အဇဂရပေတဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၆ - အဇဂရဥပေတဝတ္ထု
၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဓမ္မောဝ တပ္ပတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ၂၅-ယူဇနာတိုင်အောင် မီးလျှံများ ထွက်လျက် ဂိဇ္ဈကုဋ်တောင်ခြေတွင် နေရသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။
အနက်
ပါပါနိ ကမ္မာနိ၊ မကောင်းမှု အကုသိုလ်ကံတို့ကို။ ကရံ ကရောန္တော၊ ပြုသော။ ဗာလော၊ သူမိုက်သည်။ အထ၊ ထိုပြုသောအခါ၌။ န ဗုဇ္ဈတိ၊ ကံ၏အကျိုးကို မသိ။ ဒုမ္မေဓော၊ ပညာမဲ့သောသူသည်။ သေဟိ ကမ္မေဟိ၊ မိမိပြုသော မကောင်းမှု ကံတို့ကြောင့်။ အဂ္ဂိဓမ္မောဝ၊ မီးလောင်သောသူကဲ့သို့။ တပ္ပတိ၊ ပူပန်ရ၏။
စကားပြေ
သူမိုက်သည် မကောင်းမှု အကုသိုလ်ကံကို ပြုသောအခါ ကံ၏အကျိုးကို မသိ။ မိမိပြုသော မကောင်းမှု ကံကြောင့် ငရဲမီးလောင်သော သူကဲ့သို့ ပူပန်ရ၏။ မကောင်းမှုကို ပြုသော ပုဂ္ဂိုလ်သည် မကောင်းမှုကို ငါပြုမိပြီဟု မသိသော ပုဂ္ဂိုလ် မည်သည်မရှိ၊ မကောင်းမှု ကံ၏ အကျိုးသည် ဤသို့ သဘောရှိသည်ဟု သာ မသိခြင်း ဖြစ်သည်။
အတုယူဖွယ်၊ ဘုရားရှင်သည် မှန်သော်လည်း တဘက်သား မယုံကြည် အတုယူဖွယ် နိုင်လောက်သေးလျှင် မပြောသေးပဲ ဆိုင်းငံ့နေလေ့ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၉။)
သုမင်္ဂလသဌေး၊ ကဿပဘုရားရှင်လက်ထက်၌ သုမင်္ဂလသဌေးသည် မိမိ၏ လယ်တောကို (၇) ကြိမ် မီးရှို့၍၊ (၇) ကြိမ် နွားခြံရှိ နွားတို့၏ ခြေကို ဖြတ်လျက်၊ (၇) ကြိမ် အိမ်ကို မီးရှို့ပြီး မိမိလှူဒါန်းသော ဘုရားရှင်၏ ဂန္ဓကုဋီကို မီးရှို့သူ အပေါ်၌ လုံးဝ စိတ်မဆိုးပဲ နောက်ထပ်၍ ဆောက်လုပ် လှူဒါန်းသော ဂန္ဓကုဋိကျောင်း ရေစက်ချပွဲ၌ မိမိပစ္စည်းနှင့် ကျောင်းတို့ကို မီးရှို့ဖျက်ဆီးသော ပုဂ္ဂိုလ်အား ပထမဆုံး အမျှဝေပေးသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၀။)
ပါဠိသဒ္ဒါခက်ဆစ်
သေဟိ = သဿ အတ္တနော သန္တကံ သံ။ သ + ဏ။
အဂ္ဂိဓမ္မောဝ = အဂ္ဂိ + ဓမ္မ + ဣဝ၊ အစ္စိနာ ချော အဂ္ဂိဓမ္မော။
အဇဂရဥပေတဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၀-ဒဏ္ဍဝဂ်
၆-အဇဂရပေတဝတ္ထုပါဠိဂါထာ
သေဟိ ကမ္မေဟိ ဒုမ္မေဓော, အဂ္ဂိဍဍ္ဎောဝ တပ္ပတိ။
ဗာလော၊ လူမိုက်သည်။ ပါပါနိ၊ မိမိကိန်းရာ, သတ္တဝါကို, အပါယ်၄ရွာသို့ ရောက်စေတတ်ကုန်သော။ ကမ္မာနိ၊ မကောင်းမှု တို့ကို။ ကရံ (ကရောန္တော)၊ ပြုလသော်။ အထ၊ မကောင်းမှုပြုရာ, ထိုအခါ၌။ န ဗုဇ္ဈတိ၊ (မကောင်းကျိုး ဖြစ်တတ်၏ဟု) မသိ။ ဒုမ္မေဓော၊ ပညာမရှိသူသည်။ သေဟိ၊ မိမိဥစ္စာဖြစ်ကုန်သော။ ကမ္မေဟိ၊ အကုသိုလ်ကံတို့ကြောင့်။ အဂ္ဂိဍဍ္ဎော ဣဝ၊ မီးလောင်အပ် သူကဲ့သို့။ ဝါ၊ မီးအလောင်ခံရသူကဲ့သို့။ တပ္ပတိ၊ ငရဲရောက်က, ပူပန်ရ၏။ (ပါ-၁၃၆)
အဂ္ဂိဍဍ္ဎောဝ တပ္ပတိ။ ။ “အဂ္ဂိဍဍ္ဎော+အဝတပ္ပတိ”ဟု ဖြတ်၍ “အဂ္ဂိဍဍ္ဎော-ငရဲမီးလောင်အပ်သည်ဖြစ်၍၊ အဝတပ္ပတိ-ပူပန်ရ၏”ဟု လည်းကောင်း “အဂ္ဂိဍဍ္ဎော+ဧဝ”ဟု ဖြတ်၍ “အဂ္ဂိဍဍ္ဎောဝ-ငရဲမီးအလောင် ခံရသည်ဖြစ်၍သာလျှင်”ဟုလည်းကောင်း ပေးကြသေး၏၊ “ဒါဝဂ္ဂိ- သဒိသာဝ(ဓမ္မ၊ဋ္ဌ၊၂၊၄၁)။ အဂ္ဂိဍဍ္ဎာဝ အာတပေ(ခု၊၂၊၁၃၁)။ အဂ္ဂိနာ ဍဍ္ဎာ ဝိယ(ပေတ၊ဋ္ဌ၊၁၆၁)”စကားတို့ကို ထောက်၍ “အဂ္ဂိဍဍ္ဎော+ဣဝ” ဟု ဖြတ်၍ ပေးခြင်းကသာ ကောင်း၏။
အဇဂရပေတဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။