မာတိကာသို့ ခုန်သွားရန်

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
841ဓမ္မပဒဂါထာနိဿယ၂။ ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂ - ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု

၂၄။ ဥဋ္ဌာနဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဍ္ဎတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကုမ္ဘဃောသကမည်သော ရာဇဂြိုဟ်သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ကုမ္ဘဃောသကသူဌေးသားသည် သောတာပန်ဖြစ်သည်။

အနက်

ဥဋ္ဌာနဝတော၊ လုံ့လရှိသော။ သတိမတော၊ သတိရှိသော။ သုစိကမ္မဿ၊ စင်ကြယ်သောကံရှိသော။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသော။ သံယတဿ၊ ကိုယ် နှုတ် စိတ်ကို စောင့်စည်းသော။ ဓမ္မဇီဝိနော၊ တရားသဖြင့် အသက်မွေးသော။ အပ္ပမတ္တဿ၊ မမေ့မလျော့သူအား။ ယသော၊ အခြံအရံ အကျော်အစောသည်။ အဘိဝဍ္ဎတိ၊ တိုးပွါး၏။

စကားပြေ

သတိဝီရိယရှိ၍ အပြစ်ကင်းသော အမှုမှန်သမျှကို ပညာဖြင့် ဆင်ခြင်ပြီး ပြုလေ့ရှိသော ကိုယ် နှုတ် စိတ်ကို စောင့်စည်းလျက် တရားသော နည်းလမ်းဖြင့် အသက်မွေးသော မမေ့လျော့သူအား စည်းစိမ်ဥစ္စာ ဩဇာအာဏာ ချီးမွမ်းခံရခြင်းဟူသော ကျော်စောခြင်းများ တိုးပွါးနိုင်၏။

နိသမ္မကာရိနော— ဤသို့သော အမှုကို ဤသို့ပြုလျှင် ဤသို့သော အကျိုးဖြစ်မည် ဟု ပညာဖြင့် ဆင်ခြင်၍ ပြုသောသူ။

သံယတဿ— ကိုယ် နှုတ် စိတ်ဖြင့် အကုသိုလ်မဖြစ်အောင် စောင့်စည်းသူ။

ဓမ္မဇီဝိနော— လူများအဖို့ ချိန် တောင်းစသည် စဉ်းလဲမှု မရှိစေပဲ လယ်ထွန်မှု နွားမွေးမှု ရောင်းဝယ်ပြုသူ၊ သာသနာဝင်များအဖို့ ဆေးကုခြင်း သူတစ်ပါးခိုင်းစေသည်ကို ပြုခြင်းစသော အမှုကို ရှောင်၍ တရားသဖြင့် ဆွမ်းခံခြင်းဖြင့် အသက်မွေးသူ ရ၏။

ယသော
၁။ စည်းစိမ်ဥစ္စာရှိခြင်း။
၂။ ကျော်စောခြင်း အစိုးရခြင်း ချီးမွမ်းခံရခြင်း။

ရောဂါဆန်း

အဟိဝါတ ခေါ်သော ရောဂါဖြစ်လျှင် ရှေးဦးစွာ ယင်ကောင်မှ စပြီး နွားများ သေကြသည်၊ နောက် ကျွန်အမှုလုပ်များ သေကြသည်၊ နောက်ဆုံး အိမ်ရှင်များ သေကြသည်။ ယင်းရောဂါဖြစ်မှန်း သိ၍ အိမ်နံရံ ဖောက်ထွက်ပြေးသူသည်သာ အသက်ဘေးမှ ချမ်းသာနိုင်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၄၇။)

စီးပွားတိုးတက်ကြောင်း

ဝီရိယရှိခြင်း, သတိရှိခြင်း, ကိုယ် နှုတ် စင်ကြယ်မှု ရှိခြင်း, ဉာဏ်ဖြင့် ဆင်ခြင်ပြုလုပ်ခြင်း, ကိုယ် နှုတ် စောင့်ထိန်းခြင်း, မှန်ကန်စွာ အသက်မွေးခြင်း, သတိမလွတ်ခြင်း ဤအကြောင်းများ ပြည့်စုံသူတည်း စီးပွားများ မုချ တိုးတက်မည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၅၂။)

ပါဠိသဒ္ဒါခက်ဆစ်

သုစိကမ္မဿ = သုစိ ကမ္မံ ယဿာတိ သုစိကမ္မဿ။ သုစိ + ကမ္မ + ယ။
နိသမ္မကာရိနော = နိသမ္မ + သမ + ကရ် + ဏီ။ နိသမ္မ = နိ + သမု + တွာ။
သံညတဿ = သညမတီတိ သညတော။ သံ + ယမု + တ ။
ဓမ္မဇီဝိနော = ဓမ္မေန ဇီဝတိ သီလေနာတိ ဓမ္မဇီဝီ။ ဓမ္မ + ဇီဝိ +ဏီ။
ယသော = ယဇတိ ဧတေနာတိ ယသော။ ယဇ် + အ။ (ဇကို သပြု)။ သဗ္ဗတ္ထ ယာတီတိ ယသော။ ယာ + သ။ ယသတိ ပယသတီတိ ယသော။ ယသ် + အ ။

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂-အပ္ပမာဒဝဂ်

၂-ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု ပါဠိဂါထာ

၁၁၀။ ဥဋ္ဌာနဝတော သတီမတော, သုစိကမ္မဿ နိသမ္မကာရိနော၊
သညတဿ ဓမ္မဇီဝိနော, အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။

ဥဋ္ဌာနဝတော၊ ထိုင်းမှိုင်းဖျင်းအ, မပျင်းရအောင်, ထကြွတက် ကြောင်း, ကောင်းသော လုံ့လလည်းရှိထသော။ သတိမတော၊ ကိစ္စခပင်း, မလစ်ဟင်းအောင်, စင်းစင်းမှတ်မိ, ကောင်းသော သတိလည်းရှိထသော။ [ဆန်းကြောင့် ဒီဃပြု၍ ဂါထာ၌ “သတီမတော” ဟု ရှိရသည်။] သုစိကမ္မဿ၊ အပြစ်ကင်း၍, သန့်ရှင်းစင်ကြယ်, ၃သွယ်သောကံလည်းရှိထသော။ နိသမ္မကာရိနော၊ ကိစ္စအများ, မယွင်းမှားဖို့, စဉ်းစား၍ပြုလေ့ရှိထသော။ သညတဿ၊ ကိုယ်နှုတ် စိတ်တွင်း, အပြစ်ရှင်းအောင်, အလျှင်းပုံသေ, စောင့်စည်း၍နေ ထသော။ ဓမ္မဇီဝိနော၊ လူဝတ်ကြောင်များ, မတရားကို, ရှောင်ရှား သောအား, လုပ်ကိုင်စား၍, တရားသဖြင့် အသက်မွေးထသော။ (တစ်နည်း) ဓမ္မဇီဝိနော၊ ရဟန်းတော်များ, မတရားကို, ရှောင်ရှား သောအား, ဆွမ်းခံစား၍, တရားသဖြင့် အသက်မွေးထသော။ အပ္ပမတ္တဿ၊ မမေ့မလျော့, မပေါ့မသွမ်း, ရဟန်းရှင်လူ, ခပ်သိမ်းသူ၏။ ယသော၊ ရာထူးဌာနန်, စည်းစိမ်မှန်ကြောင့်, ခြွေရံသင်းပင်း, ဂုဏ်သတင်းသည်။ အဘိဝဍ္ဎုတိ၊ လဆန်းပက္ခ, လရောင်ကြွသို့, နိစ္စဖြိုးဝေ, တိုးတက်ပေသတည်း။ (ပါ-၂၄)

ကုမ္ဘဃောသကသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။