားမဲ့မှာပင် မဟာပထဝီ ဤမြေကြီးကို ပဲ့တင်ထပ်စေလျက် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ခန္ဓပနိဗ္ဗာန် ဝင်စံချုပ် ငြိမ်းတော်မူလေသတည်း။

     မယ်တော် ရူပသာရီပုဏ္ဏေး သူဌေးကတော်ကြီးသည် “ငါ့သားသည် အဘယ်သို့ ဖြစ်ပါလိမ့်၊ တစုံတရာကိုမျှ မပြောဆိုတော့ပါတကား”ဟု အောက်မေ့ကာ နေရာမှထ၍ မထေရ်မြတ်၏ ခြေဖမိုးကို ပွတ်သပ်စုံစမ်းလတ်သော် ပရိနိဗ္ဗာန် စံတော်မူကြောင်း ကောင်းစွာသိ၍ ကျယ်စွာသောအသံကိုပြုလျက် မထေရ်မြတ်၏ ခြေတို့၌ ဦးတိုက်ပြီးလျှင် “ချစ်သား.. မယ်တော်တို့သည် ဤအချိန်မှ ရှေးကာလက သင်ချစ်သား၏ ဂုဏ်ကျေးဇူးကို မသိခဲ့ကြကုန်၊ ယခုမူကား သင်ချစ်သားကို အစအဦး အမှူးပြုကာ ရာပေါင်းများစွာ ထောင်ပေါင်း များစွာ သိန်းပေါင်းများစွာသော ရဟန်းတို့ကို ဤမယ်တော့်နေအိမ်၌ ပင့်ဖိတ် ထိုင်နေကြစေကာ ဆွမ်းကျွေးခွင့်ကို မရတော့ပြီတကား၊ ဝတ်စုံသင်္ကန်း လှူဒါန်းနိုင်ခွင့်ကို မရတော့ပြီတကား၊ ကျောင်းပေါင်း အရာ,အထောင် ဆောက်လုပ်စေနိုင်ခွင့်ကို မရတော့ပြီတကား”- ဤသို့ အစရှိသည်ဖြင့် အရုဏ်တက်သည်တိုင်အောင် ငိုကြွေးရှာလေ၏။ မယ်တော်ကြီးသည် နေအရုဏ်တက်လျှင် တက်ခြင်း ရွှေပန်းထိမ်သည်တို့ကို



၇၉

ခေါ်စေ၍ ရွှေတိုက်များကို ဖွင့်စေပြီးလျှင် ရွှေတုံး ရွှေစိုင်တို့ကို ချိန်ခွင်ကြီးဖြင့် ချိန်စေပြီးနောက် “အမောင်တို့.. ဤရွှေတုံး ရွှေစိုင်တို့ဖြင့် ရွှေပြာသာဒ်ငါးရာ, ရွှေမဏ္ဍပ်ငါးရာတို့ကို ပြုလုပ် တည်ဆောက်ကြလော့”ဟု ပြောဆိုကာ ပေးအပ်လိုက်လေ၏။

     သိကြားနတ်မင်းသည်လည်း ဝိသကြုံနတ်သားကို ခေါ်၍ “အမောင်ဝိသကြုံ.. ဓမ္မသေနာပတိ သာရိပုတ္တရာထေရ်သည် ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ၊ အမောင်သည် ရွှေပြာသာဒ်ငါးရာနှင့် ရွှေမုခ်ဦး တဲနန်းမဏ္ဍပ် ငါးရာတို့ကို ဖန်ဆင်းလော့”ဟု အမိန့်ပေးလေ၏။ ဝိသကြုံနတ်သားသည်လည်း သိကြားမင်း အမိန့်အတိုင်း ရွှေပြာသာဒ်ငါးရာနှင့် ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာတို့ကို ခဏချင်း ဖန်ဆင်းလေ၏။ ဤသို့လျှင် မယ်တော်ကြီး ပြုလုပ်စေအပ်သော ရွှေပြာသာဒ်ငါးရာ, ရွှေမုခ်ဦးတဲနန်းမဏ္ဍပ် ငါးရာ, ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော ရွှေပြာသာဒ်ငါးရာ, ရွှေမုခ်ဦး တဲနန်းမဏ္ဍပ် ငါးရာအားဖြင့် ရွှေပြာသာဒ်နှင့် ရွှေမဏ္ဍပ်ပေါင်း နှစ်ထောင်တို့ ဖြစ်သတည်း။

     ထို့နောင်မှ နာလကရွာကြီး၏ အလယ်၌ အခိုင်အမာ ကြီးစွာသော မဏ္ဍပ်ကြီးကို ဆောက်လုပ်စေပြီးလျှင် ထိုမဏ္ဍပ်ကြီးအလယ်၌ အကြီးဆုံးသော ရွှေပြာသာဒ်ကြီးကို ထားရှိ၍ ကျန်သော ပြသာဒ်များကို အခြံအရံမဏ္ဍပ်များ အနေအားဖြင့် ထားရှိကြပြီးသော် သာဓုကီဠနသဘင်ကို ဆင်ယင်ကျင်းပကြလေကုန်၏၊ ထို သာဓုကီဠနသဘင်ဝယ် လူတို့၏အကြား၌ နတ်များ, နတ်တို့၏ အကြား၌ လူများ စည်ကားသိုက်မြိုက်စွာ သွားလာကော်ရော် ပူဇော်ကြလေ၏။

ရေဝတီအမျိုးသမီးအကြောင်း

     မထေရ်မြတ်၏ တပည့်မဒါယိကာဖြစ်သော ရေဝတီမည်သော ဥပါသိကာမသည် “ငါသည် မထေရ်မြတ်အား ပူဇော်မှုကို ပြုပေအံ့”ဟု ကြံစည်ကာ ရွှေပန်းအိုး သုံးလုံးတို့ကို ပြုလုပ်စေပြီးလျှင် ဈာပနသဘင် ဆင်ယင်ကျင်းပရာသို့ လာရောက်လေ၏၊ ထိုအချိန်၌



၈၀

“မထေရ်မြတ်အား ပူဇော်မှုကို ပြုအံ့”ဟူသော အကြံဖြင့် သိကြားနတ်မင်းသည် နတ်သမီးကခြေသည်ပေါင်း (၂၅,၀၀၀,၀ဝ၀) နှစ်ကုဋေငါးသန်း ခြံရံအပ်လျက် လူ့ပြည်သို့ သက်ဆင်းလာလေ၏။ “သိကြားမင်း လူ့ပြည်သို့ သက်ဆင်းလာ၏”ဟု လူများအပေါင်းသည် နောက်သို့ မျက်နှာပြုကာ ဖဲဆုတ်၍လာလေ၏။ ထိုပရိသတ်၌ ရေဝတီ ဒါယိကာမသည်လည်း အများနည်းတူ ဖဲဆုတ်လေလျှင် ကိုယ်မအား (=ကိုယ်ဝန်)ရှိသောကြောင့် လွတ်ရောက်ရာအရပ်၌ ဆုတ်ဖယ်ခြင်းငှာ မတတ်နိုင်ရှာပဲ လူတို့၏အကြား၌ တိမ်းလည်းလေ၏။ လူတို့သည် ရေဝတီကို မမြင်ကြသည်ဖြစ်၍ နင်းချင်း၍ သွားကြလေကုန်၏။ ရေဝတီ ဒါယိကာမသည် ထိုအရပ်၌ပင် စုတိပြတ်ကြွေ သေလွန်ခဲ့၍ တာဝတိံသာ နတ်ပြည်ဝယ် ရွှေဗိမာန်၌ ဖြစ်လေ၏။ ဖြစ်သော ခဏမှာပင် ထိုရေဝတီနတ်သမီး၏ ခန္ဓာကိုယ် အတ္တဘောမှာ ရတနာတုံး ရတနာစိုင်ကြီးကဲ့သို့ သုံးဂါဝုတ်ခန့် ပမာဏရှိလေသည်၊ ထိုနတ်သမီး၏ အဆင်းတန်းဆာတို့မှာ လှည်းအစီး ခြောက်ဆယ်တိုက်ခန့် ပမာဏရှိ၍ အခြံအရံ နတ်သမီးတို့မှာ တထောင်တို့ ရှိကြလေသည်။

     ထိုနောင်မှ အခြံအရံ နတ်သမီးတို့သည် နတ်၌ဖြစ်သော ကိုယ်လုံးပေါ်မှန်ကြီးကို ရေဝတီနတ်သမီး၏ ရှေ့၌ ချထားလာကြကုန် ၏။ ရေဝတီနတ်သမီးသည် ကြီးစွာသော မိမိ၏ စည်းစိမ်အသရေကို မြင်လတ်သော် “ဤစည်းစိမ်ကား ပြန့်ပြောများကြွယ် ကြီးကျယ်လှဘိ၏၊ ငါသည် အဘယ်သို့သော ကောင်းမှုကုသိုလ်ကံကို ပြုအပ်ခဲ့သနည်း”ဟု ကြံစည်ဆင်ခြင်လေ၏။ ထိုအခါ ရေဝတီနတ်သမီးသည် “ငါကား သာရိပုတ္တရာ မထေရ်မြတ်၏ ပရိနိဗ္ဗာန် စံရာဌာန၌ ရွှေပန်းအိုး သုံးလုံးတို့ဖြင့် ပူဇော်မှုကို ပြုအပ်ခဲ့လေပြီ၊ လူများအပေါင်းသည် ငါ့ကိုနင်း၍ သွားကြလေပြီ၊ ငါသည် ထိုနေရာ၌ပင် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ဤတာဝတိံသာနတ်ပြည်၌ ဥပပတ်ပဋိသန္ဓေ ကပ်ရောက်ဖြစ်ပွါးလာလေသည်၊ မထေရ်မြတ်ကို အမှီပြု၍ ရအပ်သော ကောင်းမှုအကျိုးကို ငါသည် ယခုအခါ လူတို့အား ထင်ရှားစွာ ပြောကြားပေတော့အံ့”ဟု



၈၁

ကြံအောက်မေ့၍ ရွှေဗိမာန်ကြီးနှင့်တကွ လူ့ပြည်သို့ သက်ဆင်းလာလေ၏။

     လူများအပေါင်းသည် အဝေးမှပင် ရွှေဗိမာန်ကို မြင်ကြ၍ “အသို့နည်း နေနှစ်စင်းတို့ တက်ထွန်း လာကြလေသလော”ဟု တအံ့တဩ ကြည့်ရှုကြစဉ် ဗိမာန်ကြီး တရွေ့ရွေ့ နီးကပ်၍လာလတ်သော် ရွှေပြာသာဒ်သဏ္ဌာန် ထင်၍လာလေ၏။ ထိုအခါ လူများအပေါင်းသည် “ဤအရာဝတ္ထုကား နေမဟုတ်၊ ရွှေဗိမာန်ကြီး တဆောင် ဖြစ်သည်”ဟု ပြောဆိုကြလေ၏။ ထိုရွှေဗိမာန်သည်လည်း ထိုလူများ ပြောကြားနေစဉ် ခဏမှာပင် အနီးသို့ ရောက်လာ၍ မထေရ်၏ ဥတုဇရုပ်ကလာပ်ကို သင်္ဂြိုဟ်ရန် စုပုံ၍ထားအပ်သော နံ့သာထင်းပုံထက်ဝယ် ကောင်းကင်၌ ရပ်တည်လာလေ၏။ ရေဝတီ နတ်သမီးသည် ရွှေဗိမာန်ကြီးကို ကောင်းကင်၌ပင် ထားခဲ့၍ မြေအပြင်သို့ သက်ဆင်းလာလေ၏။ လူများအပေါင်းက “ရှင်မ.. သင်သည် အဘယ်သူနည်း”ဟု မေးကြလေလျှင် ရေဝတီနတ်သမီးသည် “သင်တို့သည် ငါ့ကို မသိကြဘူးလော၊ ငါကား ရေဝတီ အမည်ရှိသောသူမ ဖြစ်လေသည်၊ ရွှေပန်းအိုး သုံးလုံးတို့ဖြင့် မထေရ်မြတ်ကို ပူဇော်မှုပြု၍ လူများအနင်းခံ ရကာ စုတိပြတ်ကြွေ သေလွန်ပြီးလျှင် တာဝတိံသာနတ်ပြည်၌ ငါ ဖြစ်ရလေပြီ၊ ငါ၏ စည်းစိမ် အသရေကို ကြည့်ရှုကြလော့၊ သင်တို့သည်လည်း ယခုအခါ အလှူဒါနကို ပေးလှူကြလော့၊ ထိုမှတပါး ကောင်းမှုများကိုလည်း ပြုလုပ်ကြလော့”ဟု ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၏ ဂုဏ်ကျေးဇူးစကားကို ပြောကြားပြီးလျှင် မထေရ်မြတ်၏ နံ့သာထင်းပုံကို လက်ျာရစ်လှည့်ကာ ရှိခိုးပြီးနောက် မိမိ၏နေရာ တာဝတိံသာနတ်ပြည်ဌာနသို့ပင် ပြန်သွားလေသတည်း။ (ဤကား ရေဝတီအမျိုးသမီးအကြောင်းတည်း)။

ဓာတ်တော်များကို စုန္ဒထေရ် သာဝတ္ထိသို့ ယူဆောင်ခြင်း

     လူများအပေါင်းသည်လည်း ခုနစ်ရက်ပတ်လုံး သာဓုကီဠနသဘင် ဆင်ယင်ကျင်းပကြပြီးလျှင် နံ့သာမျိုးစုံ ထင်းပုံကို



၈၂

ပြုလုပ်ကြလေ၏။ နံ့သာထင်းပုံကား အမြင့် သံတောင် (၉၉)ကိုးဆယ့်ကိုးတောင် ရှိ၏။ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို နံ့သာထင်းပုံထက်သို့ တင်၍ ပန်းရနံ့သာ မြက်စည်းတို့ဖြင့် မီးတိုက်ကြလေ၏။ မီးသင်္ဂြိုဟ် ဈာပနမှု ပြုရာဌာနဝယ် တညဉ့်ပတ်လုံး တရားပွဲကြီးသဘင် ဆင်ယင်ကျင်းပလေသည်။ နံနက်မိုးသောက် ရောက်သောကာလ အနုရုဒ္ဓါမထေရ်မြတ်သည် အလုံးစုံသော နံ့သာရေဖြင့် မထေရ်မြတ်၏ ရုပ်ကလာပ်သင်္ဂြိုဟ်ရာ နံ့သာထင်းမီးပုံကို ငြိမ်းသတ်တော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်၏ ညီတော်အရင်းဖြစ်သော အရှင်စုန္ဒမထေရ်သည် ဓာတ်တော်များကို ရေစစ်၌ ထည့်ပြီးလျှင် “ယခုအခါ ငါသည် ဤနာလကရွာ၌ပင် ရပ်တည်နားနေရန် မတတ်နိုင်ပေ၊ ငါ၏နောင်ကြီး ဓမ္မသေနာပတိ သာရိပုတ္တရာ မထေရ်၏ ပရိနိဗ္ဗာန် စံလွန်တော်မူကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားပေအံ့”ဟု ကြံစည် ဆင်ခြင်၍ ဓာတ်တော်ထည့်သော ရေစစ်နှင့် မထေရ်မြတ်၏ သပိတ်သင်္ကန်းစသော ပရိဘောဂ အသုံးအဆောင်များကို ယူဆောင်ခဲ့၍ သာဝတ္ထိပြည်သို့ သွားလေ၏။ ခရီးစခန်း တထောက် တထောက် ရောက်ရာဌာန၌ နှစ်ညဉ့်မနေပဲ အလုံးစုံသော အရပ်၌ပင် တညဉ့်တာမျှ တည်းခို နားနေတော်မူသဖြင့် သာဝတ္ထိပြည်သို့ ဆိုက်ရောက်တော်မူလေ၏။

     ထိုအခါ အရှင်စုန္ဒမထေရ်သည် ဇေတဝန်ကျောင်းတိုက်အနီး ရေကန်၌ ရေချိုးပြီး ကမ်းသို့တက်၍ ကောင်းစွာ ဝတ်ရုံပြီးလျှင် “ဘုရားရှင်တို့မည်သည် ကျောက်ထီးတန္တု အလေးပြုအပ်သည့် ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ချေသည်၊ ပါးပျဉ်းထောင်သော မြွေအလား ခြင်္သေ့နှင့်ကျား အမုန်ယစ်သော ဆင်ကြီးများပမာ လွန်စွာ ချဉ်းကပ်နိုင်ခဲကုန်၏။ ငါသည် ဘုရားရှင်ထံတော်မှောက်သို့ ဖြောင့်ဖြောင့်သွားရောက်ကာ မလျှောက်ထားဝံ့ချေ၊ အဘယ်သူ့ထံ သွားရပါမည်နည်း”ဟု ကြံ၍ “ငါ၏ ဥပဇ္ဈာယ်ဆရာ တရားဘဏ္ဍာစိုး ဖြစ်တော်မူသော အရှင်အာနန္ဒာမထေရ်မြတ်သည် ငါ့နောင်ကြီး မထေရ်မြတ်ကြီး၏ အလွန်ရင်းနှီး မြင့်မြတ်သော



၈၃

သူငယ်ချင်း ဖြစ်လေသည်၊ ထိုအရှင်အာနန္ဒာ မထေရ်မြတ်ထံ သွားရောက်၍ အကြောင်းအကျိုးကို လျှောက်ထားပြီးလျှင် မထေရ်မြတ်ကို အပါပင့်ခေါ်ပြီးမှ မြတ်စွာဘုရားနှင့် လျှောက်ထားပြောကြားတော့မည်”ဟု ဆင်ခြင်မိကာ အရှင်အာနန္ဒာမထေရ်ထံမှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် အရှင်အာနန္ဒာမထေရ်မြတ်ကို “အရှင်ဘုရား.. အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပါပြီ၊ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်သင်္ကန်းပါတည်း၊ ဤသည်ကား ဓာတ်တော်ထည့်သော ရေစစ်ပါတည်း”ဟု တခုစီ ဖော်ပြလျှောက်ထားလေ၏။ (ဤ၌ အရှင်စုန္ဒသည် မြတ်စွာဘုရား၌၎င်း, မိမိ၏ ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၌၎င်း လွန်စွာ အလေးပြုသောကြောင့် မြတ်စွာဘုရားထံသို့ ဖြောင့်ဖြောင့် တောက်လျှောက်မသွားပဲ အရှင်အာနန္ဒာမထေရ်ထံသို့ ရှေးဦးစွာ သွားသည်ဟု မှတ်ယူရာ၏။)

     ထိုအခါ အရှင်အာနန္ဒာသည် “ငါ့ရှင်စုန္ဒ.. မြတ်စွာဘုရားကို ဖူးမြော်ရန် ဤစကား အရင်းအနှီးသည် ရှိခဲ့လေပြီ၊ ငါ့ရှင်စုန္ဒ.. လာ, သွားကြစို၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်စို့”ဟု မိန့်ဆိုကာ အရှင်စုန္ဒကို အတူခေါ်ခဲ့၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ရှိခိုးကြလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြပြီးသော် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. သမဏုဒ္ဒေသ = သာမဏေဟူ၍ အမည်ရသော ဤအရှင်စုန္ဒသည် ‘အရှင်ဘုရား.. အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံတော်မူပါပြီ၊ ဤသည်ကား အရှင်သာရိပုတ္တရာ၏ သပိတ်သင်္ကန်းပါတည်း၊ ဤသည်ကား ဓာတ်တော်ထည့်သော ရေစစ်ပါတည်း’ဟု လျှောက်ထားပါ၏”-

ဟု လျှောက်ဆိုကာ အရှင်သာရိပုတ္တရာ၏ဓာတ်တော် ထည့်ယူခဲ့သော ရေစစ်ကို မြတ်စွာဘုရားရှင် လက်တော်သို့ ဆက်ကပ်လေ၏။



၈၄

     မြတ်စွာဘုရားရှင်သည် လက်တော်ကိုဆန့်၍ ဓာတ်တော်ရေစစ်ကို ခံယူပြီးလျှင် လက်ဖဝါးတော်အပြင် တင်ထားပြီးနောက် ရဟန်းတို့ကို-

“ချစ်သားရဟန်းတို့.. လွန်ခဲ့သော ၁၅-ရက်အထက်က တန်ခိုးပြာဋိဟာပေါင်း များစွာတို့ကိုပြု၍ အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်ဝင်စံရန် ငါဘုရားထံ ခွင့်ပန်ခဲ့လေပြီ၊ ယခုအခါ ထိုသာရိပုတ္တရာ၏ ခရုသင်းပွတ်သစ်အတူ စင်ဖြူသော သာရီရိက ဓာတ်တော်များသာ ထင်ရှား ကျန်ရှိလေတော့ပြီ။

ရဟန်းတို့.. ထိုသာရိပုတ္တရာရဟန်းသည် တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ပါရမီကို ဖြည့်ကျင့်ပြီးသူ ဖြစ်လေသည်။ ထိုသာရိပုတ္တရာရဟန်းသည် ငါဘုရား လည်စေ = ဖြစ်စေ = ဟောမြွက်အပ်ပေသော ဓမ္မစက်ကို ငါ့နောက်လိုက်ကာ လည်စေ = ဖြစ်စေ = ဟောမြွက်သောပုဂ္ဂိုလ် ဖြစ်ပေသည်။ ထိုသာရိပုတ္တရာရဟန်းသည် ငါဘုရားမှထောက် နှစ်ခုမြေက်သော နေရာကို ကောင်းစွာရရှိသူ ဖြစ်ပေသည်။

ထိုသာရိပုတ္တရာ ရဟန်းသည် သာဝကသန္နိပါတကို လှလှကြီးပြည့်စေသူ ဖြစ်ပေသည်၊ (အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၌ သာဝကသန္နိပါတ ဖြစ်သည်ကို ရည်၍ မိန့်တော်မူခြင်း ဖြစ်သည်)။ ငါဘုရားကိုထား၍ ဇာတိခေတ် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ ပညာဂုဏ်အားဖြင့် အတူမရှိသူ ဖြစ်လေသည်။

ထိုသာရိပုတ္တရာ ရဟန်းသည် ကြီးသော ပညာရှိသူ, ကျယ်ပြန့်သော ပညာရှိသူ, ရွှင်သော ပညာရှိသူ, လျင်သော ပညာရှိသူ, ထက်သော ပညာရှိသူ, ကိလေသာကို ဖောက်ထွင်းနိုင်သော ပညာရှိသူ ဖြစ်ပေ၏။ ထို သာရိပုတ္တရာ ရဟန်းသည် အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နီဝရဏတို့မှ ဆိတ်သူ,

၈၅

လူတို့နှင့် ရောနှောခြင်းမှ ကင်းသူ, ထက်သန် သော လုံ့လရှိသူ, အပြစ်ပြ၍ ဆိုဆုံးမတတ်သူ, မကောင်းမှုနှင့် မကောင်းပြုသော သူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူ ဖြစ်ပေသည်။

ချစ်သားရဟန်းတို့.. ထိုသာရိပုတ္တရာ ရဟန်းသည် (က) ဘဝငါးရာ ကာလတို့ပတ်လုံး ကြီးစွာသော စည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူ ဖြစ်ပေ၏။ (ခ) ထိုသာရိပုတ္တရာ ရဟန်းသည် ငါဘုရားသာသနာ၌ မဟာပထဝီမြေကြီးတရှိ သည်းခံချိသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ (ဂ) ထိုသာရိပုတ္တရာ ရဟန်းသည် ဦးချိုကျိုးသော နွားလားပမာ မာန်မာန နည်းလှစွာ၏။ ထိုသာရိပုတ္တရာ ရဟန်းသည် ဒွန်းစဏ္ဍား၏ သားနှင့်အတူ နှိမ့်ချသော စိတ်ရှိသူလည်း ဖြစ်ပေ၏။

ချစ်သားရဟန်းတို့.. ကြီးသော ပညာရှိသော သာရိပုတ္တရာ၏ ဓာတ်တော်များကို ရှုကြကုန်လော့။ ရဟန်းတို့.. ကျယ်ပြန့်သော ပညာရှိသော, ရွှင်သော ပညာရှိသော, လျင်သော ပညာရှိသော, ထက်သော ပညာရှိသော, ကိလေသာကို ဖောက်ထွင်းနိုင်သော ပညာရှိသော, အလိုနည်းသော, ရောင့်ရဲလွယ်သော, နီဝရဏတို့မှ ဆိတ်သော, လူတို့နှင့် ရောနှောခြင်းမှ ကင်းသော, ထက်သန်သော လုံ့လရှိသော, အပြစ်ပြ၍ ဆိုဆုံးမတတ်သော, မကောင်းမှုနှင့် မကောင်းပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သော သာရိပုတ္တရာ၏ ဓာတ်တော်များကို ရှုကြကုန်လော့။ (ဤကဲ့သို့ စကားပြေ စုဏ္ဏိယဖြင့် မိန့်တော်မူပြီးနောက်)-

ယော ပဗ္ဗဇိ ဇာတိသတာနိ ပဉ္စ၊

ပဟာယ ကာမာနိ မနောရမာနိ။

တံ ဝီတရာဂံ သုသမာဟိတိန္ဒြိယံ၊

ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၁)

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ယော သာရိပုတ္တော = အကြင် သာရိပုတ္တရာ မည်သာခေါ်မှတ်



၈၆

ရဟန်းမြတ်သည်။ မနောရမာနိ = စိတ်နှလုံးကို ရွှင်ပြုံး မွေ့လျော်စေနိုင်ကုန်သော။ ကာမာနိ = ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို။ ပဟာယ = မငဲ့မကွက် ရက်ရက်စွန့်ပယ်၍။ ပဉ္စဇာတိသတာနိ = ဘဝများစွာ ငါးရာတို့ကာလပတ်လုံး။ ပဗ္ဗဇိ = သဒ္ဓါလုလု ရဟန်းပြုခဲ့လေပြီ။ ဝီတရာဂံ = ယခုခါဝယ် တဏှာရာဂ လုံးဝ ကင်းပြီးထသော။ သုသမာဟိတိန္ဒြိယံ = ကောင်းစွာတည်ငြိမ် သမာဓိန္ဒြေလည်း ရှိပေထသော။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းပြီးထသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

ခန္တိဗလော ပထဝိသမော န ကုပ္ပတိ၊

န စာပိ စိတ္တဿ ဝသေန ဝတ္တတိ။

အနုကမ္ပကော ကာရုဏိကော စ နိဗ္ဗုတော၊

ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၂)

ဘိက္ခဝေ = ရဟန်းတော်များ ချစ်သားတို့..။ ယော သာရိပုတ္တော = အကြင် သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ ခန္တိဗလော = အလွန့်အလွန် သည်းခံဘိငြား အဓိဝါသန ခန္တိတရားလျှင် ခွန်အားရှိသူဖြစ်၍။ ပထဝိသမော = မဟာပထဝီ ဤမြေနှိုင်းယူ ပုံစံတူသည်ဖြစ်၍။ န ကုပ္ပတိ = ပြိုင်သူတဖက်အား အမျက် မထွက်တတ်ချေ။ စိတ္တဿ = မတည်ငြိမ်ငြား စိတ်တရား၏။ ဝသေန = အလိုအကြိုက် သူ့စရိုက်ဖြင့်။ န စာပိ ဝတ္တတိ = မည်သည့်အခါမျှ မလိုက်ပါချေ။ အနုကမ္ပကော = ပြောထူများစွာ သတ္တဝါကို မေတ္တာပံ့ထောက် စောင့်ရှောက်တတ်ပေ၏။ ကာရုဏိကော စ = ကြင်နာဆပွါး သနားလည်း သနားတတ်ပေ၏။ နိဗ္ဗုတော = ကိလေသာဟူ အပူမလိမ်း အေးငြိမ်းပြီးသူလည်း ဖြစ်ပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းပြီးထသော။



၈၇

တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

စဏ္ဍာလပုတ္တော ယထာ နဂရံ ပဝိဋ္ဌော၊

နီစမနော စရတိ ကဠောပိဟတ္ထော။

တထာ အယံ ဝိစရတိ သာရိပုတ္တော၊

ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၃)

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ နဂရံ ပဝိဋ္ဌော = မြို့ရွာအတွင်း ထမင်းအရှာ ဝင်ရောက်သော။ စဏ္ဍာလပုတ္တော = ဆင်းရဲလှငြား ဒွန်းစဏ္ဍားသားသည်။ ကဠောပိဟတ္ထော = နှီးဖြင့်လုပ်ရက် နုပ်စုတ်သောခွက်ကို လက်ဝယ်ကိုင်စွဲလျက်။ နီစမနော = မာန်မတက်ကြွ နှိမ့်ချသော စိတ်ရှိလျက်။ ဝိစရတိ ယထာ = လှည့်လည်ကျက်စား သွားလာသကဲ့သို့။ တထာ = ထို့အတူ။ အယံ သာရိပုတ္တော = ဤသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ နီစမနော = မာန်မတက်ကြွ နှိမ့်ချသော စိတ်ရှိလျက်။ ဝိစရတိ = လှည့်လည်ကျက်စား သွားလာလေ့ရှိပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းပြီး ထသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

ဥသဘော ယထာ ဆိန္နဝိသာဏကော၊

အဟေဌယန္တော စရတိ ပုရန္တရေ ဝနေ။

တထာ အယံ ဝိဟရတိ သာရိပုတ္တော၊

ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (၄)

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ဆိန္နဝိသာဏကော ဥသဘော = ဦးချိုကျိုးငြား ဥသဘနွားလားသည်။ ပုရန္တရေ = မြို့ရွာအတွင်း၌၎င်း။ ဝနေ = တော၌၎င်း။ အဟေဌယန္တော = မည်သူ့ကိုမျှ



၈၈

နှိပ်စက် ညှဉ်းပန်းမှု အလျှင်းပင် မပြုသည်ဖြစ်၍။ စရတိ ယထာ = လှည့်လည်ကျက်စား သွားလာနေထိုင်သကဲ့သို့။ တထာ = ထို့အတူ။ အယံ သာရိပုတ္တော = ဤသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ အဟေဌယန္တော = မည်သူ့ကိုမျှ နှိပ်စက်ညှဉ်းပန်းမှု အလျှင်းပင် မပြုသည်ဖြစ်၍။ ဝိဟရတိ = လျောင်း,ထိုင်,ရပ်,သွား = လေးပါးယာပထ မျှတတင့်တယ် နေစံပယ်လေ့ရှိပေ၏။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းပြီးထသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြကုန်လော့။

ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားရှင်သည် ဂါထာငါးရာတို့ဖြင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူး ဟောကြားတော်မူလေ၏။

     မြတ်စွာဘုရားရှင်က မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို အနည်းနည်း အဖုံဖုံ ဟောကြားလေလေ အရှင်အာနန္ဒာ မထေရ်မြတ်သည် ထောက်ရာတည်ရာမရ ဖြစ်လေလေ ရှိတော့၏၊ ကြောင်၏ခံတွင်း၀ ကျရောက်နေသော ကြက်ကဲ့သို့ မတည်မရပ်နိုင် တဖျပ်ဖျပ် တုန်လှုပ်လျက် ရှိလေ၏။ ထို့ကြောင့် အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. ‘အရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံဝင်ပြီ’ဟု ကြားရသောကြောင့် အထူးအားဖြင့် တပည့်တော်၏ ကိုယ်သည် လေးလံ တောင့်တင်းသကဲ့သို့ ဖြစ်ပါ၏၊ အရပ်မျက်နှာတို့သည်လည်း တပည့်တော်၏ အဖို့ရာ မထင်ပါကုန်၊ တရားတို့သည်လည်း တပည့်တော်၏ အဖို့ရာ မထင်ပါကုန် (=မသင်ရသေးသော ပရိယတ်တရားတို့ကို သင်ယူရန်, သင်ပြီးသော ပရိယတ်တရားတို့ကို ရွတ်ဖတ် သရဇ္ဈာယ်ရန် စိတ်မဖြစ်ပါ-ဟု ဆိုလိုသည်)”-



၈၉

ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်ကို သက်သာရာရစေတော်မူလိုသည်ဖြစ်၍-

“ချစ်သားအာနန္ဒာ.. သာရိပုတ္တရာသည် သင်ချစ်သား၏ သီလကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန် စံလေသလော, သမာဓိကျေးဇူးအစု, ပညာကျေးဇူးအစု, လွတ်မြောက်မှု = ဝိမုတ္တိခေါ်သော မဂ်ဖိုလ်ကျေးဇူးအစု, လွတ်မြောက်မှုကိုသိသော ဉာဏ်အမြင် = ဝိမုတ္တိဉာဏဒဿနခေါ်သော ပစ္စဝေက္ခဏာဉာဏ် ကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန် စံလေသလော”—

ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားရှင်ကို-

“မြတ်စွာဘုရား.. အရှင်သာရိပုတ္တရာသည် တပည့်တော်၏ သီလကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန်စံသည် မဟုတ်ပါ၊ သမာဓိကျေးဇူးအစု, ပညာကျေးဇူးအစု, ဝိမုတ္တိကျေးဇူးအစု, ဝိမုတ္တိဉာဏဒဿနဂုဏ် ကျေးဇူးအစုကို ယူဆောင်၍ ပရိနိဗ္ဗာန်စံသည် မဟုတ်ပါ။

မြတ်စွာဘုရား.. စင်စစ်သော်ကား အရှင်သာရိပုတ္တရာသည် တပည့်တော်အား ဆုံးမပါ၏၊ တရား၌ သက်ဝင်စေပါ၏။ တရားကို သိစေပါ၏။ တရားကို ဆောက်တည်စေပါ၏။ တရားကျင့်သုံးရန် ထက်သန်စေပါ၏။ ရွှင်လန်းစေပါ၏၊ တရားဟောရန် ကြောင့်ကြစိုက်ပါ၏၊ သီတင်းသုံးဖော်တို့ကို ချီးမြှောက်တတ်ပါ၏၊ တပည့်တော်တို့သည် အရှင်သာရိပုတ္တရာ၏ ထိုတရားဩဇာ, တရားအသုံးအဆောင်, တရားဖြင့် ချီးမြှောက်မှုများကို အစဉ်မပြတ် အောက်မေ့မိပါကုန်၏”–

ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအာနန္ဒာရဟန်းသည် အလွန်လျှင် ပင်ပန်းဘိ၏”ဟု



၉၀

ဆင်ခြင် သိမြင်တော်မူကာ တဖန် သက်သာရာ ရစေတော်မူလိုပြန်သည်ဖြစ်၍-

“ချစ်သားအာနန္ဒာ.. ချစ်ခင်မြတ်နိုးအပ်သောသူ အားလုံးတို့နှင့် ရှင်လျက် ကွဲကွာခြင်း = နာနာဘာဝ, သေ၍ ကွဲကွာခြင်း = ဝိနာဘာဝ, ဘဝခြားလျက် ကွဲကွာခြင်း = အညထာဘာဝကို ရှေးမဆွကပင် ငါဘုရား ဟောကြားအပ်ခဲ့ပြီ မဟုတ်ပါလော။ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်ခြင်း, ထင်ရှား ဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်း သဘောရှိသော တရားကို မပျက်စီးစေလင့်ဟု လိုလား တောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ရနိုင်ရန် အကြောင်းမရှိချေ။

ချစ်သားအာနန္ဒာ.. အနှစ်ရှိသော သစ်ပင်ကြီးသည် တည်ရှိနေစဉ် အကြီးဆုံးသော အကိုင်းသည် ပျက်စီးရာ သကဲ့သို့ ထို့အတူပင် အနှစ်ရှိများစွာသော ရဟန်းအပေါင်းသည် တည်ရှိနေစဉ် သာရိပုတ္တရာသည် ပရိနိဗ္ဗာန် စံခဲ့လေပြီ၊ ချစ်သားအာနန္ဒာ.. ဤအရာ၌ အသစ်ဖြစ်ပေါ်ခြင်း, ထင်ရှားဖြစ်ပေါ်ခြင်း, ပြုပြင်ပေးရခြင်း သဘောရှိ၍ ပျက်စီးခြင်း သဘောရှိသော တရားကို မပျက်စီးပါစေလင့်ဟု လိုလားတောင့်တချက်အတိုင်း အဘယ်မှာ ရနိုင်အံ့နည်း၊ ဤသို့ ရနိုင်ရန်အကြောင်း မရှိချေ။

ချစ်သားအာနန္ဒာ.. ထို့ကြောင့်ပင် သူတပါးကို အားမကိုးကြမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကို အားမကိုးကြမူ၍ လောကုတ္တရာ တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

ချစ်သားအာနန္ဒာ.. ရဟန်းသည် အဘယ်သို့လျှင် သူတပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးနေသနည်း၊ အခြားတရားကို အားမကိုးမူ၍ လောကုတ္တရာ တရားတော်ကို မှီခိုအားကိုးကာ နေသနည်းဟူမူ-

၉၁

ချစ်သားအာနန္ဒာ.. ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်လျက်, ဆင်ခြင်လျက်, သတိရှိလျက် ရုပ်ကိုယ်၌ ရုပ်ကိုယ်ဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ပြင်းစွာ အားထုတ်လျက်, ဆင်ခြင်လျက်, သတိရှိလျက်, ခံစားမှု = ဝေဒနာတို့၌ ခံစားမှု = ဝေဒနာဟု အဖန်ဖန်ရှုလျက် (ပ)၊ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက် (ပ)၊ သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှုလျက် လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။

ချစ်သားအာနန္ဒာ.. ဤသို့လျှင် ရဟန်းသည် သူတပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေ၏။ အခြားတရားကို အားမကိုးမူ၍ လောကုတ္တရာ တရားတော်ကို မှီခိုအားကိုးကာ နေ၏။

ချစ်သားအာနန္ဒာ.. အကြင်ရဟန်းတို့သည် ယခုအခါ၌ ဖြစ်စေ, ငါဘုရား ကွယ်လွန်သောအခါ၌ဖြစ်စေ သူတပါးကို အားမကိုးကြမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြမည်ဆိုလျှင်, အခြားတရားကို အားမကိုးကြမူ၍ လောကုတ္တရာ တရားတော်ကို မှီခိုအားကိုးကာ နေကြမည်ဆိုလျှင် ထိုအလုံးစုံသော ရဟန်းတို့သည် သိက္ခာသုံးပါး လိုလားကြသည့် ရဟန်းဟူသမျှတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် (=ရဟန္တာပုဂ္ဂိုလ်)စင်စစ် ဖြစ်ကြပေလိမ့်မည်”-

ဟု မိန့်တော်မူကာ အရှင်အာနန္ဒာကို သက်သာရာ ရစေတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အရိုးဓာတ်များကို သာဝတ္ထိပြည်တွင် စေတီတော် တည်ထားစေတော်မူလေ၏။

ဤကား အရှင်သာရိပုတ္တရာမထေရ် ပရိနိဗ္ဗာန်စံတော်မူသော

အကြောင်းအရာတည်း။



၉၂

အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန် စံတော်မူခြင်းအကြောင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဓာတ်တော်များကို သာဝတ္ထိပြည်၌ ဓာတုစေတီ တည်ထားစေတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ရန် အရှင်အာနန္ဒာမထေရ်အား အမှတ်ပေးတော်မူလေ၏။ အရှင်အာနန္ဒာမထေရ်သည် ရဟန်းတို့အား “မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်သို့ ကြွချီတော်မူမည့်အကြောင်း”ကို လျှောက်ထား ပြောကြားတော်မူလေ၏။ မြတ်စွာဘုရားရှင်သည် ရဟန်းများစွာ ခြံရံတော်မူလျက် သာဝတ္ထိပြည်မှ ထွက်တော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူကာ ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူ၏။

(ဤ၌။ ။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူသည်။ ထိုနှစ် တပို့တွဲလဆန်း (၁)ရက်နေ့၌ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ရဟန်းဖြစ်ကြ၍ ခုနစ်ရက်မြောက်နေ့တွင် အရှင်မဟာမောဂ္ဂလာန်မထေရ် ရဟန္တာဖြစ်တော်မူသည်၊ တဆယ့်ငါးရက်မြောက် တပို့တွဲလပြည့်နေ့၌ အရှင်သာရိပုတ္တရာမထေရ် ရဟန္တာဖြစ်တော်မူသည်။

မြတ်စွာဘုရားရှင် (၄၅)ဝါ ရတော်မူပြီး၍ အဂ္ဂသာဝကမထေရ် နှစ်ပါးတို့ (၄၄)ဝါစီ ရတော်မူကြပြီးဖြစ်သည့် မဟာသက္ကရာဇ် (၁၄၈)ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ အရှင်သာရိပုတ္တရာမထေရ် ဖွားရာဇာတိ နာလကရွာ၌ ပရိနိဗ္ဗာန် စံတော်မူသည်။ ထိုတန်ဆောင်မုန်း လကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်မထေရ် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်ယံ ကာဠသိလာ ကျောက်ဖျာ၌ ပရိနိဗ္ဗာန် စံတော်မူသည်-ဟု အကျဉ်းချုပ် မှတ်သားထားနှင့်ရာ၏။ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းအရာများကို ရေးသားဖော်ပြခဲ့ပြီ၊ ယခုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ပရိနိဗ္ဗာန် စံတော်မူခြင်း အကြောင်းအရာသော်ကား)-

     ထိုသို့ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ အရှင်မဟာမောဂ္ဂလာန်



၉၃

မထေရ်သည် ဣသိဂိလိတောင်ယံ ကာဠသိလာ-မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေထိုင်တော်မူ၏။

     အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်ကား တန်ခိုးအရာ၌ အထွတ်အထိပ် ရောက်တော်မူသည် ဖြစ်ရကား နတ်ပြည်လောကနှင့် ဥဿဒငရဲပြည်လောကသို့ ဒေသစာရီ ကြွချီတော်မူကာ နတ်ပြည်၌ မြတ်စွာဘုရားရှင့် တပည့်သာဝကတို့၏ ကြီးစွာသောစည်းစိမ် ခံစားရပုံကို၎င်း, ဥဿဒငရဲတို့၌ တိတ္ထိတပည့်များ၏ ကြီးစွာသော ဆင်းရဲဒုက္ခ ခံစံရပုံကို၎င်း ကိုယ်တိုင် မြင်တော်မူပြီးလျှင် လူ့ပြည်သို့ ပြန်ကြွလာ၍ “ဤမည်သော ဒါယကာ, ဤမည်သော ဒါယိကာမတို့သည် ဤမည်သော နတ်ပြည်လောက၌ ဖြစ်ကြ၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားကြရကုန်၏။ တိတ္ထိတပည့်တို့တွင် ဤမည်သောသူ ဤမည်သောသူမတို့သည် ဤအမည်ရှိသော ငရဲ၌ ဖြစ်ကြရကုန်၏”ဟု လူတို့အား ဟောကြားတော်မူလေသည်။ သို့ရကား လူတို့သည် သာသနာ၌ ကြည်ညိုကြ၍ တိတ္ထိတို့ကို ရှောင်ကြဉ်ကြလေကုန်၏၊ မြတ်စွာဘုရားနှင့်တကွ တပည့်သား သာဝကတို့၏ အဖို့ရာ ကြီးစွာသော ပူဇော်သက္ကာရ ဖြစ်ရှိ၍ တိတ္ထိတို့ အဖို့ရာကား တနေ့တခြား ပူဇော်သက္ကာရမှ လျော့ပါး ဆုတ်ယုတ်လေတော့သည်။

     ထို့ကြောင့် တိတ္ထိတို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်၌ ရန်ငြိုးဖွဲ့ကြ၍ “ဤမောဂ္ဂလာန်ရဟန်း အသက်ရှည်နေလျှင် ငါတို့၏ အလုပ်အကျွေး ဒါယကာများ တနေ့တခြား ပျက်ပြားကြကုန်ရာ၏၊ ပူဇော်သက္ကာရမှုသည်လည်း တနေ့တခြား လျော့ပါး ဆုတ်ယုတ်ရာ၏၊ ထိုမောဂ္ဂလာန်ရဟန်းကို သတ်စေကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် မထေရ်မြတ်ကို သတ်ဖို့ရန်အတွက် သမဏဂုတ္တက-အမည်ရှိသော ဓားပြဗိုလ်အား ငွေအသပြာတထောင် ပေးကြလေကုန်၏။

     ထိုသမဏဂုတ္တက ဓားပြဗိုလ်သည် “မထေရ်မြတ်ကို သတ်အံ့”ဟု များစွာသော သူခိုးဓားပြ အခြံအရံနှင့်တကွ



၉၄

ကာဠသိလာ ကျောက်ဖျာရှိရာ အရပ်သို့ သွားလေ၏။ မထေရ်မြတ်သည် ထိုသမဏဂုတ္တက ဓားပြဗိုလ် လာနေသည်ကို မြင်လျှင်ပင် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်၍ တိမ်းရှောင်ဖဲသွားနှင့်လေ၏။ ဓားပြဗိုလ်သည် ထိုနေ့၌ မထေရ်မြတ်ကို မတွေ့ရ၍ ပြန်ခဲ့ပြီးလျှင် နောက်တနေ့၌လည်း ထိုနည်းအတူ သွားပြန်လေ၏။ မထေရ်မြတ်သည်လည်း ရှေးနည်းအတူ တိမ်းရှောင်ဖဲသွားနှင့်လေ၏။ ဤနည်းဖြင့် ခြောက်ရက်ကြာ ရှိခဲ့လေသည်။

     ခုနစ်ရက်မြောက် နေ့၌ကား မထေရ်မြတ်၏ ရှေးက ပြုမှားခဲ့သော အပရာပရိယ အကုသိုလ်ကံသည် အကျိုးပေးရန်အခွင့်ကို ရရှိလာလေသည်။ ထိုအပရာပရိယ အကုသိုလ်ကံအကြောင်းကို ထင်ရှားစေဦးအံ့-

     မထေရ်မြတ်သည် ရှေးနုစဉ် တခုသောဘဝဝယ် မယား၏ ဂုံးချောစကားကို နာယူမှား၍ မိဖတို့ကို သတ်လိုရကား ယာဉ်ငယ် (လှည်းယာဉ်)ဖြင့် တောသို့ ခေါ်ဆောင်သွား၍ လူဆိုးဓားပြများ ထကြွသောင်းကျန်းဟန်ကိုပြုလျက် မိဖနှစ်ပါးတို့ကို ရိုက်နှက် ပုတ်ခတ်လေ၏။ မိဖနှစ်ပါးတို့သည် မျက်စိနှစ်ကွင်း အလင်းမရကြသောကြောင့် အဆင်းကို မမြင်ကြပဲ မိမိတို့၏ သားကိုပင် တကယ် လူဆိုးဓားပြထင်ကြ၍ “ချစ်သား.. ဤမည်သော လူဆိုးဓားပြတို့သည် ငါတို့ကို ရိုက်နှက် ပုတ်ခတ်ကုန်၏။ သင်ချစ်သားသည် လွတ်ရာဖယ်ရှား သွားလေလော့”ဟု သားအတွက်သာ ပြောဆို ငိုကြွေးကြလေကုန်၏။

     သားဖြစ်သူသည် “ဩ.. ငါ့မိ,ငါ့ဖတို့ကား ငါကပင် ရိုက်နှက် ပုတ်ခတ်အပ်ပါကုန်လျက်လည်း ငါ့အတွက်သာလျှင် စိုးရိမ်ကြီးစွာ ငိုကြွေးကြရှာ၏၊ ငါကား မသင့်လျော်သောအမှုကို ပြုမှားအပ်ခဲ့လေပြီ”ဟု နောင်တပူပန် ကြံစည်ပြီးလျှင် မိဖနှစ်ပါးတို့ကို သက်သာရာရစေကာ လူဆိုးဓားပြများ ပြေးသွားကြသော အခြင်းအရာကိုပြလျက် မိဖတို့၏ ခြေလက်တို့ကို ဆုပ်နယ်၍ “အို မိခင်,ဖခင်တို့.. မကြောက်ကြလင့်၊ လူဆိုးဓားပြများ ထွက်ပြေးသွားကြလေပြီ”ဟု



၉၅

ပြောဆိုကာ တဖန် မိမိအိမ်သို့ သာလျှင် မိဖနှစ်ပါးကို ပြန်၍ ခေါ်ဆောင်ခဲ့လေသည်။

     ထိုမကောင်းမှု = အကုသိုလ်ကံသည် ဤမျှ ကာလကြာအောင် အကျိုးပေးခွင့် မရသေးသဖြင့် ပြာဖုံးသော မီးကျီးစုကဲ့သို့ တည်နေ၍ ဤယခုနောက်ဆုံး = ပစ္ဆိမဘဝ ခန္ဓာကိုယ်ကို အပြေးအမှီလိုက်၍ ဖမ်းကိုက်လေတော့၏။ လောက ဥပမာအားဖြင့် မူဆိုးသည် သားသမင်ကိုမြင်၍ ခွေးကို လွှတ်လိုက်လေရာ ထိုခွေးသည် သားကောင်ကို အစဉ်လိုက်၍ မှီရာအရပ်၌ပင်လျှင် ဖမ်းကိုက်သကဲ့သို့ ထို့အတူ ဤအရှင်မောဂ္ဂလာန် အလောင်းဖြစ်သူ ပြုလုပ်ခဲ့သော အကုသိုလ်ကံသည်လည်း အကျိုးပေးခွင့်ကို ရရာဘုံဌာန၌ပင် အကျိုးပေးလေတော့၏။ ထိုသို့ အကျိုးပေးခွင့်ရသော ကံမှ လွတ်မြောက်သောသူမည်သည် မရှိချေ။

     အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် မိမိပြုခဲ့သော အကုသိုလ်ကံက ဆွဲငင် ဖမ်းကိုက်မိကြောင်းကို ကောင်းစွာ သိတော်မူ၍ ထိုခုနစ်ကြိမ်မြောက်၌ကား အရပ်တပါး တန်ခိုးဖြင့် ဖဲသွားမှု မပြုနိုင်တော့ချေ။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ကောင်းကင်သို့ ပျံတက်ခြင်းငှါ မစွမ်းနိုင်တော့ချေ။ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမခြင်းငှါ စွမ်းနိုင်, ဝေဇယန္တာပြာသာဒ်ကို ဆတ်ဆတ်ခါအောင် တုန်လှုပ်စေခြင်းငှါ စွမ်းနိုင်သော မထေရ်မြတ်၏ တန်ခိုးဣဒ္ဓိသည်လည်း အကုသိုလ်ကံစွမ်းကြောင့် အားနွဲ့ခြင်းသို့ ရောက်ခဲ့လေသည်။

     သမဏဂုတ္တက လူဆိုးဓားပြဗိုလ်သည် မထေရ်မြတ်ကို ဝိုင်းဝန်း ဖမ်းယူပြီးလျှင် မထေရ်၏ အရိုးတို့ကို ဆန်ကျိုးဆန်ကွဲမျှ ပမာဏရှိအောင် ပြုလုပ်လျက် ထုနှက်ရိုက်ချေ မှုန့်မှုန့်ကြေစေ၍ (အရိုးအားလုံးတို့ကို မှုန့်မှုန့်ညက်ညက် ကြေမွစေလျက် ကောက်ရိုးကရွတ်ခွေကဲ့သို့ဖြစ်အောင် ညှဉ်းပန်းနှိပ်စက်မှု တည်းဟူသော) = ပလာလပီဌိက-မည်သော ကမ္မကရဏမှု ပြုလုပ်ပြီးလျှင် “သေပြီ”ဟူသော အမှတ်သညာဖြင့် ချုံဖုတ်တခုပေါ်၌ ပစ်တင်ခဲ့၍ မိမိအခြံအရံ လူဆိုးများနှင့် အတူတကွ ဖဲသွားလေ၏။



၉၆

     မထေရ်မြတ်သည် သတိရ၍ “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ပြီးမှ ပရိနိဗ္ဗာန် ဝင်စံမည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ မှုန့်မှုန့်ကြေနေသော ကိုယ်တော့်ခန္ဓာကိုယ်ကို အဘိညာဏ်ဈာန် တည်းဟူသော အဝတ် ပဋ္ဋီးဖြင့် ဖွဲ့စည်းရစ်နှောင် ခိုင်မတ်အောင်ပြုပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ကောင်းကင်ခရီးဖြင့် ဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးပြီးသော် မြတ်စွာဘုရားရှင်နှင့် အတုံ့အပြန် လျှောက်ထား ပြောဆိုတော်မူသည်မှာ-

(အရှင်မောဂ္ဂလာန်)

မြတ်စွာဘုရား.. တပည့်တော်သည် အာယုသင်္ခါရကို စွန့်လွှတ်အပ်ပြီးပါပြီ၊ ပရိနိဗ္ဗာန် စံပါတော့မည်ဘုရား။

(မြတ်စွာဘုရား)

ပရိနိဗ္ဗာန် ဝင်စံတော့မည်လော ချစ်သားမောဂ္ဂလာန်..။

(အရှင်မောဂ္ဂလာန်)

ဝင်စံပါတော့မည်ဘုရား..။

(မြတ်စွာဘုရား)

ချစ်သားမောဂ္ဂလာန်.. သင်ချစ်သားသည် အဘယ်အရပ်သို့သွား၍ ပရိနိဗ္ဗာန် ဝင်စံမည်နည်း။

(အရှင်မောဂ္ဂလာန်)

မြတ်စွာဘုရား.. ကဠသိလာ ကျောက်ဖျာအပြင်သို့ သွားရောက်၍ ပရိနိဗ္ဗာန် ဝင်စံပါမည်ဘုရား။

(မြတ်စွာဘုရား)

ချစ်သားမောဂ္ဂလာန်.. ထိုသို့ဖြစ်လျှင် ငါ့အား တရားဟောပြီးမှ သွားလော့၊ ယခုအခါ သင် ချစ်သားကဲ့သို့သော တပည့်သာဝကကို နောက်တကြိမ် တွေ့မြင်နိုင်ခွင့် မရှိတော့ပြီ။

     ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသောအခါ မထေရ်မြတ်သည် “ကောင်းပါပြီ မြတ်စွာဘုရား.. လိုက်နာပြုလုပ်ပါမည်”ဟု လျှောက်ထားပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ ထန်းတဆင့်, နှစ်ဆင့်-စသည် ထန်းခုနစ်ဆင့်တိုင် ကောင်းကင်သို့ ပျံတက်၍ ပရိနိဗ္ဗာန် ဝင်စံမည့်နေ့ဝယ် အရှင်သာရိပုတ္တရာ



၉၇

မထေရ်မြတ်ကဲ့သို့ ဣဒ္ဓိ = တန်ခိုးအမျိုးမျိုး ဖန်ဆင်းပြသ တရားဓမ္မကိုလည်း ဟောတော်မူကာ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးနောက် ကာဠသိလာ ကျောက်ဖျာရှိရာ တောအုပ်သို့ ကြွရောက်၍ ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏။

     ထိုခဏမှာပင် ကာမာဝစရနတ်ပြည် ခြောက်ထပ်လုံး အုတ်အုတ် ကျက်ကျက် တပြိုင်နက်ဖြစ်၍ သွားလေ၏။ နတ်ဗြဟ္မာတို့သည် “ငါတို့ဆရာ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီ”ဟု အချင်းချင်း ပြောဆိုကြကာ နတ်၌ဖြစ်သော နံ့သာ, ပန်း, အထုံ, အခိုး, စန္ဒကူးမှုန့်တို့ကို၎င်း၊ အထူးထူးသော နံ့သာ နတ်ထင်းတို့ကို၎င်း ယူဆောင်၍ လာကြလေကုန်၏။ စန္ဒကူးနတ်ထင်းပုံသည် သံတောင် (၉၉)ကိုးဆယ့်ကိုးတောင် အမြင့်ရှိလေသည်။ မြတ်စွာဘုရားကိုယ်တိုင် ရဟန်းတို့နှင့်တကွ ကြွရောက်တော်မူ၍ မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်အနီး၌ မားမားမတ်မတ် ရပ်တည်စီမံ အုပ်ချုပ်တော်မူကာ ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုစေတော်မူလေ၏။

     ဖုတ်ကြည်းသင်္ဂြိုဟ်ရာဌာန၏ ပတ်ဝန်းကျင် တယူဇနာမျှသော အရပ်၌ ပန်းမိုးရွာဖြိုး၍ ချလေသည်။ ထိုဈာပနသဘင်ဝယ် နတ်တို့အကြား၌ လူများ, လူတို့အကြား၌ နတ်များ လှည့်လည်သွားကြကုန်၏။ အစဉ်အတိုင်း နတ်တို့အကြား၌ ဘီလူးယက္ခနတ်များ ရပ်တည်ကြ၍ ဘီလူးက္ခနတ်တို့အကြား၌ ဂန္ဓဗ္ဗနတ်များ, ဂန္ဓဗ္ဗနတ်တို့အကြား၌ နဂါးများ, နဂါးတို့အကြား၌ ဂဠုန်များ, ဂဠုန်တို့အကြား၌ ကိန္နရာများ ရပ်တည်ကြလေသည်။ ကိန္နရာတို့ အကြား၌ ထီးများ, ထီးတို့အကြား၌ ရွှေစမရီသားမြီးယပ်များ, ထိုသားမြီးယပ်တို့အကြား၌ တံခွန်လုံးများ, ထိုတံခွန်လုံးတို့ အကြား၌ တံခွန်ပြားများ တည်ရှိကြကုန်၏။ နတ်လူတို့သည် ခုနစ်ရက်တိုင်တိုင် သာဓုကီဠနသဘင်ကို ဆင်ယင် ကျင်းပကြလေကုန်၏။



၉၈

     မြတ်စွာဘုရားသည် မထေရ်မြတ်၏ ဓာတ်တော်တို့ကို ယူဆောင်စေတော်မူခဲ့၍ ဝေဠုဝန်ကျောင်းတိုက်တော် တံခါးမုခ်အနီး၌ ဓာတုစေတီတော် တည်ထားစေတော်မူလေ၏။

လူသတ်သမားတို့ အပြစ်ရခြင်း

     “အရှင်မောဂ္ဂလာန်မထေရ်ကို လူဆိုးဓားပြတို့ သတ်ကြသည်တဲ့” ဟူသော သတင်းစကားသည်လည်း ဇမ္ဗူဒိပ်ကျွန်းလုံး ပြန့်နှံ့လေ၏။ အဇာတသတ်မင်းသည် လူဆိုးဓားပြများကို အရရှာဖွေရန် သူလျှိုယောက်ျားတို့ကို အနှံ့အပြား စေလွှတ်ထားလေ၏။ ထိုလူသတ်သမားတို့သည်လည်း သေတင်းကုပ် (=အရက်ဆိုင်)၌ သေအရက် သောက်ကြသည်ရှိသော် လူသတ်သမားတယောက်က အခြား လူသတ်သမားတယောက်၏လက်မှ သေသောက်ခွက် (=အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ ရန်စလိုက်လေသည်။ ထိုအခါ ရန်အစခံရသော လူသတ်သမားက အမျိုးမျိုး ခြိမ်းခြောက်လျက် “အဆုံးမခက် ဟေ့လူပျက်.. သင်သည် အဘယ့်ကြောင့် ငါ၏သေသောက်ခွက် (=အရက်ခွက်)ကို လက်ဖြင့်ပုတ်ချ မြေသို့ ကျစေသနည်း”ဟု ရန်မူစကား ပြောကြားလေလျှင် ရန်စသော လူသတ်သမားက “ဟေ့လူဆိုးလူပျက်.. အသို့နည်း သင်သည် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အလျင်လက်ဦး ရိုက်နှက်ထိုးခုတ် သတ်ပုတ်ဝံ့သလော”ဟု ရန်တွေ့စကား ပြောကြားလေ၏။ ရန်အစခံရသော လူသတ်သမားကလည်း အရှုံးမခံပဲ “ဟေ့လူပျက်.. ငါရိုက်နှက် ထိုးခုတ်သည်ကို သင် မသိဘူးလား”ဟု ရန်တုံ့စကား ပြောကြားလေ၏။

     ဤသို့လျှင် လူသတ်သမားတို့ အချင်းချင်း “ငါရိုက်နှက် ထိုးခုတ် သတ်ဖြတ်အပ်သည်၊ ငါရိုက်နှက် ထိုးခုတ်သတ်ဖြတ်အပ်သည်”ဟု သူသတ်သည် ငါသတ်သည် အရည်လုစကား ပြောကြားကြသည်ကို ကြားသိရ၍ မင်းချင်း သူလျှိုယောက်ျားတို့သည် ထိုလူသတ်သမား အားလုံးတို့ကို ဖမ်း၍ အဇာတသတ်မင်းအား လျှောက်ထားကြလေကုန်၏။ အဇာတသတ်မင်းက လူသတ်သမားတို့ကို



၉၉

ရှေ့တော်သို့ ခေါ်စေ၍ “သင်တို့သည် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကို သတ်အပ်သလော”ဟု မေးလေလျှင် လူသတ်သမားတို့သည် “အိမ်း.. သတ်အပ်ပါသည် အရှင်မင်းကြီး..”ဟု ဝန်ခံစကား လျှောက်ထားကြလေ၏။ အဇာတသတ်မင်းက တဖန်ဆက်၍ “သင်တို့ကို အဘယ်သူက အသတ်ခိုင်းအပ်ကုန် သနည်း”ဟု မေးလေလျှင် လူသတ်သမားတို့သည် “အရှင်မင်းကြီး.. အဝတ်မလွှမ်း တိတ္ထိတက္ကတွန်းတို့က ငွေပေး၍ အသတ်ခိုင်းအပ်ပါကုန်သည်ဘုရား”ဟု ဖြောင့်ချက်ပေးကြလေ၏။

     အဇာတသတ်မင်းသည် အဝတ်မလွှမ်း တိတ္ထိတက္ကတွန်း (၅၀၀)ငါးရာတို့ကိုပါ ဖမ်းစေ၍ လူသတ်သမား (၅ဝဝ)ငါးရာတို့နှင့် အတူတကွ မင်းယင်ပြင် (နန်းတော် မြေကွက်လပ်)၌ ထိုသူအားလုံးတို့ကို ချက်မြုပ်လောက်အောင်နက်သော တွင်းတို့ဝယ် မြှုပ်နှံစေပြီးလျှင် ထို၏အထက်မှ ကောက်ရိုးတို့ဖြင့် ဖုံးအုပ်စေ၍ မီးတိုက်စေလေသည်။ ထို့နောင်မှ ထိုသူအားလုံးကို မီးလောင်ကျွမ်းသည်ကို သိရှိပြီးလျှင် သံထွန်သွားတပ်သာ ထွန်တုံးတို့ဖြင့် လူးလာတုံ့ခေါက် ထွန်ယက်စေ၍ ထိုသူအားလုံးတို့ကို အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်စေလေ၏။

(ဤ၌။ ။အရှင်မဟာမောဂ္ဂလာန်မထေရ် ပရိနိဗ္ဗာန် စံတော်မူကြောင်းကို (ဇာ ဋ္ဌ ၅။ ၁၃၃, ၁၃၄, ၁၃၅) စတ္တာလီသနိပါတ် သရဘင်္ဂဇာတ်အဖွင့်မှ ထုတ်နုတ်ဖော်ပြသည်၊ လူသတ်သမားတို့ အပြစ်ရပုံကို (ဓမ္မပဒ ဋ္ဌ ၂၊ ၄၃) မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုအဖွင့်မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

     အရှင်မဟာမောဂ္ဂလာန်မထေရ်၏ ဈာပနကိစ္စ၌ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကြပ်မတ်သင်္ဂြိုဟ်တော်မူသည်ကို အကြောင်းပြု၍ ရဟန်းတို့သည် တရားခန်းမဆောင်၌ “ငါ့ရှင်တို့.. သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရား၏အနီး၌ ပရိနိဗ္ဗာန်မစံသဖြင့် ဘုရားတို့ထံမှ ကြီးစွာသော မြတ်နိုးတနာမှု အပြုမခံရချေ။ မောဂ္ဂလာန်မထေရ်သည်ကား မြတ်စွာဘုရား၏အနီး၌ ပရိနိဗ္ဗာန် ဝင်စံသဖြင့် ကြီးစွာသော မြတ်နိုးတနာမှု အပြုခံရပေသည်”ဟု



၁၀၀

စကားကို ဖြစ်စေကြကုန်၏။ ထိုအခါ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့.. ယခု ငါဘုရား ကြွလာသောအခါ၌ သင်တို့သည် အဘယ်စကားဖြင့် ညီမူစည်းဝေး၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က ထိုအကြောင်းကို ပြန်ကြား လျှောက်ထားသည်တွင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. မောဂ္ဂလာန်သည် ယခုဘဝ၌သာ ဘုရားထံမှ မြတ်နိုးတနာမှု အပြုခံရသည် မဟုတ်သေး၊ ရှေးကလည်း အပြုခံရဘူးသည်သာတည်း”ဟု မိန့်တော်မူ၍ ရဟန်းတို့အား စတ္တာလီသနိပါတ်လာ သရဘင်္ဂဇာတ်ကို ဟောကြားတော်မူလေသည်။ (ထိုသရဘင်္ဂဇာတ်ကို ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုမှ အကျယ်ထုက်ယူ မှတ်သားရာ၏)။

     မြတ်စွာဘုရားရှင်သည် အဂ္ဂသာဝကနှစ်ပါးတို့ ပရိနိဗ္ဗာန် စံတော်မူကြပြီးနောက် မကြာမီပင် ရဟန်းအပေါင်း ခြံရံလျက် မဟာမဏ္ဍလခရီးအဝန်းဖြင့် ဒေသစာရီ ကြွချီတော်မူ၍ ဥက္ကစေလမြို့သို့ ဆိုက်ရောက်တော်မူသောအခါ ထိုမြို့၌ ဆွမ်းခံလှည့်လည်တော်မူပြီးနောက် ဂင်္ဂါမြစ် သဲသောင်ပြင်ဝယ် ရဟန်းတော်တို့အား ဥက္ကစေလသုတ်ကို ဟောတော်မူလေသည်။ (ထိုသုတ်အကျယ်ကို ပိဋကတ်မြန်မာပြန် မဟာဝဂ္ဂသံယုတ် စာမျက်နှာ ၁၄၆,၇,၈-တို့၌ ကြည့်ရှုမှတ်ယူရာ၏)။

ဤကား အဂ္ဂသာဝကမထေရ်နှစ်ပါး အကြောင်းတည်း။

**********