၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့
၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ။
[၁၉၆၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၄၆။]
၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်။
(၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၂၇ ရက်။)
အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ။ (၁) ဤဥပဒေကို၊ ၁၉၆၂ ခုနှစ်၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေ ဟုခေါ်တွင်စေရမည်။
- (၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။
၂။ ။ ဤဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-
- (က) “သမိုင်းဝင်ပုဂ္ဂိုလ်” ဆိုသည်မှာ၊ မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားကျော်စော၍ နိုင်ငံအတွက်သော်၎င်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေအတွက်သော်၎င်း အကျိုးပြုဆောင်ရွက်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကိုဆိုလိုသည်။
- (ခ) “အထိမ်းအမှတ်မော်ကွန်း” ဆိုသည်မှာ၊ အများပြည်သူတို့နှင့် သက်ဆိုင်သည့် နေရာဌာနများတွင် သမိုင်းဝင် ပုဂ္ဂိုလ်၏ အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော အဆောက်အဦ၊ ကြေးရုပ်၊ ကျောက်ရုပ်၊ ကျောက်တိုင်၊ သို့တည်းမဟုတ် ဥယျာဉ်ပန်းခြံကို ဆိုလိုသည်။
- (ဂ) “ယဉ်ကျေးမှု ကောင်စီ” ဆိုသည်မှာ၊ ၁၉၅၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီ အက်ဥပဒေပုဒ်မ ၃ အရ ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှုကောင်စီကို ဆိုလိုသည်။
- (ဃ) “ဒေသန္တရအာဏာပိုင်” ဆိုသည့် စကားရပ်တွင်၊ ရန်ကုန်မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့၊ မြူနီစီပါယ်အဖွဲ့ နှင့် အခြားဒေသန္တရ အဖွဲ့များပါဝင်သည်။
- (င) “ထိန်းသိမ်းရေးအဖွဲ့” ဆိုသည်မှာ၊ ဤဥပဒေအရ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို စောင့်ရှောက် ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာဖြင့် တာဝန်လွှဲအပ်ခြင်းခံရသော ဒေသန္တရအာဏာပိုင်ကို ဆိုလိုသည်။ ထိုစကားရပ် တွင် ယဉ်ကျေးမှုကောင်စီပါဝင်သည်။
၃။ ။ (၁) ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝှန်းလုံးတွင် အများပြည်သူတို့နှင့် သက်ဆိုင်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်း အမှတ်မော်ကွန်းကို တည်ဆောက်ရန်၎င်း၊ ထိုအထိမ်းအမှတ်မော်ကွန်းကို ခံ့ညားထည်ဝါစွာမွမ်းမံစေရန် ၎င်း၊ ထိန်းသိမ်းစောင့်ရှောက်ရန်၎င်း၊ ကြီးကြပ်ရန်၎င်း တာဝန်ပေးနိုင်သည့် အာဏာသည်၊ ပြည်ထောင်စုမြန်မာ နိုင်ငံ တော်လှန်ရေးအစိုးရ၌သာလျှင် တည်ရှိရမည်။
- (၂) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အများပြည်သူတို့အကျိုးငှါ၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းကို အခါအားလျော်စွာ တည်ဆောက်နိုင်သည်။
- (၃) သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ရန်စရိတ်ငွေကို ယဉ်ကျေးမှုကောင်စီ ရံပုံငွေ ထဲမှ ကျခံသုံးစွဲနိုင်သည်။
- (၄) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ တည်ဆောက်သည့် သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ် မော်ကွန်းကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခံ့ညားထည်ဝါစွာ မွမ်းမံရန်အလို့ငှါ၊ ထိုအထိမ်းအမှတ်မော်ကွန်း တည်ရာဒေသနှင့် သက်ဆိုင်သည့် ဒေသန္တရအာဏာပိုင်အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ဌာနဆိုင်ရာသဘော တူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်လွှဲအပ်နိုင်သည်။
- (၅) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ၊ နောက်ဆက်တွဲဇယားတွင် ဖေါ်ပြထားသည့် သမိုင်းဝင် ပုဂ္ဂိုလ်အသီးသီး၏ အထိမ်းအမှတ်မော်ကွန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်၊ ရန်ကုန် မြူနီစီပါယ် ကော်ပိုရေးရှင်းအဖွဲ့အား၊ ထိန်းသိမ်းရေးအဖွဲ့အဖြစ် ကျေညာပြီးဖြစ်သည်ဟု မှတ်ယူရမည်။
- (၆) ဤပုဒ်မအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာကို-
- (က) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက၊ မည်သည့်အခါမဆို ပယ်ဖျက်နိုင်သည်၊ ထို့ပြင်
- (ခ) မပယ်ဖျက်သေးလျှင်၊ ယင်းသို့ မပယ်ဖျက်သေးသမျှ ကာလပတ်လုံး၊ အဆိုပါအမိန့်ကြော်ငြာစာမှာ၊ ၎င်းတွင် သီးခြားဖေါ်ပြထားသော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဖြစ်ကြောင်း၊ သို့တည်းမဟုတ် ဒေသန္တရအာဏာပိုင်သည် ထိန်းသိမ်းရေးအဖွဲ့ဖြစ်ကြောင်း ခိုင်လုံသောသက်သေခံ အထောက်အထားဖြစ်ရမည်။
၄။ ။ (၁) မည်သူမဆို၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ၊ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း တည်ဆောက်ခြင်းမပြုရ၊ သို့တည်းမဟုတ် တည်ဆောက်ခြင်း မပြုစေရ။
- (၂) မည်သူမဆို၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်လျှင်၊ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။
- (၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ပုဒ်မခွဲ (၁)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်၍ သူတဦးဦး တည်ဆောက်ထားသော မည်သည့်သမိုင်းဝင်ပုဂ္ဂိုလ်၏အထိမ်းအမှတ်မော်ကွန်းကိုမဆို၊ သီးခြားဖေါ်ပြထားသည့် ကာလအပိုင်းအခြားအတွင်း ရွှေ့ပြောင်းရန်၊ အမိန့်ဖြင့် ညွှန်ကြားနိုင်သည်။ ထိုသူက အဆိုပါအမိန့်ကို လိုက်နာရန် ငြင်းဆိုလျှင်၊ သို့တည်းမဟုတ် ပျက်ကွက်လျှင်၊ ကော်လိတ်တော်အရာရှိသည် အဆိုပါ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းကို ရွှေ့ပြောင်းစေနိုင်သည်။ ထိုသို့ ရွှေ့ပြောင်းရာတွင် ကုန်ကျသည့်စရိတ်ကို၊ ထိုသူက ပေးဆောင်ရမည်။
၅။ ။ သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်းနှင့် စပ်လျဉ်းသည့် ထိန်းသိမ်းရေးအဖွဲ့၏ အာဏာနှင့် တာဝန်ဝတ္တရားများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိန်းသိမ်းရေးအဖွဲ့သည်၊ ထိုအထိမ်းအမှတ် မော်ကွန်းဆိုင်ရာ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ကျနစွာ ပြင်ဆင်ထားရှိရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ မပျက်မစီးစေရန်၎င်း၊ အထိမ်းအမှတ်မော်ကွန်းဥပစာ၌ မဖွယ်မရာမဖြစ်စေရန် ၎င်း၊ ခွင့်မရသောသူများ ကျော်နင်းဝင်ရောက်ခြင်းမပြုစေရန်၎င်း၊ တိရစ္ဆာန်များ ဝင်ရောက်လာခြင်းမပြုစေရန် ၎င်း လိုအပ်သလို အရေးယူဆောင်ရွက်နိုင်သည်။
၆။ ။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ ဤဥပဒေပါ ကိစ္စများအလို့ငှါ၊ နည်းဥပဒေများကို ပြုနိုင်သည်။
- (၂) အထူးအားဖြင့်၊ ပုဒ်မခွဲ (၁) ပါ အာဏာများ၏ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အဆိုပါနည်းဥပဒေများ သည် အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်။
- (က) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်း နှင့် ၎င်း၏ဥပစာအတွင်းတွင် အနေအထားခင်းကျင်းသတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့်ရှောက်စီမံခြင်း ကိစ္စ။
- (ခ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာ အတွင်း အများပြည်သူတို့ လာရောက်ကြည့်ရှုနိုင်သော စည်းကမ်းများနှင့် ဥပစာအတွင်း စုရုံးစည်းဝေးပွဲများ ကျင်းပနိုင်သော စည်းကမ်းချက်များသတ်မှတ်ရေးကိစ္စ။
- (ဂ) ထိန်းသိမ်းရေးအဖွဲ့သို့ ပုဒ်မ ၃ အရ တာဝန်လွှဲအပ်သော ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီးစေမှု၊ နှောင့်ရှက်မှုတို့ကို တားဆီးခြင်း၊ ဥပစာအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကို၊ သို့တည်းမဟုတ် တိရစ္ဆာန်များ ခေါ်ဆောင်လာမှုကို တားဆီးခြင်းကိစ္စ။
- (ဃ) သမိုင်းဝင်ပုဂ္ဂိုလ်၏ အထိမ်းအမှတ်မော်ကွန်း ဥပစာအတွင်းတွင် ညစ်ညမ်းအောင်ပြုမှု၊ မဖွယ်မရာပြုမှု၊ မရိုမသေပြုမှု၊ ထို့ပြင် ဥပစာအတွင်းရှိ ပစ္စည်းအစရှိသည်တို့ကို မတရားသဖြင့် အသုံးပြုမှုတို့ကို တားဆီးခြင်း ကိစ္စ။
- (၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည်၊ ဤပုဒ်မအရ နည်းဥပဒေများပြုရာတွင်၊ နည်းဥပဒေ တခုခုကို ဖေါက်ဖျက်သည့်အတွက် သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းနိုင်သည်။
ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။
ရန်ကုန်မြို့၊ ၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်။
(၁၉၆၂ ခုနှစ်၊ ဒီဇင်္ဘာလ ၂၇ ရက်။)
အမိန့်အရ၊
ဒု-ဗိုလ်မှူးကြီး ကိုကို၊
အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။