မာတိကာသို့ ခုန်သွားရန်

၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

ဝီကီရင်းမြစ် မှ
4524၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ1961

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။

[၁၉၆၁ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၃။]

၁၃၂၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ရက်။

(၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

၁။ ။ အမည်နှင့်စတင် အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၆၁ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၆၁ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့်နောက်ထပ်အခွန်တော် စည်းကြပ်သည့်နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော် နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း ၁တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်၊နှင့်
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ပါ ကိစ္စများ အလို့ငှါ၊ ဤအက်ဥပဒေ၏ ပဌမ ဇယား၊ အပိုင်း၂ တွင်သီးခြားဖေါ်ပြထားသည့်နှုန်းများ အတိုင်းနောက်ထပ် အခွန်တော်။
(၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ ရသည့်ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင် ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်ဖက်စပ်လုပ်ငန်းတွင်ပါဝင်သူဖြစ်လျှင်၊ ထိုကုန်ဖက်စပ်လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့်ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်ဖက်စပ်လုပ်ငန်း၏ အမြတ်ငွေများ တွင် ထိုသူ၏အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။
(၃) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသောဝင်ငွေ၏ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင်ထက် မပိုစေရ။
(၄) ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုသည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ် တော်ခွန်အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင် သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ် အခွန်တော် မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစု ပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သား သမီးများ အတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ် ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။


၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော် စည်းကြပ်ခြင်းနှင့်သက်ဆိုင်သော မည်သည့် အထက်နှစ်အတွက်မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင် မှု အမြတ်အစွန်းခွန် အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်း လွတ်ခွင့်ပြုသည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။

(၂) ၁၉၆၂ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေအရ၊ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက် မဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်းရာခိုင်နှုန်းနှင့် ညီမျှရမည်။


၄။ ။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းချက်လုပ်သည့်ဆားအပေါ်အကောက်တော်။ ။ မြန်မာနိုင်ငံဆားခွန်တော်အက်ဥပဒေ ပုဒ်မ ၇တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိ စေကာမူ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းချက်လုပ်သည့်ဆားအပေါ် အကောက်တော်ကိုဆားပိဿာ အချိန် တရာလျှင်ငွေငါးကျပ် နှုန်းဖြင့် စည်းကြပ်ရမည်။


၅။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာတော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ်ထည့်သွင်းရမည်။


၆။ ။ မော်တော်ဓါတ်ဆီပေါ်တွင်အကောက်တော်။ ။ မော်တော်ဓါတ်ဆီ နိုင်ငံတွင်းအကောက်တော် အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁)တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင် ပါရှိစေကာမူ မော်တော်ဓါတ်ဆီပေါ်တွင် အကောက်တော်ကို အင်ပီရီရယ် တဂါလံလျှင် ငွေတကျပ်နှင့် တဆယ့်ငါးပြားနှုန်းဖြင့် စည်းကြပ်ရမည်။


၇။ ။ လောင်းကစားခွန်။ ။ လောင်းကစားခွန်အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲ တရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့တွင်ကျင်းပသော မြင်းပွဲများ၌ စွပ်ဒိုင်တွင်လောင်းကြေးအဖြစ် ပေးသွင်းသောငွေအားလုံးပေါ်တွင် အခွန်တော်ကို၊ ထိုလောင်းကြေးများ၏ ၂၅ နှင့် ၁၅ ရာခိုင်နှုန်းများဖြင့် အသီးသီးစည်းကြပ်ရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


ဦးဝင်းမောင်၊

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၂၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်။

(၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။ )


အမိန့်အရ၊

သာထက်၊

နိုင်ငံတော်သမတ၏အတွင်းဝန်။

[အမှတ် ၂၇]