ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅ - ဥပေါသထိကဣတ္ထီနံဝတ္ထု
၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝော ပါဇေတိ ဂေါစရံ။
ဧဝံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါအမှူးရှိသော အလိုဆန္ဒ အမျိုးမျိုးဖြင့် ဥပုသ်စောင့်နေသော အရွယ်အစား အဖုံဖုံဖြစ်ကြသော အမျိုးသမီးငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ နှင်တံဖြင့်။ ဂါဝော၊ နွားတို့ကို။ ဂေါစရံ၊ စားကျက်သို့။ ပါဇေတိ ယထာ၊ မောင်းနှင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ပါဏိနံ၊ သတ္တဝါတို့၏။ အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ မောင်းနှင်ကုန်၏။
စကားပြေ
နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင် ပို့ဆောင်သကဲ့သို့ အိုခြင်းနှင့် သေခြင်းတို့သည် သတ္တဝါတို့၏ အသက်ကို ပို့ဆောင် မောင်းနှင်၍ သတ်ဖြတ်သွားကုန်၏။
နွားကျောင်းသားနှင့် ဇရာ၊ မစ္စု၊ နွားအပေါင်းနှင့် ဇီဝိတိန္ဒြေ၊ စားကျက်နှင့် မရဏ တူသည်။ ဇာတိသည် သတ္တဝါတို့၏ အသက်ကို ဇရာသို့၊ ဇရာသည် ဗျာဓိသို့ ရောက်အောင် မောင်းနှင်ပေးသည်။
အာယုံ ပါဇေန္တိ၊ ၌ ဇီဝိတိန္ဒြေကို ဖြတ်ခြင်း ကုန်စေခြင်းကို ပါဠိဟု ခေါ်သည်။
အမျိုးသမီးများ၊ သာဝတ္ထိပြည်၌ ဥပုသ်နေ့တွင် အမျိုးသမီးငါးရာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ယင်းအမျိုးသမီးများအား ဝိသာခါ ကျောင်းအမကြီးက ဥပုသ်ဆောက်တည်ခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်းရာ အရွယ်ကြီးသော မိန်းမများက နတ်စည်းစိမ်ကို တောင့်တ၍ ဥပုသ်ဆောက်တည်ကြောင်း ပြောကြားကြသည်။ အရွယ်အလတ် မိန်းမများက လင်တူမယားဖြစ်ခြင်းမှ လွှတ်လိုကြောင်းနှင့် အရွယ်ငယ်သော မိန်းမများက သားဦးရလိုကြောင်း၊ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုလိုကြောင်း ပြောပြကြသည်။(ဓမ္မ၊ဋ္ဌ၊၂၊၃၈။)
ပါဠိသဒ္ဒါခက်ဆစ်
ဂေါပါလော = ဂါဝော ပါလေတိတိ ဂေါပါလော။ ပါလ + ဏ။
ဥပေါသထိကဣတ္ထီနံဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၀-ဒဏ္ဍဝဂ်
၅-ဥပေါသထိကဣတ္ထီနံ ဝတ္ထုပါဠိဂါထာ
ဧဝံ ဇရာစ မစ္စု စ, အာယုံ ပါဇေန္တိ ပါဏိနံ။
ဂေါပါလော၊ နွားကျောင်းသားသည်။ ဒဏ္ဍေန၊ နှင်တံဖြင့်။ ဂါဝေါ၊ နွားတို့ကို။ ဂေါစရံ၊ နွားတို့၏ လှည့်လည်ကျက်စားရာအရပ် သို့။ ဝါ၊ နွားစားကျက်သို့။ ပါဇေတိ ယထာ၊ သွားစေသကဲ့သို့။ ဝါ၊ မောင်းနှင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ ပါဏီနံ၊ သတ္တဝါ တို့၏။ [ဂါထာ၌ ဆန်းကြောင့် ရဿပြု။] အာယုံ၊ အသက်ကို။ ပါဇေန္တိ၊ ဇရာ, ဗျာဓိ, မရဏသို့ သွားရောက်စေကုန်၏။ (ပါ-၁၃၅)
ဥပေါသထိကဣတ္ထီနံ ဝတ္ထုဂါထာနိဿယပြီးပြီ။