မာတိကာသို့ ခုန်သွားရန်

ကောဏ္ဍဓာနတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
885ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၄။ ကောဏ္ဍဓာနတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၄။ ကောဏ္ဍဓာနမထေရ်ဝတ္ထု

မာဝေါစ ဖရုသံ ကိဉ္စိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ကောဏ္ဍဓာန အမည်ရှိသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မထေရ်သွားရာ လိုက်နေသူ မိန်းမ

အရှင်ကောဏ္ဍဓာနမထေရ်၏ ရဟန်းပြုသောနေ့မှစ၍ တစ်ခုသော မိန်းမအရုပ်သည် မထေရ်နှင့်အတူတကွ သွားလာလှည့်လည်လျက် ရှိလေ၏။ ထိုမိန်းမအရုပ်ကို မထေရ်သည် မမြင်၊ လူများအပေါင်းသည်ကား မြင်၏။ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ကြွသွားသည်ရှိသော်လည်း ထိုမထေရ်အား လူတို့သည် ဆွမ်းတစ်ဇွန်းကို ပေးလှူ၍ “အရှင်ဘုရား- ဤဆွမ်းသည် အရှင်ဘုရားတို့အလို့ငှာ ဖြစ်ပါစေ၊ ဤဆွမ်းသည်ကား အရှင်ဘုရား၏ အပေါင်းအဖော်မအလို့ငှာ ဖြစ်ပါစေဘုရား”ဟု ဆိုလျက် နှစ်ခုမြောက်သော ဆွမ်းတစ်ဇွန်းကိုလည်း ပေးကမ်းလှူဒါန်းကြကုန်သတည်း။

အတိတ်မှ မထေရ်၏ လုပ်ရပ်

ထိုရဟန်း၏ ရှေးမကောင်းမှုကံအကြောင်းသည် အဘယ်နည်းဟူမူကား ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ အဆွေခင်ပွန်းဖြစ်သော နှစ်ဦးသော ရဟန်းတို့သည် တစ်မိဝမ်းတွင်းမှ သက်ဆင်းသောသူတို့နှင့်တူစွာ အလွန်တရာ ညီညွတ်ကြလေကုန်၏။ သက်တော်ရှည် ဘုရားရှင်တို့၏ လက်ထက်တော်တို့၌လည်း နှစ်တိုင်း တစ်နှစ် တစ်ကြိမ်သော်လည်းကောင်း၊ ခြောက်လ တစ်ကြိမ်သော်လည်းကောင်း ရဟန်းတို့သည် ဥပုသ်ပြုခြင်းအကျိုးငှာ စည်းဝေးကြကုန်၏။ ထို့ကြောင့် ထိုနှစ်ဦးသော ရဟန်းတို့သည်လည်း ဥပုသ်အိမ်သို့ သွားကြကုန်အံ့ဟု နေရာအရပ်မှ ထွက်ခဲ့ကြလေ၏။ ထိုနှစ်ဦးသော ရဟန်းတို့ကို တာဝတိံသာ နတ်ပြည်၌ဖြစ်သော နတ်သားတစ်ယောက်သည် မြင်ရလျှင် “ဤရဟန်းတို့သည် အလွန်တရာ ညီညွတ်ကြကုန်၏။ ဤရဟန်းတို့ကို ကွဲပြားစိမ့်သောငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြံစည်ပြီးလျှင် မိမိ၏ မိုက်မဲတွေဝေသည့်အဖြစ်ကြောင့် ကြံစည်ပြီးသည့် အခြားမဲ့၌သာလျှင် ရောက်လာသဖြင့် ထိုနှစ်ဦးသော ရဟန်းတို့တွင် တစ်ဦးသော ရဟန်းသည် “ငါ့ရှင်- တစ်ခဏမျှ ဆိုင်းငံ့ပါဦးလော့၊ ကိုယ်လက်သုတ်သင်ခြင်းကိစ္စဖြင့် အလိုရှိပါသည်”ဟု ဆိုလတ်သော် ထိုနတ်သည် တစ်ယောက်သော လူမိန်းမရုပ်အဆင်းကို ဖန်ဆင်းတဲ့၍ မထေရ် ချုံတစ်ခုအတွင်းသို့ဝင်၍ ပြန်ထွက်သွားသောကာလ၌ လက်တစ်ဖက်ဖြင့် ဆံပင်အပေါင်းကို, လက်တစ်ဖက်ဖြင့် ထဘီရင်ဝတ်ကို တည်မြဲအောင် ကောင်းစွာ ဖေးဖေးမမ ပြုပြင်လျက် ထိုမထေရ်၏နောက်နားမှ ထွက်လာခဲ့လေ၏။ ထိုကိုယ်လက် သုတ်သင်သော ရဟန်းသည် ထိုမိန်းမကိုမမြင်၊ ထိုရဟန်းကို ဆိုင်းငံ့လျက် ရှေ့၌နေသော ရဟန်းသည် ပြန်လည်၍ ကြည့်လတ်သည်ရှိသော် ထိုဆိုခဲ့ပြီးသော အခြင်းအရာဖြင့် ပြုပြင်လျက် ထွက်လိုက်လာသော မိန်းမကို မြင်ရလေ၏။ ထိုမိန်းမသည် ထိုရဟန်း မြင်သောအဖြစ်ကိုသိလျှင် ကွယ်ပျောက်လေ၏။

ရဟန်းနှစ်ပါး ညီညွတ်မှု ပျက်ခြင်း

ဆိုင်းငံ့နေသော ရဟန်းသည် ထိုကိုယ်လက်သုတ်သင်သော ရဟန်းကို မိမိထံသို့ ရောက်လာသောအခါ “ငါ့ရှင်- သင်၏သီလ ပျက်ခဲ့ပြီ”ဟု ဆိုလေ၏။ “ငါ့ရှင်- ငါ့အား ဤသို့ သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိရပါတကား”ဟု ဆိုလတ်သော် “ယခုပင်လျှင် ငါသည် သင်၏နောက်မှ ထွက်လိုက်လာသော ဤမည်သောအမှုကို ပြုလျက်ရှိသော မိန်းမပျိုကို မြင်ရ၏။ သင်သည် ငါ့အား “ဤသို့သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိရပါတကား”ဟူ၍ အဘယ့်ကြောင့် ဆိုလေဘိသနည်း”ဟု မေးလေ၏။ ထိုရဟန်းသည် ထိပ်ထက်၌ မိုးကြိုး လွှမ်းမိုး ပစ်ချဘိသကဲ့သို့ “ငါ့ရှင်- ငါ့ကို မဖျက်ဆီးလင့်၊ ငါ့အား ဤသို့ သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိ”ဟု ဆိုပြန်သည်ရှိသော် ဆိုင်းငံ့နေသော ရဟန်းကလည်း “ငါသည် ကိုယ်တိုင် မျက်စိတို့ဖြင့် မြင်အပ်၏။ သင့်အား အဘယ့်ကြောင့် ယုံကြည်နိုင်ပါအံ့နည်း”ဟု ဆိုပြီးလျှင် တုတ်လှံတံကျိုးသကဲ့သို့ တခြားစီကွဲ၍ ဖဲသွားလေ၏။

နတ်သား တောင်းပန်

ဥပုသ်အိမ်၌လည်း “ငါသည် ဤရဟန်းနှင့် အတူတကွ ဥပုသ်မပြုအံ့”ဟု နှလုံးသွင်းလျက် နေလေ၏။ အစွပ်စွဲခံရသော ရဟန်းသည် “အရှင်ဘုရား- တပည့်တော်၏သီလ၌ အဏုမြူမျှလည်းဖြစ်သော မည်းနက်ခြင်းသည် မရှိပါဘုရား”ဟု ရဟန်းတို့အား လျှောက်ကြားလေ၏။ ထိုရဟန်းသည်လည်း “ငါကိုယ်တိုင် မြင်အပ်၏”ဟု ဆိုလေ၏။ နတ်သားသည် ဆိုင်းငံ့သောရဟန်းကို ထိုကိုယ်လက်သုတ်သင်သောရဟန်းနှင့် အတူတကွ ဥပုသ်ပြုခြင်းငှာ အလိုမရှိသည်ကို မြင်ရလျှင် “ငါပြုအပ်သော အမှုသည် ဝန်လေးလှ၏တကား”ဟု ကြံစည်၍ “အရှင်ဘုရား- တပည့်တော်၏အရှင်မြတ်အား သီလပျက်စီးခြင်းမရှိပါ၊ တပည့်တော်သည်ကား စူးစမ်းခြင်း၏အစွမ်းဖြင့် ဤအမှုကို ပြုမိပါသည်၊ ထိုရဟန်းနှင့် အတူတကွ ဥပုသ်ပြုတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ထိုဆိုင်းငံ့နေသောရဟန်းသည် ကောင်းကင်၌ရပ်လျက် ပြောဆိုသော ထိုနတ်၏စကားကို ယုံကြည်သောကြောင့် ဥပုသ်ပြုလေ၏။ ထိုသို့ပင် ပြုသော်လည်း မထေရ်အပေါ်၌ ရှေးကကဲ့သို့ နူးညံ့သောစိတ်ရှိသည်မဖြစ်။ နတ်၏ ရှေးမကောင်းမှုကံကား ဤမျှသာလျှင်တည်း။ အသက်ကုန်ဆုံးသော အခါ၌ကား မထေရ်တို့သည် အကြင်အကြင်ချမ်းသာခြင်းဖြင့် ဖြစ်ကြလေကုန်၏။

ယခု ရဟန်းဘဝ၌ ဝဋ်လိုက်ခံရပုံ

နတ်သားသည် အဝီစိငရဲ၌ ဖြစ်ရရှာ၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြား ကာလပတ်လုံး ထိုအဝီစိ၌ ကျက်ပြီးမှ ဤဂေါတမဘုရား ထင်ရှားပွင့်တော်မူသောအခါ သာဝတ္ထိပြည်၌ဖြစ်၍ ကြီးပွားခြင်းကို အစွဲပြုလျက် သာသနာတော်၌ ရှင်ပြုသဖြင့် ရဟန်းပဉ္စင်းအဖြစ်ကို ရလေ၏၊ ထိုသူ၏ ရှင်ရဟန်းပြုသောနေ့မှစ၍ ထိုမိန်းမ၏အရုပ်သည် ထို့အတူသာလျှင် ထင်ရှားလာလေ၏။ ထို့ကြောင့် ထိုမထေရ်အား “ကောဏ္ဍဓာနမထေရ်”ဟူသော အမည်ကို မှည့်ခေါ်ကြကုန်၏။

(ကောဏ္ဍ+ဓာန= လူစတုံးသော+ဓာနမထေရ်ဟူလို။ ငယ်မည်ရင်းကား ဓာန၊ ရဟန်းပြုမှ “ကောဏ္ဍ”တိုး၍ ကောဏ္ဍဓာန တွင်သည်။ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ ကုဏ္ဍဓာနဟု ရှိ၏။)

ထိုကောဏ္ဍဓာနမထေရ်သည် ထိုအခြင်းအရာဖြင့် သွားလာလှည့်လည်သည်ကိုမြင်ရလျှင် ရဟန်းတို့သည် အနာထပိဏ်သူဌေးကြီးကို “သူဌေးကြီး- ဤသီလမရှိသော ရဟန်းကို သင်၏ကျောင်းမှ နှင်ထုတ်လော့၊ ဤသီလမရှိသော ရဟန်းကိုမှီ၍ ကြွင်းသောရဟန်းတို့အား အကျော်အစောမဲ့ဖြစ်၏”ဟု ဆိုကြကုန်၏၊ “အရှင်ဘုရားတို့- ကျောင်းတော်၌ မြတ်စွာဘုရား ရှိပါသလောဘုရား”ဟု လျှောက်ထားသဖြင့် “ဒါယကာကြီး- ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရားတို့- ထိုသို့ဖြစ်မူ မြတ်စွာဘုရားသည်သာလျှင် သိတော်မူပါလိမ့်မည်ဘုရား”ဟု လျှောက်ဆိုလေ၏။ ရဟန်းတို့သည် သွား၍ ဝိသာခါအားလည်း ပြောကြားကြပြန်ကုန်၏။ ဝိသာခါသည်လည်း ထိုရဟန်းတို့အား ရှေးအတူသာလျှင် စကားတုံ့ပေးလေ၏။

မထေရ်ကိုဖမ်းရန် ကောသလမင်းကြီး ကြံ

ရဟန်းတို့သည်လည်း ထိုအနာထပိဏ်, ဝိသာခါတို့သည် စကားကို ဝန်မခံကြသောကြောင့် ကောသလမင်းကြီးအား ပြောကြားကြကုန်၏။ “မြတ်သောမင်းကြီး- ကောဏ္ဍဓာန အမည်ရှိသောမထေရ်သည် မိန်းမတစ်ယောက်ကိုယူ၍ သွားလာလှည့်လည်လျက် အလုံးစုံသော ရဟန်းတို့၏ အကျော်အစောမဲ့ကို ဖြစ်စေလေ၏။ ထိုမထေရ်ကို သင်မင်းကြီးတို့၏နိုင်ငံမှ နှင်ထုတ်ကြကုန်လော့”ဟု ပြောကြားကြလေကုန်၏။ “အရှင်ဘုရား- ထိုမထေရ်သည် အဘယ်အရပ်၌ နေပါသနည်းဘုရား”ဟု မေးလတ်သော် “မြတ်သောမင်းကြီး- ကျောင်းတိုက်တော်ကြီး၌ နေ၏”ဟု ဆိုကြကုန်၏။ “အဘယ်ကျောင်း၌ နေပါသနည်းဘုရား”ဟု မေးပြန်သော် “ဤမည်သောကျောင်း၌ နေ၏”ဟု ဆိုကြကုန်၏။ “ထိုသို့ဖြစ်မူ ကြွနှင့်တော်မူကြပါ၊ ဒကာတော်သည် ထိုရဟန်းကို ဖမ်းယူပါမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ကောသလမင်းကြီးသည် ညချမ်းသောအခါ ကျောင်းတိုက်တော်ကြီးသို့သွား၍ ထိုကျောင်းကို ယောက်ျားတို့ဖြင့် ဝန်းရံစေလျက် မထေရ်၏ နေရာအရပ်သို့ ရှေးရှုသွားလေ၏။

ပျောက်လိုက် ပေါ်လိုက် မိန်းမအတု

မထေရ်သည် လူသံအများကို ကြားရလျှင် ကျောင်းမှ ထွက်၍ ကျောင်းဦး၌ ရပ်နေလေ၏၊ ထိုမထေရ်၏ နောက်နံပါး၌တည်သော ထိုမိန်းမအရုပ်ကို ကောသလမင်းကြီး မြင်ရလေ၏။ မထေရ်သည် ကောသလမင်း လာခြင်းကိုသိသဖြင့် ကျောင်းပေါ်သို့တက်လျက် နေလေ၏။ ကောသလမင်းကြီးသည် မထေရ်ကို ရှိမခိုး၊ ထိုမိန်းမကိုလည်း မမြင်၊ မင်းကြီးသည် တံခါးအကြား၌လည်းကောင်း၊ ညောင်စောင်းအောက်၌လည်းကောင်း ကြည့်သည်ရှိသော် မမြင်ရ၍သာလျှင် မထေရ်ကို “အရှင်ဘုရား- ဤအရပ်၌ မိန်းမတစ်ယောက်ကို မြင်ရ၏၊ ထိုမိန်းမသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “မြတ်သောမင်းကြီး- ငါမမြင်”ဟု ဆိုလျှင် “ယခုပင် ဒကာတော်သည် အရှင်ဘုရားတို့၏ နောက်နံပါး၌ တည်နေသည်ကို မြင်ရပါသေး၏”ဟူ၍ ဆိုသော်လည်း “မြတ်သောမင်းကြီး- ငါမမြင်”ဟူ၍ ဆိုပြန်သဖြင့် “ဤအကြောင်းအရာကား အသို့နည်း”ဟု ကြံပြီးလျှင် “အရှင်ဘုရား- ဤအရပ်မှ ရှေးဦးစွာ ထွက်တော်မူကြပါဦးလော့”ဟု ဆိုသောကြောင့် မထေရ်သည် ထွက်၍ ကျောင်းဦး၌ ရပ်သည်ရှိသော် တစ်ဖန် မိန်းမသည် မထေရ်၏ နောက်နံပါး၌ ရပ်လာလေ၏။ ကောသလမင်းကြီးသည် ထိုမိန်းမကိုမြင်၍ တစ်ဖန် အထက်အပြင်သို့ တက်လေ၏။ မင်းကြီးလာသောအဖြစ်ကို သိလျှင် မထေရ်သည် ထိုင်နေလေ၏၊ တစ်ဖန် မင်းကြီးသည် ထိုမိန်းမကို အလုံးစုံသော အရပ်တို့၌ ကြည့်ရှုပြန်သော်လည်း မမြင်ရသောကြောင့် “အရှင်ဘုရား- ထိုမိန်းမ အဘယ်မှာနည်း”ဟု တစ်ဖန် မထေရ်ကို မေးပြန်လေ၏။

“မြတ်သောမင်းကြီး- ငါမမြင်”ဟု ဆိုသည်ရှိသော် “အရှင်ဘုရား- အသို့ ဆိုဘိသနည်း၊ ဒကာတော် ယခုပင်လျှင် အရှင်ဘုရားတို့၏ နောက်နံပါး၌ မြင်အပ်၏”ဟု ဆိုလေ၏။ “မြတ်သောမင်းကြီး- လူများ အပေါင်းသည်လည်း ငါ၏နောက်မှ,နောက်မှ မိန်းမလိုက်၏ဟု ဆိုဘိ၏။ ငါသည်ကား မမြင်”ဟု ဆိုလျှင် ကောသလမင်းတရားကြီးသည် “အတုအပအရုပ် ဖြစ်တန်ရာ၏”ဟု မှတ်သားလေ၏၊ တစ်ဖန် မထေရ်ကို “အရှင်ဘုရား- ဤအရပ်မှ ရှေးဦးစွာ ထတော်မူကြပါဦးလော့”ဟု ဆိုပြန်သောကြောင့် မထေရ်သည် ဆင်းသက်၍ ကျောင်းဦး၌ ရပ်ပြန်သည်ရှိသော် တစ်ဖန် ထိုရဟန်း၏ နောက်နံပါး၌တည်သော မိန်းမကို မြင်ပြန်သဖြင့် အထက်အပြင်သို့ တက်ပြန်လေ၏။ တစ်ဖန် မမြင်ပြန်လေ။ ကောသလမင်းကြီးသည် တစ်ဖန် မထေရ်ကို မေးပြန်သဖြင့် ထိုမထေရ်သည် “မင်းကြီး- ငါ မမြင်”ဟု ဆိုလတ်သော် “ထိုမိန်းမကား အတုအပအရုပ်သာလျှင်တည်း”ဟု ဆုံးဖြတ်ခြင်းကိုပြု၍ မထေရ်ကို ဤသို့ လျှောက်ကြားလေ၏။ “အရှင်ဘုရား- ဤသို့ သဘောရှိသော သာသနာတော်၏ အညစ်အကြေးသည် အရှင်ဘုရားတို့၏နောက်မှ လိုက်နေသည်ရှိသော် တစ်ပါးသော တစ်စုံတစ်ယောက်သောသူသည် အရှင်ဘုရားတို့အား ဆွမ်းကို မလှူဒါန်းလတ္တံ့။ အမြဲမပြတ် တပည့်တော်၏ နန်းတော်သို့ ဝင်တော်မူကြပါဘုရား၊ ဒကာတော်သည်သာလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါမည်ဘုရား”ဟု ဆို၍ မထေရ်ကို ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။

ကောဏ္ဍဓာနမထေရ်အား ဘုရားရှင် ဆုံးမပုံ

ရဟန်းတို့သည် “ငါ့ရှင်တို့- ယုတ်မာသောမင်း၏ အမူအရာကို ကြည့်ကြကုန်လော့၊ ဤကောဏ္ဍဓာနရဟန်းကို ကျောင်းတော်မှနှင်ထုတ်ပါဟု ဆိုအပ်ပါလျက် ရောက်လာ၍ ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်ကြားကာ သွားလေဘိ၏”ဟု ကဲ့ရဲ့ကြလေကုန်၏။ ထိုမထေရ်ကိုလည်း “အို သီလမရှိသောရဟန်း- ယခုအခါ၌ ကောသလမင်းကြီးသည် လူစတုံးသောသူ ဖြစ်ပြီ”ဟု ဆိုကြကုန်၏။ ထိုကောဏ္ဍဓာနမထေရ်သည်လည်း ရှေးကာလ၌ ရဟန်းတို့ကို တစ်စုံတစ်ခုသော စကားကိုဆိုခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား “အရှင်ဘုရားတို့သာ သီလမရှိကုန်၊ အရှင်ဘုရားတို့သာ လူစတုံးကြကုန်၏၊ အရှင်ဘုရားတို့သာ မိန်းမကို ခေါ်၍ လှည့်လည်သွားလာကြကုန်၏”ဟု ဆိုလေ၏။ ထိုအဆိုခံရသော ရဟန်းတို့သည် သွား၍ မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ “မြတ်စွာဘုရား- ကောဏ္ဍဓာနမထေရ်သည် တပည့်တော်တို့ ပြောဆိုအပ်သည်ရှိသော် ဒုဿီလအစရှိသော စကားတို့ကိုဆို၍ ဆဲရေးပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုကောဏ္ဍဓာနမထေရ်ကို ခေါ်တော်မူစေ၍ “ချစ်သားရဟန်း- သင်သည် ရဟန်းတို့ကို ဤသို့ဆိုသည်ဟု ငါကြားတော်မူရသည် မှန်သလော”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မှန်ပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သော် “အဘယ့်ကြောင့် ဆိုသနည်း”ဟု မေးတော်မူ၏။ “တပည့်တော်နှင့် အတူတကွ စကားပြောဆိုခြင်းကြောင့် ဆိုပါသည်ဘုရား”ဟု လျှောက်လတ်သော် “ချစ်သားရဟန်းတို့- သင်တို့သည် ဤကောဏ္ဍဓာနနှင့် အတူတကွ အဘယ့်ကြောင့်ပြောဆိုကြကုန်ဘိသနည်း”ဟု မေးတော်မူလေ၏။

“မြတ်စွာဘုရား- ဤကောဏ္ဍဓာနမထေရ်၏နောက်မှ မိန်းမလိုက်နေသည်ကို မြင်ရသောကြောင့် ပြောဆိုကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သော် “ဤရဟန်းတို့သည် သင်နှင့်အတူတကွ မိန်းမလိုက်နေသည်ကို မြင်သောကြောင့် ဆိုကုန်သတတ်၊ သင်သည် သူတို့မြင်သကဲ့သို့ မမြင်ဘဲလျက်သာလျှင် ဤရဟန်းတို့နှင့် အတူတကွ အဘယ်ကြောင့် ပြောဆိုဘိသနည်း၊ ရှေးဘဝ၌ သင်၏ ယုတ်မာသောအယူကိုမှီ၍ ဤသို့သော သဘောသည် ဖြစ်ရသည် မဟုတ်လော၊ ယခုအခါ အဘယ့်ကြောင့် ယုတ်မာသောအယူကို ယူပြန်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် “မြတ်စွာဘုရား- ဤရဟန်းသည် ရှေးဘဝ၌ ပြုအပ်သော မကောင်းမှုကံကား အဘယ်ပါနည်း”ဟု မေးလျှောက်ကြလေကုန်၏။ ထိုအခါ ရဟန်းတို့အား မြတ်စွာဘုရားသည် ကောဏ္ဍဓာနမထေရ်၏ ရှေးမကောင်းမှုကံကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်း- ဤမကောင်းမှုကံကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏။ ယခုအခါ သင့်အား တစ်ဖန် ထိုသို့သဘောရှိသော ယုတ်မာသောအယူကို ယူခြင်းငှာ မသင့်၊ တစ်ဖန် ရဟန်းတို့နှင့်အတူတကွ တစ်စုံတစ်ခုသောစကားကို မဆိုလင့်၊ အနားရေး၌ ပြတ်သော ကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ထိုရဟန်းကို ဆုံးမတော်မူလျက် ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၃၃] မာဝေါစ ဖရုသံ ကိဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

[၁၃၄] သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။

ကိဉ္စိ၊ တစ်စုံတစ်ယောက်သော သူကိုမျှ။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ မာ အဝေါစ၊ မဆိုလင့်။ ဝုတ္တော၊ အဆိုခံရသော သူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ဆိုတုံ့ဆိုကုန်ရာ၏။ ဟိ၊ ထိုစကားသင့်စွ။ သာရမ္ဘကထာ၊ ချုပ်ချယ်လျက် အတူပြု၍ဆိုသော စကားသည်။ ဒုက္ခာ၊ ဆင်းရဲကြောင်း ဖြစ်၏။ ပဋိဒဏ္ဍာ၊ ရန်တုံ့ရန်လှည့်ဖြစ်သော ဒဏ်ပြန်တို့သည်။ တံ၊ သင့်ကို။ ဖုသေယျုံ၊ ရောက်ကုန်ရာ၏။

ဥပဟတော၊ အနာရေး၌ ဖြတ်၍ထားအပ်သော။ ကံသောယထာ၊ ကြေးခွက်ကဲ့သို့ (ကြေးခွက် အသံမထွက်အံ့သို့ ဟူလို)။ အတ္တာနံ၊ မိမိကိုယ်ကို။ သစေ နေရေသိ-န ဤရေသိ၊ အကယ်၍ မတုန်မလှုပ်အောင် ပြုခြင်းငှာ တတ်နိုင်သည် ဖြစ်အံ့။ ဧဝံ သတိ၊ ဤသို့ တတ်နိုင်သည်ရှိသော်။ ဧသ တွံ၊ ဤသို့ တတ်နိုင်သော သင်သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တော၊ မရောက်သေးသော်လည်း ရောက်သောသူမည်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင့်အား။ သာရမ္ဘော၊ ချုပ်ချယ်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ ဝါ၊ မဖြစ်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြကုန်၏။ ကောဏ္ဍဓာန မထေရ်သည်လည်း မြတ်စွာဘုရား ပေးသနားတော်မူအပ်သော အဆုံးအမဩဝါဒ၌တည်၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ မကြာမြင့်မီသာလျှင် ကောင်းကင်သို့ပျံတက်၍ ရှေးဦးစွာ စာရေးတံကို ခံယူလေ၏။

(ဥဂ္ဂမြို့ မဟာသုဘဒ္ဒါပင့်ရာသို့ “အရိယာပုဂ္ဂိုလ်ချည်းသာ သွားအံ့”ဟု စာရေးတံပေးစဉ် အရှင်အာနန္ဒာက မပေးဘဲ ထား၏။ နောက်မှ “ယူသူအား ပေး”ဟု ဘုရားရှင်မိန့်သောအခါ ကောင်းကင်၌တည်လျက် စာရေးတံ ယူလေ၏။ ရှေးဦးစွာ စာရေးတံ ယူသူတို့တွင် အတော်ဆုံးဟု ဘုရားရှင်က ဧတဒဂ် ပေး၏။ အင်္ဂုတ္တိုရ်။)

ကောဏ္ဍဓာနမထေရ်ဝတ္ထု ပြီး၏။