မာတိကာသို့ ခုန်သွားရန်

ကပိလမစ္ဆဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၄-တဏှာဝဂ်
၁-ကပိလမစ္ဆဝတ္ထု
၃၃၄။ မနုဿဿ ပမတ္တစာရိနော၊ တဏှာ ဝဍ္ဎတိ မာလုဝါဝိယ။
သော ပ္လဝတိ ဟုရာဟုရံ၊ ဖလမိစ္ဆံဝ ဝနသ္မိံ ဝါနရော။
၃၃၅။ ယံ ဧသာ သဟတိ ဇမ္မိ၊ တဏှာ လောကေ ဝိသတ္တိကာ။
သောကာ တဿ ပဝဍ္ဎန္တိ၊ အဘိဝဋ္ဌံဝ ဗီရဏံ။
၃၃၆။ ယော စေတံ သဟ‌တေ ဇမ္မိံ၊ တဏှံ လောကေ ဒုရစ္စယံ။
သောကာ တမှာ ပပ‌‌တန္တိ၊ ဥဒဗိန္ဒုဝ ပေါက္ခရာ။
၃၃၇။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ၊ ယာဝန္တေတ္ထ သမာဂတာ။
တဏှာယ မူလံ ခဏထ၊ ဥသီရတ္ထောဝ ဗီရဏံ။
မာ ဝေါ နဠံဝ သောတောဝ၊ မာရော ဘဉ္ဇိ ပုနပ္ပုနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာဂတနှင့် ကပိလညီနောင်, အမိ သာဓိနီ,ညီမ တာပနာ ပေါင်းလေးယောက် ရဟန်းပြုကြသည်။ အစ်ကိုကြီး သာဂတသည် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသော်လည်း ညီငယ် ကပိလသည် ပိဋကတ်သုံးပုံကို သင်ကြားပို့ချ၍ အခြံအရံ လာဘ်လာဘ ပေါများလာသောအခါ မာန်မာနကြီးပြီးလျှင် လာဘ်လာဘကို ဦးစားပေးကာ သီလချစ်ခင်သော သူတို့ကို မထီမဲ့မြင်ပြုသဖြင့် မိခင်နှင့် ညီမတို့လည်း အလိုတူဖြစ်သောကြောင့် အဝီစိငရဲ၌ ကျသည်။ ဘုရားနှစ်ဆူအကြား၌ ငရဲ၌ ခံစား၍ ကပိလသည် အစိရဝတီမြစ်တွင်း၌ ရွှေအဆင်းရှိသော်လည်း ပါးစပ်ဖွင့်ဟသောအခါ အပုပ်နံ့ထွက်နေသော ငါးကြီးဖြစ်သည်။ ယင်းကပိလငါးကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တံငါသည်သား ငါးရာတို့ သံဝေဂရ၍ ဘုရားရှင်ထံ ရဟန်းပြုကြပြီးလျှင် မကြာမီပင် ရဟန္တာဖြစ်သွားကြသည်။

အနက်

ပမတ္တစာရိနော၊ မေ့မေ့လျော့လျော့နှင့် ကျင့်လေ့ရှိသော။ မနုဇဿ၊ သတ္တဝါအားလုံးအား။ မာလုဝါဝိယ၊ မာလောနွယ်ကဲ့သို့။ တဏှာ၊ တဏှာသည်။ ဝဍ္ဎတိ၊ တိုးပွား၏။ သော၊ ထိုတဏှာတိုးပွားသောသူသည်။ ဟုရာဟုရံ၊ တဘဝမှ တဘဝသို့။ ဥပ္လဝတိ၊ ပြေးသွား၏။ ဖလံ၊ သစ်သီးကို။ ဣစ္ဆံ-ဣစ္ဆ‌န္တော၊ အလိုရှိလော။ ဝါနရောဝ၊ မျောက်သည်။ ဝနသ္မိံ၊ တောအတွင်း၌။ ဓာဝတိ ဣဝ၊ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့တည်း။

ဗီရဏံ၊ ပြိန်းမြက်သည်။ အဘိဝဋ္ဌံ၊ မိုးအကြိမ်ကြိမ်ရွာသည်ရှိသော်။ ဝဍ္ဎတိ ဣဝ၊ ကြီးပွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ လောကေ၊ လောက၌။ ဝိသတ္တိကာ၊ ရူပါရုံစသည်တို့၌ ကပ်ငြိတတ်သော။ ဇမ္မီ၊ ယုတ်မာသော။ ဧသာ တဏှာ၊ ဤတဏှာသည်။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ သဟ‌တေ၊ ညှဉ်းဆဲ၏။ တဿ၊ ထိုတဏှာညှဉ်းဆဲခံရသူအား။ သောကာ၊ စိုးရိမ်ကြောင့်ကြမှုတို့သည်။ ပဝဍ္ဎန္တိ၊ ကြီးပွားကုန်၏။

လောကေ၊ လောက၌။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဒုရစ္စယံ၊ စွန့်လွှတ်ရန်ခဲယဉ်းသဖြင့် လွန်မြောက်နိုင်ခဲသော။ ဇမ္မိံ၊ ယုတ်မာသော။ ဧတံ တဏှံ၊ ထိုတဏှာကို။ သဟ‌တေ၊ ညှဉ်းဆဲ၏။ ဥဒဗိန္ဒု၊ ရေပေါက်သည်။ ပေါက္ခရာ၊ ကြာရွက်မှ။ ပတတိ ဣဝ၊ လျောကျသကဲ့သို့။ တမှာ၊ ထိုတဏှာကို ညှဉ်းဆဲနိုင်သော ပုဂ္ဂိုလ်မှ။ သောကာ၊ စိုးရိမ်ကြောင့်ကြမှုတို့သည်။ ပပတန္တိ၊ လျောကျကုန်၏။

တံ၊ ထို့ကြောင့်။ ဧတ္ထ၊ ဤအရပ်၌။ သမာဂတာ၊ စည်းဝေးလာကြသော။ ယာဝန္တာ၊ အကြင်မျှလောက်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တာဝ‌န္တေ၊ ထိုမျှလောက်ကုန်သော။ ဝေါ၊ သင်တို့ကို။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောအံ့။ ဝေါ၊ သင်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဥသိရတ္ထောဝ၊ ပန်းရင်းကို အလိုရှိသောသူသည်။ ဗီရဏံ၊ ပြိန်းမြက်ပင်ကို။ ခဏတိ ဣဝ၊ တူးရသကဲ့သို့။ ဧဝံ၊ ဤအတူ။ တဏှာယ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ၏။ မူလံ၊ အမြစ်အရင်းကို။ ခဏထ၊ တူးကြကုန်လော့။ သောတော၊ ရေအလျဉ်သည်။ နဠံ၊ ကျူပင်ကို။ ဘဉ္ဇတိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရော၊ ကိလေသာမာရ်စသော မာရ်သုံးပါးသည်။ ဝေါ၊ သင်တို့ကို။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ မာ ဘဉ္ဇိ၊ မဖျက်ဆီးစေလင့်။

စကားပြေ

မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်၍ ကြီးပွားသကဲ့သို့ မေ့မေ့လျော့လျော့နေသူကို တဏှာသည် တိုးပွား၏။ အသီးကို အလိုရှိသော မျောက်သည် တောအတွင်း၌ တပင်မှ တပင်သို့ ခုန်လွှားကူးသန်းသကဲ့သို့ တဏှာတိုးပွားနေသူသည် တဘဝမှ တဘဝသို့ ပြေးသွားနေရ၏။

ပြိန်းမြက်သည် မိုးအကြိမ်ကြိမ်ရွာသည်ရှိသော် ကြီးပွားသကဲ့သို့ လောက၌ ရူပါရုံစသောအာရုံတို့၌ ကပ်ငြိလျက် ယုတ်မာသော တဏှာကို ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွားကုန်၏။

ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့ လောက၌ စွန့်လွှတ်ရန် ခဲယဉ်းသဖြင့် လွတ်မြောက်နိုင်သော ယုတ်မာသော တဏှာကို ညှဉ်းဆဲနိုင်သူအထံမှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျှောကျကုန်၏။

ဤအရပ်၌ စည်းဝေးလာကြသော သင်တို့အား ငါဘုရားပြောအံ့။ သင်တို့အား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ။ ပန်းရင်းကို လိုသောသူသည် ပြိန်းမြက်ပင်ကို တူးဖြတ်သကဲ့သို့ တဏှာ၏ အရင်းအမြစ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် တူးလော့။ ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်စသော မာရ်သည် သင်တို့ကို အဖန်ဖန် မဖျက်ဆီးစေလင့်။
မေ့လျော့သူ— မေ့လျော့သော ပုဂ္ဂိုလ်အား ဈာန် ဝိပဿနာ မဂ်ဖိုလ်တို့သည် မတိုးတက်မကြီးပွားကုန်။ မေ့လျော့သောပုဂ္ဂိုလ်အား မာလောနွယ်သည် သစ်ပင်ကို ရစ်ပတ်ပြီး ဖျက်ဆီးရန် ကြီးပွားသကဲ့သို့ ခြောက်ဒွါရ၌ ဖြစ်သော တဏှာသည် အဖန်ဖန် တိုးပွား၏။

မျောက်နှင့် တဏှာတူပုံ

သစ်သီးကို အလိုရှိသော မျောက်သည် တောအုပ်ထဲ၌ ပြေးပြီး သစ်ကိုင်း တကိုင်းကို ကိုင်၏။ ပထမကိုင်သော သစ်ကိုင်းကို လွှတ်ပြီး အခြားသစ်ကိုင်းကို ကိုင်၏။ သစ်ကိုင်းကို မကိုင်ရသဖြင့် ထိုင်နေရသည် မရှိသကဲ့သို့ တဏှာအလိုသို့ လိုက်သော ပုဂ္ဂိုလ်သည် ဟိုမှသည်မှ ပြေးလျက် အာရုံအမျိုးမျိုးကို ခံယူ၏။ အာရုံမရသဖြင့် တဏှာမဖြစ်သည် မရှိ။ အမြဲပင် အာရုံရှိရာသို့ လိုက်၍ တဏှာဖြင့် ကပ်ငြိနေ၏။

တဏှာယ မူလံ ခဏထ— ပန်းရင်းကို အလိုရှိသော ပုဂ္ဂိုလ်သည် ပေါက်တူးဖြင့် ပြိန်းမြက်ကို တူးသကဲ့သို့ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ၏ အမြစ်ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်ရာ၏။

မာရော— ကိလေသာမာရ် မစ္စုမာရ် ဒေဝပုတ္တမာရ် သုံးပါးရ၏။

ကပိလငါး— ကပိလငါးကြီးသည် ဘုရားစကားတော်များကို သင်ယူပြီး ဘုရားဂုဏ်များကို ပြောဆိုခဲ့မှုကြောင့် ရွှေရောင်အဆင်းရှိသော်လည်း ရဟန်းများကို ဆဲရေးခဲ့မှုကြောင့် ခံတွင်းမှ အပုပ်နံ့ထွက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၂၉။)

ပါဠိသဒ္ဒါခက်ဆစ်

မနုဿဿ = မနတိ ဇာနာတီတိ မနု။ မန်+ဥ။ မနုမှာ ဇာတော မနုဇော။ မနု+ဇန်+ကွိ။
ပမတ္တစာရိနော = ပမတ္တေန စရတိ သီလေနာတိ ပမတ္တစာရီ။ ပမတ္တ+စရ်+ဏီ။
ပ္လဝတိ = ပ္လု+အ+တိ။
ဇမ္မိ = ဇမတိ အဒတီတိ ဇမ္မီ။ ဇမ်+မ+ဤ။
ဗီရဏံ = ဝီရ်+ယု။
ပေါက္ခရာ = ပေါသတိ ဝဍ္ဎတီတိ ပေါက္ခရံ။ ပုသ်+ခရ (သ-ကို က-ပြု)။ ပေါက္ခရေ (ဇလေ) ဇာတံ ပေါက္ခရံ။ ပေါက္ခရ+ဏ။
ယာဝန္တေတ္ထ = ယာဝန္တာ+ဧတ္ထ။
ဥသိရတ္ထော = ဥသတိ ဒဟတီတိ ဥသီရံ။ ဥသ်+ဤရ။ ဥသိရံ အတ္ထော ဥသိရတ္ထော။ ဥသီရ+အတ္ထ။
ပုနပ္ပုနံ = ပုန စ ပုန စ ပုနပ္ပုနံ။ ပုန+ပုန။

ကပိလမစ္ဆဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၄-တဏှာဝဂ်

၁-ကပိလမစ္ဆဝတ္ထုပါဠိဂါထာ

၅၉၉။ မနုဇဿ ပမတ္တစာရိနော, တဏှာ ဝဍ္ဎတိ မာလုဝါ ဝိယ၊
သော ပဝတီ ဟုရာဟုရံ, ဖလမိစ္ဆံဝ ဝနသ္မိ ’ ဝါနရော။

ပမတ္တစာရိနော၊ မေ့လျော့ပေါ့ဆလျက် ကျင့်ကြံသွားလာနေထိုင်လေ့ရှိသော။ မနုဇဿ၊ သတ္တဝါ၏။ ဝါ၊ မှာ။ တဏှာ၊ တဏှာသည်။ မာလုဝါ ဝိယ၊ မာလောနွယ်ကဲ့သို့။ ဝါ၊ ခွေးတောက်နွယ်ကဲ့သို့။ ဝဍ္ဎတိ၊ တိုးပွား၏။ သော၊ တဏှာ့အလိုပါ, ထိုသတ္တဝါသည်။ ဟုရာဟုရံ၊ ထိုထိုဘဝ၌။ (ဘဝတိုင်းဘဝတိုင်း)။ ပ’ဝတိ၊ ပြေးလွှားနေရ၏။ (ကိံ ဝိယ၊ အဘယ်ကဲ့သို့နည်း။) ဖလံ၊ သစ်သီးကို။ ဣစ္ဆံ (ဣစ္ဆန္တော)၊ အလိုရှိသော။ ဝါနရော၊ မျောက်သည်။ ဝနသ္မိံ၊ တော၌။ ပ’ဝတိ ဣဝ၊ ပြေးလွှားနေရသကဲ့သို့တည်း။ (ပါ-၃၃၄)

၁။ မနုဇဿ။ ။ မနုဇဿာတိ သတ္တဿ(ထေရ၊ဋ္ဌ၊၂၊၉၅)။ မနုနော အပစ္စံ မနုဇော၊ [မနု+ဿ၊ ဿကို ဇပြု၊] မနုဿေ ဇာယတီတိ မနုဇော၊[မနုဿ+ဏ၊ ဿကို ဇပြု၊] မနော+ဥဿန္နံ ဧတဿာတိ မနုဇော၊ [မန+ဥဿ၊ ဿကို ဇပြု၊] မနတော ဇာယတိ, မနေန ဇာယတီတိ ဝါ မနုဇော၊ [မန+ဇန+ကွိ၊ န၏ အ-ကို ဥပြု၊-ဓမ္မဋီ။] မနတိ ဇာနာတိ သတ္တာနံ ဟိတာဟိတန္တိ မနု၊ [မန+ ဥ၊] မနုမှာ ဇာတော မနုဇော၊ [မနု+ဇန+ကွိ၊-ဓာန်-ဋီ-၂၂၇။]

၂။ ဟုရာဟုရံ။ ။ “ဘေဝ ဘဝေ”ဟူသော အဖွင့်ကိုရှု၍ ဝိစ္ဆာပုဒ်ဟုကြံ၊ ဟုရံသည် ဣတရအနက်ဟော သတ္တမျတ္ထနိပါတ်ပုဒ်တည်း၊ ဝိစ္ဆာဘိက္ခညေသု ဒွေ(မောဂ်-၁၊၅၄)သုတ်ဖြင့် “ဟုရံ ဟုရံ”ဟု ဒွိရုပ်ပြု၊ ရှေ့ပုဒ်၌ နိဂ္ဂဟိတ်ကိုချေ, ဒီဃပြု၍ ပြီးစေရာ၏။

တစ်နည်း။ ။ ရှေ့ပုဒ်ကို ပဉ္စမျန္တ, နောက်ပုဒ်ကို ဒုတိယန္တကြံ၍ “ဟုရာ-တစ်ဘဝမှ၊ ဟုရံ-တစ်ဘဝသို့”ဟုလည်းကောင်း, ဒွန်သမာသ်ကြံ၍ “ဟုရာဟုရံ-ထိုဘဝဤဝသို့”ဟုလည်း ကောင်း ပေးကြသေး၏၊ သတ္တမျတ္ထနိပါတ် “ဟုရံ”ဟုသာရှိခြင်း, အဋ္ဌကထာ၌ “ဘေဝ ဘဝေ”ဟု သတ္တမျန္တဝိစ္ဆာပုဒ်ဖြင့်ဖွင့်ခြင်း, ဥပမာနဘက်၌ “ဝနသ္မိံ”ဟု ရှိခြင်းတို့ကြောင့် ထိုသို့ပေးခြင်းကို စဉ်းစားသင့်၏။

၁။ ဝါနရော။ ။ နရော ဣဝ ဝါနရော၊ [ဝါ+နရ၊ ဝါသဒ္ဒါ ဣဝအနက်၊ ယုတ္တတ္ထဖြစ်သော ကြောင့် သမာသ်တည်း၊-ဓာန်-ဋီ-၆၁၆။] ဝါနံ ဂမနံ ဧတဿ အတ္ထီတိ ဝါနရော၊ [ဝါန+ရ၊-နီတိ သုတ္တ-၃၉၃။] ဝါတိ သမေတီတိ ဝါနရော၊ [ဝါဓာတ် (သမ-သဒိသအနက်)+ရ၊ နလာ၊-သူစိ။] ဝါ (သဒိသော)+နရော ဝါနရော(သူစိ ဝါသဒ္ဒါအဖွင့်)၊ ဝါ (ဝိကပ္ပိတော)+နရော ဝါနရော၊ ဝနေ+ဘဝံ ဝါနံ၊ ဝါနံ (ဝနေ ဘဝံ ဖလာဒိကံ) ရာတိ ဂဏှာတီတိ ဝါနရော၊ [ဝါန+ရာ+က၊-ကောတ္ထုဘ။]

၆၀၀။ ယံ ဧသာ သဟတေ ဇမ္မီ, တဏှာ လောကေ ဝိသတ္တိကာ၊
သောကာ တဿ ပဝဍ္ဎုန္တိ, အဘိဝဋ္ဌံဝ ဗီရဏံ။

လောကေ၊ လောက၌။ ဇမ္မီ၊ ယုတ်ညံ့သော။ ဝါ၊ များသောအားဖြင့် ယုတ်ညံ့ သော သတ္တဝါတို့၌ ဖြစ်တတ်သော။ ဝိသတ္တိကာ၊ အာရုံအရပ်ရပ်, ငြိတွယ်တတ်သော။ ဧသာ တဏှာ၊ ဤတဏှာသည်။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ သဟတေ၊ လွှမ်းမိုး၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ (အန္တော၊ စိတ်အတွင်း၌)။ သောကာ၊ ဝမ်းနည်းပူဆွေးခြင်းတို့သည်။ အဘိဝဋ္ဌံ၊ မိုးစိုစွတ်အပ်သော။ ဗီရဏံ ဣဝ၊ ဗြိတ်မြက်ကဲ့သို့။ ဝါ၊ မြက်မွှေးကဲ့သို့။ [ဝိသိဋ္ဌော+ ရဏော မူလံ ယဿာတိ ဗီရဏံ။ ထောမ။] ပဝဍ္ဎုန္တိ၊ တိုးပွားကုန်၏။ (ပါ-၃၃၅)

၂။ ဇမ္မီ။ ။ ဓမ္မ.ဋ္ဌအလို “ဇမေတိ အဘက္ခိတဗ္ဗံ အဒတီတိ ဇမ္မီ၊ [ဇမု+မ+ဤ၊-မောဂ်- ၇, ၁၃၆)”ဟု ပြု၊ ဓမ္မဋီ၌ကား “အဘက္ခိတဗ္ဗံ ဇမေတိ ခါဒတီတိ ဇမ္မော၊ (နိဟီနသတ္တော)၊ ယေဘုယျေန ဇမ္မေသု+ဇာတာတိ ဇမ္မီ၊[ဇမ္မ+ဏ+ဤ၊]”ဟု ပြု၏။

၆၀၁။ ယော စေတံ သဟတေ ဇမ္မိံ, တဏှံ လောကေ ဒုရစ္စယံ၊
သောကာ တမှာ ပပတန္တိ, ဥဒဗိန္ဒုဝ ပေါက္ခရာ။

ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ လောကေ၊ ၌။ ဇမ္မိံ၊ ယုတ်ညံ့သော။ ဒုရစ္စယံ၊ ခဲယဉ်းသဖြင့် လွန်မြောက်အပ်သော။ ဝါ၊ လွန်မြောက်နိုင်ခဲသော။ ဧတံ တဏှံ၊ ဤတဏှာကို။ သဟတေ၊ လွှမ်းမိုးနိုင်၏။ တမှာ၊ ထိုပုဂ္ဂိုလ်မှ။ သောကာ၊ ဝမ်းနည်းပူဆွေး ခြင်းတို့သည်။ ပေါက္ခရာ၊ ကြာဖက်မှ။ ဥဒဗိန္ဒု ဣဝ၊ ရေပေါက်ကဲ့သို့။ ပပတန္တိ၊ လျှောကျ ကုန်၏။ (ပါ-၃၃၆)

၃။ ယော စေတံ။ ။ “ယော+စေ+ဧတံ”ဟုဖြတ်၍ “ယော-သည်၊...ဧတံ တဏှံကို၊ စေ သဟတေ-အံ့”ဟုလည်း ပေးကြ၏၊ “ယော ပန”ဟု ဖွင့်သောကြောင့် “ယော+စ+ဧတံ”ဟု ဖြတ်ခြင်းသာ ကောင်း၏။

၆၀၂။ တံ ဝေါ ဝဒါမိ ဘဒ္ဒံ ဝေါ, ယာဝန္တေ’တ္ထ သမာဂတာ၊
တဏှာယ မူလံ ခဏထ, ဥသီရတ္ထောဝ ဗီရဏံ၊
မာ ဝေါ နဠံဝ သောတောဝ, မာရော ဘဉ္ဇိ ပုနပ္ပုနံ။

တံ၊ ထိုအကြောင်းကြောင့်။ ဝေါ၊ သင်တို့ကို။ ဝဒါမိ၊ မိန့်တော်မူမည်။ ဝေါ၊ သင်တို့ အား။ ဘဒ္ဒံ၊ ကောင်းခြင်းမင်္ဂလာ, အဖြာဖြာသည်။ (ဟောတု၊ ဖြစ်ပါစေ။) ဧတ္ထ၊ ဤအရပ် ၌။ ယာဝန္တော၊ အကြင်မျှအတိုင်းအရှည်ရှိသော သင်တို့သည်။ သမာဂတာ၊ ညီညာဖျဖျ, ရောက်လာကြ၏။ (တာဝန္တော၊ ထိုမျှအတိုင်းအရှည်ရှိကုန်သော။ ဝေါ၊ သင်တို့သည်။) ဥသီရတ္ထော၊ ပန်းရင်းဖြင့် အလိုရှိသောပုဂ္ဂိုလ်သည်။ ဗီရဏံ၊ ဗြိတ်မြက်ကို။ ဝါ၊ မြက်မွှေး ကို။ (ခဏတိ) ဣဝ၊ တူးသကဲ့သို့။ (ဧဝံ၊ တူ။) တဏှာယ၊ တဏှာ၏။ မူလံ၊ အကြောင်း ရင်းဖြစ်သော အဝိဇ္ဇာစသော ကိလေသာတောရှုပ်ကို။ ခဏထ၊ အရဟတ္တမဂ်ဉာဏ် ဖြင့် တူးဖြတ်လိုက်ကြလော။ သောတော၊ မြစ်ရေအလျဉ်သည်။ နဠံ၊ ကျူပင်ကို။ [နဠံဝ၌ ရဿပြုထားသော ဝါသဒ္ဒါကား အနက်မဲ့။] (ဘဉ္ဇတိ) ဣဝ၊ ချိုးဖျက်သကဲ့သို့။ (ဧဝံ၊ တူ။) မာရော၊ (ကိလေသ, မရဏ, ဒေဝပုတ္တဟူသော) မာရ်သည်။ ဝေါ၊ သင်တို့ကို။ ပုနပ္ပုနံ၊ အဖန်ဖန်အထပ်ထပ်။ မာ ဘဉ္ဇိ၊ မချိုးဖျက်ပါစေနှင့်။ (ပါ-၃၃၇)

၁။ ယာဝန္တေတ္ထ ။ ။ “ယာဝန္တော+ဧတ္ထ(ပေတ၊ဋ္ဌ၊၉၈၊ ထေရ၊ဋ္ဌ၊၁၊၄၇၉၊ ဇာ ၊ဋ္ဌ၊၄၊၂၁၁)”ဟု ဖြတ်၍ “ယာဝန္တေတ္ထ သမာဂတာတိ ဣမသ္မိံ ဌာနေ ယတ္တကာ သန္နိပတိတာ၊ တတ္တ- ကာ(ထေရ၊ဋ္ဌ၊၂၊၉၈)”အဖွင့်နှင့်အညီ ပေးခဲ့သည်၊ ပေတ၊ဋ္ဌ၊၉၈အလို နိယမဝါကျသီးခြား ထည့်၍ “ယာဝန္တော-တို့သည်၊ ဧတ္ထ-၌၊ သမာဂတာ-ကုန်၏၊ (သဗ္ဗေ-ကုန်သော၊ တေ ဝေါ-ထို သင်တို့သည်၊ မမ-ငါဘုရား၏၊ ဝစနံ-စကားတော်ကို၊ သုဏာထ-နားထောင်ကြလော)”ဟု ပေး။

တစ်နည်း။ ။ “ယာဝတာ+ဧတ္ထ”ဟု ဖြတ်၍ “တံ-ကြောင့်၊ ဝေါ-တို့အား၊ ဘဒ္ဒံ-ကောင်း သော စကားကို၊ ဝဒါမိ၊ ဧတ္ထ-၌၊ သမာဂတာ-ကုန်သော၊ ယာဝတာ-ကုန်သော၊ ဝေါ-တို့သည်. ..ခဏထ”ဟု ပေးကြသေး၏၊ အဖွင့်နှင့်မညီပါ။

၂။ တဏှာယ မူလံ။ ။ မူလသဒ္ဒါသည် ကာရဏအနက်တည်း၊ မူလံအရ အဝိဇ္ဇာစသော ကိလေသာကိုယူ(ထေရ၊ဋ္ဌ၊၂၊၂၉၆)၊ ဓမ္မဋီ၌ကား တဏှာယအရနှင့် မူလံအရ မကွဲပြားသော် လည်း အဘေဒဘေဒူပစာရအားဖြင့် “တဏှာယ မူလံ”ဟု ဆိုတော်မူသည်ဟု ဆို၏၊ တဏှာယ အရ အဝိဇ္ဇာကိုပါ ယူ၍ ဆဋ္ဌီဝိဘတ်ကို ဒုတိယာအနက်ကြံကာ “တဏှာယ-တဏှာအဝိဇ္ဇာဟူသော၊ မူလံ-ဝဋ်မြစ်ကို”ဟု ပေးစေ၏။

ကပိလမစ္ဆဝတ္ထုဂါထာနိဿယပြီးပြီ။