မာတိကာသို့ ခုန်သွားရန်

ကာဠယက္ခိနီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၄ - ကာဠယက္ခိနီဝတ္ထု

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားငယ်ဘဝမှစ၍ ကာဠဘီလူးမဖြစ်သည်တိုင်အောင် ဆုတောင်းမှားခဲ့သော ကာဠဘီလူးမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဘီလူးမ သောတာပန်တည်၍ ရန်ပြုဖက် မိန်းမနှင့်လည်း မိတ်ဆွေဖြစ်သွားသည်။

အနက်

ဣဓ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူခြင်းဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ဟိ သမ္မန္တိ၊ မငြိမ်းနိုင်ကုန်။ (ဝဍ္ဎန္တိယေဝ၊ ရန်ပွါးကုန်သည်သာလျှင်တည်း)။ အဝေရေန စ၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင်။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသ ဧသော၊ ဤသို့ရန်တုံ့မမူသဖြင့်သာ ရန်ငြိမ်းခြင်းသည်။ သနန္တနော၊ ရှေး၌ဖြစ်သော။ (ဝါ) ရှေးပညာရှိသူတော်ကောင်းတို့၏ အစဉ်အလာဖြစ်သော။ ဓမ္မော၊ သဘောတရားဓမ္မတာပင်တည်း။

စကားပြေ

ဤလောက၌ ရန်တုံ့မူသဖြင့် ရန်တို့သည် ဘယ်အခါမျှ မငြိမ်းနိုင်ပဲ တိုးပွါးသည်ထက် တိုးပွါးနိုင်သည်။ ရန်တုံ့မမူသဖြင့်သာလျှင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ဖြစ်ခြင်းသည် ရှေးပညာရှိ သူတော်ကောင်းတို့၏ အစဉ်အလာ ဓမ္မတာသဘောပင်ဖြစ်သည်။

ဝေရေန ဝေရာနိ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို တံထွေးစသည်တို့ဖြင့် ဆေးကြောသုတ်သင်သဖြင့် စင်ကြယ်အောင် မကောင်းသော အနံ့အသက်မထွက်အောင် မပြုနိုင်ပဲ ပို၍ပင် မစင်ကြယ်ပဲ မကောင်းသောအနံ့များ လှိုင်ထွက်ရာသကဲ့သို့ ဆဲရေးပုတ်ခတ်သူကို တဖန်ပြန်၍ ဆဲရေးပုတ်ခတ်မှုပြုလျက် ရန်တုံ့မူခြင်းသည် ဘယ်အခါမျှ ရန်မငြိမ်းသည့်အပြင် ရန်သာတိုးပွါးလာနိုင်သည်။

အဝေရေန စ သမ္မန္တိ– တံထွေး, နှပ်, မစင်စသည်တို့ဖြင့် ပေကျံနေသော နေရာဌာနကို ကြည်လင်သောရေဖြင့် ဆေးကြောသုတ်သင်သဖြင့်သာ မကောင်းသောအနံ့အသက် ပျောက်သကဲ့သို့—
(က) ခန္တီ, မေတ္တာတည်းဟူသော ရေ၊
(ခ) ယောနိသောမနသိကာရ၊
(ဂ) မိမိပြုသောအမှု(ကံ)ကို ဆင်ခြင်လျက် ရန်တုံ့မမူသဖြင့်သာ ရန်ကို ငြိမ်းအေးစေနိုင်သည်။

ပုန်းမကြည်— ကာဠယက္ခိနီဘီလူးမအား လယ်သူမသည် နေ့စဉ် ယာဂုထမင်းဦးတို့ကို ပူဇော်သဖြင့် ဘီလူးမက ပြန်လည်၍ စပါးစိုက်ရန်သင့်လျော်သောအရပ်ကို ပြောကြားပေးသောကြောင့် စပါးအထွက်တိုးသည်။ အခြားသူများလည်း အတုယူ၍ ဘီလူးမအား ပူဇော်ကြသောကြောင့် စပါးများ ကောင်းမွန်လာကြသည်။ သို့အတွက် ယခုကာလတိုင် အချို့အရပ်ဒေသ၌ ပုန်းမကြည်ခေါ် လယ်နတ်တင်လေ့ရှိကြသည်။ ပုဗ္ဗကြယ်မှ ပုဗ္ဗကြည်၊ ပုဗ္ဗကြည်မှ ပုန်းမကြည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၃။)

ကျေးဇူးသိတတ်သူ— အပြန်အလှန် ရန်ငြိုးဖွဲ့ခဲ့ကြသော အမျိုးသမီးနှစ်ယောက်တို့သည် နောက်ဆုံးဘဝ၌ လူမိန်းမနှင့် နတ်ဘီလူးမဖြစ်ကြရာ ဘုရားရှင်၏ ဆုံးမမှုကိုခံယူရသဖြင့် အချင်းချင်း ပြေလည်သွားကြပြီးနောက် လူမိန်းမက အစာများ ကျွေးမွေးသဖြင့် နတ်ဘီလူးမကလည်း ပြန်လည်၍ စောင့်ရှောက်ခဲ့သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၄။)

ပါဠိသဒ္ဒါခက်ဆစ်

သနန္တနော = သနာသနံ (ရှေး၌) ဘဝေါ သနန္တနော။ သန, သနံ + တန။

ကာဠယက္ခိနီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁-ယမကဝဂ်

၄-ကာဠယက္ခိနီဝတ္ထု ပါဠိဂါထာ

၄၁။ န ဟိ ဝေရေန ဝေရာနိ, သမ္မန္တီဓ ကုဒါစနံ၊
အဝေရေန စ သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။

ဟိ၊ မှန်၏။ ဣဓ၊ ဤလောက၌။ ဝေရာနိ၊ ရန်တို့သည်။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ကုဒါစနံ၊ တစ်စုံတစ်ခုသောအခါ၌။ ဝါ၊ ဘယ် အခါ၌မှ။ န သမ္မန္တိ၊ မငြိမ်းအေးနိုင်ကုန်။ ၊ အနွယကား။ ဝေရာနိ၊ တို့သည်။ အဝေရေန၊ ရန်တုံ့မမူသဖြင့်။ သမ္မန္တိ၊ ငြိမ်းအေးနိုင်ကုန် ၏။ ဧသ ဓမ္မော၊ ရန်ကိုရန်ချင်း, မတုံ့လျင်းမှ ငြိမ်းအေးနိုင်ခြင်း ဟူသော ဤသဘောသည်။ သနန္တနော၊ ရှေး၌ဖြစ်သော သဘော တည်း။ ဝါ၊ ရှေးဟောင်းထုံးစံတည်း။ (ပါ-၅)

ကာဠယက္ခိနီဝတ္ထုဂါထာနိဿယပြီးပြီ။