၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
သမတအိမ်တော်၊ ရန်ကုန်မြို့
၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။
[၁၉၅၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၀။]
၁၃၂၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်။
(၁၉၅၈ ခုနှစ်၊ နိုဝင်္ဘာလ ၁၅ ရက်။)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာ သည်။
အောက်ပါအတိုင်း အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။
၁။ ။ အမည်နှင့် စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၈ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။
(၂) ဤအက်ဥပဒေသည်၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်သည် ဟုမှတ်ယူရမည်။
၂။ ။ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း။ ။ မြန်မာနိုင်ငံအမြတ်တော်ခွန် အက် ဥပဒေပုဒ်မ ၁၅-က (၂) ၏ဒုတိယခြွင်းချက်ကို ပယ်ဖျက်ရမည်။
၃။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃)၊ (၄) နှင့် (၅) ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည် -
- (က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ်တော်ခွန်နှင့်
- (ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ ၏ပဌမဇယား၊ အပိုင်း ၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်းနောက်ထပ်အခွန်တော်။
- (၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက်မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ် လုပ်ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါနုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ် ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
- (၃) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ် နိုင်သည့် အလုပ်လုပ်၍ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ် တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ် ရသောဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့ လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။
- (၄) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာတော်နှစ်အတွက် အခွန်တော် စည်းကြပ်ရာ၌၊ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင် “လစာငွေများ” ဟူသောခေါင်းစဉ်အောက်၌ စည်းကြပ်နိုင်သည့် ဝင်ငွေပါဝင်သည့်အခါ သားသမီးများအတွက် အပိုခွင့်ပြုရမည့်ငွေသည်၊ မည်၍မည်မျှ ဖြစ်ရမည်ဆိုသော် မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) (ii)အရ၊ ခွင့်ပြုနိုင်သည့်ငွေအားလုံးပေါင်းနှင့်ကျပ်တစ်ထောင်ငါးရာတို့ ခြားနားခြင်း၏အချိုးအစားသည်၊ ထို ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှအပ အခြားဝင်ငွေနှင့်ထိုသူ၏ စုစုပေါင်းဝင်ငွေတို့၏ အချိုးအစားနှင့် တူညီသည့်ငွေဖြစ်ရမည်။
- (၅) ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုမည့်ဘဏ္ဍာတော် နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ် အခွန်တော်မပါ) ကိုတွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂)အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
- (၆) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က)တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့်အတိုင်းပင်ဖြစ်သည်။
၄။ ။ ၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေကိုပြင်ဆင်ခြင်း။ ။ ၁၉၅၇ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) နောက်၌ အောက်ပါကို ပုဒ်မခွဲ (၄-က) အဖြစ် ထည့်သွင်းရမည်။
“(၄-က) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ စည်းကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန် နုတ်ရန်အလို့ငှါ၊ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် (ဒုတိယပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၇ ဖြင့်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေတွင် ပြုလုပ်ခဲ့သော ပြင်ဆင်ချက်များသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်ဟု မှတ်ယူရမည့်ပြင်၊ အခြားကိစ္စများ အလို့ငှါ၊ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေရမည်။”
၅။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက် နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ် ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။
- (၂) ၁၉၅၉ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရစည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့် သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။
၆။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။
ပဌမဇယား။
၁၉၅၈-၅၉ ခု၊ ဘဏ္ဍာတော်နှစ်အတွက်၊ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် နှုန်းများဇယား။
[ပုဒ်မ ၃ ကိုကြည့်။]
အပိုင်း ၁။
အမြတ်တော်ခွန်နှုန်းများ။
- က။ ။ သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုးအိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ်လုပ်ငန်း အသီးသီးနှင့် ဤအပိုင်း အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
၁။ ။ | စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ ၁,၅၀၀ ပေါ်တွင် |
… | မရှိ |
၂။ ။ | စုစုပေါင်း ဝင်ငွေအနက် နောက်ကျပ်ငွေ ၃,၅၀၀ ပေါ်တွင် |
… | ၇ ရာခိုင်နှုန်း။ |
၃။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၅,၀၀၀ ပေါ်တွင် |
… | ၁၃ ရာခိုင်နှုန်း။ |
၄။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၅,၀၀၀ ပေါ်တွင် |
… | ၂၂ ရာခိုင်နှုန်း။ |
၅။ ။ | စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေ ပေါ်တွင် |
… | ၃၂ ရာခိုင်နှုန်း။ |
- သို့ရာတွင် -
- (၁) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေကို မနုတ်မီ၊ ကျပ်ငွေ ၄,၂၀၀ ထက်မပိုသော စုစုပေါင်းဝင်ငွေပေါ်တွင် အမြတ်တော်ခွန်မပေးဆောင်ရ။
- (၂) ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ (အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့်မယားနှင့် သားသမီး များအတွက် အဆိုပါခွင့်ပြုငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေက ကျပ်ငွေ ၄,၂၀၀ ထက်ပိုသမျှသော ငွေ၏ ထက်ဝက်ထက်မည်သည့်အချက်တွင်မျှ မပိုစေရ။
- (၃) အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်နှင့် မယားနှင့် သားသမီးများအတွက်ခွင့်ပြုသမျှငွေနုတ်ပြီး ဖြစ်သည့် စုစုပေါင်း ဝင်ငွေပေါ်တွင်ပေးဆောင်ရမည့် အမြတ်တော်ခွန်မှာ၊ အောက်ပါငွေနှစ်ရပ်အနက် နည်းရာငွေထက်မပိုစေရ-
- (က) ယင်းသို့ လျှော့ပေါ့ထားသည့် စုစုပေါင်းဝင်ငွေနှင့် မလျှော့ပေါ့ရသေးသည့် စုစုပေါင်း ဝင်ငွေ နှစ်ရပ်၏ အချိုးအစား အတိုင်း(အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်နှင့် မယားနှင့်သားသမီးများအတွက် ခွင့်ပြုသမျှငွေကို မနုတ်မီ) စုစုပေါင်းဝင်ငွေကျပ် ၄,၂၀၀ ထက်ပိုသမျှသောငွေ၏ ထက်ဝက်နှင့် အချိုး အစားတူသည့် ငွေပေါင်း၊ သို့တည်းမဟုတ်
- (ခ) ယင်းသို့ လျှော့ပေါ့ထားသည့် ဝင်ငွေပေါ်တွင်၊ ဤဇယား၌ သီးခြားဖေါ်ပြထားသည့် နှုန်းများ အတိုင်း ပေးဆောင်ရမည့်အမြတ်တော်ခွန်ငွေ။
- ခ။ ။ ကုမ္ပဏီ အသီးသီးဖြစ်လျှင်၎င်း၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ အများဆုံးနှုန်းဖြင့် အမြတ်တော်ခွန် ကောက်ခံရမည်ဖြစ်လျှင်၎င်း-
စုစုပေါင်းဝင်ငွေ အားလုံးအပေါ်တွင် | … | ၃၂ ရာခိုင်နှုန်း။ |
- ဂ။ ။ မှတ်ပုံတင်ထားသည့် ကုန်ဖက်စပ်လုပ်ငန်းအသီးသီးဖြစ်လျှင်-
၁။ ။ | စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ ၃၀,၀၀၀ ပေါ်တွင် |
… | မရှိ။ |
၂။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၃၀,၀၀၀ ပေါ်တွင် |
… | ၅ ရာခိုင်နှုန်း။ |
၃။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၇၀,၀၀၀ ပေါ်တွင် |
… | ၇ ရာခိုင်နှုန်း။ |
၄။ ။ | စုစုပေါင်း ဝင်ငွေအနက်ကျန်ကျပ်ငွေ ပေါ်တွင် |
… | ၁၀ ရာခိုင်နှုန်း။ |
အပိုင်း ၂။
နောက်ထပ်အခွန်တော်နှုန်းများ။
- က။ ။ သီးခြားပုဂ္ဂိုလ်၊ ပစ္စည်းမခွဲဝေရသေးသည့် ဟိန္ဒူလူမျိုး အိမ်ထောင်သားစု၊ မှတ်ပုံမတင်သည့် ကုန်ဖက်စပ် လုပ်ငန်းအသီးသီးနှင့် ဤအပိုင်းပါ အပိုဒ် ခ၊ သို့တည်းမဟုတ် အပိုဒ် ဂ နှင့်မသက်ဆိုင်သော အခြားအသင်းအဖွဲ့ဖြစ်လျှင်-
၁။ ။ | စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ ၂၅,၀၀၀ ပေါ်တွင် |
… | မရှိ။ |
၂။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၂၀,၀၀၀ ပေါ်တွင် |
… | ၁၈ ရာခိုင်နှုန်း။ |
၃။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၂၅,၀၀၀ ပေါ်တွင် |
… | ၃၁ ရာခိုင်နှုန်း။ |
၄။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၂၅,၀၀၀ ပေါ်တွင် |
… | ၃၈ ရာခိုင်နှုန်း။ |
၅။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၃၀,၀၀၀ ပေါ်တွင် |
… | ၄၁ ရာခိုင်နှုန်း။ |
၆။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၇၅,၀၀၀ ပေါ်တွင် |
… | ၅၀ ရာခိုင်နှုန်း။ |
၇။ ။ | စုစုပေါင်း ဝင်ငွေအနက်နောက်ကျပ်ငွေ ၁,၀၀,၀၀၀ ပေါ်တွင် |
… | ၅၆ ရာခိုင်နှုန်း။ |
၈။ ။ | စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေ ပေါ်တွင် |
… | ၆၆ ရာခိုင်နှုန်း။ |
- ခ။ ။ သမဝါယမအသင်းများ အက်ဥပဒေအရမှတ်ပုံတင်သွင်းထားလျက်ရှိသော သမဝါယမအသင်း ဖြစ်လျှင်-
၁။ ။ | စုစုပေါင်း ဝင်ငွေအနက် ပဌမကျပ်ငွေ ၂၅,၀၀၀ ပေါ်တွင် |
… | မရှိ။ |
၂။ ။ | စုစုပေါင်း ဝင်ငွေအနက် ကျန်ကျပ်ငွေ ပေါ်တွင် |
… | ၁၃ ရာခိုင်နှုန်း။ |
- ဂ။ ။ ကုမ္ပဏီအသီးသီးဖြစ်လျှင်-
စုစုပေါင်းဝင်ငွေအားလုံးပေါ်တွင် | … | ၁၈ ရာခိုင်နှုန်း။ |
ဒုတိယဇယား။
မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား။
[ပုဒ်မ ၆ ကိုကြည့်။]
ချောစာများ။
ပြား | ||
တိုလာချိန် ၁ ထက်မပိုလျှင် | … | ၁၅ |
နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း | … | ၇ |
စာပို့ကဒ်များ။ | ||
တစောင်လျှင် | … | ၅ |
ပြန်စာအတွက်ပါ | … | ၁၀ |
စာအုပ်၊ ပုံစံနှင့် နမူနာအထုပ်များ။ | ||
ပဌမတိုလာချိန် ၅၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း | … | ၅ |
တိုလာချိန် ၅ ထက်ပိုသည့်နောက်ထပ်တိုလာချိန် ၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း |
… | ၃ |
မှတ်ပုံတင်ပြီးသတင်းစာများ။ | ||
တိုလာချိန် ၁၀ ထက်မပိုလျှင် | … | ၂ |
တိုလာချိန် ၁၀ ထက်ပို၍ တိုလာချိန် ၂၀ ထက်မပိုလျှင် | … | ၃ |
တိုလာချိန် ၂၀ ထက်ပိုသည့်တိုလာချိန် ၂၀ တိုင်း၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း |
… | ၃ |
အထုပ်တခုတည်းတွင်ပါရှိသည့် တနေ့တည်းထုတ် မှတ်ပုံတင်ပြီးသတင်းစာတစောင်ထက်ပိုလျှင်- | ||
တိုလာချိန် ၁၀ ထက်မပိုလျှင် | … | ၃ |
နောက်ထပ်တိုလာချိန် ၅၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း |
… | ၁ |
သို့ရာတွင် ထိုအထုပ်များကို လိပ်စာပါသူ၏ နေအိမ်သို့ မပို့ရ။ အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ် အားစာပို့တိုက်၌ပေးအပ်ရမည်။ | ||
ပါဆယ်ထုပ်များ။ | ||
တိုလာချိန် ၄၀ ထက်မပိုလျှင် | … | ၅၀ |
တိုလာချိန် ၈၈၀ ထိ၊နောက်ထပ် တိုလာချိန် ၄၀၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း |
… | ၅၀ |
နိုင်ငံတွင်းစာပို့ကဒ်များ၊ ချောစာများနှင့် ငွေလွှဲလက်မှတ်များအတွက် | ||
စာပို့ကဒ် | … | ၅ |
ချောစာအတွက် တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း | … | ၅ |
နောက်ထပ်တိုလာချိန် ၁၊ သို့တည်းမဟုတ် ၎င်း၏အစိတ်အပိုင်း | … | ၅ |
ငွေလွှဲလက်မှတ်တစောင်လျှင် | … | ၅ |
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
ဦးဝင်းမောင်၊
နိုင်ငံတော်သမတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၂၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်။
(၁၉၅၈ ခုနှစ်၊ နိုဝင်္ဘာလ ၁၅ ရက်။)
အမိန့်အရ၊
ပါစိန်၊
နိုင်ငံတော်သမတ၏အတွင်းဝန်။
[အမှတ် ၈၆]