ဩကာသကန်တော့ခန်း
သြကာသ ကန်တော့ခန်း
အခန်း-၅
မေး။ ။ ရှိခိုးတာနဲ့ ကန်တော့တာဟာ အတူတူပဲလား။ တစ်မျိုးစီလား။
ဖြေ။ ။ ဗုဒ္ဓဘာသာ ကလေးလူကြီး တော်တော်များများကို မေးကြည့်တဲ့အခါမှာ အားလုံးလိုလိုဟာ အတူတူပဲလို့ ဖြေကြတယ်။ ဒီလိုဖြေကြတဲ့အတွက်လဲ သူတို့မှာ အထောက်အထားက ရှိနေတယ်။ ဗုဒ္ဓဘာသာတိုင်း ရနေကြတဲ့ သြကာသ ကန်တော့ကြိုးထဲမှာ (ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏) လို့ ပါနေတော့ ကန်တော့တာနဲ့ ရှိခိုးတာ အတူတူပဲလို့ ထင်နေကြတာပဲ။
အမှန်ကတော့ ကန်တော့တာနဲ့ ရှိခိုးတာဟာ လုံးဝမတူဘူး။ ကန်တော့ရတဲ့ အကြောင်းနဲ့ ရှိခိုးရတဲ့အကြောင်းဟာ မတူသလို ကန်တော့လို့ ရှိခိုးလို့ ရတဲ့အကျိုးတရားတွေလဲ မတူကြဘူး။
မေး။ ။ ကန်တော့တာနဲ့ ရှိခိုးတာ ဘယ်လိုခြားနားသလဲ။
ဖြေ။ ။ အများစုကတော့ အတူတူပဲလို့ ယူဆထင်မြင်နေတဲ့ ဒီလုပ်ငန်းနှစ်ရပ် ခြားနားမှုကို သေသေချာချာ သဘောပေါက်ဖို့ နှိုင်းယှဉ်ဖော်ပြမယ်။
ကန်တော့ရကြောင်း
ကန်တော့ရတဲ့ အကြောင်းက ကန်တော့တဲ့ ပုဂ္ဂိုလ်ဟာ ကန်တော့ခံတဲ့ ဘုရား၊ တရား၊ သံဃာ၊ ဆရာမိဘနဲ့ အခြားပုဂ္ဂိုလ် တစ်ယောက်ယောက် အပေါ်မှာ ကိုယ်နဲ့၊ နှုတ်နဲ့၊ စိတ်နဲ့ တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မှု ရှိတယ်။ ဒီကျူးလွန်ခဲ့တဲ့ အပြစ်ကို ပျောက်စေလိုလို့ ကန်တော့ခြင်း ဖြစ်တယ်။ (အပြစ်ရှိလို့ ကန်တော့ရတယ်။)
ကန်တော့ရကျိုး
ကန်တော့ရတဲ့အတွက် မူလက မိမိပြစ်မှားထားတဲ့ ကိုယ့်မှာရှိနေတဲ့ အပြစ်တွေဟာ ပပျောက်သွားတယ်။ ကြွေးတင်နေတဲ့လူဟာ ကြွေးပြန်ဆပ်လိုက်တော့ ကြွေးကျေသွားသလိုပဲ။ ကိုယ်က စတင်ပြစ်မှားတဲ့ အပြစ်ကြွေးတင်နေတဲ့ လူဟာလဲ ကန်တော့လိုက်တဲ့အခါမှာ အပြစ်တွေဟာ ပြေပျောက်သွားတယ်။ (ကန်တော့ရလို့ အပြစ်ပျောက်တယ်။)
ရှိခိုးရကြောင်း
ရှိခိုးရတဲ့ အကြောင်းက ရှိခိုးတဲ့ပုဂ္ဂိုလ်ဟာ ရှိခိုးခံရတဲ့ ရတနာသုံးပါး ဆရာမိဘနဲ့ အသက်သိက္ခာ ဂုဏ်အင်္ဂါ ကြီးမြင့်သူတွေကို မူလက ပြစ်မှားကျူးလွန်ခဲ့မှု မရှိဘူး။ အဲဒီ ရတနာသုံးပါး မိဘဆရာတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို ကြည်ညိုလေးစားတဲ့ အတွက်ကြောင့် ရှိခိုးခြင်းဖြစ်တယ်။ (ကြည်ညိုလေးစားမှု သဒ္ဓါတရားရှိလို့ ရှိခိုးတယ်။)
ရှိခိုးရကျိုး
ရှိခိုးကန်တော့ရတဲ့အတွက် တဿာ နုဘာဝေန ဟဘန္တရာယော ဆိုတဲ့ ဋီကာဆရာများရဲ့ အဆိုအရ အန္တရာယ်အမျိုးမျိုးကို ပယ်ဖျောက်နိုင်တဲ့ အင်အားကောင်းတဲ့ ကုသိုလ်ကိုရတယ်။ အသက်ဂုဏ်အားဖြင့် ကြီးတဲ့ သူတွေကို ရှိခိုးပူဇော်တဲ့လူဟာ အသက်ရှည် အဆင်းလှ ကိုယ်စိတ်ချမ်းသာ ကာယဗလ ဉာဏဗလကောင်းခြင်း ဆိုတဲ့ အကျိုးတရားတွေကို ရတယ်။ (ရှိခိုးလို့ ကုသိုလ်ရတယ်။)
အထက်ပါ အကြောင်းနှစ်ချက် အကျိုးနှစ်ချက် ခြားနားမှုကို ကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူ၊ ခြားနားတယ်ဆိုတာ သိလောက်ပါပြီ။
မေး။ ။ ဗုဒ္ဓဘာသာတိုင်း ဘာသာရေး အခမ်းအနားတွေမှာ ဆိုနေကြတဲ့ သြကာသဟာ ကန်တော့ကြိုးလား။ ဘုရားရှိခိုးလား။
ဖြေ။ ။ နောက်နားမှာ သြကာသမူကွဲ ငါးမျိုးကို ပြထားတယ်။ အဲဒီငါးမျိုးမှာ ပထမနှစ်မျိုးက သြကာသ ကန်တော့ကြိုးဖြစ်တယ်။ ဒုတိယနှစ်မျိုးကတော့ သြကာသ ဘုရားရှိခိုးဖြစ်တယ်။ တတိယအမျိုးကတော့ ကန်တော့ခန်းနဲ့ ဘုရားရှိခိုး နှစ်မျိုးကိုရောပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် တီထွင်ထားကြတဲ့ သြကာသ ရှိခိုးကန်တော့ကြိုး ဖြစ်တယ်။ သြကာသဟာ မူလကတော့ ပြစ်မှားမိတဲ့ အပြစ်တွေကို ပျောက်အောင် ကန်တော့တဲ့ ကန်တော့ကြိုးဖြစ်ပါတယ်။ သြကာသ ဘုရားရှိခိုးတို့၊ သြကာသ ဘုရားရှိခိုး ကန်တော့ကြိုးတို့ ဆိုတာတွေက နောက်မှ ပြောင်းလဲလာတဲ့ တီထွင်ချက်တွေပဲ ဖြစ်တယ်။
မေး။ ။ ရှိခိုးဦးချမပါဘဲ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။
ဖြေ။ ။ ကန်တော့တယ်၊ ဝန်ချတောင်းပန် သည်းခံစေတယ်ဆိုတာက မိမိက ကိုယ်ထိလက်ရောက် နှုတ်နဲ့ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်ကို ကုစားတဲ့သဘောပဲ၊ ပြစ်မှားတယ်ဆိုတာက ငယ်သူကသာ ကြီးသူကို ပြစ်မှားတာ မဟုတ်ဘူး။ ပုထုဇဉ်သဘာဝ အမှားနဲ့ မကင်းနိုင်သေးတော့ ကြီးသူကလဲ ငယ်သူကို ပြစ်မှားနိုင်တာပဲ၊ ကြီးသူတွေရဲ့ လုပ်မှား ပြောမှားတွကိုလဲ လောကမျက်မြင် မကြာခဏ ကြုံတွေ့နေရတာပဲ။ အဲဒီလို လူကြီးက လူငယ်ကို ပြစ်မှားမိတဲ့အခါမှာလဲ လူကြီးက လူငယ်ကို ကန်တော့ရမယ်။ ဒီလိုတောင်းပန်တဲ့အခါမှာ လက်အုပ်ချီပြီး ဒူးတုပ် ဦးချ ရှိခိုးကန်တော့လို့ မရဘူး။ မိမိပြစ်မှားခဲ့တဲ့ ငယ်သူထံသွားပြီး မိမိပြုမှား ပြောမှားမိခဲ့သမျှကို နောင်တ သံဝေဂရကာ မာန်မာန နှိမ့်ချတဲ့အသံနဲ့ ငါ့ရှင် (သို့မဟုတ်) နာမည်ကိုခေါ်၍ သင့်အပေါ် ငါ ကိုယ်ထိလက်ရောက် ပြစ်မှားမိတယ်။ နှုတ်ဝစီဖြင့် ကြမ်းတမ်းရိုင်းပြစွာ ပြစ်တင်ကဲ့ရဲ့ ပြောဆို ပြစ်မှားမိခဲ့တယ်။ ဒီအမှားအတွက်လဲ ငါနောင်တ သံဝေဂရပါပြီ။ နောင်ကို ဒီလို မပြစ်မှားမိအောင်လဲ စောင့်ထိန်းပါမယ်။ သတိထားပါမယ်။ ပြစ်မှားမိတဲ့ ငါ့ရဲ့ အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ တောင်းပန်ရမယ်။ ကိုယ့်ထက်ကြီးသူ မြတ်သူကိုလဲ အထက်ပါအတိုင်း ရှိခိုးဦးချမှုမပါပဲ ဝန်ချတောင်းပန် ကန်တော့လို့ ရတယ်။ ရှိခိုးကန်တော့တာက ပိုပြီးလေးနက်တာပေါ့၊ ကိုယ့်ထက်ငယ်သူကို ပြစ်မှားမိရင်လဲ ကန်တော့ရမယ်ဆိုတဲ့ အကြောင်းနဲ့ ကြီးသူ ငယ်သူ အပြန်အလှန် ကန်တော့နည်းကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ…မှာ အတိအလင်းပဲ ပြထားတယ်။ လူကြီးက လူငယ်ကို ဝန်ချကန်တော့တဲ့ အစဉ်အလာဟာ မြန်မာ့ယဉ်ကျေးမှုမှာ ပျောက်ကွယ်သလောက် ဖြစ်နေတယ်။ ကြီးသူက ငယ်သူကို မပြစ်မှားဖို့၊ ပြစ်မှားမိရင်လဲ မာန်မာန နှိမ်ချတောင်းပန်ဖို့ သံသရာဝန်ထုပ်ကြီးကို အလေးခံသယ်မသွားဖို့ အထူးသတိပြုသင့်ကြပါတယ်။ ဓမ္မပဒစိတ္တသူကြွယ်ဝတ္ထုမှာ ရဟန်းဖြစ်တဲ့ သုဓမ္မမထေရ်က လူဝတ်ကြောင် စိတ္တသူကြွယ်ကို ပြစ်မှားမိ၍ ကန်တော့သည်းခံစေရသည်ကို စံနမူနာ ယူနိုင်ကြပါစေ။
ဒီအချက်ကိုကြည့်ရင် ကန်တော့တာနဲ့ ရှိခိုးတာဟာ မတူဘူး။ ကန်တော့မှုဆိုတာက ကြီးသူငယ်သူ အပြန်အလှန် ကန်တော့ရပြီး ရှိခိုးတာကျတော့ ငယ်သူကသာ ကြီးသူ မြတ်သူကို ရှိခိုးရတယ်ဆိုတာ ထင်ရှားလောက်ပါပြီ။
မေး။ ။ မိမိပြုမှားမိတဲ့ အပြစ်ကို သည်းခံဖို့ ကန်တော့တဲ့ အစဉ်အလာဟာ ပိဋကတ် ပါဠိတော်မှာ ရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ တော်တော်များများ ရှိပါတယ်။ ဒါကို ဋီကာဆရာတွေက အစ္စယဒေသနာ = အပြစ်ကို ပြောကြား တောင်းပန်ခြင်း၊ ဝန်ချကန်တော့ခြင်းလို့ ခေါ်ပါတယ်။
၁ - သံယုတ်ပါဠိတော်မှာ ဘုရားရှင်ကို ကဲ့ရဲ့ပြောဆိုမိတဲ့ နတ်သားတစ်စုက ဘုရားရှင်ထံ ဝန်ချကန်တော့ကြပါတယ်။ (သံ-၁-၂၂-၂၃)
၂ - ဘုရားရှင် သိက္ခာပုဒ်ပညတ်ခြင်းနဲ့ ပတ်သက်ပြီး ကဲ့ရဲ့ပြစ်မှားတဲ့ ရဟန်းတစ်ပါးက ဘုရားရှင်ကို ဝန်ချကန်တော့ပါတယ်။ (အံ-၁-၂၃၉) အလားတူ (မ-၁-၁၀၁)
၃ - အရှင်အနုရုဒ္ဓါကို တပ်မက်ပြစ်မှားမိ ဖြားယောင်းမိတဲ့ အမျိုးသမီးတစ်ဦးဟာ ရှင်အနုရုဒ္ဓါကို ဝန်ချကန်တော့ခဲ့ရပါတယ်။ (ဝိ-၂၊ ၂-၂၉)
၄ - ခမည်းတော် ဗိမ္ဗိသာရကို သတ်မိသော အဇာတသတ်မင်းက ဘုရားရှင်ထံ ဝန်ချကန်တော့ခဲ့သည်။ (ဒီ-၁-၈၀)
မေး။ ။ ပါဠိတော်မှာ အပြစ်ရှိလို့ ကန်တော့တဲ့အခါ ဘယ်လိုဆိုပြီး ကန်တော့ပါသလဲ။
ဖြေ။ ။ အစ္စယော မံ ဘန္တေ အစ္စာဂမာ ယထာဗာလံ ယထာမုဠံ ယထာ အကုသလံ (ယောဟံပိတရံ ဓမ္မ ရာဇာနံ ဣဿရိယကာရဏာ ဇီဝိတာဝေါရောပေသိ) တဿမေ ဘန္တေ ဘဂဝါ အစ္စယံအစ္စယတော ပဋိဂဏှာတု၊ အာယတိံ သံဝရာယ လို့ဆိုပြီး ကန်တော့ပါတယ်။ ခမည်းတော် ဗိမ္ဗိသာရကို သတ်ပြီးတော့ အဇာတသတ်က ဘုရားကန်တော့ခန်း ဖြစ်ပါတယ်။ ပါဠိတော်လာ အဓိပ္ပာယ်အတိုင်း မြန်မာလို ကန်တော့မယ်ဆိုရင်တော့…
အရှင်ဘုရား၊ တပည့်တော်သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် အပြစ်သည် တပည့်တော်ကို လွှမ်းမိုးခဲ့ပါ၏၊ (တပည့်တော်သည် တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ်ဟူသော အကြာင်းကြောင့် သတ်ခဲ့မိပါ၏) မြတ်စွာဘုရားသည် ထိုတပည့်တော်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်ဟု လက်ခံတော်မူပါ။ သည်းခံတော်မူပါလို့ ကန်တော့ရမယ်။ ပြစ်မှားပုံချင်း မတူတဲ့အတွက် အပြစ်ဖော်ပြချက်ပဲ ကွွဲတယ်။ အားလုံး ပါဠိတော် ကန်တော့ခန်းတွေဟာ အတူတူပဲ။
မြန်မာစစ်စစ် ကန်တော့နည်း
“(အမေ) ခင်ဗျား၊ ကျွန်တော်ဟာ မိုက်မဲတွေဝေ မလိမ္မာတဲ့အတွက် (အမေ့) အပေါ် ပြစ်မှားမိပါတယ်။ (အမေ့ကို ပြန်အော်မိပါတယ်၊ အမေ့ရှေ့မှာ ကြမ်းကို ဆောင့်နင်းမိပါတယ်) နောင်ကို ဒီလိုမအော်မိ၊ ကြမ်းမဆောင့်မိအောင်လဲ စောင့်စည်းထိန်းသိမ်းပါမယ်။ အမေဟာ ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါခင်ဗျား”ဟု ပြောပြီး ရှိခိုးကန်တော့ရမယ်။
မေး။ ။ ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ ကန်တော့နည်းရှိပါလျက်နဲ့ အဲဒီအတိုင်း မြန်မာလို ကန်တော့ကြိုးကိုမရေးဘဲ သြကာသ ကန်တော့ကြိုးကို ဘာဖြစ်လို့ ထွင်ရသလဲ။
ဖြေ။ ။ ပါဠိတော်လာ ကန်တော့နည်းက တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ် သီးသီးခြားခြား ပြစ်မှားမိတဲ့အပြစ်ကို ဝန်ချတောင်းပန်နည်း ဖြစ်တ်။ ဘယ်ပုဂ္ဂိလ်အပေါ် ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်လိုပြစ်မှားမိတဲ့ အပြစ်အတွက် ကန်တော့တယ်ဆိုတာ သေချာတိကျတယ်။
မြန်မာဆရာတော်တွေ တီထွင်တဲ့ သြကာသ ကန်တာ့ကြိုးကတော့ တစ်ဦးတစ်ယောက်အပေါ် တစ်ချိန်က တစ်နေရာမှာ ပြစ်မှားမိတဲ့ အပြစ်တစ်ခုအတွက် သီးသီးခြားခြား ကန်တော့တာမဟုတ်၊ အခုဘဝနဲ့ အစမထင် သံသရာဘဝအမျိုးမျိုးအပေါ် ကိုယ်ထိလက်ရောက်ဖြစ်ဖြစ်၊ နှုတ်နဲ့ စိတ်နဲ့ဖြစ်ဖြစ် ပြစ်မှားခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ ဒီအပြစ်ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေ အနန္တ ရှိနိုင်တယ်။ ဒီအပြစ်တွေဟာ သိသိသာသာ လွန်ကျူးခဲ့တာရှိသလို အမှတ်မထင် ပြုခဲ့ ပြောခဲ့တဲ့ အပြစ်တွေလဲ ဖြစ်နိုင်တယ်။ အစမထင် သံသရာက ပါလာတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက်နဲ့ အခုဘဝမှာလဲ ဘယ်အချိန်က ဘယ်သူ့အပေါ်မှာရယ်လို့ မသိ၊ အမှတ်မထင် ပြစ်မှားမိတဲ့ အပြစ်ကြွေးတွေ ဖြစ်တဲ့အတွက် ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကို ပြန်ကန်တော့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလို အပြစ်မှားခံ ပုဂ္ဂိုလ် မရှိတော့တဲ့ခါမှာ သူ့အစား လေးစားလောက်တဲ့ ပုဂ္ဂိုလ်နဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးကို ကန်တော့ရင် အပြစ် ပြေပျောက်နိုင်တယ်။ တစ်နေကုန် စားသမျှ သံပရာတစ်ခြမ်းနဲ့ချေ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဒီဘဝ ဟိုဘဝ ပြုခဲ့သမျှ အပြစ်တွေကို တစ်ထိုင်တည်းနဲ့ ပြေပျောက်စေဖို့အတွက် သြကာသ ကန်တော့ကြိုးကို စီစဉ်တီထွင်ရခြင်း ဖြစ်တယ်။
မေး။ ။ ပါဠိတော်လာ ကန်တော့နည်းအတိုင်း မဟုတ်ဘဲ သြကာသ ကန်တော့ကြိုးကို တီထွင်ရတဲ့အကြောင်း ရှိပါသေးသလား။
ဖြေ။ ။ ရှိပါတယ်။ ရှေ့မှာ ကန်တော့တာနဲ့ ရှိခိုးတာ မတူပုံကို ပြခဲ့တယ်။ ကန်တော့ရလို့ အပြစ်ပြေပျောက်တယ်။ ရှိခိုးပူဇော်ရလို့ ကုသိုလ်အသစ် ရရှိတယ်လို့ ပြခဲ့တယ်။ သြကာသ ကန်တော့ကြိုးဟာ ရတနာသုံးပါးကို ရှိခိုးကန်တော့ရတဲ့အတွက် ကန်တော့မှုလုပ်ငန်း၊ ရှိခိုးမှုလုပ်ငန်း နှစ်ခုလုံး ပြီးသွားတယ်။ အလုပ်နှစ်ခု ပြီးသွားတဲ့အတွက် လွန်ကျူးမိတဲ့ အပြစ်ဟောင်း ပြေပျောက်ခြင်း၊ ရှိခိုးရတဲ့ ကုသိုလ်အသစ်ရခြင်းဆိုတဲ့ အကျိုးနှစ်မျိုး တစ်ခါတည်း ပြီးသွားတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတယ်။ နည်းလေးဆယ်ထဲမှာပါတဲ့ အမ္ဗသေစန ဂရုနှာန နည်းအရ သရက်ပင်ရင်းမှာ ဆရာကို ရေချိုးစေခြင်း လုပ်ငန်းတစ်ခုဖြင့် ဆရာလဲ ရေချိုးပြီး၊ သရက်ပင်လဲ ရေလောင်းပြီးဆိုတဲ့ အကျိုးနှစ်ခု ပြီးသွားတယ်။ ဒါဟာ ပါဠိတော်လာ ကန်တော့ပုံနဲ့ မတူတဲ့ သြကာသ ကန်တော့ကြိုးရဲ့ ဒုတိယ ထူးခြားချက်ဖြစ်ပါတယ်။
မေး။ ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှာ ပြုခဲ့တဲ့ အပြစ်ဟာ ရတနာသုံးပါးကို ကန်တော့ရုံနဲ့ ပြေပျောက်နိုင်တယ်ဆိုတာ ကျမ်းဂန်နဲ့ ညီရဲ့လား။
ဖြေ။ ။ ညီပါတယ်။ အဇာတသတ်မင်းဟာ ခမည်းတော ဗမ္ဗိသာရမင်းကြီးကို သတ်ပြီးတဲ့နောက် မအိပ်နိုင် မစားနိုင် ဖြစ်နေတဲ့အခါမှာ ဘုရားရှင်ထံသွားပြီး ဝန်ချကန်တော့တယ်။ မြတ်စွာဘုရားကလဲ သည်းခံပါတယ်လို့ မိန့်ကြားပြီး “ဗုဒ္ဓိဟေသာ အရိယဿဝိနယေ” ဒီလို အပြစ်ကို သိလို့ နောင်စောင့်ထိန်းရန် ကန်တော့ဝန်ချခြင်းဟာ ငါဘုရားရဲ့ အဆုံးအမ သာသနာတော်မှာ ကြီးပွားတိုးတက်ခြင်း လက္ခဏာ ဖြစ်တယ်လို့ ချီးမြှောက် ဟောကြားခဲ့တယ်။
ဓမ္မပဒ သီရိမာ ဝတ္ထုမှာ ဥတ္တရာ အလှူဒကာမကို ပြစ်မှားတဲ့ သီရိမာဟာ ဘုရားရှင်ကို ရှိခိုးကန်တော့ရာ ဘုရားရှင်က သည်းခံခွင့်လွှတ်တော်မူလို့ အပြစ်ပြေပျောက်သွားတယ်။
မြန်မာဆရာတော်ကြီးများဟာ အထက်ပါ ပါဠိတော် အဋ္ဌကထာတွေကို ကိုးကားထောက်ထားပြီး သြကာသကန်တော့ကြိုးကို တီထွင်ကြခြင်း ဖြစ်ပါတယ်။ တစ်နေ့စားသမျှ သံပုရာတစ်ခြမ်းနဲ့ ချေသလို ပုဂ္ဂိုလ်မရွေးပေါ်မှာ ပြုခဲ့တဲ့ အပြစ်မှန်သမျှတွေကို သြကာသ ကန်တော့ကြိုးနဲ့ ကန်တော့လိုက်ရုံနဲ့ အကုန်ပြေပျောက်သွားတဲ့အတွက် သြကာသကန်တော့ကြိုးဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အပါယ်တံခါးကို ပိတ်ပေးတဲ့ အာမခံ သော့ခလောက်ကြီးလို့ ဆိုနိုင်တယ်။
ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားခဲ့စေကာမူ သြကာသ ကန်တော့မူထဲမှာ အကျုံးဝင်သွားတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် သြကာသ ကန်တော့ကြိုးကို တီထွင်တော်မူတဲ့ ဆရာတော်ကြီးတွေရဲ့ အမြော်အမြင် လေးနက်မှုကို ချီးကျူးပူဇော်ထိုက်လှပေတယ်။
မေး။ ။ ကိုယ့်အဖေ ဗိမ္ဗိသာရကို သတ်မိတဲ့ အဇာတသတ်ဟာ ဘုရားကို ကန်တော့တဲ့အတွက် အဲဒီသတ်မိတဲ့ အပြစ်ဟာ ပြေပျောက်သွားပါသလား။
ဖြေ။ ။ ကန်တော့လို့ အပြစ်ပျောက်တယ် ဆိုပေမယ့် အမေကိုသတ်ခြင်း၊ အဖေကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကိုယ်မှ သွေးထွက်အောင် လုပ်ခြင်း၊ သံဃာသင်းခွဲခြင်း ဆိုတဲ့ ကြီးလေးသော အကုသိုလ်လုပ်ငန်းကြီး ၅-ခုကို လုပ်ခဲ့တဲ့လူကျတော့ ကန်တော့တာနဲ့ လုံးဝပျောက်မသွားဘူး၊ အဲဒီ ပဉ္စာနန္တရိယကံလို့ခေါ်တဲ့ အကုသိုလ်ကတော့ ဘယ်လိုကုသိုလ်မျိုး လုပ်လို့မှ လုံးဝပျောက်မသွားဘူး။
ဒါပေမယ့် အဖေဗိမ္ဗိသာရမင်းကို သတ်မိတဲ့ အဇာတသတ်မင်းဟာ စိတ်တွေ ဂယောင်ချောက်ချားဖြစ်ပြီး မစားနိုင် မသောက်နိုင် ညအိပ်လို့မရ ဖြစ်နေရာက ဘုရားရှင်ထံရောက်လို့ ကန်တော့ပြီးတဲ့အခါ သရဏဂုံ တည်ဆောက်ပြီးတဲ့အခါမှာတော့ စိတ်ဓာတ်ဟာ အေးငြိမ်းသွားပြီး နေသာ ထိုင်သာ ရှိသွားတယ်။ စားနိုင် အိပ်နိုင် သွားတယ်။ သာသနာကို ကြည်ညိုချီးမြှောက်တဲ့ မင်းကောင်းတစ်ပါးဖြစ်လာတယ်။ ဒါဟာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ကန်တော့တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးဖြစ်တယ်။
မေး။ ။ သီလ မဆောက်တည်ခင် ဒါနမပြုခင် ဘာဝနာကမ္မဋ္ဌာန်းမပွားခင် သြကာသ ကန်တော့မှုကို ဆရာတော်ကြီးတွေဟာ ဘယ်ရည်ရွယ်ချက်နဲ့ စီစဉ်ခဲ့ပါသလဲ။
ဖြေ။ ။ သီလဆောက်တည်တယ်၊ အလှူဒါနပြုတယ်ဆိုတာက လူချမ်းသာ၊ နတ်ချမ်းသာကို ရရှိဖို့ဖြစ်တယ်။ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတယ်ဆိုတာက စျာန်အဘိညာဉ် မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဖြစ်တယ်။ ဒီဒါန၊ သီလ၊ ဘာဝနာမှုတွေဟာ သူ့မူလ သဘာဝအားဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်တယ်။ ဒါပေမယ့် ဒီဒါန၊ သီလ၊ ဘာဝနာ အားထုတ်မှုဟာ ပဉ္စာနန္တရိယကံ၊ ရတနာသုံးပါး မိဘဆရာတွေကို ပြစ်မှားခြင်းဆိုတဲ့ အပြစ်တွေ ရှိနေတဲ့အခါမှာ အဲဒီအပြစ်ကြီးတွေက ကြားက ဝင်ခံနေတဲ့အတွက် သူပြုတဲ့ ဒါန၊ သီလ၊ ဘာဝနာတွေဟာ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်ချမ်းသာကို မပေးစွမ်းနိုင်တော့ဘူး။ ဒါကြောင့် ဒီပြစ်မှားမှုတွေ ရှိနေတာကို သဂ္ဂန္တရာယ် နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မရောက်နိုင်တဲ့အပြစ်၊ မဂ္ဂန္တရာယ် မဂ်ဖိုလ်မရနိုင်တဲ့အပြစ်တွေ ရှိနေတယ်လို့ ဆိုရတယ်။ ဒီသဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ်တွေ ရှိနေတဲ့ ပုဂ္ဂိုလ်အဖို့ ကုသိုလ်တွေ ဘယ်လောက်ပဲပြုပြု၊ နတ်ရွာနိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။ ဘုရားရှင်ကိုယ်တိုင်နဲ့ တွေ့ပြီး ဘုရားသာသနာ အလွန်ကြည်ညိုတဲ့ အဇာတသတ်မင်းဟာ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ်ခဲ့ပေမယ့် သေတဲ့အခါ လောဟကုမ္ဗိငရဲမှာ အနှစ်ခြောက်သန်း ခံရသလိုပါပဲ။
ဆီဖယောင်းစွန်းနေတဲ့ စက္ကူပေါ်မှာ မင်နဲ့စာရေးလို့ မထင်သလို သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ရှိနေတဲ့လူဟာလဲ ကုသိုလ်ပြုလို့ အကျိုးမထင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခု ပြုမယ့်လူဟာ ဒီကုသိုလ်တွေရဲ့ အကျိုးပေးကို တားမြစ်နိုင်တဲ့ သဂ္ဂန္တရာယ်၊ မဂ္ဂန္တရာယ် အပြစ်ကြီးတွေ ကင်းစင်နေဖို့ လိုပါတယ်။ မိမိရေးမယ့် စာရွက်မှာ ဆီ ဖယောင်း အစွန်းအကွက် မရှိဖို့ လိုသလိုပါပဲ။ ဒီအန္တရာယ်ကြီး နှစ်ခုနဲ့ အခြားအပြစ်ငယ်ကလေးများပါ ကင်းစင်ပပျောက်စေဖို့အတွက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တစ်ခုခုကို ပြုမယ့်သူတွေကို ကုသိုလ်မပြုခင် သြကာသကန်တော့ခန်းနဲ့ ကြိုတင် ကန်တော့ခိုင်းခြင်း ဖြစ်တယ်။ ရှေးဆရာတော်ကြီးများ အမြော်အမြင် ကြီးမားတော် မူကြပါပေရဲ့။
မေး။ ။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားမိတဲ့ အပြစ်တွေကို ဝန်ချကန်တော့လို့ ကျေပျောက်နိုင်ပါသလား။
ဖြေ။ ။ ဒီအဓိပ္ပာယ်ရှိတဲ့ မေးခွန်းမျိုးကို စွယ်စုံကျော်ထင်ကျမ်းမှာ အောက်ပါအတိုင်း ကျည်းကန်ရှင်ကြီးက မေးထားပါတယ်။
ပြစ်မှားမိသည်၊ ကန်တော့မည်။
ပြစ်ခြည်ကုန်ခန်းပါလိမ့်မည်နည်း။ (အပိုဒ်-၇၁၇)
အထက်ပါအမေးကို ကျီးသဲလေးထပ်ဆရာတော်က တိကနိပါတ် အင်္ဂုတ္တုရ်အဋ္ဌကထာပါဠိကို ကိုးကားဖြေထားပါတယ်။ အဲဒီ အဋ္ဌကထာပါဠိ မြန်မာပြန်အဓိပ္ပာယ်ကို ဖော်ပြပါတယ်။
မိခင်၊ ဖခင်၊ စေတီ၊ ဗောဓိပင်နှင့် ရဟန်းသံဃာတွေအပေါ် ဒေါသစိတ်ဖြင့် ပြစ်မှားမိသည်ရှိသော် အကျွန်ုပ်ပြစ်မှားမိသော အပြစ်ကို သည်းခံ ခွင့်လွှတ်တော်မူပါဟု တောင်းပန်ဝန်ချ ကန်တော့အံ့၊ ထိုသို့ ဝန်ချကန်တော့သည်နှင့် တစ်ပြီုင်နက် ထိုမကောင်းမှု ကံတို့သည် ပပျောက်ကုန်၏၊ ကန်တော့ရသော ကုသိုလ်သည် ပြစ်မှားမိသော အကုသိုလ်အကျိုးပေးကို တားမြစ်လိုက်သဖြင့် ပြစ်မှားမိတဲ့ အကုသိုလ်ဟာ အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားတယ် (အသီးမသီးတဲ့ အဖိုပွင့်လို ဖြစ်သွားတယ်)၊ ဒီလို ကန်တော့လိုက်တဲ့အတွက် ပြစ်မှားမိတဲ့ အပြစ်ဟာ နတ်ပြည်ရောက်ဖို့ကိုလဲ မတားမြစ်နိုင်ပါဘူး။ မဂ်ဖိုလ်ရမှုကိုလဲ မတားမြစ်နိုင်ဘူး။
မေး။ ။ ပြစ်မှားမိတဲ့ အပြစ်ကို ဝန်ချကန်တော့လို့ ပြေပျောက်သွားတဲ့ သာဓကရှိပါသလား။
ဖြေ။ ။ ရှိပါတယ်။ သောရေယျ သူဌေးသားဟာ လှပသပ္ပာယ်ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်ကစ္စည်းထေရ်ကို တွေ့တဲ့အခါ “ဒီမထေရ် ငါ့မယားလေးဖြစ်ရင် ကောင်းမှာပဲ၊ ငါ့မယားလေး ဒီမထေရ်လိုလှရင် ပိုချစ်မှာပဲ” ဟု စိတ်ထဲမှာ ပြစ်မှားမိတယ်။ သူဌေးသားဟာ ချက်ချင်း မိန်းမဘဝ ပြောင်းသွားတယ်။ မိန်းမဘဝနဲ့ သိဟောင်း ကျွမ်းဟောင်းတွေ သိကုန်မှာစိုးလို့ တက္ကသိုလ်ပြည်ကို ထွက်ပြေးပြီး သူဌေးသားတစ်ယောက်နဲ့ အိမ်ထောင်ကျကာ သားနှစ်ယောက် ရတယ်။ နောင်အခါမှ ကန်တော့လျှင် အပြစ်ပျောက်မှန်းသိ၍ ရှင်မဟာကစ္စည်းထေရ်ကို သွားရောက်ကန်တော့မှ ယောက်ျားပြန်ဖြစ်တဲ့အကြောင်း ဓမ္မပဒအဋ္ဌကထာမှာ ပြထားတယ်။
နောက်ထပ်သာဓက တစ်ခုကိုတော့ ပါရာဇိကဏ်နဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ပြထားတယ်။ ရဟန်းငယ်တစ်ပါးနဲ့ ရဟန်းကြီးတစ်ပါး ဆွမ်းခံတူ ကြွရာမှာ အိမ်တစ်အိမ်က ဆန်ပြုတ် တစ်ပန်းကန်စီ ရပါတယ်။ ရဟန်းကြီးက ဆာလောင်အားကြီးလို့ လေနာထနေတာနဲ့ လူသူရှင်းတဲ့ တစ်နေရာမှာထိုင်ပြီး ဆန်ပြုတ်ကို ဖုံးပေးလိုက်ပါတယ်။ ဒါကို ရဟန်းငယ်မြင်တော့ “ဒီကိုယ်တော်ကြီးကလဲ အစားငန်းလိုက်တာ အရှက်မရှိဘူး”လို့ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်။
ကျောင်းပြန်ရောက်တော့ ရဟန်းကြီးက ရဟန်းငယ်ကို ဘယ်မဂ်ဖိုလ်အထိ ရပြီလဲလို့ မေးပါတယ်။ ရဟန်းငယ်က သောတာပန်ဖြစ်ကြောင်း ပြန်ပြောတဲ့အခါ သင်အထက်မဂ်အတွက် ဆက်အားမထုတ်နဲ့တော့။ ရဟန္တာကို ပြစ်မှားမိလို့ မဂ္ဂန္တရာယ်ဖြစ်နေပြီ။ အထက်မဂ်ဖိုလ် မရနိုင်တော့ဘူးလို့ ပြောပါတယ်။ ဒီတော့မှ ရဟန်းငယ်ဟာ ရဟန္တာကို ပြစ်မှားမိတဲ့အပြစ်ကို ခွင့်လွှတ်သည်းခံပါလို့ ဝန်ချတောင်းပန်ရတယ်။ ဒါက တောင်းပန်ကန်တော့ရင် အပြစ်မှပြေပျောက်တဲ့ သာဓကတွေဖြစ်တယ်။
ရန်သူတောင်မှ တောင်းပန်ရင် ကျေနပ်ရတယ်ဆိုတဲ့ မြန်မာအစဉ်အလာ လက်သုံးစကားနဲ့ အပြင်းအထန် ရန်ခိုက်ဒေါသဖြစ်ကြပြီးမှ ကြေရာကြေကြောင်း တောင်းပန်လို့ ခွင့်လွှတ်ပြီး မိတ်ဆွေအဖြစ် ပေါင်းသင်းနေကြတဲ့ မျက်မြင်ဒိဋ္ဌ သာဓကတွေကို ကြည့်ရင်လဲ ဝန်ချကန်တော့ရင် အပြစ်ပျောက်တယ်ဆိုတာ ထင်ရှားပါတယ်။
မပြစ်မှားမိအောင်လဲ ဒေါသစိတ်ကို ထိန်းသိမ်းပါ။ စိတ်မထိန်းနိုင်လို့ ပြစ်မှားမိရင်လဲ ဝန်ချကန်တော့ဖို့ ဝန်မလေးကြပါနဲ့လို့ သတိပေးလိုပါတယ်။
မေး။ ။ ပြစ်မှားကျူးလွန်မိတဲ့ သူက ဝန်ချကန်တော့တာကို ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။
ဖြေ။ ။ ပြစ်မှားကျူးလွန်မိတဲ့လူက သူ့ရဲ့အပြစ်ကို သူသိလို့ ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ပါလျက် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က သည်းမခံ ခွင့်မလွှတ် အခဲမကျေဘူးဆိုရင် အဲဒီကန်တော့ခံ ပုဂ္ဂိုလ်ဟာ လူမိုက်ဖြစ်တယ်။ သည်းခံခွင့်လွှတ်တဲ့ ပုဂ္ဂိုလ်မှ ပညာရှိသူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် ပါဠိတော်မှာ ဘုရားရှင်ဟောကြားထားပါတယ်။ ဘုရားရှင်နှင့် ရဟန္တာ အရှင်သူမြတ်တွေဟာ တစ်ပါးသောသူရဲ့ အပြစ်ကြားသည်ကို သည်းခံစေကြောင်း ခွင့်တောင်းကန်တော့သည်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံကြတဲ့ထုံးကို နှလုံးမူပြီး မိမိက ကန်တော့ခံ ပုဂ္ဂိုလ်ဖြစ်တဲ့အခါ သူတစ်ပါးရဲ့ အပြစ်ကို ကျေကျေနပ်နပ် ခွင့်လွှတ်သည်းခံခြင်းဖြင့် ပညာရှိအဖြစ် ခံယူနိုင်ကြဖို့ အထူးသတိပြုကြရပါမယ်။
မေး။ ။ သြကာသ ကန်တော့ခန်းကို ဘယ်ခေတ် ဘယ်ဆရာတော် စီစဉ်ရေးသားခဲ့ပါသလဲ။
ဖြေ။ ။ သြကာသ ကန်တော့ခန်းကို ဘယ်ခေတ်က ဘယ်ဆရာတော် ရေးသားခဲ့တယ်လို့ မှတ်တမ်း အခိုင်အမာ ရှာမတွေ့သေးပါဘူး။ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် သထုံမှ မွန်ရဟန်းတော် ရှင်အရဟံဟာ ထေရဝါဒ ဗုဒ္ဓဘာသာမျိုးစေ့ကို စတင်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သြကာသကန်တော့ခန်းကိုလဲ ရှင်အရဟံပင် စီစဉ်ရေးသားခဲ့ပေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
မွန်လူမျိုးတွေထဲမှာ သြကာသနဲ့စတဲ့ မွန်ကန်တော့ခန်းနဲ့ ကန်တော့တဲ့ အစဉ်အလာဟာ ယခုတိုင် ရှိနေသေးတဲ့အတွက် အထက်ပါ ခန့်မှန်းချက်ဟာ ဟုတ်လောက်စရာ ရှိပါတယ်။ ဒါပေမယ့် စကားလုံးဖွဲ့စည်းပုံနဲ့ ဝါကျတည်ဆောက်ပုံကို ကြည့်ပြီး ပုဂံခေတ် မြန်မာစာ အရေးအသား မဟုတ်နိုင်ဘူးလို့ တချို့ပညာရှင်တွေက ယူဆကြတယ်။ မူလမွန်ရဟန်းတော် ရှင်အရဟံမထေရ်က ရှေးမွန်ဆရာတော်ကြီးများ စီစဉ်ရေးသားသည့် မွန်ကန်တော့ခန်းကို မှီငြမ်းပြု၍ မြန်မာဘာသာဖြင့် တီထွင်ချက်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မြန်မာဆရာတော် အစဉ်အဆက်တို့က ခေတ်နဲ့အညီ ပြင်ဆင်ရေးသားလာခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။
ဆရာတော် ခင်ကြီးပျော် ရေးသားတယ်လို့ တစ်ဆင့်ကြား မှတ်တမ်းတင်ထားချက် တချို့တော့ရှိတယ်။ သုတေသီအများစုက လက်မခံကြပါဘူး။ ပင်းယခေတ် ပတူးကြီး သံဃရာဇာက သြကာသ ဒီပနီပါဌ်ကို ရေးခဲ့တယ်ဆိုတော့ ဒီကန်တော့ခန်းဟာ ခင်ကြီးပျော် မတိုင်မီကတည်းက ရှိနှင့်ပြီး ဖြစ်ရမယ်လို့ ယူဆရပါမယ်။
မေး။ ။ ကန်တော့ခြင်း ဘယ်နှစ်မျိုးရှိသလဲ။
ဖြေ။ ။ ကိုယ်က ပြစ်မှားမိလို့ အပြစ်ပြေရာပြေကြောင်း ပြန်ကန်တော့တဲ့အခါမှာ ကန်တော့ပုံ ကန်တော့နည်းက သုံးမျိုးရှိတယ်။ တိုက်ရိုက်ကန်တော့နည်းနှစ်မျိုးနဲ့ ကိုယ်စားကန်တော့နည်းက တစ်မျိုးဖြစ်တယ်။ ကြီးသူက ငယ်သူကို ပြစ်မှားမိတဲ့အခါကျတော့ ပြစ်မှားခံရတဲ့ လူငယ် ဂုဏ်ငယ်သူထံသွားပြီး မာန်မာနနှိမ့်ချတဲ့ အမူအရာ အသံအနေအထားနဲ့ ငါကတော့ သင့်ကို ပြစ်မှားမိတယ်။ ဒီအဖြစ်ကို သည်းခံပါလို့ ဝန်ချတောင်းပန်ရမယ်။ ဒါကို ခမာပန၊ သည်းခံစေခြင်း၊ အစ္စယဒေသနာ အပြစ်ကိုပြောကြား ကုစားခြင်းလို့ ခေါ်တယ်။
ငယ်သူက ကြီးသူကို ပြစ်မှားမိတဲ့အခါကျတော့ အပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ရှေ့မှာ အရိုအသေထိုင်ပြီး တပည့်တော် ကျွန်တော် ကျွန်မ ဒီအပြစ်ကို ပြစ်မှားကျူးလွန်မိတယ်။ ဒီအပြစ်ကို သည်းခံခွင့်လွှတ်ပါဆိုပြီး ရှိခိုးကန်တော့ရတယ်။ ကိုယ်စား ကန်တော့တယ်ဆိုတာကတော့ ပြစ်မှားခံရတဲ့သူဟာ ကန်တော့ခံနိုင်တဲ့ အခြေအနေမရှိဘူး။ သေချင်သေသွားမယ်၊ အဝေးရောက်ချင် ရောက်နေမယ်။ တစ်ခါတလေကျတော့ အမှတ်တမဲ့ ဘယ်သူ့ကို ဘယ်တုန်းက ဘယ်လိုပြစ်မှားမိမှန်း မသိတာလဲရှိတယ်။ အဲဒီလို အခါမျိုးကျတော့ အပြစ်မှားခံရသူရဲ့ ကိုယ်စား ရတနာသုံးပါးကို ကန်တော့ရတယ်။ ဒါကြောင့် သြကာသ ကန်တော့ကြိုးဟာ ဒီလို ကိုယ်စား ကန်တော့တဲ့အခါမှာ ဆိုရတဲ့ ကန်တော့ကြိုး ဖြစ်တယ်။
မေး။ ။ သြကာသမူ ဘယ်နှစ်မျိုးရှိသလဲ။
ဖြေ။ ။ သြကသဟာ မူအမျိုးမျိုးရှိတယ်။ မူအမျိုးမျိုးဆိုပေမယ့် သြကာသ၊ သြကာသစပြီး … ပထမ၊ ဒုတိယ၊ တတိယ အထိသာ ကွဲလွဲကြတာ များတယ်။ ကျန်တာတွေကတော့ အတူတိူလုပါပဲ၊ ဒီလိုရှေ့ပိုင်းမှာ ကွဲလွဲရတာဟာလဲ ရှေ့မှာ ရေးခဲ့တဲ့အတိုင်း မူလ သြကာသ ကန်တော့ခန်းကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလိုက်တဲ့အတွက် ဖြစ်တယ်။ ဒီတော့ မူလကန်တော့ခန်း သြကာသကို အပြည့်အစုံ ရေးပြမယ်။ နောက်မှ ကာလဒေသအလျောက် ပြင်ဆင်ပြောင်းလဲမှု တွေကိုတော့ ကွဲလွဲတဲ့နေရာအထိပဲ မူကွဲအနေနဲ့ ရေးပြမယ်။ မူကွဲတွေကိုလဲ အားလုံးရေးပြမနေဘဲ အသုံးများရာ မူကွဲလောက်သာ ရေးပြမယ်။
သြကာသ ကန်တော့ခန်း
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် (ကံကို ပြုမှားမိသည်ရှိသော်) ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သောဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ကန်တော့ခန်းမူကွဲ
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ …
သြကာသ ဘုရားရှိခိုးမူကွဲ
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …
ဘုရားရှိခိုးမူကွဲ
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရတည်းဟူသော သုံးပါးသော ဒွါရတို့ဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …
ကန်တော့ရှိခိုးမူကွဲ
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွဲ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ …
မေး။ ။ သြကာသကန်တော့ခန်းကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ သြကာသမူကွဲ ငါးမျိုးမှာ ပထမနှစ်မျိုးက ကာလဒေသအလျောက် အဆိုအနည်းငယ် ကွဲပြားပေမယ့် ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်က အတူတူဖြစ်တယ်။ အစမထင် သံသရာကစပြီး အခုဘဝ၊ လွန်ခဲ့တဲ့ အတိတ်ကာလတွေမှာ ရတနာသုံးပါး ဆရာမိဘနဲ့ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟအပေါ်မှာ ကိုယ်နဲ့ စိတ်နဲ့ နှုတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တစ်စုံတစ်ရာ ရှိကောင်းရှိမယ်။ တကယ်လို့များ ရှိခဲ့ရင် ထိုအပြစ်များ ပပျောက်ဖို့အတွက် ရတနာသုံးပါးကို ရှိခိုးကန်တော့တဲ့ ကန်တော့ကြိုးဖြစ်တယ်။
ဒါနမှု၊ သီလမှု၊ ဘာဝနာမှု တစ်ခုခု လုပ်တယ်ဆိုတာ ကုသိုလ်ရဖို့ ဖြစ်တယ်။ ကုသိုလ်ဆိုတာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သောအကျိုးကို ခံစားရဖို့ ဖြစ်တယ်။ ကုသိုလ်ပြုတဲ့လူဟာ ကာယကံ၊ ဝစီကံ၊ မနောကံ အပြစ်တွေကို အခံရှိနေမယ်ဆိုရင် ပြုတဲ့ကုသိုလ်ဟာ အကျိုးမဖြစ်ထွန်းဘူး။ ဒါကြောင့် ကုသိုလ်တစ်ခုခု မပြုခင်မှာ မိမိမှာ ရှိကောင်းရှိနေမှာ ဖြစ်တဲ့ အပြစ်တွေ ကင်းစင်နေဖို့အတွက် ရတနာသုံးပါးကို ကန်တော့ဖို့ ဒီသြကာသ ကန်တော့ကြိုးကို စီစဉ်ထားခြင်း ဖြစ်တယ်။
မေး။ ။ သြကာသ ဘုရားရှိခိုးကို စီစဉ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ကန်တော့တယ်ဆိုတာက အပြစ်ပျောက်ဖို့ ကန်တော့တာ။ ဒီအပြစ်ကလဲ တကယ်ရှိ မရှိ အတတ်သိရတာ မဟုတ်ဘူး။ အပါးပါးသော ကံဖြင့် ပြစ်မှားမိသည်ရှိသော် ဆိုတာကိုက မသေချာတဲ့ သဘောကို ပြနေတယ်။ ပြစ်မှားမိတဲ့ အပြစ်ရှိရင်တော့ ကန်တော့ရလို့ အပြစ် ပြေပျောက်နိုင်ပေမယ့် ပြစ်မှားမိတဲ့ အပြစ်မရှိရင် ကန်တော့လို့ ဘာအကျိုးမှ ရမှာမဟုတ်ဘူး။ ရတနာသုံးပါးကို ရှိခိုးပူဇော်တာကတော့ မုချ အကျိုးခံစားရမှာ ဖြစ်တယ်။ အကျိုးရမှု မသေချာဘဲ ရော်ရည်မှန်းဆ ကန်တော့တာထက် အကျိုးရမှု သေချာတဲ့ ရှိခိုးပူဇော်တာက ပိုကောင်းတယ်ဆိုပြီး သြကာသ ကန်တော့ကြိုးကို သြကာသ ဘုရားရှိခိုးအဖြစ် ပြောင်းလဲ စီစဉ်လိုက်ပုံရတယ်။
မေး။ ။ ကာယဒွါရ၊ ဝစီဒွါရ၊ မနောဒွါရ တည်းဟူသော သုံးပါးသောဒွါရတို့ဖြင့် သြကာသ ဘုရားရှိခိုးကို တီထွင်တဲ့ ဆရာတော်ရဲ့ အာဘော်က ဘယ်လိုလဲ။
ဖြေ။ ။ သြကာသကန်တော့ကြိုးကို သြကာသဘုရားရှိခိုး ပြောင်းခဲ့တဲ့ မူရင်းမှာ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့်လို့ ထွင်ခဲ့ပုံရတယ်။ ယနေ့တိုင် အများစုကလဲ ဒီအတိုင်းပဲ ဆိုနေကြတယ်။ ဒါပေမယ့် ၁၂၁၇-ခုနှစ်လောက်တုန်းက အုတ်ဖိုမြို့ ရွှေဆံတော်စေတီ အရံဥပုသ်ဇရပ်တစ်ခုမှာ ဥပုသ်သည်တစ်စုက ကာယကံ ဝစီကံ မှန်တယ်၊ ကျန်တစ်စုက ကာယဒွါရ ဝစီဒွါရဆိုမှ မှန်တယ်ဆိုပြီး အငြင်းပွားကြတယ်။ ဒကာတစ်စုက အုတ်ဖိုဆရာတော်ကြီးထံ သွားလျှောက်ထားကြတဲ့အခါ ဆရာတော်ကြီးက တိကအင်္ဂုတ္တုရ် ဝန္ဒနာသုတ်ကို ကိုးကားပြီး ဒွါရဖြင့် ရှိခိုးတာ မှန်တယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒကာအချို့က ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးထံ သွားလျှောက်တဲ့အခါ ကံဖြင့် ရှိခိုးကန်တော့တာ မှန်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး သြကာသဟာ ကာယကံ ဝစီကံနဲ့ တစ်မျိုး၊ ကာယဒွါရ၊ ဝစီဒွါရနဲ့ တစ်မျိုးဆိုပြီး နှစ်မျိုးကွဲခဲ့တယ်။
အဲဒီ ဒွါရကိစ္စမပေါ်မီ အုတ်ဖိုဆရာတော်ကြီးနဲ့ ကျန်သံဃာတော်တစ်စုဟာ တံတားနဲ့ ဆက်ထားတဲ့ ရေသိမ်ကိစ္စနဲ့ ပတ်သက်ပြီး ဂိုဏ်းကွဲနေတယ်။ ဘာဂိုဏ်းရယ်လို့ နာမည်သီးခြား မရှိသေးဘူး။ အုတ်ဖိုဆရာတော်ကြီးက သြကာသ သြကာသ သြကာသ ကာယဒွါရ ဝစီဒွါရ စသဖြင့် ရှိခိုးလို့ ဒွါရဂိုဏ်းလို့ နာမည်တွင်လာပြီး ကျန်သံဃာဂိုဏ်းက ကာယကံ ဝစီကံနဲ့ ရှိခိုးလို့ ကံဂိုဏ်းဆိုပြီး တွင်လာတယ်။ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်းတွေကလဲ ကာယကံ ဝစီကံပဲ အဆိုများလို့ ဒွါရဂိုဏ်းက ကျန်သံဃာအားလုံးကို ကံဂိုဏ်းလို့ ခေါ်တယ်။ ကံမှန်တယ်၊ ဒွါရမှန်တယ် ဆိုတဲ့ ပြဿနာဟာ မင်းတုန်းမင်းလက်ထက် သုဓမ္မာသံဃာ အစည်းအဝေးကို ရောက်သွားတယ်။ သာသနာပိုင် မောင်းထောင်ဆရာတော်က နှစ်မျိုးလုံး မှန်တယ်လို့ ဆုံးဖြတ်တယ်။ ဒါကြောင့် ကံနဲ့ဖြစ်ဖြစ် ဒွါရနဲ့ဖြစ်ဖြစ် မိမိတို့ကြိုက်ရာ မိမိတို့ရရာ သြကာသနဲ့ ရှိခိုးနိုင်တယ်။
မေး။ ။ သြကာသကို ဘုရားရှိခိုး ကန်တော့ကြိုးဖြစ်အောင် တီထွင်တဲ့ ဆရာတော်ရဲ့ သဘောက ဘယ်လိုလဲ။
ဖြေ။ ။ သြကာသကို ကန်တော့ကြိုးအနေနဲ့ ဆိုပြီး ကန်တော့ရင် အပြစ်ရှိရင် အပြစ်ပျောက်မယ်။ အပြစ်မရှိရင် ဘာမှ မရဘူး။ သြကာသကို ဘုရားရှိခိုးအနေနဲ့ ဆိုပြီး ရှိခိုးပြန်ရင် ရှိခိုးတဲ့ ကုသိုလ်ရမယ်။ ပြစ်မှားမိတဲ့ အပြစ်ရှိရင် မပြေပျောက်ဘူး။
ဒီသြကာသ ကန်တော့ကြိုးနဲ့ ဘုရားရှိခိုး နှစ်မျိုးလုံးဟာ တစ်ဖက်မိ တစ်ဖက်လွတ် ဖြစ်နေတယ်။ အပြစ်လဲပျောက် အကျိုးလဲရအောင်ဆိုပြီး သြကာသကန်တော့ခန်း ဘုရားရှိခိုးကို တီထွင်လိုက်တယ်။ ကာယကံစတဲ့ အပြစ်တွေပျောက်ဖို့ ကန်တော့ပါ၏၊ အသက်ရှည်ခြင်းစတဲ့ အကျိုးတွေရဖို့ ရှိခိုးပူဇော်ပါ၏လို့ ရှိခိုးကန်တော့တယ်။
မေး။ ။ သြကာသအမျိုးမျိုးထဲမှာ ဘယ်မူဟာ ပင်ရင်းဖြစ်မလဲ။
ဖြေ။ ။ သြကာသအမျိုးမျိုးဟာ သူ့နည်းနဲ့ သူတော့ အဓိပ္ပာယ်ရှိတာချည်းပဲ။ ဒါပေမယ့် သြကာသ ကန်တော့ခန်းကတော့ မူရင်းဖြစ်ဖို့ များတယ်။ အထက်အောက် မြန်မာပြည်အနှံ့ ဆိုကြတာလဲ ကန်တော့ကြိုး သြကာသပဲ ဖြစ်ပါတယ်။ မြန်မာတွေထက် ထေရဝါဒ ဗုဒ္ဓဘာသာကို စောပြီး ကိုးကွယ်နေကြတဲ့ မွန်လူမျိုးတွေရဲ့ သြကာသကို ကြည့်ရင်လဲ ဘုရားရှိခိုးမဟုတ်ဘဲ ကန်တော့ခန်းဖြစ်တာ ထင်ရှားပါတယ်။ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုရဲ့ အဦးအစမှာ ပြုလုပ်တဲ့ သြကာသဟာ သီးခြားကုသိုလ်တစ်ခု ရဖို့ထက် ရမယ့်ကုသိုလ်တွေ အကျိုးပေးထက်သန်အောင် ပြုလုပ်သူမှာ အပြစ်ကင်းစင်နေဖို့ ဆိုတာက ပိုပြီး သဘာဝကျပါတယ်။ ကန်တော့ကြိုး သြကာသဟာ မူရင်းဖြစ်ပုံရပါတယ်။ ဒါကြောင့် မူရင်းဖြစ်ပုံရတဲ့ သြကာသကန်တော့ခန်းကိုပဲ ဆက်လက်ရှင်းပြသွားမယ်။
မေး။ ။ ကိုယ်၊ နှုတ်၊ စိတ်နှလုံးသုံးပါးမှာ တစ်ပါးပါးနဲ့ ပြစ်မှားတဲ့လူဟာ ဝန်ချကန်တော့ခြင်း မပြုရင် ဘာဖြစ်သလဲ။
ဖြေ။ ။ ပုထုဇဉ်သဘာဝ လူလူချင်း ဆက်ဆံကြတဲ့ နေရာမှာ တစ်ဦးကို တစ်ဦးက အပြန်အလှန် ပြစ်မှားမိတတ်ကြတယ်။ မိမိပြစ်မှားမိတဲ့ အပြစ်ကို အပြစ်တစ်ခုအနေနဲ့ မရှုတဲ့လူ၊ အပြစ်ရှိမှန်း သိပေမယ့် ဝန်ချကန်တော့ခြင်း မရှိတဲ့လူကို လူမိုက်ဖြစ်တယ်လို့ အင်္ဂုတ္တိုရ် အစ္စယသုတ်မှာ ဟောထားတယ်။ ရေကြောင့်ဖြစ်တဲ့ နွံကို ရေနဲ့ပဲ ပြန်ဆေးရသလို စိတ်ကြောင့်ဖြစ်တဲ့ ပြစ်မှားမှုကိုလဲ မာန်မာန နှိမ့်ချတဲ့စိတ်နဲ့ပဲ ဝန်ချကန်တော့ရုံနဲ့ ဖြေဖျောက်နိုင်တယ်။
ငွေမကုန် လူမပန်းဘဲ ဝန်ချတောင်းပန်ရုံ လွယ်လွယ်လေးနဲ့ ပပျောက်နိုင်တဲ့ အပြစ်တစ်ခုကို ဂုဏ်သိက္ခာအကျခံပြီး သင်းကို ဘာလို့ ကန်တော့ရမှာလဲ ဆိုတဲ့ မာန်မာနလေးကြောင့် မကန်တော့ဘဲ သံသရာကြွေးအဖြစ်နဲ့ ဘဝသံသရာ အဆက်ဆက် သယ်ဆောင်သွားမယ်ဆိုရင် ဒီထက်မိုက်တဲ့လူဟာ လောကမှာ မရှိတော့ဘူး။
အပြစ်ကို အပြစ်ဟု ရှုတဲ့လူ၊ ထိုအပြစ်ကို ဝန်ချတောင်းပန် ကန်တော့ခြင်းဖြင့် ကုစားတဲ့လူဟာ ပညာရှိ သူတော်ကောင်း ဖြစ်တယ်လို့ တိကအင်္ဂုတ္တုရ် အစ္စယသုတ်မှာပဲ ဆက်ဟောထားတဲ့အတွက် ပုထုဇဉ်သဘာဝ လွန်ကျူးမိတဲ့ ပြစ်မှားမှုတွေကို မာန်မာန နှိပ်ချကန်တော့ခြင်းဖြင့် သံသရာကြွေးကင်းသော ပညာရှိ သူတော်ကောင်းအဖြစ် ခံယူနိုင်ကြပါစေ။
မေး။ ။ ဗုဒ္ဓဘာသာတွေဟာ ရတနာသုံးပါးကို ပြစ်မှားတဲ့လူ မရှိပါဘူး။ ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ အပိုဖြစ်မနေဘူးလား။
ဖြေ။ ။ အရာရာကို ဝေဖန် ဆန်းစစ်ပြီးမှ လက်ခံတဲ့ခေတ်မှာ ဒီမေးခွန်းကို မကြာခဏ ကြားနေရတယ်။ အမှန်မှာတော့ ရတနာသုံးပါးကို ပြစ်မှားမိလို့ ကန်တော့တာ မဟုတ်ဘူး။ အိမ်ထောင်စုတစ်ခုအတွင်း၊ အလုပ်ဌာန၊ ကျောင်းတွေနဲ့ ရပ်ကွက်မြို့ရွာ လူ့အဖွဲ့အစည်း တစ်ရပ်အတွင်းမှာ သိသိထင်ထင်ဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ပြစ်မှားကျူးလွန်မှုတွေကို ပြုလုပ်မိတတ်ကြပါတယ်။ အဲဒီသားသမီးနဲ့ မိဘဆရာနဲ့ တပည့် ညီအစ်ကို မောင်နှမ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြစ်မှားမိတဲ့ အပြစ်တွေပျောက်ဖို့ ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကိုယ်စား ဗုဒ္ဓဘာသာရဲ့ အမြတ်ဆုံး အလေးစားအပ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ကန်တော့ရခြင်း ဖြစ်တယ်။ ဒါကြောင့် ရတနာသုံးပါးကို မပြစ်မှားပေမယ့် ကန်တော့တာဟာ အပိုမဟုတ်ပါဘူး။ ပြစ်မှားမခံရတဲ့လူ မရှိတော့တဲ့အခါ၊ ဘယ်တုန်းက ဘယ်သူ့ကို ပြစ်မှားမိတယ်လို့ မသိတဲ့အခါ၊ လေးစားအပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက် ဒါမှမဟုတ် ရတနာသုံးပါးကို ကန်တော့ရမယ်လို့ ရှေ့မှာလဲ ညွှန်ကြားဖော်ပြ ထားခဲ့ပါပြီ။ ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ မမှားပါဘူး။
မေး။ ။ ကန်တော့ခန်းအစ သြကာသ သြကာသဆိုတာ ဘာအဓိပ္ပာယ်လဲ။
ဖြေ။ ။ သြကာသဆိုတဲ့ စကားလုံးဟာ ပါဠိစကားလုံးဖြစ်တယ်။ ဒီသြကာသပုဒ်ဟာ အဓိပ္ပာယ်အမျိုးမျိုး ဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့ အခွင့်လို့ အဓိပ္ပာယ်ရှိတယ်။ ပါဠိကျမ်းဂန်တွေမှာ တစ်စုံတစ်ရာ လျှောက်ထားမေးမြန်းချင်တဲ့အခါ “သြကာသံကရောဟိ” “အခွင့်ပြုတော်မူပါဘုရား” “သြကာသံဒေဟိ” “အခွင့်ပေးတော်မူပါဘုရား”လို့ ခွင့်ပန်ပြီးမှ မေးလျှောက်လေ့ရှီတယ်။ အဲဒီပါဠိတော် အစဉ်အလာကို မှီငြမ်းပြုပြီး “ကရောဟိ” “ဒေဟိ” ဆိုတဲ့ ကြိယာကို ဖြုတ်ပြီး သြကာသ သြကာသ သြကာသ ရှိခိုးကန်တော့ပါရစေဘုရား။ ရှိခိုး ကန်တော့ပါရစေဘုရား၊ ရှိခိုးကန်တော့ပါရစေဘုရားလို့ ကန်တော့ ခွင့်တောင်းခြင်းဖြစ်တယ်။ နှစ်ကြိမ် သုံးကြိမ် ဆိုတာကတော့ ရိုသေလေးစားမှုကို ပြဖို့အတွက် ဖြစ်ပါတယ်။ ပိဋကတ်ပါဠိ ယဉ်ကျေးမှုကိုယူပြီး သီဟိုဠ်သားတွေကလဲ “အဝကသ်”လို့ ခွင့်တောင်းကြပြီး မွန်လူမျိုးတွေကလဲ “သြက္ကာဆ-သြက္ကာဆ”လို့ ခွင့်တောင်းကြတယ်။ ဒီသြကာသဆိုတဲ့ စကားလုံးလေးဟာ ပါဠိဘာသာက ဆင်းသက်လာတဲ့ သီဟိုဠ်၊ မွန်၊ မြန်မာယဉ်ကျေးမှု စကားလုံးဖြစ်တယ်လို့ မှတ်သားရမယ်။
မေး။ ။ ရတနာသုံးပါးကို ရှိခိုးကန်တော့တာဟာ ခွင့်တောင်းဖို့ လိုသေးသလား။
ဖြေ။ ။ လိုပါတယ်။ ကန်တော့တယ်ဆိုတာက ကိုယ်ကပြစ်မှားမိလို့ ကိုယ့်အပေါ်မှာ ကျရောက်နေတဲ့ အပြစ်တွေကို ပပျောက်ဖို့ ဝန်ချကန်တော့ခြင်း ဖြစ်တယ်။ ဒါကြောင့် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က ကျေနပ်ခွင့်လွွှတ် သည်းခံချင်အောင် ကန်တော့ခွင့်တောင်းရခြင်း ဖြစ်တယ်။
ဒီသြကာသ သြကာသ ကန်တော့ပါရစေ၊ ကန်တော့ခွင့်ပြပါဆိုတဲ့ ခွင့်တောင်းခြင်းကို ရှေ့ဆုံးကထားတာကို ထောက်ပြီး ဒီသြကာသ ဆိုရိုးဟာ ကန်တော့ခန်းဖြစ်တယ်။ ဘုရားရှိခိုးရိုးရိုး မဟုတ်ဘူးလို့ ရှေ့မှာဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်၍သာ ရတနာသုံးပါးကို ရိုသေလေးစားလို့ ရှိခိုးသက်သက်ဆိုရင် သြကာသ နိဒါန်းပျိုးပြီး ကန်တော့ခွင့်တောင်းစရာ မလိုဘူး။ အခုတော့ ကန်တော့ခန်းဖြစ်တဲ့အတွက် သြကာသ၊ သြကာသ၊ သြကာသလို့ ကန်တော့ခွင့်တောင်းနေရခြင်း ဖြစ်တယ်။ ပိဋကတွေထဲမှာလဲ ခွင့်တောင်းပြီးတော့မှ ရှိခိုးတာ မတွေ့ရပါဘူး။ ဒါကြောင့် မူလ သြကာသဟာ ကန်တော့ခန်းလို့ မှတ်ယူကြရပါမယ်။
မေး။ ။ သြကာသမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘာလဲ။
ဖြေ။ ။ သြကာသ မူကွဲငါးမျိုးမှာ ရှေ့နှစ်မျိုးက ကန်တော့ခန်း၊ အလယ်နှစ်မျိုးကတော့ ဘုရားရှိခိုး၊ နောက်ဆုံးက ရှိခိုးကန်တော့ကြိုးဆိုပြီး သုံးမျိုးကွဲနေတာကို ပြောခဲ့ပြီ။ ကန်တော့ခန်းမှာပါတဲ့ ကာယကံ စသည်နဲ့ ဘုရားရှိခိုးမှာပါတဲ့ ကာယကံစသည်ဟာ မတူဘူး။ ကန်တော့ခန်းမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာက ပြစ်မှားကျူးလွန်မှု စေတနာကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှား ကျူးလွန်မှု အကုသိုလ် ဒုစရိုက်တွေ ဖြစ်တယ်။ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တွေပျောက်အောင် ရတနာသုံးပါးကို ကန်တော့ပါလို့ ဆိုလိုတယ်။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တွေကတော့ ဒူးပုဆစ်တုပ်ကာ လက်အုပ်ချီဝပ်ချပြီး ကိုယ်ကာယဖြင့် ရှိခိုးခြင်း၊ အစိန္တေယျ၊ အပ္ပမေယျ စသည် ရွတ်ဆိုကာ နှုတ်ဖြင့်ရှိခိုးခြင်း၊ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နှလုံးသွင်းကာ စိတ်နဲ့ ရှိခိုးခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ရတနာသုံးပါးကို ရှိခိုးပါတယ်လို့ ဆိုလိုပါတယ်။
မေး။ ။ ကန်တော့ခန်းမှာပါတဲ့ ကာယကံဆိုတာ ဘာလဲ။
ဖြေ။ ။ ကာယကံဆိုတာက ကာယသမ္မဆိုတဲ့ ပါဠိဘာသာက ဆင်းသက်လာတဲ့ စကားလုံးပဲ။ ကိုယ်ထိလက်ရောက် ပြုလုပ်မှုလို့ အဓိပ္ပာယ်ရတယ်။ (၁) သူတစ်ပါး အသက်ကို ကိုယ်ထိလက်ရောက် သတ်ခြင်း။ (၂) သူ့ဥစ္စာကို ခိုးခြင်း။ (၃) သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း သုံးပါးကို ကာယကံ (၃)ပါး ကာယဒုစရိုက်သုံးပါးလို့ ခေါ်တယ်။ မိဘလူကြီး ဆရာသမားတွေကို မရိုမသေ ကိုယ်ထိလက်ရောက် ပြုမူခြင်း၊ မိဘစသည်တို့အပေါ် ကျော်လွှားခြင်း၊ ကျော်လွှား၍ ပစ္စည်းများ ပေးယူခြင်း၊ ခြေဆောင့်နင်းခြင်း၊ လက်သီး တုတ် ဓား စသည်ဖြင့် ခြိမ်းခြောက်ခြင်း၊ ထိုးခုတ်ရိုက်နှက်ခြင်း စတဲ့ အပြုအမူတွေဟာ ကာယကံအပြစ်တွေ ဖြစ်တယ်။
မေး။ ။ ကန်တော့ခန်းမှာပါတဲ့ ဝစီကံဆိုတာ ဘာလဲ။
ဖြေ။ ။ ဝစီကံဆိုတာ ဝစီကမ္မဆိုတဲ့ ပါဠိစကားက ဆင်းသက်တဲ့ စကားဖြစ်တယ်။ နှုတ်ဖြင့်ပြောဆိုမှုလို့ အဓိပ္ပာယ်ရတယ်။ ဝစီကံက လေးပါးရှိတယ်။ (၁) မုသာဝါဒါ လိမ်ပြောခြင်း၊ (၂) ပိသုဏဝါစာ ကုန်းတိုက်ပြောဆိုခြင်း၊ (၃) ဖရုသဝါစာ ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းပြပြ ပြောဆိုခြင်း၊ (၄) သမ္ဖမ္ပလာပဝါစာ အကျိုးမရှိသောစကားကို ပြောဆိုခြင်းဆိုပြီး လေးပါးရှိတယ်။ တစ်ဖက်သား အကျိုးထိခိုက် ပျက်ပြားအောင်၊ စိတ်မချမ်းသာအောင် ဆဲရေးခြိမ်းခြောက် ပြစ်တင်ကဲ့ရဲ့ခြင်း၊ ဆရာမိဘတွေကို ပြန်ပြောခြင်း၊ အော်ခြင်း၊ ငေါက်ခြင်း စတဲ့ အပြစ်တွေဟာ ဝစီကံအပြစ်တွေ ဖြစ်တယ်။
မေး။ ။ ကန်တော့ခန်းမှာပါတဲ့ မနောကံဆိုတာ ဘာလဲ။
ဖြေ။ ။ မနောကံဆိုတာ စိတ်ဖြင့်ပြစ်မှားခြင်း ဖြစ်တယ်။ မနောကံ (၃)မျိုးရှိတယ်။
(၁) အဘိဇ္ဈာ - သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်မှု။
(၂) ဗျာပါဒ - သူတစ်ပါးကို စိတ်ဖြင့်ပြစ်မှားမှု
(၃) မိစ္ဆာဒိဋ္ဌိ - ကံ ကံ၏ အကျိုးကို မယုံကြည်မှု-
ဆိုပြီး သုံးမျိုးရှိတယ်။ အကျဉ်းချုပ်အားဖြင့်တော့ လူတစ်ဖက်သား အကျိုးယုတ်စေဖို့ ကြံစည်တွေးတောမှု မှန်သမျှဟာ မနောကံဖြစ်တယ်။ ဆရာသမား မိဘတွေက ဆုံးမပြောဆိုတဲ့အခါ ခိုင်းစေတဲ့အခါ စိတ်ထဲမှာ မကျေနပ်မှု (မကြည်မှု) တွေဟာ မနောကံအပြစ်တွေ ဖြစ်တယ်။ ကာယကံ၊ ဝစီကံ မဖြစ်အောင် သတိထား စောင့်ထိန်းလို့ ရပေမယ့် မနောကံမဖြစ်အောင် ထိန်းဖို့ကတော့ မလွယ်ဘူး၊ စိတ်သဘောထား ရင့်ကျက်ဖို့ လိုတယ်။
မေး။ ။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာ ဘာလဲ။
ဖြေ။ ။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံဆိုတာက ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရိုသေလေးစားသောအားဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုဖြင့် လက်အုပ်ချီခြင်း၊ ဦးညွှတ် အရိုအသေပြုခြင်း၊ ဦးချရှိခိုးခြင်းဟာ ကာယကံ၊ အစိန္တေယျ သြကာသ စသည်ကို နှုတ်မှဆိုခြင်းဟာ ဝစီကံ၊ စိတ်မှကြည်ညိုလေးစား ဂုဏ်တော်တွေကို ဆင်ခြင် အောက်မေ့နေတာဟာ မနောကံ ဖြစ်တယ်။ ကိုယ်နှုတ် စိတ်သုံးပါးဖြင့် ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးရတာ့ ကုသိုလ်စေတနာကို ကာယကံ၊ ဝစီကံ၊ မနောကံလို့ခေါ်တယ်။
မေး။ ။ လက်အုပ်မိုး၍ဆိုတာ ဘယ်လိုဟာလဲ။
ဖြေ။ ။ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရားလို့ တစ်ဆက်တည်း ဆိုသွားတဲ့အတွက် ရှိခိုးခြင်းလုပ်ငန်း တစ်ခုတည်းလို့ ထင်ရတယ်။ အမှန်မှာတော့ လက်အုပ်မိုးတာက တစ်ခု၊ ရှိခိုးတာက တစ်ခု၊ ပူဇော်တာက တစ်ခု၊ ဖူးမြော်တာက တစ်ခု၊ မာန်လျှော့တာတစ်ခု တစ်မျိုးစီဖြစ်တယ်။ ဒါကြောင့် တစ်မျိုးစီခွဲ၍ ရှင်းပြမယ်။
လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်ဆိုတာက ရိုသေလေးစားမှုကို ပြခြင်းတစ်မျိုး ဖြစ်တယ်။ လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန် အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်းဖြစ်တယ်။ အဲဒီလို လက်နှစ်ဖက်ကို ကြာဖူး ကြာငုံသဏ္ဍာန်အုပ်ပြီး နဖူးအထက် ခေါင်းအထက်ကို မြှောက်ထားခြင်း ဖြစ်တယ်။ အဲဒီလို လက်နှစ်ဖက်ကို နဖူးအထက် ခေါင်းအထက်ကိုရောက်အောင် မြှောက်ပင့်ချီမ ထားရလို့ လက်အုပ်မိုးတယ်၊ လက်အုပ်ချီတယ်လို့ ခေါ်ရတယ်။ ရိုသေလေးစားရမယ့် ဘုရားဆင်းတု၊ စေတီပုထိုး၊ ရဟန်းသံဃာတွေကို မြင်တဲ့အခါ ပုဆစ်ဒူးတုပ်ပြီး ရှိခိုးလို့ရအောင် အခြေအနေက မပေးဘူးဆိုရင် ဥပမာ လမ်းမှာ ရဟန်းသံဃာတွေနဲ့ တွေ့တဲ့အခါ အဝေးမှာ စေတီကို လှမ်းမြင်တဲ့အခါ၊ ကားပေါ်၊ ရထားပေါ်၊ လှည်းပေါ်က ဘုရား သို့မဟုတ် သံဃာတော်ကို လှမ်းမြင်တဲ့အခါ လက်အုပ်ချီပြီးတော့ အရိုအသေပြုရတယ်။ ရှိခိုးတဲ့အခါ လက်အုပ်ချီမှု ပါပေမယ့် လက်အုပ်ချီတဲ့အခါမှာတော့ ရှိခိုးမှုမပါဘူး။
မေး။ ။ ရှိခိုးတယ်ဆိုတာ ဘာလဲ။ ရှိခိုးခြင်း ဘယ်နှစ်မျိုး ရှိသလဲ။
ဖြေ။ ။ ရတနာသုံးပါးကို ရှိခိုးချင်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ကုသိုလ်စေတနာကို ရှိခိုးတယ်လို့ ခေါ်တယ်။ အဲဒီစေတနာ ဖြစ်ပေါ်လာတဲ့အခါမှာ ကိုယ်ထိလက်ရောက် ရှိခိုးခြင်း၊ နှုတ်ဖြင့် ရွတ်ဆိုရှိခိုးခြင်း၊ စိတ်ထဲမှာ ဂုဏ်တော်တွေကို အောက်မေ့ကာ စိတ်ထဲမှာ ရှိခိုးခြင်းဆိုပြီး ရှိခိုးခြင်း သုံးမျိုးရှိတယ်။
မေး။ ။ ဘယ်လိုရှိခိုးတာကို ကာယကံနဲ့ ရှိခိုးတယ်လို့ ခေါ်ပါသလဲ။
ဖြေ။ ။ ယောက်ျားဆိုရင် ဆောင့်ကြောင့်ထိုင်ပြီး၊ မိန်းမဆိုရင် ပုဆစ်တုပ် ကျုံ့ကျံ့ထိုင်ပြီး လက်နှစ်ဖက်ကို ကြာဖူးသဏ္ဍာန်အုပ်ပြီး နဖူးပေါ်တင်ကာ လက်အုပ်ချီထားရမယ်။ ယောက်ျားဆိုရင် ပထမဆုံး ကြမ်းပေါ် (မြေကြီးပေါ်မှာ) ဒူးတုပ်လိုက်ရမယ်။ ပြီးမှ လက်နှစ်ဖက်ကို ကြမ်းပြင် (မြေကြီး)ပေါ် ချလိုက်ရမယ်။ ပြီးမှ နဖူးကို ကြမ်းပြင် (မြေပြင်)မှာ ထိပြီး ဝပ်လိုက်ရမယ်။ အခုလို ဒူးနှစ်ဖက် လက်နှစ်ဖက်နဲ့ နဖူးဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းငါးမျိုး ကြမ်းပြင်ပေါ် (မြေကြီးပေါ်မှာ) တည်ရှိနေအောင် ရှိခိုးမှ အရိုသေဆုံး ရှိခိုးရာရောက်တယ်။ ဒီလိုရှိခိုးတာကို “ပဉ္စ ပတိဋ္ဌိတ ဝန္ဒနာ” ထိခြင်းငါးပါးနဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။ ဒူး တံတောင်ဆစ်နှစ်ဖက်နဲ့ ကြမ်းပြင်ပေါ် မကျဘဲ ပြားပြားဝပ် မရှိဘဲ လက်နှစ်ဖက်နဲ့ ကြမ်းပြင်ကို ပုဆိန်ပေါက်သလို ရှိခိုးတာမျိုးကိုတော့ ပုဆိန်ပေါက် ရှိခိုးတယ်လို့ ခေါ်တယ်။ ရှိခိုးချင်လို့ ရှိခိုးရင်တော့ ထိခြင်းငါးပါးနဲ့ ရှိခိုးပါ။ ရှိမခိုးချင်ရင် ရှိခိုးလို့ဖြစ်လောက်အောင် အခြေအနေမပေးရင် လက်အုပ်ချီ အရိုအသေပြုလိုက်ပါ။ ဝတ်ကျေတန်းကျေ ပုဆိန်ပေါက်တော့ ရှိမခိုးကြပါနဲ့၊ အဲဒီလို ထိခြင်းငါးပါးနဲ့ ရှိခိုးတာကို ကာယဝန္ဒနာ = ကိုယ်ထိလက်ရောက် ကာယကံမြောက် ရှိခိုးခြင်းလို့ ခေါ်တယ်။
မေး။ ။ ဘယ်လိုရှိခိုးတာကို ဝစီကန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်သလဲ။
ဖြေ။ ။ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာနဲ့ ဣတိပိသော ဘဂဝါစတဲ့ ဘုရားဂုဏ်တော်၊ သွာက္ခတော ဘဂဝတော ဓမ္မော စတဲ့ တရားဂုဏ်တော်တွေ၊ သုပ္ပဋိပ္ပန္နော ဘဂဝတော သာဝကသံဃောစတဲ့ သံဃာ့ဂုဏ်တော်တွေနဲ့ အခြားဂုဏ်တော်တွေ ဖော်ကျူးတဲ့ ဘုရားရှိခိုးတွေကို ရွတ်ဆိုသီကျူးမှုကို ဝစီဝန္ဒနာ = နှုတ်နဲ့ ရှိခိုးတယ်လို့ ခေါ်တယ်။ ဗုဒ္ဓဘာသာ မြန်မာတွေဟာ နှုတ်နဲ့ရှိခိုးမှု သက်သက်ကို ပြုလုပ်သူ မရှိဘူး။ ဂုဏ်တော် ဘုရားရှိခိုးတွေ မဆိုခင်နဲ့ ဆိုပြီးမှာ ကာယကံရှိခိုးမှုကိုပါ ပူးတွဲ လုပ်ကြတာချည်းပါပဲ။
ဝပ်ချဦးတိုက်မှု မပါဘဲ သွားလာရင်း စားပွဲမှာထိုင်ရင်း ဘုရားဂုဏ်တော်တွေ ရွတ်ဆိုပြီး ဝစီဝန္ဒနာ သက်သက်နဲ့ ရှိခိုးလို့ ရပါတယ်။
မေး။ ။ ဘယ်လိုရှိခိုးတာကို စိတ်နဲ့ ရှိခိုးတယ်လို့ခေါ်သလဲ။
ဖြေ။ ။ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့ စေတနာရှိပေမယ့် ကိုယ်ထိလက်ရောက် ထိခြင်းငါးပါးနဲ့လဲ ရှိမခိုးဘူး။ ဂုဏ်တော်တွေကို နှုတ်နဲ့ ရွတ်ဆို ရှိခိုးခြင်းလဲ မလုပ်ဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကို စိတ်အာရုံထဲမှာ အဖန်တလဲလဲ အောက်မေ့ကြည်ညိုနေတယ်။ ဒီလိုစိတ်ထဲမှာ ကြည်ညိုနေတာကို မနောဝန္ဒနာ = စိတ်နဲ့ရှိခိုးတယ်လို့ ခေါ်တယ်။
မေး။ ။ ပူဇော်တယ်ဆိုတာ ဘာလဲ၊ ပူဇော်ခြင်း ဘယ်နှစ်မျိုးရှိသလဲ။
ဖြေ။ ။ ပူဇော်တယ်ဆိုတာက မိမိရိုသေလေးမြတ်တဲ့ ရတနာသုံးပါး ဆရာသမားတွေကို ပစ္စည်းဝတ္ထု တစ်ခုခုနဲ့ လှူဒါန်းအရိုအသေပြုတာ တရားတော်အတိုင်း ကျင့်တာကို ပူဇော်တယ်လို့ ခေါ်တယ်။
ပူဇော်မှုဟာ …
(၁) ပစ္စည်းဝတ္ထုနဲ့ ပူဇော်ခြင်း အာမိသပူဇာနဲ့
(၂) တရားတော်နဲ့ ပူဇော်ခြင်း ဓမ္မပူဇာ
ဆိုပြီး နှစ်မျိုးရှိတယ်။
ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဆွမ်း၊ သင်္ကန်းတစ်ခုခု လှူဒါန်းပူဇော်တာ အာမိသပူဇာ - ပစ္စည်းဝတ္ထုနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။
တရားနဲ့ပူဇော်ခြင်းဆိုတာက မြတ်စွာဘုရားဟောထားခဲ့တဲ့ တရားတော်တွေအတိုင်း လက်တွေ့ ကျင့်ကြံအားထုတ်တာကို မြတ်စွာဘုရားကို တရားနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။ မိဘဆရာသမားတွေ ပြောစကားကို နားထောင်ပြီး ဆိုဆုံမတဲ့အတိုင်း လိုက်နာကျင့်သုံး ကျင့်ကြံတာ။ မိဘဆရာသမားတွေကို စိတ်ချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တာကိုလဲ မိဘဆရာသမားတွေကို တရားနဲ့ပူဇော်တယ်လို့ မှတ်သားနိုင်တယ်။
မေး။ ။ ပူဇော်ခြင်းနှစ်ပါးမှာ ဘယ်ပူဇော်ခြင်းက မြတ်ပါသလဲ။
ဖြေ။ ။ ပူဇော်ခြင်းနှစ်ပါးမှာ ပစ္စည်းနဲ့ ပူဇော်တာဟာလဲ မွန်မြတ်တဲ့ ကုသိုလ်လုပ်ငန်းရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စည်းနဲ့ ပူဇော်တာထက် တရားနဲ့ ပူဇော်တာက ပိုပြီးမြတ်တယ်လို့ ပရိနိဗ္ဗာန်စံလုဆဲမှာ ဘုရားရှင်ကိုယ်တိုင်က အရှင်အာနန္ဒာကို ဟောခဲ့တယ်။
မြတ်စွာဘုရားကို ကုသိန္နာရုံ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံလုဆဲ လဲလျောင်းနေစဉ် နောက်ဆုံးပူဇော်ခြင်းအနေနဲ့ ဗြဟ္မာမင်း ပုဏ္ဏား သူဌေးသူကြွယ်တွေဟာ ပန်းနံ့သာစတဲ့ ပစ္စည်းနဲ့ အစွမ်းကုန် ပူဇော်ကြတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားက ညီတော်အာနန္ဒာ၊ ယခု လူ နတ် ဗြဟ္မာတွေဟာ ငါဘုရားကို အမျိုးမျိုး ပူဇော်ပသနေကြတယ်။ ဤသို့ ပူဇော်ခြင်းဖြင့် ငါဘုရားကို မြတ်နိုးသည်၊ ပူဇော်ချီးမြှင့်သည်၊ ဆည်းကပ်သည် မမည်သေး။ ငါဘုရား ဟောတော်မူအပ်တဲ့ တရားတည်းဟူသော အဆုံးအမကို လိုက်နာကျင့်ကြံလျက်နေသော သူသည်သာလျှင် ငါဘုရားကို ရိုသေမြတ်နိုးစွာ ပူဇော်သည် မည်ပေ၏လို့ ဟောတော်မူခဲ့တယ်။ ဒါကြောင့် အစဉ်အလာ ပူဇော်ခဲ့တဲ့ အာမိသပူဇာကိုလဲ ပူဇော်ကြပါ။ ဘုရားအကြိုက်ဆုံး ဓမ္မပူဇာဖြင့် ပူဇော်နိုင်အောင်လဲ သတိပြုကြပါ။
မေး။ ။ ဗုဒ္ဓဘာသာတွေ နေ့စဉ်ပြုလုပ်နိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေဟာ ဘာလဲ။
ဖြေ။ ။ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရွတ်ဆိုပြီး ဘုရားရှိခိုးတာ၊ ဂုဏ်တော်ပုတီးစိပ်တာ၊ အလုပ်ခွင်ထဲမှာ ရတနာသုံးပါးရဲ့ ဂုဏ်တွေကို စိတ်ထဲမှာ အောက်မေ့ပွားများနေတာ၊ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိဆိုတဲ့ အနုဿတိသုံးပါးဖြစ်တယ်။ သတ္တဝါတွေကို မေတ္တာပို့ခြင်း၊ ဆင်းရဲဒုက္ခရောက်နေသူကို ကိုယ်ချင်းစာ သနားခြင်း၊ ချမ်းသာနေသူတွေကို တွေ့မြင်ရလို့ ဝမ်းမြောက်ကြည်နူးခြင်းဟာ ဗြဟ္မစိုရ်တရား (၃)ပါး ဖြစ်တယ်။ ဒီအနုဿတိသုံးပါးနဲ့ ဗြဟ္မစိုရ်တရား (၃)ပါးဟာ သမထကမ္မဋ္ဌာန်း ၄၀ ထဲမှာ ပုဂ္ဂိုလ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ပွားများနိုင်တဲ့ ဓမ္မပူဇာလုပ်ငန်းတွေ ဖြစ်ပါတယ်။
မေး။ ။ ဖူးမြော်တယ်ဆိုတာ ဘာလဲ။
ဖြေ။ ။ မြော်တယ်ဆိုတာက မြော်ကြည့်တယ်၊ ရှုမျှော်ခင်းဆိုတဲ့ စကားက မြော်နဲ့အတူတူ ကြည့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဖူးတယ်ဆိုတာက လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကြည့်ရှုတာပဲ ဖြစ်တယ်။ ဘုရားသွားဖူးတယ်။ ဝေဘူဆရာတော် သွားဖူးတယ်ဆိုတဲ့ ဝေါဟာရကို ထောက်ပါ။ ဒါကြောင့် ဖူးနဲ့မြော်နဲ့ ပေါင်းလိုက်တော့ ရိုသေလေးစားထိုက်တဲ့ ဘုရားပုထိုးနဲ့ ဆရာတော် သံဃာတော်တွေကို သွားရောက်တွေ့ဆုံ ကြည့်ရှုတယ်လို့ အဓိပ္ပာယ်ရတယ်။
မေး။ ။ မာန်လျှော့ ကန်တော့တယ်ဆိုတာ ဘာလဲ။
ဖြေ။ ။ ကန်တော့တယ်ဆိုတာက ဝန်ချကန်တော့ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ ကိုယ်၊ နှုတ်၊ စိတ်၊ တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်မိတဲ့ အပြစ်တွေကို ကြေရာကြေကြောင်း ဝန်ချတောင်းပန် ကန်တော့ရာမှာ မာန်မာနထောင်လွှား မောက်မာမှုမရှိမှ ဝန်ချတောင်းပန် ကန်တော့လို့ရတယ်။ တချို့ ကိုယ်ကမှားမှန်းသိပေမယ့် မာန်မလျှော့နိုင်လို့ သေတပန်သက်တဆုံး ဝန်ချမသွားခဲ့တာတွေလဲ ရှိတယ်။ ရှိခိုးကန်တော့ရာမှာလဲ မိမိရဲ့ ခန္ဓာကိုယ်မှာ အထွတ်မြတ်ဆုံးဖြစ်တဲ့ ဦးခေါင်းနဖူးကို ကြမ်းပြင် မြေပြင်နဲ့ထိပြီး ရှိခိုးဦးချတယ် ဆိုတာက မာန်မာန လျှော့ချထားနိုင်လို့သာ ဖြစ်တယ်။ ဒီနေရာမှာ မာန်မာနကို လျှော့ချချိုးနှိမ်ပြီး ဝန်ချတောင်းပန် ကန်တော့ပါ၏၊ ရှိခိုးဦးချ ကန်တော့ပါ၏လို့ ဆိုလိုတယ်။
+++++++++++++++++++++++++++++