မာတိကာသို့ ခုန်သွားရန်

မဟာကာလဥပါသကဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၂-အတ္တဝဂ်။ ၅-မဟာကာလဥပါသကဝတ္ထု

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘဝံ။
အဘိမတ္ထတိ ဒုမ္မေဓံ၊ ဝဇိရံဝ အသ္မမယံ မဏိ။

ဝတ္ထုအကျဉ်း

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တလလျှင် ရှစ်ကြိမ် ဥပုသ်ဆောက်တည်ကာ ညလုံးပေါက် တရားနာပြီး ကျောင်းမှာ အိပ်၍ နံနက်စောစော ထပြီးလျှင် အိမ်ပြန်ချိန်၌ ခိုးသူတို့ ပစ်ချခဲ့သော ခိုးထုပ်ကြောင့် အထင်လွဲကာ ပစ္စည်းရှင်များ၏ ရိုက်နှက်သတ်ပုတ်ခြင်းကို ခံရသော မဟာကာလဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ စည်းဝေးရောက်လာကြသော ရဟန်းတော်တို့ သောတာပန် ဖြစ်ကြသည်။

အနက်

အသ္မမယံ၊ ကျောက်ဖြင့် ပြီးသော။ ဝဇိရံ၊ စိန်သည်။ အသ္မမယံ၊ ကျောက်ဖြင့် ပြီးသော။ မဏိ၊ ပတ္တမြားကို။
အဘိမတ္ထတိ ဣဝ၊ အပေါက်အပေါက် အပိုင်းအပိုင်း ပြု၍ မသုံးဆောင်နိုင်အောင် ထွင်းဖောက် ဖျက်ဆီးသကဲ့သို့။ အတ္တနာ၊ မိမိသည်။ ကတံ၊ ပြုအပ်သော။ အတ္တဇံ၊ မိမိမှ ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိကြောင့် ဖြစ်သော။ ပါပံ၊ မကောင်းမှုသည်။ ဒုမ္မေဓံ၊ ပညာမဲ့သူကို။ အဘိမတ္ထတိ၊ ဖျက်ဆီး၏။

စကားပြေ

ကျောက်ဖြင့် ပြီးသော စိန်သည် ကျောက်ဖြင့် ပြီးသော ပတ္တမြားကို အပိုင်းအပိုင်း အပေါက်အပေါက် ဖြစ်အောင် ဖျက်ဆီး ထွင်းဖောက်သကဲ့သို့ မိမိ ပြုအပ်သော မကောင်းမှုသည် ပညာမဲ့သူကို ဖျက်ဆီး၏။

အဘိမတ္ထတိ— ဟူသည် အပါယ်လေးပုံသို့ ပို့ပေးခြင်းပင် ဖြစ်သည်။ မိမိသည် သူတပါးအတွက်သာ မဖြစ်စေပဲ မိမိသည် မိမိအတွက် ဖြစ်သင့်သည်။

မဟာကာလဥပါသကာ

မဟာကာလသည် ဗာရာဏသီမင်း၏ တောအုပ်တွင် ခိုးသူများ၏ ဘေးရန်ကို စောင့်ရှောက်၍ ခရီးသွားများကို ပို့ဆောင်ပေးရသော ဘဝ၌ လှပချောမော ဇနီးကို လှည်းယာဉ်ဖြင့် တင်ဆောင်လာသော ယောက်ျားကို ပရိယာယ်ဆင်ကာ ပတ္တမြားသူခိုးဟု စွပ်စွဲပြီး သတ်ပုတ် ညှဉ်းဆဲခဲ့သော ကံကြောင့် အဝီစိငရဲ၌ ကြာရှည်စွာ ခံစားရပြီးလျှင် ဘဝပေါင်း တရာ အရိုက်အနှက် ခံ၍ သေရသည်။ ဂေါတမဘုရားရှင် လက်ထက်တော်၌ သောတာပန် ဖြစ်ကာ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ပြီး အိမ်ပြန်ပဲ ကျောင်းတွင် တရားနာကာ အိပ်လေ့ရှိသည်။ တနေ့တွင် အိပ်ရာမှ ထ၍ ရေကန်အနီး မျက်နှာသစ်စဉ် သူခိုးတို့သည် ပစ္စည်းရှင်များ လိုက်လာသဖြင့် အထုပ်ကို မဟာကာလဥပါသကာ အနီးမှာ ချ၍ ပြေးကြသည်။ ပစ္စည်းရှင်များသည် ဥစ္စာထုပ် အနီး၌ ရှိသော မဟာကာလဥပါသကာကို သူခိုးစွပ်စွဲကာ ရိုက်နှက် ပုတ်ခတ် သတ်ဖြတ်မှုကို ခံရလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၅)

စကားလုံးဖွဲ့စည်းပုံ

- အတ္တဇံ = အတ္တနိ ဇာတံ အတ္တဇံ။ အတ္တ + ဇန် + ကွိ။
- အတ္တသမ္ဘဝံ = အတ္တနိ သမ္ဘာဝံ အတ္တသမ္ဘဝံ။ အတ္တ + သမ္ဘံဝ။
- အသ္မမယံ = အသ္မေန နိဗ္ဗတ္တံ အသ္မမယံ။ အသ္မ + မယ။

မဟာကာလဥပါသကဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၂-အတ္တဝဂ်

၅-မဟာကာလဥပါသကဝတ္ထုပါဠိဂါထာ

၃၃၆။ အတ္တနာ ဟိ ကတံ ပါပံ, အတ္တဇံ အတ္တသမ္ဘဝံ၊
အဘိမတ္ထတိ ဒုမ္မေဓံ, ဝဇိရံဝ’သ္မမယံ မဏိံ။

အသ္မမယံ၊ ကျောက်မှဖြစ်သော။ ဝဇိရံ၊ စိန်သည်။ မဏိံ၊ မိမိတည်ရာကျောက် ကို။ အဘိမတ္ထတိ ဣဝ၊ မွှေနှောက်ဖျက်ဆီးသကဲ့သို့။ (ဧဝမေဝ၊ ဤအတူသာလျှင်) အတ္တနာ ဟိ၊ မိမိသည်သာ။ ဝါ၊ ကိုယ်တိုင်သာ။ [အတ္တနာ ဟိ သယမေဝ။ နေတ္တိဝိ၊၃၄၀။] ကတံ၊ ပြုအပ်သော။ အတ္တဇံ၊ မိမိ၌ ဖြစ်သော။ အတ္တသမ္ဘဝံ၊ မိမိ၌ ထင်ရှားဖြစ်သော။ ပါပံ၊ မကောင်းမှုသည်။ ဒုမ္မေဓံ၊ ပညာမရှိသူကို။ အဘိမတ္ထတိ၊ မွှေနှောက်ဖျက်ဆီး၏။ (ပါ-၁၆၁)

၁။ အတ္တဇံ အတ္တသမ္ဘဝံ။ ။ ဓမ္မ.ဋ္ဌ၌ “အတ္တနိ+ဇာတံ အတ္တဇံ”ဟု ပြု၍ ရူ-၃၆၂၌ “အတ္တတော+ဇာတံ အတ္တဇံ”ဟု ပြု၏၊ အတ္တသမ္ဘဝံကိုကား မည်သို့မျှ မဖွင့်သဖြင့် “အတ္တသမ္ဘဝန္တိ အတ္တနိ သဉ္ဇာတံ(ဒီ၊ဋ္ဌ၊၂၊၁၄၉၊ အံ၊ဋ္ဌ၊၃၊၂၅၀)”ဟူသော အဖွင့်အရ “အတ္တနိ ဇာတံ(ဓမ္မ.ဋ္ဌ)” ဟူသော အဖွင့်ကို အတ္တဇံ, အတ္တသမ္ဘဝံ ၂ပုဒ်လုံး၏ အဖွင့်ဟု ယူ၍ “အတ္တနိ+သမ္ဘဝံ အတ္တသမ္ဘဝံ” ဟု ပြု၊ အတ္တဇံနှင့် အသုံးအနှုန်းကွဲအောင် “ဘူ သတ္တာယံ”နှင့်အညီ ပေးခဲ့သည်၊ နီတိသုတ္တ.သျ- ၁, ၇၉၌ကား “အတ္တဇံ-မိမိမှ ဖြစ်သော၊ အတ္တသမ္ဘဝံ-မိမိသည် ဖြစ်စေအပ်သော”ဟု ပေး၏။

မဟာကာလဥပါသကဝတ္ထုဂါထာနိဿယပြီးပြီ။