ကုမာရကဿပမာတုထေရီဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၂-အတ္တဝဂ်။ ၄-ကုမာရကဿပမာတုထေရီဝတ္ထု
၁၆၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အိမ်ထောင်ပြုပြီးလျှင် ကိုယ်ဝန်ရှိသည်ကို မသိသဖြင့် ဘိက္ခုနီပြု၍ သားတယောက်ဖွားရာ ဘိက္ခုနီမနှင့် သားငယ် မလျှောက်ပတ်ဟု ပသေနဒိကောသလမင်းက မွေးစားသော ကုမာရကဿပထေရ်၏ မိခင်ထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည်ဖြစ်ကြသည်။
အနက်
အတ္တာ ဟိ၊ မိမိသည်သာ။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ ပရော၊ သူတပါးသည်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ ကော၊ အဘယ်မှာ။ သိယာ၊ ဖြစ်နိုင်မည်နည်း။ အတ္တနာ၊ မိမိသည်။ သုဒန္တေန၊ ကောင်းစွာ ယဉ်ကျေးသဖြင့်။ ဒုလ္လဘံ၊ ရခဲလှစွာသော။ နာထံ၊ ကိုးကွယ်ရာ အရဟတ္တဖိုလ်ကို။ လဘတိ၊ ရ၏။
စကားပြေ
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတပါးသည် မိမိ၏ ကိုးကွယ်ရာ မဖြစ်နိုင်။ မိမိကိုယ်တိုင်သာလျှင် ကောင်းစွာ ယဉ်ကျေးသဖြင့် ကိုးကွယ်ရာ အရဟတ္တဖိုလ်ကို ရနိုင်၏။
နာထ— အရဟတ္တဖိုလ်ရ၏။
မိတ်ဆွေစစ်
အရှင်ကုမာရကဿပသည် ဘုရားထံမှ ကမ္မဋ္ဌာန်းကို ယူ၍ တောသို့ ချဉ်းကပ်ပြီး တရားအားထုတ်ရာ တရားထူးကို မရရှိခဲ့ချေ။ ထပ်မံ၍ ဘုရားရှင်ထံ တရားကို ယူ၍ တောနက်ရာသို့ ချဉ်းကပ်သောအခါ ကဿပဘုရားရှင်လက်ထက်က တရားကို အတူ အားထုတ်ဖူးသော အနာဂါမ်ဗြဟ္မာလာ ရောက်၍ ပုစ္ဆာ (၁၅) ချက်ကို ပေးသည်။ ဘုရားရှင်ထံ ချဉ်းကပ်၍ ဤပုစ္ဆာများကို မေးလျှောက်ရန် ပြောသဖြင့် မေးလျှောက်ရာ အမေးအဖြေ အဆုံး၌ အရှင်ကုမာရကဿပ ရဟန္တာ ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၃)
အရှင်ကုမာရကဿပ၏ မယ်တော်
ရာဇဂြိုဟ်မြို့သဌေး၏ သမီးသည် ငယ်ရွယ်စဉ်က သာသနာ့ဘောင်သို့ ဝင်ရောက်လိုသော်လည်း မိဘများ ခွင့်မပြုသောကြောင့် ရဟန်းအဖြစ်ကို မရချေ။ မိဘများ၏ စီစဉ်မှုကြောင့် အိမ်ထောင်ကျသောအခါ မိမိ၌ ကိုယ်ဝန်ရှိသည်ကို မသိပဲ အိမ်ထောင်ရှင်ကို ခွင့်တောင်းပြီး ရဟန်းပြုသည်။ ရှေးဦးစွာ ဒေဝဒတ်တို့၏ အသင်းအပင်း ဘိက္ခုနီမတို့ထံ ရောက်သွားသည်။ ကိုယ်ဝန်ရှိမှန်း သိသော ဒေဝဒတ်သည် မိမိတို့ကျောင်းမှ နှင်ထုတ်သဖြင့် ဘုရားထံ ရောက်သွားသည်။ ဘုရားရှင်သည် ကောသလမင်း၊ အနာထပိဏ်၊ စူဠအနာထပိဏ်၊ ဝိသာခါတို့နှင့် ဝိနည်းအရာ ကျွမ်းကျင်သော အရှင်ဥပါလိတို့ဖြင့် အကြောင်းမှန်ကို သိစေပြီး မွေးဖွားသော သူငယ်ကို ကောသလမင်းက နို့ထိန်းများနှင့် စောင့်ရှောက်ထားသည်။
အရွယ်ရောက်သောအခါ ရှင်ရဟန်းပြုပြီး သာဝတ္ထိပြည်တွင် မနေပဲ အခြားအရပ်သို့ သွားကာ ၁၂-နှစ်တိုင်အောင် တရားအားထုတ်သည်။ သားရဟန်း ထွက်သွားသည်မှစ၍ ၁၂-နှစ်တိုင်တိုင် မိခင်ဘိက္ခုနီမသည် သားသံယောဇဉ်ဖြင့် ငိုကြွေးနေရှာသည်။ တနေ့တွင် သားရဟန်းတော် ဆွမ်းခံကြွခိုက် တွေ့သဖြင့် သားရဟန်းတော် ဟောပြသော တရားဖြင့် ရဟန္တာမဖြစ်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၂၄)
စကားလုံးဖွဲ့စည်းပုံ
- ဒုလ္လဘံ = ဒုက္ခေန လဘိတဗ္ဗောတိ ဒုလ္လဘော။ ဒု + လဘ် + အ။
ကုမာရကဿပမာတုထေရီဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၂-အတ္တဝဂ်
၄-ကုမာရကဿပမာတုထေရီဝတ္ထုအဋ္ဌကထာဂါထာ
နိဂြောဓသ္မိံ မတံ သေယျော, ယေဉ္စ သာခသ္မိ ဇီဝိတံ။
(တာတ၊ ချစ်သား! အတ္တနော၊ မိမိ၏။ ဟိတကာမော၊ စီးပွားကို လိုလားသူ သည်။) နိဂြောဓမေဝ၊ နိဂြောဓသမင်ကိုသာလျှင်။ သေဝေယျ၊ မှီဝဲဆည်းကပ်ရာ၏။ သာခံ၊ သာခသမင်ကို။ န ဥပသံဝသေ၊ ဆည်းကပ်၍ မနေရာ။ နိဂြောဓသ္မိံ၊ နိဂြောဓ သမင်ထံ၌။ မတံ၊ သေရခြင်းသည်။ သေယျော၊ မြတ်၏။ သာခသ္မိံ၊ သာခသမင်အထံ၌။ ဇီဝိတံ၊ အသက်ရှင်ရခြင်းသည်။ ယေဉ္စ သေယျော၊ မမြတ်။ (ဋ္ဌ-၁၆၇)
ကုမာရကဿပမာတုထေရီဝတ္ထုပါဠိဂါထာ
အတ္တနာ ဟိ သုဒန္တေန, နာထံ လဘတိ ဒုလ္လဘံ။
အတ္တာ ဟိ၊ မိမိသည်သာ။ အတ္တနော၊ မိမိ၏။ နာထော၊ မှီခိုအားထာရာတည်း။ [နာထတိ ဤသတိ အဘိဘဝတီတိ နာထော။ အံ၊ဋီ၊၃၊၃၀၇။ နီတိဓာတု-၇၁။] ပရော၊ မိမိမှ တစ်ပါး, အခြားသော။ ကော၊ အဘယ်သူသည်။ [ဟိ အနက်မဲ့။ (တစ်နည်း) ဗျတိရေကအနက်။] နာထော၊ မှီခိုအားထားရာသည်။ သိယာ၊ ဖြစ်နိုင်ရာအံ့နည်း။ ဟိ၊ မှန်၏။ သုဒန္တေန၊ ကောင်းစွာ ဆုံးမအပ်ပြီးသော။ ဝါ၊ ကောင်းစွာယဉ်ကျေးပြီးသော။ အတ္တနာ၊ မိမိသည် သာ။ ဝါ၊ ကိုယ်တိုင်သာ။ ဒုလ္လဘံ၊ ခဲယဉ်းသဖြင့် ရအပ်သော။ ဝါ၊ ရနိုင်ခဲသော။ နာထံ၊ အရဟတ္တဖိုလ်တည်းဟူသော အားကိုးစရာကို။ လဘတိ၊ ရ၏။ (ပါ-၁၆၀)
ကုမာရကဿပမာတုထေရီဝတ္ထုဂါထာ နိဿယပြီးပြီ။