မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၇ - မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု
၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။
၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ဝ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံ ဝ ပါပုဏေ။
၁၃၉။ ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ဝ ဒါရုဏံ။
ပရိက္ခယံ ဝ ဉာတိနံ၊ ဘောဂါနံ ဝ ပဘင်္ဂရံ။
၁၄၀။ အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခိုးသားငါးရာနှင့် တိတ္ထိငါးရာတို့ လုပ်ကြံခံရသော အရှင်မဟာမောဂ္ဂလ္လာန်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ အပြစ်ဒဏ်ကင်းကုန်သော။ အပ္ပဒုဋ္ဌေသု၊ မပြစ်မှားထိုက်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒဏ္ဍေန၊ တုတ် လှံကန်စသည်ဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော၊ ထိုသူသည်။ ဒသန္န၊ ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင်။ အညတရံ ဌာနံ၊ တပါးပါးသော ဆင်းရဲကြောင်းသို့။ ခိပ္ပမေဝ၊ လျင်မြန်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။
ဖရုသံ၊ ပြင်းထန်သော။ ဝေဒနံ၊ ဝေဒနာသို့လည်းကောင်း။ ဇာနိ၊ ဥစ္စာဆုံးရှုံးခြင်းသို့ လည်းကောင်း။ သရီရဿ၊ ကိုယ်အင်္ဂါ၏။ ဘေဒနံ၊ ပျက်စီးခြင်းသို့ လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ နူနာစသော အနာစွဲကပ်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပံ ဝါ၊ စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း။ ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနံ ဝါ၊ အစွပ်စွဲခံရခြင်းသို့ လည်းကောင်း။ ဉာတိနံ၊ ဆွေမျိုးတို့၏။ ပရိက္ခယံ ဝါ၊ ပျက်ပြားခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ စည်းစိမ်တို့၏။ ပဘင်္ဂရံ ဝါ၊ ယိုယွင်းခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။
အထ၊ ထိုမှတပါး။ အဿ၊ ကိုပြစ်မှားသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ၊ ပကတိ မီးသည်လည်းကောင်း။ ပါဝကော၊ လောင်မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမဲ့သော။ သော၊ ထိုသူသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးသည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ သောပပဇ္ဇတိ၊ ရောက်ရ၏။
စကားပြေ
ပုဂ္ဂိုလ်တဦးဦးသည် အပြစ်ကင်း၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့ကို တုတ်စသော လက်နက်ဖြင့် ပြစ်မှားခဲ့လျှင် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တပါးပါးသောဒဏ်ကို လျင်မြန်စွာ ရတတ်၏။
(၁) ပြင်းထန်သော ဝေဒနာစွဲကပ်ခြင်း၊
(၂) ဥစ္စာဆုံးရှုံးခြင်း၊
(၃) ကိုယ်အင်္ဂါပျက်စီးခြင်း၊
(၄) နူနာစသော ဝေဒနာစွဲကပ်ခြင်း၊
(၅) ရူးခြင်း၊
(၆) မင်းပြစ်မင်းဒဏ် သင့်ရောက်ခြင်း၊
(၇) ကြမ်းတမ်းစွာ အစွပ်စွဲခံရခြင်း၊
(၈) ဆွေမျိုးပျက်စီးခြင်း၊
(၉) စည်းစိမ်ဥစ္စာယိုယွင်းခြင်း၊
(၁၀) ပကတိ မီးလောင်ခြင်းဖြင့် - အိမ်မီးလောင်ခြင်းတို့သို့ ယခုပစ္စုပ္ပန်ဘဝ၌ ရောက်ရ၏။ တမလွန်ဘဝ၌ ငရဲသို့ရောက်ရ၏။
အဒဏ္ဍေသု— ကာယဒဏ် စသည်မှကင်းသော ရဟန္တာပုဂ္ဂိုလ်ရ၏။
အပ္ပဒုဋ္ဌေသု— သူတပါးတို့၌ လည်းကောင်း၊ မိမိအပေါ်၌ လည်းကောင်း ပြစ်မှားမှုမရှိသော ပုဂ္ဂိုလ်။
ဝေဒနာ— ခေါင်းကိုက်ခြင်းစသော ဝေဒနာ။
ဇာနိ— ခဲယဉ်းစွာရအပ်သော ဥစ္စာပျက်စီးခြင်း။
ဘေဒနံ— လက်ပြတ်ခြင်းအစရှိသော ကိုယ်အင်္ဂါပျက်စီးခြင်း။
အာဗာဓံ— ကိုယ်တခြမ်းသေရောဂါ စသည်။
ဥပသဂ္ဂံ— ရာထူးကျမှုစသည်။
ဉာတိ— မိမိ၏ မှီခိုအားထားရာဖြစ်သော ဆွေမျိုး။
ပဘင်္ဂရံ— အိမ်၌ရှိသောစပါးသည် ပုပ်ဆွေးခြင်း၊ ပျက်စီးခြင်း၊ ရွှေ၏မီးကျီးဖြစ်ခြင်း၊ ငွေ၏အိုးခြမ်းကွဲဖြစ်ခြင်း၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တဝါတို့သည် ကန်းခြင်းစသည်သို့ ရောက်ခြင်း။
မိစ္ဆာဒိဋ္ဌိတို့၏ထင်မြင်ချက်— မိစ္ဆာအယူရှိသူတို့သည် လာဘ်ပေါသူကို သတ်နိုင်လျှင် မိမိသို့ လာဘ်ပေါမည်ဟု အထင်ရှိကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂။)
အတုယူစရာ— အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် သေကြောင်း ကြံစည်သူများ မကြံစည်နိုင်အောင် လွှတ်ကင်းရာသို့ ရှောင်တိမ်းနေသည်ကို ထောက်ဆ၍ အန္တရာယ်ပေးမည့်သူအား ရှောင်တိမ်းသင့်က ရှောင်တိမ်းနေသင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၂။)
အရှင်မဟာမောဂ္ဂလ္လာန်အလောင်း— အရှင်မဟာမောဂ္ဂလ္လာန်သည် မိန်းမစကားဖြင့် ခိုးသားယောင်ဆောင်၍ မိဘများကို သေကြောင်းကြံစည်ခဲ့မှုကြောင့် အဝီစိသို့ရောက်ပြီး ယခုရဟန္တာဖြစ်သည့် ဘဝမှာပင် ခိုးသားများ ရိုက်သတ်၍ ပရိနိဗ္ဗာန်ပြုရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၄၄။)
ပါဠိသဒ္ဒါခက်ဆစ်
သင်္ချရဿဝ ဘေဒနံ— သင်္ချရဿ + ဝါ + ဘေဒနံ။
စိတ္တက္ခေပံ ဝ ပါပုဏေ— စိတ္တက္ခေပ + ဝါ + ပါပုဏေ။
စိတ္တက္ခေပံ— စိတ္တဿ ခေပံ စိတ္တက္ခေပံ။
ဥပသဂ္ဂံ— ဥပဂန္တွာ သဇ္ဇတိ ပကာသေတီတိ ဥပသဂ္ဂံ။ ဥပ + သဇ် + ဏ။
အဗ္ဘက္ခာနံ ဝ ဒါရုဏံ— အဗ္ဘက္ခာနံ + ဝါ + ဒါရုဏံ။
ဒါရုဏံ— ဒရီယတီတိ ဒါရုဏံ။ ဒရ် + ဥဏ။
ဘောဂါနံ ဝ ပဘင်္ဂုရံ— ဘောဂါနံ + ဝါ + ပဘင်္ဂုရံ။
ပဘင်္ဂရံ— ပဘဉ္ဇတိတိ ပဘင်္ဂုရံ။ ပ + ဘန္ဇ + ဃုရံ။
အဂါရာနိ— အဂန္တိ ဂစ္ဆန္တိ ဧတ္ထာတိ အာဂါရံ။ အဂ + ဂါရံ။ (ဏွာဒိ၊ ၁၆၄)
အဂ္ဂိ— အဂတိ ကုဋီလော ဟုတွာ ဂစ္ဆတိတိ အဂ္ဂိ။ အာ+ဂိ။ (ဏွာဒိ၊ ၃၄)
ပါဝကော— ပုဏာတီတိ ပါဝကော။ ပူ (ပဝနေ) + ဏွု။
မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၀-ဒဏ္ဍဝဂ်
၇-မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုပါဠိဂါထာ
ဒသန္နမညတရံ ဌာနံ, ခိပ္ပမေဝ နိဂစ္ဆတိ။
ယော၊ အကြင်သူသည်။ အဒဏ္ဍေသု၊ ဒဏ်မရှိသူတို့၌လည်းကောင်း။ ဝါ၊ ဒုစရိုက်မရှိသူတို့၌လည်းကောင်း။ အပ္ပဒုဋ္ဌေသု၊ မပြစ် မှားတတ်သူတို့၌လည်းကောင်း။ ဝါ၊ ဒုက္ခမပေးတတ်သူတို့၌ လည်းကောင်း။ [(တစ်နည်း) အဒဏ္ဍေသု၊ တို့အားလည်းကောင်း။ အပ္ပဒုဋ္ဌေသု၊ တို့အားလည်းကောင်း။] ဒဏ္ဍေန၊ ဒဏ်ဖြင့်။ ဝါ၊ ကြိမ်ဒဏ်စ သည်ကို ပြုခြင်းဖြင့်။ ဒုဿတိ၊ ဖျက်ဆီးအံ့။ ဝါ၊ ပြစ်မှားအံ့။ (သောထိုသူသည်။) ဒသန္နံ၊ ဆယ်မျိုးသော ဒုက္ခ၏အကြောင်းတို့တွင်။ အညတရံ၊ တစ်မျိုးမျိုးသော။ ဌာနံ၊ ဒုက္ခ၏ အကြောင်းသို့။ ခိပ္ပမေဝ၊ လျှင်မြန်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။ (ပါ-၁၃၇)
ဂရုကံ ဝါပိ အာဗာဓံ, စိတ္တက္ခေပံ ဝ ပါပုဏေ။
ဖရုသံ၊ ကြမ်းတမ်းသော။ ဝေဒနံ၊ ဝေဒနာသို့လည်းကောင်း။ ဇာနိံ၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ ခန္ဓာကိုယ်၏။ ဘေဒနံဝါ၊ ပေါက်ကွဲပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ သေ လုနီးပါး, ကြီးလေးပြင်းထန်သော။ အာဗာဓံ ဝါပိ၊ အနာရောဂါ သို့လည်းကောင်း။ စိတ္တက္ခေပံ ဝါ၊ စိတ်၏ ပျံ့လွင့်ရူးသွပ်ခြင်းသို့ လည်းကောင်း။ ပါပုဏေ၊ ရောက်ရ၏။ (ပါ-၁၃၈)
ပရိက္ခယံ ဝ ဉာတီနံ, ဘောဂါနံ ဝ ပဘင်္ဂုရံ။
ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ ဘေးရန်သို့လည်းကောင်း။ (တစ်နည်း) ရာဇတော၊ ကြောင့်။ (ဥပ္ပန္နံ၊ ဖြစ်သော။) ဥပသဂ္ဂံ ဝါသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းတမ်းပြင်းထန်သော။ အဗ္ဘက္ခာနံ ဝါ၊ မဟုတ်မမှန် လုပ်ကြံစွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ပရိက္ခယံ ဝါ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ စည်းစိမ်ဥစ္စာတို့၏။ ပဘင်္ဂုရံ ဝါ၊ သူတို့ကိုယ်တိုင် ဖျက်ဆီးလေ့ ရှိကုန်သည်၏အဖြစ်သို့လည်းကောင်း။ ဝါ၊ မိမိကိုယ်ကို ဖျက်ဆီး လေ့ရှိကုန်သည်၏ အဖြစ်သို့လည်းကောင်း။ (ပါပုဏေ၊ ၏။) (ပါ-၁၃၉)
ကာယဿ ဘေဒါ ဒုပ္ပညော, နိရယံ သောပပဇ္ဇတိ။
အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုသူ၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ ဝါ၊ မိုးကြိုးမီးသည်လည်းကောင်း။ ပါဝကော ဝါ၊ သဘာဝ လောင်မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာမရှိသော။ သော၊ ထိုသူသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်စီးခြင်းကြောင့်။ နိရယံ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ဖြစ်ရ၏။ (တစ်နည်း) နိရယံ၊ သို့။ ဥပပဇ္ဇတိ၊ ကပ်ရောက်ရ၏။ (ပါ-၁၄၀) [ရေးသင့်သမျှကို အပ္ပမာဒဝဂ်, သာမာဝတီဝတ္ထု၌ ရေးခဲ့ပြီ။ ဤ၌ “သရီရဿ ဝ, စိတ္တက္ခေပံ ဝ, အဗ္ဘက္ခာနံ ဝ, ပရိက္ခယံ ဝ”ဟု ရှိခြင်းသာ ထူး၏၊ “သရီရဿ ဝါ”စသည် ဖြတ်၍ ဆန်းကြောင့် ရဿပြု။]
မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။