ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး
သမ္ဘာခံ ဉာဏံ ကြွေ့သူမို့၊ ကဗျာဉာဏ် ဖြာလျှံဝေ့ပါလို့၊
စာအဖန် ကာရန်စေ့ပါဘိ၊ စံ ပရမေ့ဂုဏ်ဝါ။ ။
ရှည်ဂရု သည်လဟု၊ ညီသမှု ချင့်ဝေကာငယ်၊
သင့်ပေစွာ ချွေညွှန်း။ ။
ခွန်းအဆင့် ညွှန်းသဖြင့်၊ လွမ်းစချင့် ချဲ့ထွင်ယူတယ်၊
နွဲ့ယဉ်မူရွှန်းတင့် တောက်ထွန်း။ ။
ထက်စွန်ပ ခက်လွန်စွ၊ ဝဂ်ဝဏ္ဏ မတြာယူမှာ၊
ပါရဂူ ဖက်ကျွမ်း။ ။
ဗွေပထဗျာ မြေချာဝန်းတွင်မှ၊ ဝေဆရာ ကြေညာရွှန်းပါဘိ၊
နေဝါဝန်း ပုံသွင်။ ။
ရှေထက်ကြာ ရွှေစာတမ်းငယ်နှင့်၊ သေလက္ခရာ ကျေကာကျွမ်းပါလို့၊
စွမ်းနိုင်တဲ့ မင်းဆက်ရာဇဝင်။ ။
လွန်ရှေးကာလ၊ မှန်ရေးဘာသ၊ လျှာစရွှင်တယ်၊
ကမ္ဘာ့အသွင် မြေပုံအတွင်း၌၊ ဉာဏထင်ထင် ဖြေပုံရှင်းလို့၊
ရွှေယုန်လမင်း ရေးထင်ထင်၊ ညွှန်းလေး ပုံပြသွင်။ ။
အတတ်ဝေစွ၊ ဓမ္မသတ်ကျေလှ၊ သမ္မတ် ပေပ၊ မွမွထင်တယ်၊
စစကိုပင် ကျင်ကွမ်းသည်မို့လေး။ ။
သုံးပုံဗေဒင်၊ လုံးစုံဖွေဆ၊ ထုံးပုံပေပ၊ ကျေမွစုံတယ်၊
ခြွေသမဂုဏ် အို များပါဘိလေး။ ။
မှတ်ချက်
- ဤတေးထပ်ကြီးကို တချို့က ဆရာကြီး ဦးဝေ ကိုယ်တိုင်ရေးသားသည်ဟု ဆိုကြသည်။ အချို့ကလည်း ကိုယ်တိုင်ရေး မဟုတ်၊ ဆရာကြီးအား ကြည်ညိုသူတစ်ဦးက ဂုဏ်ကျေးဇူးကို ဖွဲ့ဆို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆရာကြီးဦးဝေ ကိုယ်တိုင် ရေးသားသော အခြားတေးထပ်ကြီးများနှင့် နှိုင်းယှဉ်သော် စကားအသုံးအနှုန်း၊ ယူပုံ ဆပုံချင်း တူသဖြင့် ဆရာကြီးကိုယ်တိုင် ရေးသားသည်ဟု ယူဆရန် ရှိပေသည်။[၁]
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ ဗိုလ်မှူးဘသောင်၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၄၇