အာဇညဇာတ်
ဧကကနိပါတ်-ကုရုင်္ဂဝဂ်
၄။ အာဇညဇာတ်
ကြီးစွာသောဒဏ်ကို ခံရလျက် ဝီရိယကို မလျော့သောအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဒါ ယဒါ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အာဇညဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသောရဟန်းကိုလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို သဗ္ဗညူမြတ်စွာဘုရားသည်ခေါ်တော်မူ၍ ရဟန်း ရှေး၌ ပညာရှိတို့သည် မိမိသည် တည်ရာကိုမရအပ်သောအမှု၌လည်း ရအပ်သော ဒဏ်ချက်ရှိကုန်လျက်လည်း ဝီရိယကို ပြုကုန်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ရှေးနည်းဖြင့်လျှင် ခုနှစ်ပြည်ထောင်သော မင်းတို့သည် ရံကုန်၏။ ထိုအခါ တယောက်သော ရထားစီးသူရဲသည် ညီနောင်ဖြစ်ကုန်သော သိန္ဓောမြင်းနှစ်စီးတို့ကို ရထား၌ က၍ မြို့မှထွက်၍ ခြောက်ခုသောဗိုလ်စုကို ဖျက်ဆီး၍ ခြောက်ယောက်သော မင်းတို့ကို ဖမ်း၏။ ထိုခဏ၌ အစ်ကိုမြင်းကြီးသည် ဒဏ်ချက်ကို ရ၏။ ရထားထိန်းသည် ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့လာ၍ မြင်းကြီးကို ရထားမှချွတ်၍ ဖွဲ့သော ချပ်တန်ဆာကိုလျှော့၍ နံပါးတဘက်ဖြင့် လျောင်းစေ၍ တပါးသော မြင်းကိုဖွဲ့ခြင်းငှါ အားထုတ်၏။ ဘုရားလောင်းသည် ရထားထိန်းကိုမြင်၍ ရှေးနည်းဖြင့်လျှင်ကြံ၍ ရထားထိန်း ကိုခေါ်၍ လျောင်းလျက်သာလျှင်-
အာဇညော ကုရုတေ ဝေဂံ၊ တတ္ထ ဟာယန္တိ ဝါဠဝါ။
ဟူသော ဤဂါထာကို ဆို၏။
၂၄။ သာရထိ၊ ရထားထိန်း။ ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော နံနက်အစရှိသော ကာလ၌။ ယတ္ထ၊ အကြင်သို့ သဘောရှိသောခရီး စစ်မြေဦးဖြစ်သော အရပ်၌။ ယဒါ၊ အကြင်သို့သဘောရှိသော ခဏ၌။ ယတ္ထ ယတ္ထ၊ အကြင် အကြင်သို့ သဘောရှိကုန်သော စစ်ထိုးရာအရပ်တို့၌။ ယဒါ ယဒါ၊ အကြင် အကြင်သို့ သဘောရှိသော ဒဏ်ချက်ကို ရသောကာလ၊ မရသောကာလ၌။ အာဇညောဝ၊ ရထားထိန်း၏ စိတ်နှစ်သက်သောအကြောင်းကိုသိတတ်သော သဘောရှိပေသော သိန္ဓောမြင်းသာလျှင်။ ဝေဂံ၊ လုံ့လကို။ ကုရုတေ၊ ပြု၏။ တတ္ထ၊ ထိုလုံ့လပြုရာ၌။ ဝါဠဝါ၊ မြည်းမှဖြစ်ကုန်သော မြင်းယုတ်တို့သည်။ ဟာယန္တိ၊ ယုတ်တတ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဣမသ္မိံရထေ၊ ဤရထား၌။ မညေဝ၊ ငါ့ကိုသာလျှင်။ ယောဇေဟိ၊ ကလော့။
ရထားထိန်းသည် ဘုရားလောင်းကို ထစေ၍ ရထား၌ ကပြီး၍ ခုနစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဗိုလ်ထုကိုဖျက်၍ ခုနစ်ယောက်မြောက်မင်းကိုယူ၍ ရထားကိုနှင်လျက် မင်းအိမ်တံခါးသို့သွား၍ သိန္ဓောမြင်းကိုချွတ်၏။ ဘုရားလောင်းသည် နံပါးတဘက်ဖြင့် လျောင်းလျက် ရှေးနည်းဖြင့်သာလျှင် မင်းအား အဆုံးအမကို ပေး၍ စုတိချုပ်၏။ မင်းသည် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်၍ ရထားစီးသူရဲအား ဆုလာဘ်ကိုပေး၍ တရားနှင့်ညီစွာ မင်းပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည် ဤမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ယခုအခါ အာနန္ဒာသည် ထိုအခါမင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ဇာနည်သိန္ဓဝ၊ ဝီရိယ၊ စံပြဥပမာ ကြိုးစားရာ
လေးခုမြောက်သော အာဇညဇာတ်သည် ပြီး၏။
*****