အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြု ကြွတော်မူခြင်း
သင်ခန်းစာ (၁၃)
[ပြင်ဆင်ရန်]အရှင်သောဏနှင့် အရှင်ဥတ္တရ သာသနာပြုကြွတော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၂ဝဝ ခန့်တွင် အသောကသည် အိန္ဒိယနိုင်ငံ၌ ဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့၏။ ဘုရင်ဖြစ်စတွင် မင်းကြီးသည် ခမည်းတော် ဗိန္ဒုသာရမင်းကြီး လက်ထက်က ကိုးကွယ်ခဲ့သော တိတ္ထိတက္ကတွန်းတို့ကို ဆက်လက် ကိုးကွယ်ဆည်းကပ်ခဲ့သည်။ မင်းကြီးသည် ထီးနန်းရရှိချိန်မှစ၍ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများ ဆင်နွဲခဲ့ရာ အောင်မြင်မှုများစွာ ရခဲ့၏။ သို့သော် လူအမြောက်အမြား သေကျေပျက်စီးခဲ့ရသော ကလိင်္ဂစစ်ပွဲအပြီးတွင် အသက်သွေးချွေးတို့ဖြင့် ရင်းနှီးယူရသော အောင်မြင်မှုတို့ကို စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ မကြာမီပင် နိဂြောဓသာမဏေနှင့် တွေ့ပြီးနောက် အသောကမင်းကြီးသည် ဗုဒ္ဓဘာသာကို အထူးကြည်ညိုသော မင်းတစ်ပါး ဖြစ်လာ ခဲ့၏။
ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် အသောကမင်းကြီးသည် ဆရာအရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်၏ လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၏။ ရေတွင်း၊ ရေကန်၊ ကျောင်း၊ ဇရပ်၊ စေတီပုထိုး များစွာကိုလည်း ဗုဒ္ဓသာသနာ ရောက်ရှိရာ နေရာအနှံ့အပြား၌ ဆောက်လုပ်လှူဒါန်း တည်ထားကိုးကွယ်ခဲ့သည်။ ဗုဒ္ဓတရားတော်တို့ကို သံဃာတော်များ စုပေါင်းရွတ် ဆိုသည့် တတိယသင်္ဂါယနာတင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်လည်း လှူဒါန်းထောက်ပံ့ခဲ့သည်။ တတိယသင်္ဂါယနာ တင်ပွဲအပြီးတွင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့ရာ အရှင် သောဏနှင့် အရှင်ဥတ္တရတို့ ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံအောက်ပိုင်း ရာမညဒေသ သုဝဏ္ဏဘူမိ သို့ ရောက်ရှိခဲ့ကြ၏။
မထေရ်မြတ်တို့ ရောက်ရှိချိန်တွင် ဘီလူးတို့၏ ဘေးရန်ကြောင့် ဒေသခံလူမျိုးတို့သည် စိုးရိမ် ကြောင့်ကြလျက် နေထိုင်ကြရ၏။ ထို့ကြောင့် မထေရ်မြတ်တို့သည် ရှေးဦးစွာ တန်ခိုးဖြင့် ဘီလူးတို့ကို ထွက်ပြေးစေသည်။ ဘီလူးတို့ နောက်ထပ်တစ်ဖန် ပြန်မလာနိုင်ရန်လည်း ပရိတ်အရံအတားကို ပြုပေး တော်မူကြ၏။ သို့ဖြစ်၍ လူတို့သည် မထေရ်မြတ်တို့ကို ယုံကြည်အားထား ကိုးကွယ်လာခဲ့ကြသည်။
မထေရ်မြတ်တို့လည်း လူအပေါင်းတို့အား သရဏဂုံ၊ သီလတို့ကို ဆောက်တည်စေ၏။ ထို့နောက် ဗြဟ္မဇာလသုတ်တော်ကို ဟောတော်မူရာ လူပေါင်း ၆ဝဝဝဝ ခန့် ဗုဒ္ဓဘာသာဝင် ဖြစ်လာကြ၏၊ အမျိုး သား ၃၅ဝဝ နှင့်အမျိုးသမီး ၁၅ဝဝ တို့လည်း သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုခဲ့ကြသည်။ ထိုအချိန် မှစ၍ သုဝဏ္ဏဘူမိဒေသတွင် ဗုဒ္ဓသာသနာအရောင် ထွန်းလင်းတောက်ပလာခဲ့လေသည်။