ကောဏ္ဍဓာနတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၄ - ကောဏ္ဍဓာနတ္ထေရဝတ္ထု
၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျုံ တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျုံ တံ။
၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ဝိဇ္ဇတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းပြုသည်မှစ၍ အမျိုးသမီးတယောက် နောက်က အမြဲလိုက်သော်လည်း မိမိကိုယ်တိုင် မမြင်ပဲ လူအပေါင်းက မြင်နေသော ကောဏ္ဍဓာနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။ ကောဏ္ဍဓာနထေရ်လည်း ဘုရားရှင် ဩဝါဒအတိုင်း ဆောက်တည်သဖြင့် ရဟန္တာဖြစ်သည်။
အနက်
ကဉ္စိ၊ တစုံတယောက်ကိုမျှ။ ဖရုသံ၊ ကြမ်းကြုတ်သော စကားကို။ မာ အဝေါစ၊ မဆိုလင့်။ ဝုတ္တာ၊ အဆိုခံရသူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ပြန်လှန်ဆိုကုန်၏။ သာရမ္ဘကထာ၊ ချုပ်ချယ်သော စကားသည်။ ဒုက္ခာ ဟိ၊ ဆင်းရဲခြင်း၏ အကြောင်းတည်း။ ပဋိဒဏ္ဍာ၊ အတုံ့အလှည့် ဒဏ်တို့သည်။ တံ၊ သင့်ထံသို့။ ဖုသေယျုံ၊ ရောက်ကုန်ရာ၏။
ဥပဟတော၊ အနားပြတ်သော။ ကံသော၊ ကြေးခေါင်းလောင်းသည်။ သဒ္ဒံ န ကရောတိ ယထာ၊ အသံမထွက် ငြိမ်သက်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ နိစ္စလံ ကာတုံ၊ ငြိမ်သက် တည်ကြည်ရန်။ သစေ နေရေသိ၊ အကယ်၍ စွမ်းနိုင်ငြားအံ့။ ဧသ၊ ဤသို့ စွမ်းနိုင်သော သဘောရှိသူသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တောသိ၊ ရောက်သည်။ တေ၊ သင်အား။ သာရမ္ဘော၊ ချုပ်ချယ်မှုသည်။ န ဝိဇ္ဇတိ၊ မရှိ။
စကားပြေ
မည်သည့် ပုဂ္ဂိုလ်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုပါနှင့်။ အဆိုခံရသူတို့က သင့်ကို ပြန်လှန်ဆိုလိမ့်မည်။ ချုပ်ချယ်သော စကားသည် ဆင်းရဲကြောင်း ဖြစ်၍ သင့်ထံသို့ ပြန်လာနိုင်သည်။ အနားဖြတ်ထားသော ကြေးခွက်ကို တစုံတခုဖြင့် ခတ်သော် အသံမထွက်သကဲ့သို့ မိမိကိုယ်ကို တည်ကြည်အောင် ပြုစွမ်းနိုင်သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ ရောက်နိုင်သည်။ အချုပ်အချယ်လည်း မရှိတော့ပေ။
ကောဏ္ဍဓာနထေရ်
ကောဏ္ဍဓာနထေရ်သည် ရဟန်းပြုသောနေ့မှစ၍ မိမိသွားရာနောက်တွင် အမျိုးသမီးတယောက် လိုက်၍ နေသည်။ မိမိကား ယင်းအမျိုးသမီးကို မမြင်သော်လည်း အခြားလူများက မြင်၍ ပြက်ရယ်ပြုကုန်၏။ ရဟန်းများက အနာထပိဏ်၊ ဝိသာခါတို့ကိုပင် နှင်ထုတ်စေသည်။ ကောသလမင်းကိုယ်တိုင် စစ်ဆေးသောအခါ အတုအယောင်ဖြစ်သော မိန်းမဖြစ်သဖြင့် ပစ္စည်းလေးပါး ဒါယကာ ပြုသွားသည်။
ကဿပဘုရားရှင်လက်ထက် ညီအကိုအရင်းပမာ ခင်မင်ရင်းနှီးသော ရဟန်းနှစ်ပါးတို့သည် မိမိတို့နေသောနေရာမှ သံဃဥပုသ်ပြုရန် ထွက်လာကြသည်။ တာဝတိံသာမှ နတ်သားသည် ယင်းရဟန်းနှစ်ပါး ကွဲပြားအောင် ပြုလုပ်လိုသော စိတ်ဖြင့် ရဟန်းတပါးသည် ကိုယ်လက်သုတ်သင်ရန် ခြုံတခုသို့ ဝင်၍ ထွက်လာချိန်တွင် လက်တဘက်ဖြင့် ဆံပင်အပေါင်းကို၊ လက်တဘက်ဖြင့် လုံချည်ကို ဆွဲကိုင်လျက် မိန်းမအသွင်ဖြင့် ရဟန်းနောက်သို့ လိုက်လာဟန် ပြုသည်။ ယင်းအခြင်းအရာကို မြင်သောအခါ စောင့်နေသော ရဟန်းသည် ဒုဿီလဟု စွပ်စွဲပြီးလျှင် “မိမိသည် ယင်းအဖြစ်အပျက်ကို ကိုယ်တိုင်မြင်ခဲ့၍ ယင်းရဟန်းနှင့် ဥပုသ်အတူ မပြုနိုင်” ဟု ငြင်းခုံခဲ့၏။ နတ်သားလာရောက်ပြီး စုံစမ်းလို၍ မိမိပြုမိကြောင်း ဖြေရှင်းသောအခါမှ ဥပုသ်အတူ ပြုကြကုန်၏။ ရဟန်းနှစ်ပါးသည် အသက်အတိုင်းနေ၍ နတ်ပြည်၌ ဖြစ်သော်လည်း နှောင့်ယှက်သော နတ်သားသည် ဘုရားနှစ်ဆူအကြား အဝီစိငရဲ၌ ကျရောက်ရသည်။ ယခုအခါ သာဝတ္ထိပြည်၌ ဖြစ်ပြီး ရဟန်းပြုသည့်နေ့မှစ၍ မိန်းမတယောက် အရိပ်သဖွယ် နောက်မှလိုက်မှုကို ခံရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၊ ၆။)
ပါဠိသဒ္ဒါခက်ဆစ်
ဖရုသံ = ပရေ ဇနေ ဥဿာပေတိ ဒါဟေတိတိ ဖရုသံ။ ပရ + ဥသ် + အ + (ပကိုဖ-ပြု)
သာရမ္ဗကထာ = သာရမ္ဘ + ကထာ။
ကံသော = ကနတိ ဒိဗ္ဗတိတိ ကံသော။ ကန် + သ။
သာရမ္ဘော = သံ ရမ္ဘနံ သာရမ္ဘော။ သံ + ရဘိ + ဏ။
ကောဏ္ဍဓာနတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၀-ဒဏ္ဍဝဂ်
၄-ကောဏ္ဍဓာနတ္ထေရဝတ္ထုပါဠိဂါထာ
ဒုက္ခာ ဟိ သာရမ္ဘကထာ, ပဋိဒဏ္ဍာ ဖုသေယျု တံ။
ကဉ္စိ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း။ ဖရုသံ၊ ကြမ်းတမ်းသော စကားကို။ မာ အဝေါစ၊ မပြောဆိုနှင့်။ ဝုတ္တာ၊ ပြောဆိုအပ်သူတို့သည်။ ဝါ၊ အပြောခံရသူတို့သည်။ တံ၊ သင့်ကို။ ပဋိဝဒေယျုံ၊ ပြန်ပြောဆိုကုန်ရာ၏။ ဟိ၊ မှန်၏။ သာရမ္ဘကထာ၊ လွန်ကဲစွာ ပြုမူပြောဆိုအပ်သော ဂုဏ်တုဂုဏ်ပြိုင်စကားသည်။ ဒုက္ခာ၊ ဆင်းရဲကြောင်းတည်း။ ပဋိဒဏ္ဍာ၊ အတုံ့ဖြစ်သော ဒဏ်တို့ သည်။ (ဒဏ်တုံ့ဒဏ်ပြန်တို့သည်)။ တံ၊ သင့်ကို။ ဖုသေယျုံ၊ ထိ ရောက်ကုန်ရာ၏။ (ပါ-၁၃၃)
သာရမ္ဘကထာ။ ။ “သာရမ္ဘီယတေတိ သာရမ္ဘာ၊ သာရမ္ဘာ စ+သာ+ ကထာ စာတိ သာရမ္ဘကထာ”ဟုပြု၊ သာရမ္ဘသည် သံ+အာရှေးရှိသော ရဘဓာတ်, အပစ္စည်းတည်း၊ အာရှေးရှိသော ရဘဓာတ်သည် ဟိံသာ (ညှဉ်းဆဲခြင်း)အနက်, ကရဏ(ပြုခြင်း)အနက်, ဝါယမန(အားထုတ်ခြင်း) အနက်တို့ကို ဟောရာ ဤ၌ “ရဘသာ(ဒီ၊၃၊၁၆၄)၊ မဟာရမ္ဘာ(သံ၊၁၊၇၆)”တို့၌ကဲ့သို့ ကရဏအနက်ကို ဟော၏။
ချဲ့ဥုးအံ့-“ရဘသာတိ ကရဏုတ္တရိယာ(ဒီ၊ဋ္ဌ၊၃၊၁၅၀)၊ မဟာရမ္ဘာ တိ မဟာကိစ္စာ မဟာကရဏီယာ(သံ၊ဋ္ဌ၊၁၊၁၃၄)”ဟူသော စကားနှင့် “သာရမ္ဘကထာတိ ကရဏုတ္တရာ ယုဂဂ္ဂါဟကထာ”ဟူသော အဖွင့်မှ “ကရဏုတ္တရာ”ဟူသော စကားသည် ထပ်တူကျ၏၊ ထိုကြောင့် သာရမ္ဘ၌ သံ+အာရှေးရှိသော ရဘဓာတ်ကို ကရဏအနက်ဟောယူနိုင်သည်၊ ဆရာ တို့ကား ဟိံသာအနက်ယူ၍ “သာရမ္ဘကထာ-ပြင်းစွာနှိပ်စက်ကြောင်း ဖြစ်သောစကား”ဟု ပေးတော်မူသည်။ (နီတိဓာတု-၁၂၈၊ သီဘာ၊၁၊၅၅၄)
ဧသ ပတ္တောသိ နိဗ္ဗာနံ, သာရမ္ဘော တေ န ဝိဇ္ဇတိ။
ဥပဟတော၊ အနားရေး (အနားရစ်) ဖြတ်အပ်ပြီးသော။ ကံသော ယထာ၊ ကြေးခွက်ကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ သစေ န ဤရေသိ၊ အကယ်၍ မတုန်လှုပ်စေအံ့။ (ဧဝံ သတိ၊ သော်။) ဧသ (ဧသော တွံ)၊ ဤသင်သည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တော၊ ရောက်သည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ သာရမ္ဘော၊ လွန်ကဲစွာ ပြုမူပြောဆိုခြင်းသည်။ န ဝိဇ္ဇတိ၊ ရှိလိမ့်မည်မဟုတ်။ (ပါ-၁၃၄)
ကောဏ္ဍဓာနတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။