ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း
ပုံပန်းသွင်ပြင်
နိုင်ငံတော်ကောင်စီရုံး
ဥပဒေ စကားရပ်များကို အစားထိုးပြောင်းလဲခြင်း
အမှတ် ၄
ရန်ကုန်မြို့၊ ၁၃၃၆ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၅ ရက်။
(၁၉၇၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။)
အမှတ် ၄။ ။ ၁၉၇၃ ခုနှစ်၊ စကားရပ်များအနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ နိုင်ငံတော်ကောင်စီသည်၊ အောက်ပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ ရှိရင်းစွဲ ဥပဒေများတွင်ပါရှိသော အောက်ပါစကားရပ်များကို အောက်ဖေါ်ပြပါအတိုင်းဆီလျော်အောင် အစားထိုး ပြောင်းလဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။
- (က) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်သမ္မတ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော်သမ္မတအား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာဖြစ်စေရမည်။
- (ခ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော် ကောင်စီနှင့် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတို့အား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာ ဖြစ်စေရမည်။
- (ဂ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးချုပ်၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီး၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊” သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေနှင့် ရှိရင်းစွဲဥပဒေများက ဝန်ကြီးအဖွဲ့၊ သို့မဟုတ် အခြားဗဟိုအာဏာပိုင်အဖွဲ့ အစည်းများအား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာ ဖြစ်စေရမည်။
- (ဃ) “အစိုးရအဖွဲ့” သို့မဟုတ် “အစိုးရ”ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးအဖွဲ့၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန။”
- (င) “တရားသူကြီးချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ။”
- (စ) “တရားရုံးချုပ် တရားသူကြီး” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ဝင်။”
- (ဆ) “ရှေ့နေချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ။”
- (ဇ) “စာရင်းစစ်ချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ။”
၂။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို သင့်လျော်သလိုသတ်မှတ်နိုင်သည်။
ဗိုလ်ချုပ်ကြီးစန်းယု၊
အတွင်းရေးမှူး၊
နိုင်ငံတော်ကောင်စီ။