ဦးပုည ဒုံးချင်း
ပုံပန်းသွင်ပြင်
လေးကျွန်းဦးကိုင် မဏ္ဍိုင်စကမှာ
ကုန်းဘောင်အောင်ချက် တိုင်းကြီးရှင်။
ဘုန်းတော်တောက်လို့ နောက်မှပေါ်
သုံးခါလည်ကျော် သူငယ်တမ်းမို့
ပေါက်လွှတ်ဗလဗွေ ပွေအောင်ကြမ်းချည့်
ရွယ်မတူ ဘယ်သူစမ်းမလဲ
လမ်းရှေ့ကထွင်။
ရွှေလမင်းကျား ဘကြီးသား
လွတ်ရာရှားဟဲ့ သွားလာစေ
ယွန်းတန်းအောင်မြေ ရပ်မျာ့မှူးက
ပွဲတော်ဦးမို့ ဖူးမဲ့လာ
ရန်မျိုးဆုတ်ခွာ ဝေးကရှင်းရှင်း။
မိန့်တော်အပ်လို့ လက်မှတ်ဆောင်
သူငယ်ငါမောင် လိုသရွေ့
ဘယ်နေ့ဘယ်ရက် မရွေးချယ်
ဘယ်နယ်ဘယ်ရွာ ဘယ်အရပ်လို့
ကမ်းမသတ်ဘူး စိတ်ကြိုက်ရာ
ပျိုခင်ကညာ ရင်စို့စို့
နို့ထိန်းလုပ်ဖို့ ကောက်ယူစေ
နို့မှာတိုရှေ ရွေးဆက်လို့သွင်း။
ဝါဝါဝင်းတဲ့ ကြော့ရှင်းပြာဖြူ
သိမ်းပိုက်တော်မူမယ်လေး။
ဧးဟေ့ မယ်မြှူ
မြရွှေကြူ ဇာပုခက်မှာ
တေးဆက်လို့ မြိုင်မြိုင်
သံတိုင်နှင့်လွှဲ။
မအိပ်လို
မငိုအောင် အပျိုပိုက်မယ်
အသားပုံ သူငယ်ကြိုက်ကို
သွားကိုက်လို့ခဲ။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |