မာတိကာသို့ ခုန်သွားရန်

ကောသမ္ဗကဝတ္ထု

ဝီကီရင်းမြစ် မှ

ယမကဝဂ်

၅။ ကောသမ္ဗီပြည်သား ရဟန်းများဝတ္ထု

ပရေ စ န ဝိဇာနန္တိ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကောသမ္ဗီပြည်သားဖြစ်ကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ဆရာချင်းမတည့်ရာမှ ဗြဟ္မာ့ပြည်တိုင်အောင် ကွဲပြားခြင်း

ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ ငါးရာ,ငါးရာစီ အခြံအရံရှိကုန်သော ဝိနည်းဓိုရ်ပုဂ္ဂိုလ်လည်း တစ်ပါး၊ ဓမ္မကထိကပုဂ္ဂိုလ်လည်း တစ်ပါး၊ ဤနှစ်ပါးသော ရဟန်းတို့သည် နေကုန်၏။ ထိုနှစ်ပါးသော ရဟန်းတို့တွင် ဓမ္မကထိကရဟန်းသည် တစ်နေ့သ၌ ကိုယ်လက်သုတ်သင်ခြင်းကိုပြု၍ သန့်သက်ရေထားရာ အခန်းရုံ၌ သန့်သက်ရေကြွင်းကို ခွက်၌ထား၍ ထွက်ခဲ့လေ၏။ ထို့နောက်မှ ဝိနည်းဓိုရ်ရဟန်းသည် ထိုသန့်သက်ခန်းသို့ ဝင်သည်ရှိသော် သန့်သက်ရေကြွင်းကို မြင်၍ ထွက်လာပြီးလျှင် ဓမ္မကထိကရဟန်းကို “ငါ့ရှင်- သင်သည် သန့်သက်ရေကြွင်းကို ထားခဲ့သလော”ဟု မေးလေ၏။ “ငါ့ရှင်- ထားခဲ့သည် မှန်ပေ၏”ဟု ဆိုလတ်သော် “အသို့နည်း၊ ဤသို့ထားရာ၌ အာပတ်သင့်သည်အဖြစ်ကို မသိလေသလော”ဟု မေးလေ၏။ “မသိသည် မှန်ပါ၏”ဟု ဆိုလတ်သော် “ငါ့ရှင်- ထိုသို့ မသိသည်ပင် ဖြစ်စေ၊ ဤသန့်သက်ရေ အကြွင်းထားရာ၌ အာပတ်သင့်၏”ဟု ဝိနည်းဓိုရ်က ဆိုလေ၏။ “ထိုသို့ဖြစ်မူ ထိုအာပတ်ကို ကုစားပါအံ့”ဟု ဆိုလတ်သော် “ငါ့ရှင်- သင့်အား စေတနာမရှိ၍ သတိကင်းသဖြင့် အကယ်၍ ပြုမိသည်ဖြစ်အံ့၊ အာပတ်မရှိ”ဟု ဝိနည်းဓိုရ်က ဆိုလေ၏ ။ ဓမ္မကထိကသည် ထိုအာပတ်၌ အာပတ်မသင့်ဟု အယူရှိလေ၏။ ဝိနည်းဓိုရ် ရဟန်းသည် မိမိတပည့်တို့အား “ဤဓမ္မကထိကသည် အာပတ်သို့ ရောက်သော်လည်း အာပတ်သင့်သည်အဖြစ်ကို မသိ”ဟု ပြောကြားလေ၏။ ထိုဝိနည်းဓိုရ်၏ တပည့်တို့သည် ဓမ္မကထိက၏ တပည့်တို့ကိုမြင်လျှင် “သင်တို့၏ ဥပဇ္ဈာယ်ကား အာပတ်သို့ရောက်သော်လည်း အာပတ်သင့်သည် အဖြစ်ကို မသိ”ဟု ဆိုကြကုန်၏။ ထိုစကားကိုကြားလျှင် ဓမ္မကထိကတပည့်တို့သည် သွား၍ မိမိ၏ ဥပဇ္ဈာယ်အား ထိုရဟန်းတို့ ဆိုအပ်သောစကားကို လျှောက်ကြားကြကုန်၏။ ထိုဓမ္မကထိကသည် “ဤဝိနည်းဓိုရ်ရဟန်းကား ရှေး၌ အာပတ်မသင့်ဟု ဆိုပြီး၍ ယခုအခါ အာပတ်သင့်သည်ဟု ဆိုပြန်၏။ ဤဝိနည်းဓိုရ် ရဟန်းကား မုသားဆိုလေ့ရှိ၏”ဟု ဆိုလေ၏။

ထိုအခါ ဓမ္မကထိက၏ တပည့်တို့သည် သွား၍ “သင်တို့၏ ဥပဇ္ဈာယ်ကား မုသားဆိုလေ့ရှိ၏”ဟု ဆိုကြကုန်၏။ ထိုရဟန်းတို့သည် ဤသို့ အချင်းချင်း ငြင်းခုံ ခိုက်ရန်ကို ပွားစေကြကုန်၏။ ထို့နောက်မှ ဝိနည်းဓိုရ်သည် အခွင့်ကိုရ၍ ဓမ္မကထိကရဟန်းအား အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ခြင်းဟူသော ဥက္ခေပနီယကံကို ပြုလေ၏။ ထိုနေ့မှစ၍ ဝိနည်းဓိုရ်ရဟန်း၊ ဓမ္မကထိကရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းကုန်သော အလုပ်အကျွေး ဒါယကာတို့သည်လည်း နှစ်စု ကွဲပြားကြကုန်၏။ အဆုံးအမကို ခံယူကုန်သော ရဟန်းမိန်းမတို့သည်လည်းကောင်း၊ အစောင့်အရှောက်ဖြစ်သော နတ်တို့သည်လည်းကောင်း၊ ထိုနတ်တို့၏ တကွမြင်ဖူး, တကွသုံးဆောင်ဖူးကုန်သော ကောင်းကင်၌တည်သော နတ်တို့သည်လည်းကောင်း ဤသို့အားဖြင့် ဗြဟ္မာပြည်တိုင်အောင် အလုံးစုံလည်းဖြစ်ကုန်သော ပုထုဇဉ်တို့သည် နှစ်စုသော အသင်းအပင်းတို့ ဖြစ်ကြကုန်၏။ စတုမဟာရာဇ်ဘုံကို အစပြု၍ အကနိဋ္ဌဘုံ စည်းဝေးသော နတ်ဗြဟ္မာတို့တိုင်အောင် ဤကောလာဟလသည် ပျံ့နှံ့ ရောက်သွားလေ၏။

ညီညွတ်ကြရန် ဆုံးမတော်မူ

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ နှင်ထုတ်တတ်သော ဝိနည်းဓိုရ်နှင့်တကွ အန္တေဝါသိကတို့အား ဤဓမ္မကထိကတို့ တရားနှင့် လျော်သည်သာလျှင်ဖြစ်သော ဝိနည်းကံဖြင့် နှင်ထုတ်၏ဟု အယူရှိခြင်းကိုလည်းကောင်း၊ နှင်ထုတ်အပ်သော ရဟန်းသို့ အတုလိုက်ကုန်သော ဓမ္မကထိက၏ အန္တေဝါသိက တပည့်တို့အားကား တရားနှင့် မလျော်သည်သာလျှင် ဖြစ်သောကံဖြင့် နှင်ထုတ်၏ဟု အယူရှိခြင်းကိုလည်းကောင်း၊ နှင်ထုတ်ခြင်းပြုကုန်သော ဝိနယဓရ မထေရ်တို့သည် တားမြစ်အပ်ကုန်သော်လည်း ဓမ္မကထိက၏ တပည့်မထေရ်တို့သည် အစဉ်မပြတ် ခြံရံလျက် သွားလာလှည့်လည်ကုန်သော အဖြစ်ကိုလည်းကောင်း လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “အညီအညွတ် ဖြစ်ကြကုန်လော့”ဟု နှစ်ကြိမ်တိုင်တိုင် စေလွှတ်၍ မိန့်တော်မူသော်လည်း “မြတ်စွာဘုရား- အညီအညွတ်ဖြစ်ခြင်းငှာ အလိုမရှိကြကုန်”ဟူသော စကားကိုသာ ကြားတော်မူ၍ သုံးကြိမ်မြောက် စေလွှတ်တော်မူသော အခါ၌ကား ရဟန်းသံဃာသည် ကွဲပြားပြီဟု ကြားတော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏အထံသို့ ကိုယ်တိုင် ကြွသွားတော်မူ၍ နှင်ထုတ်ခြင်း ဥက္ခေပနီယကံကို ပြုကုန်သော ရဟန်းတို့အား ဥက္ခေပနီယကံကို ပြုခြင်း၌ အပြစ်ကိုလည်းကောင်း၊ နှင်ထုတ်အပ်သော ဓမ္မကထိကရဟန်းတို့အား အာပတ်ကိုမရှုခြင်း၌ အပြစ်ကိုလည်းကောင်း ဟောတော်မူ၍ တစ်ဖန် ထိုရဟန်းတို့အား ကောသမ္ဗီပြည်၌သာလျှင် တစ်သိမ်တည်း၌ ဥပုသ်ကံပြုခြင်း စသည်တို့ကို ခွင့်ပြုတော်မူ၍ ဆွမ်းစားဇရပ် စသည်တို့၌ ခိုက်ရန်ဖြစ်ကုန်သော ရဟန်းတို့အား နေရာခြား၍ ခြား၍ ခင်းသဖြင့်နေအပ်၏ဟု ဆွမ်းစားဇရပ်၌ ဝတ်ကို ပညတ်တော်မူပြီးလျှင် ယခုအခါ၌လည်း ငြင်းခုံခိုက်ရန် ဖြစ်ကုန်လျက်သာလျှင် နေကုန်၏ဟု ကြားတော်မူသဖြင့် ထိုအရပ်သို့ ကြွတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- မသင့်မလျော် ခိုက်ရန်မပြုကြကုန်လင့်၊” ဤသို့ အစရှိသော စကားတို့ကို မိန့်တော်မူ၍ “ချစ်သားရဟန်းတို့- ဤခိုက်ရန် ငြင်းခုံဖြစ်ပွား ကွဲပြားခြင်းတို့မည်သည်ကား အကျိုးမဲ့ကို ပြုတတ်ကုန်၏။ ခိုက်ရန်ပြုခြင်းကိုမှီ၍ နှံစုတ်ငှက်ငယ်စဉ်လျက်လည်း ဆင်ပြောင်ကြီးကို အသက်ကုန်ခြင်းသို့ ရောက်စေဖူးပြီ”ဟု လဋုကိကဇာတ်ကို (၎င်းဇာတ်သည် ပဉ္စကနိပါတ် မဏိကုဏ္ဍလဝဂ်၌ ပါရှိသည်။) ဟောတော်မူ၍ “ချစ်သားရဟန်းတို့- အညီအညွတ်ဖြစ်ကြကုန်လော့၊ အငြင်းအခုံ မပြုကြကုန်လင့်၊ ငြင်းခုံခြင်းကိုမှီ၍ အသိန်းမက များစွာသော ငုံးငှက်တို့သည် အသက်ကုန်ခြင်းသို့ ရောက်ဖူးကုန်ပြီဟု ဝဋ္ဋကဇာတ်ကိုလည်း (၎င်းဇာတ်သည် ဧကကနိပါတ် ဟဉ္စိဝဂ်၌ ပါရှိသည်။) ဟောတော်မူ၏။

ဤသို့ ဟောတော်မူသော်လည်း မြတ်စွာဘုရား စကားတော်ကို မနာမယူကြသောကြောင့် မြတ်စွာဘုရား၏ ပင်ပန်းခြင်းကို အလိုမရှိသော မထင်ရှားသော ဓမ္မဝါဒီရဟန်းတစ်ပါးသည် “ဘုန်းတော်ကြီးသော, တရားကြောင့် အရှင်ဖြစ်တော်မူသော မြတ်စွာဘုရား- ဆိုင်းငံ့တော်မူပါဘုရား၊ ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား- မျက်မှောက်၌ ဖြစ်သော အရဟတ္တဖိုလ်ချမ်းသာကို အဖန်တလဲလဲ ခံစားတော်မူလျက် ကြောင့်ကြမဲ့ နေတော်မူပါဘုရား၊ ဤကဲ့သို့ ငြင်းခုံခိုက်ရန်ဖြစ်ပွားလျက် ကွဲပြားသောအရာဖြင့် ဘုရားတပည့်တော်တို့ အလိုအလျောက်သာ ထင်ရှားကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။

ဒီဃီတိ ကောသလမင်းဝတ္ထု

“ချစ်သားရဟန်းတို့- ရှေး၌ဖြစ်ဖူးသည်ကား ဗာရာဏသီပြည်၌ ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် မင်းပြု၏။ ထိုဗြဟ္မဒတ်မင်းသည် ဒီဃာဝုသတို့သား၏ ခမည်းတော်ဖြစ်သော ကောသလမင်း၏ တိုင်းပြည်စည်းစိမ်ကို လုယက်ခြင်းကြောင့် မထင်ရှားသော အသွင်ဖြင့်နေရသော ခမည်းတော်ကောသလမင်းကို သတ်သည့် အဖြစ်ကိုလည်းကောင်း၊ ဒီဃာဝုမင်းသားသည် မိမိအသက်ကို ပေးပြီးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝုမင်းသားတို့၏ ညီညွတ်သည့် အဖြစ်ကိုလည်းကောင်း ဟောတော်မူလေ၏။ (ထိုဒီဃီတိကောသလဇာတ် ဝတ္ထုသည် ငါးရာငါးဆယ် ပဉ္စကနိပါတ် ဒီဃီတိကောသဇာတ်၊ နဝကနိပါတ် ကောသမ္ဗိဇာတ်တို့၌ ပါရှိ၏။ ဝိနည်း မဟာဝါ ကောသမ္ဗကက္ခန္ဓက ပါဠိတော်၌ကား အကျယ်ပါရှိ၏။ ဗဟုသုတလိုလားသော ပုဂ္ဂိုလ်များတို့၏အကျိုးငှာ ၎င်းဇာတ်ဝတ္ထုကို ဤ၌ ထည့်သွင်း ပြဆိုပေအံ့။)

ဒီဃီတိကောသလဇာတ်ဝတ္ထု အကျယ်

(ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် မင်းပြုလေ၏။ ထိုမင်းသည် ကြွယ်ဝ၏။ များလှစွာသော ဥစ္စာ အသုံးအဆောင် စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ရှိ၏။ ဒီဃီတိမည်သော ကောသလမင်းသည်ကား များစွာမကြွယ်ဝ၊ နည်းပါးသော ဥစ္စာအသုံးအဆောင် စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ရှိ၏။ အခါတစ်ပါး၌ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်းကို စစ်တိုက်ရန် ရှေးရှုစစ်ထွက်လေ၏။ ထိုအကြောင်းကို ဒီဃီတိကောသလမင်း ကြားလတ်သော် “ငါကား အားနည်း၏၊ အားကြီးသော ဗြဟ္မဒတ်မင်းနှင့် တစ်ကြိမ်မျှ စစ်ထိုးခြင်းကိုလည်း ခံနိုင်မည်မဟုတ်၊ စောစောကြိုတင်၍ ထွက်ခွာ တိမ်းရှောင်နေရမူ ကောင်းလေစွ”ဟု ကြံပြီးလျှင် မိဖုရားကြီးကို ခေါ်ဆောင်၍ မြို့တော်မှ ထွက်ခွာတိမ်းရှောင်ကာ နေလေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်း၏ စစ်သည်, ဆင်, မြင်း, တိုင်းကား ပြည်ရွာအလုံး သိမ်းကျုံး စိုးအုပ်၍ နေလေ၏။ ဒီဃီတိ ကောသလမင်းကြီးကား မိဖုရားနှင့်တကွ ဗာရာဏသီပြည် တစ်ခုသော ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည်တို့ အနေအထား မထင်ရှားသော ပရိဗိုဇ်အသွင်အပြင်ဖြင့် နေလေ၏။ ထို့နောက် မကြာမီ မိဖုရားအား ပဋိသန္ဓေကိုယ်ဝန်ရှိလတ်သော် သားငယ်၏ အာနုဘော်ကြောင့် ဤသို့သော ချင်ခြင်း (ချင်ခြင်းဟူသည်မှာ မရမနေနိုင်လောက်အောင် အလိုရှိခြင်း) ဖြစ်လေ၏။ “နေထွက်သောအခါ ကောင်းသောမြေပြင်၌ အင်္ဂါလေးပါးရှိသော စစ်သည်အပေါင်းကို ချပ်မိန်ညိုဝတ်ဆင်လျက် တည်သည်ကို မြင်ချင်၏” ဟူ၍လည်းကောင်း၊ “သန်လျက်ဆေးသော ရေကို သောက်ချင်၏” ဟူ၍လည်းကောင်း ချင်ခြင်းဖြစ်လေ၏။

ဤသို့ ပဋိသန္ဓေတည်နေ၍ ချင်ခြင်းဖြစ်သည်ကို မင်းကြီးအား ပြောကြားလတ်သော် “မိဖုရား- ထီးနန်းစွန့်၍ မထင်မရှား ဆင်းရဲစွာနေရသော ငါတို့အား အင်္ဂါလေးပါးရှိသော စစ်သည်ကိုလည်းကောင်း၊ သန်လျက်ဆေးရေကိုလည်းကောင်း အဘယ်မှာ ရနိုင်ပါအံ့နည်း”ဟု ဆိုသဖြင့် “အရှင်မင်းကြီး၊ မရလျှင် အကျွန်ုပ် သေရပါလိမ့်မည်”ဟု ပြောကြားလေ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် အဆွေခင်ပွန်းဟောင်း ဖြစ်ခဲ့ဖူးသော ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား အထံသို့ သွားပြီးလျှင် “ပုရောဟိတ်ပုဏ္ဏား- အကျွန်ုပ်၏ မိဖုရားဖြစ်သော အသင်၏ မိတ်ဆွေမအား ပဋိသန္ဓေ ကိုယ်ဝန်ရှိသည်ဖြစ်၍ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်သည်ဗိုလ်ပါကို နေထွက်သောအခါ မြင်ချင်၏ဟူ၍လည်းကောင်း၊ သန်လျက်ဆေးရေကို သောက်ချင်၏ဟူ၍လည်းကောင်း ချင်ခြင်းဖြစ်နေပါသည်”ဟု ပြောကြားလေ၏။ ထိုအခါ ပုရောဟိတ် ပုဏ္ဏားသည် “အရှင်မင်းကြီး- ထိုသို့ဖြစ်မူ အကျွန်ုပ်တို့သည်လည်း မိဖုရားကြီးကို ရှုမြင်လိုကုန်၏”ဟု ဆိုသဖြင့် ဒီဃီတိကောသလမင်းသည် မိဖုရားကိုခေါ်ဆောင်၍ ပုရောဟိတ်ပုဏ္ဏားအိမ်သို့ သွားသောအခါ ပုရောဟိတ်ပုဏ္ဏားသည် အဝေးမှလာသော မိဖုရားကို မြင်လျှင်မြင်ချင်း နေရာမှထ၍ လက်ဝဲတစ်ဘက် ပခုံးထက်၌ လက်ကန်တော့ စံပယ်တင်ပြီးလျှင် မိဖုရားကို ရှိခိုး၍ “ကောသလရာဇာ ဝတ ဘော ကုစ္ဆိဂတော”။ ဘော၊ အိုအချင်းတို့။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော သူငယ်သည်။ ကောသလရာဇာ ဝတ၊ ကောသလမင်း ဖြစ်လိမ့်တကားဟု ဝမ်းမြောက်ဝမ်းသာစကားကို သုံးကြိမ် မြွက်ဆိုလေ၏။ မြွက်ဆိုပြီးလျှင် “ချင်ခြင်းပြည့်စုံအောင် ပြုပေးပါအံ့”ဟု တာဝန်ခံလိုက်လေ၏။

ထိုသို့ တာဝန်ခံပြီးသောအခါ ပုရောဟိတ်ပုဏ္ဏားသည် ဗြဟ္မဒတ်မင်းအထံသို့ ချဉ်းကပ်၍ “အရှင်မင်းကြီး- ထိုထို အတိတ်နိမိတ်တို့သည် ထင်ရှားကုန်၏။ နက်ဖြန်နံနက် နေထွက်သောအခါ ချပ်မိန်ညို ဝတ်ဆင်အပ်သော အင်္ဂါလေးပါးရှိသော စစ်သည်သည် ကောင်းသော မြေအပြင်၌ တည်ပါစေလော့၊ သန်လျက်ကိုလည်း ဆေးကြောစေပါလော့”ဟု သံတော်ဦးတင်လေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ပုရောဟိတ်ဆိုသောအတိုင်း ပြုသဖြင့် ဒီဃီတိကောသလမင်းကြီး၏ မိဖုရားသည် အင်္ဂါလေးပါးရှိသော စစ်သည်ကိုမြင်ရခြင်း၊ သန်လျက်ဆေးရေကို သောက်ရခြင်းကြောင့် ချင်ခြင်း ပြည့်စုံသည်ဖြစ်၍ ပဋိသန္ဓေရင့်မာသောအခါ သားယောက်ျား ဖွားမြင်လေ၏။ ထိုသားငယ်ကို ဒီဃာဝုဟု အမည်မှည့်ကြကုန်၏။ ထိုဒီဃာဝုမင်းသားသည် မကြာမြင့်မီ သိ,ကြားလိမ္မာသောအဖြစ်သို့ ရောက်လေ၏။ ထိုအခါ ဒီဃီတိကောသလမင်းကြီးအား ဤသို့သော အကြံဖြစ်လေ၏။ “ဗြဟ္မဒတ်မင်းသည် ငါတို့၏ စစ်သည်ဗိုလ်ပါ တိုင်းကားပြည်ရွာ ကျီကြဘဏ္ဍာတို့ကို လုယက်၏။ အကယ်၍ ငါတို့၏အကြောင်းကို သိသည်ဖြစ်အံ့၊ ငါတို့ သုံးယောက်စလုံးကို သတ်လတ္တံ့၊ ထို့ကြောင့် ဒီဃာဝုမင်းသားကို မြို့ပ၌ နေစေရမူကား ကောင်းလေစွ”ဟု အကြံဖြစ်၍ ဒီဃာဝုမင်းသားကို မြို့ပ၌ ထား၏။ ဒီဃာဝုမင်းသားသည် မြို့ပ၌နေလျက် အလုံးစုံသော အတတ်ပညာတို့ကို များမကြာမီ တတ်မြောက်အောင် သင်ယူလေ၏။

အခါတစ်ပါး၌ ဗြဟ္မဒတ်မင်းအထံ၌နေသော ဒီဃီတိကောသလမင်း၏ ဆတ္တာသည် ဖြစ်ဖူးသောသူသည် မိဖုရားနှင့်တကွ ဒီဃီတိကောသလမင်းကို ပစ္စန္တရစ်အရပ်၌ အိုးထိန်းသည်တို့ အနေအထား မထင်ရှားသော ပရိဗိုဇ်အသွင်အပြင်ဖြင့် နေသည်ကို မြင်သဖြင့် ဗြဟ္မဒတ်မင်းအား ထိုအကြောင်းကို လျှောက်ထားလေ၏။ ဗြဟ္မဒတ်မင်းသည် မင်းချင်းယောက်ျားတို့ကိုခေါ်၍ “မိဖုရားနှင့်တကွ ဒီဃီတိ ကောသလမင်းကို ဖမ်းစေ၍ သတ်ရမည်”ဟု အမိန့်ပေးလေ၏။ ထိုအခါ မင်းချင်းယောက်ျားတို့သည် “ကောင်းပါပြီ အရှင်မင်းကြီး”ဟု ဗြဟ္မဒတ်မင်း၏စကားကို ဝန်ခံပြီးလျှင် မိဖုရားနှင့်တကွသော ဒီဃီတိကောသလမင်းကြီးကို ဖမ်း၍ တစ်လမ်းမှ တစ်လမ်းသို့ ဆောင်ကြကုန်၏။ ထိုအခါ မြို့ပ၌နေသော ဒီဃာဝုမင်းသားသည် ခမည်းတော် မယ်တော်တို့ကို မဖူးမြင်ရသည်မှာ ကြာပြီဟု ဗာရာဏသီမြို့တွင်းသို့ ဝင်လာသောအခိုက် လက်ပြန်ကြိုးချည်၍ ဦးပြည်းရိတ်ပြီးလျှင် အသံဆိုးသော စည်ကြီးကိုတီးလျက် တစ်လမ်းမှ တစ်လမ်းသို့ ဆောင်သည်ကို တွေ့ရ၍ အနီးသို့ချဉ်းကပ်လေ၏။

ထိုအခါ ဒီဃီတိကောသလမင်းသည် ဒီဃာဝုမင်းသားကို မြင်ရ၍ “မာ ခေါ တွံ တာတ ဒီဃာဝု ဒီဃံ ပဿ မာ ရဿံ၊ န ဟိ တာတ ဒီဃာဝု ဝေရေန ဝေရာ သမ္မန္တိ၊ အဝေရေန ဟိ တာတ ဒီဃာဝု ဝေရာ သမ္မန္တိ”ဟု ဆိုလိုက်လေ၏။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ တွံ၊ သင်သည်။ ဒီဃံ၊ အရှည်ကို။ မာ ပဿ၊ မရှုလေနှင့်။ ရဿံ၊ အတိုကို။ မာ ပဿ၊ မရှုလေနှင့်။ တာတ ဒီဃာဝု၊ ချစ်သားဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ န ဟိ သမ္မန္တိ ၊ မငြိမ်းကုန်။ တာတ ဒီဃာဝု၊ ချစ်သား ဒီဃာဝု။ ဝေရာ၊ ရန်တို့သည်။ အဝေရေန ဟိ၊ ရန်တုံ့မမူသဖြင့်သာလျှင်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

ထိုသို့ဆိုသည်ရှိသော် မင်းချင်းယောက်ျားတို့သည် “သူ၏ ဒီဃာဝုကား အဘယ်သူနည်း၊ ဘယ်သူကို ဤသို့ ဆိုနေသနည်း၊ ဤမင်းကြီးသည်ကား သေဘေးမှ ထိတ်လန့်သဖြင့် ရူးကြောင်ကြောင် မြည်တမ်းလေ၏”ဟု ပြောဆိုကြကုန်၏။ “အချင်းတို့- ငါကား ရူး၍ဆိုသည်မဟုတ်။ လိမ္မာသောသူ သိလတ္တံ့”ဟု ဆို၍ ဤနည်းအတိုင်း သုံးကြိမ်တိုင်အောင် မြည်ဆိုလေ၏။ ထို့နောက် မင်းချင်းယောက်ျားတို့သည် တောင်တံခါးသို့ထုတ်၍ လေးပိုင်းပိုင်း၍ သတ်ပြီးလျှင် အစောင့်အရှောက်ထား၍ ဖဲသွားကြကုန်၏။

ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်တွင်းသို့ဝင်၍ ညနေချမ်းအခါ၌ သေရည်သေရက်တို့ကို ယူဆောင်ပြီးလျှင် မင်းချင်းယောက်ျား အစောင့်အရှောက်တို့ကို သောက်စေ၍ မူးရစ် အိပ်ပျော်ကြကုန်သောအခါ ထင်းတို့ကို စုရုံး၍ မီးသင်္ဂြိုဟ်ပြီးလျှင် လက်အုပ်ချီလျက် ထင်းပုံကို သုံးကြိမ် လက်ယာရစ် လှည့်လည်လေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် မြတ်သော ပြာသာဒ်ထက်၌နေလျက် မီးသင်္ဂြိုဟ်နေသည်ကို မြင်ရ၍ “ဤသူကား ဒီဃီတိကောသလမင်းကြီး၏ ဆွေမျိုးသားချင်း ဖြစ်လတ္တံ့၊ ငါ့အား အကျိုးမဲ့ချေပြီ။ တစ်စုံတစ်ယောက်သော မင်းချင်းယောက်ျားသည်လည်း လာ၍ မလျှောက်ထားလေ”ဟု အကြံဖြစ်လေ၏။ ထို့နောက် ဒီဃာဝုမင်းသားသည် မီးသင်္ဂြိုဟ်ပြီးသောအခါ တောအုပ်သို့ဝင်၍ အလိုရှိတိုင်း ငိုကြွေးမြည်တမ်းပြီးလျှင် ဗာရာဏသီပြည်တွင်းသို့ဝင်၍ မင်းကြီးနန်းတော်အနီး ဆင်တင်းကုပ်၌ ဆင်ဆရာ့ထံ အတတ်သင်ရန် နေလေ၏။ ဒီဃာဝုမင်းသားသည် ဆင်တင်းကုပ်၌ နံနက် စောစောထ၍ သာယာသောအသံဖြင့် သီချင်းသီဆိုလျက် စောင်းတီးလေ၏။ ဗြဟ္မဒတ်မင်းသည် ထိုစောင်းတီးသံကို ကြားရသောအခါ နှစ်သက်သည်ဖြစ်၍ မေးမြန်းစုံစမ်းပြီးလျှင် အနီးအပါး အတွင်းတော်၌စေသဖြင့် ရှေးဦးစွာ ထခြင်း၊ နောက်မှ အိပ်ခြင်း၊ အသို့ပြုရမည်နည်းဟု ကြောင့်ကြောင့်ကြကြ ပြောကြားခြင်း၊ နှစ်သက်ဖွယ် ကျင့်ခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း စသော ကျင့်ဝတ်တို့ဖြင့် ခစားသည်ရှိသော် များစွာ မြတ်နိုးသဖြင့် အတွင်းတော်၌ အကျွမ်းဝင်သော နေရာ၌ ကျွန်ယုံအဖြစ်ဖြင့် နေရလေ၏။

တစ်နေ့သ၌ ဗြဟ္မဒတ်မင်းသည် သမင်တောသို့ တောလည်သွားသည်ရှိသော် စစ်သည်တို့နှင့် တခြားစီဖြစ်အောင် ဒီဃာဝုမင်းသား ရထားမောင်းသွားသဖြင့် အလွန်ဝေးသော အရပ်သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းသည် ပင်ပန်းသဖြင့် အိပ်လိုသောကြောင့် ရထားကို ဖြုတ်ခိုင်းပြီးလျှင် မြေပြင်၌ ထိုင်နေသော ဒီဃာဝုမင်းသား၏ ရင်ခွင်၌ ဦးခေါင်းထား၍ အိပ်လေ၏။ မင်းကြီး အိပ်ပျော်သောအခါ ဒီဃာဝုမင်းသားအား “ဤဗြဟ္မဒတ်မင်းကြီးသည် ငါ့ကို များစွာ အကျိုးမဲ့ပြုဖူး၏။ ငါတို့၏ စစ်သည်ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျီကြဘဏ္ဍာတို့ကို လုယက်ဖူးလေ၏။ အပြစ်မရှိသော ငါ၏မယ်တော်၊ ခမည်းတော်တို့ကိုလည်း ဤမင်းသည်ပင် သတ်ဖြတ်၏။ ဤအခါသည်ကား ထိုရန်ကို ရန်တုံ့ချေခြင်းငှာ သင့်လျော်သော အခါကာလပေတည်း”ဟု အကြံအစည် ဖြစ်လေ၏။ ဤသို့ကြံပြီးလျှင် ချက်ချင်း သန်လျက်အိမ်မှ သန်လျက်ကိုထုတ်ယူလိုက်လေ၏။ ထုတ်ယူပြီး အခါ၌ကား “ငါ၏ခမည်းတော်သည် သေခါနီးသော အခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” စသည်ဖြင့် ရန်တုံ့မမူရန် ငါ့ကို ပြောသွား၏။ သေခါနီးပြောသွားသော မိဘတို့၏စကားကို လွန်ဆန်ခြင်းငှာ မသင့်ပါတကား”ဟု အကြံဖြစ်၍ သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်းလေ၏။ ဤနည်းဖြင့် သုံးကြိမ်တိုင်အောင် သတ်ရန်ကြံစည်ပြီး၍ နောက်ဆုံးအကြိမ် သန်လျက်အိမ်၌ သန်လျက်သွင်းပြီးသောအခါ ဗြဟ္မဒတ်မင်းသည် အိပ်ပျော်ရာမှ ထိတ်လန့်တုန်လှုပ်သော အခြင်းအရာဖြင့်နိုး၍ လျင်စွာထပြီးလျှင် “အချင်း- ငါ အိပ်ပျော်စဉ် ဒီဃီတိကောသလမင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားသည် သန်လျက်ဖြင့် လိုက်သည်”ဟု အိပ်မက်သဖြင့် ထိတ်ထိတ်လန့်လန့် နိုးလာကြောင်းကို ပြောကြားလေ၏။

ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းကြီး၏ ဦးသျှောင်ထုံးကို လက်ဝဲလက်ဖြင့်ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို ထုတ်ပြီးလျှင် “အရှင်မင်းကြီး- ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမည်သော မင်းသားသည်အကျွန်ုပ်ပေတည်း၊ အသင်မင်းကြီးသည် အကျွန်ုပ်တို့အား များစွာ အကျိုးမဲ့ပြု၍ အပြစ်မရှိသော မယ်တော်၊ ခမည်းတော်တို့ကို သတ်ဖြတ်ပေ၏။ ယခုအခါသည်ကား ထိုရန်ကို ရန်တုံ့အံ့သော အခါကာလ ဖြစ်ပြီ”ဟု ကြိမ်းဝါးလေ၏။ ထိုအခါ ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ ခြေရင်း၌ ဦးခေါင်းဖြင့်ဝပ်၍ “အသက်ကို ချမ်းသာပေးပါ ဒီဃာဝုမင်းသား”ဟု တောင်းပန်လေ၏။ ထိုအခါ မိဘစကား နားထောင်လေ့ရှိသော၊ သိမ်မွေ့သော စိတ်နှလုံးရှိသော ဒီဃာဝုမင်းသားသည် အသက်ချမ်းသာပေး၍ “အကျွန်ုပ်အားလည်း အရှင်မင်းကြီးသည် အသက်ကို ချမ်းသာပေးပါ”ဟု တောင်းပန်၍ အချင်းချင်း အသက်ကိုလည်း ပေးကြကုန်၏၊ လက်ကိုလည်း ကိုင်ဆွဲကြကုန်၏၊ မိတ်မပျက်စေခြင်းငှာ ကျိန်စာကိုလည်း ဆိုကြကုန်၏။

ထို့နောက် တောလှည့်လည်ရာမှပြန်၍ နန်းတော်သို့ ရောက်သောအခါ ဗြဟ္မဒတ်မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ “အချင်းအမတ်တို့- ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားကို အကယ်၍ မြင်လျှင် အဘယ်သို့ ပြုကြမည်နည်း”ဟု မေးလေ၏။ အချို့သော အမတ်တို့သည် “အရှင်မင်းကြီး- အကျွန်ုပ်တို့သည် ဒီဃာဝုမင်းသားကိုမြင်လျှင် လက်ကို ဖြတ်ကုန်အံ့၊ အကျွန်ုပ်တို့သည် ခြေကို ဖြတ်ကုန်အံ့၊ နားရွက်ကို ဖြတ်ကုန်အံ့၊ နှာခေါင်းကို ဖြတ်ကုန်အံ့၊ ဦးခေါင်းကို ဖြတ်ကုန်အံ့”ဟု အသီးသီး ပြောကြားကြကုန်၏။ “အချင်းအမတ်တို့- ဤသူငယ်သည် ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုအမည်ရှိသော မင်းသားပေတည်း၊ ယခုအခါ ထိုသူငယ်ကို တစ်စုံတစ်ခု ပြုခြင်းငှာ မထိုက်၊ ဤသူငယ်နှင့် ငါတို့သည် အချင်းချင်း အသက်ကို ချမ်းသာပေးအပ်ပြီ”ဟု မိန့်ကြားလေ၏။ ထိုသို့ မိန့်ကြားပြီးလျှင် ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို “အမောင် ဒီဃာဝုမင်းသား- သင်၏ ခမည်းတော်သည် သေရအံ့သောအခါ၌ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသော စကားကို ဆိုသွားလေ၏။ အဘယ်သို့သော အဓိပ္ပာယ်ကို ရည်မှန်း၍ ဆိုသွားလေသနည်း”ဟု မေးလေ၏။

“အရှင်မင်းကြီး- အကျွန်ုပ်၏ ခမည်းတော်သည် သေရအံ့သောကာလ၌ ဆိုသွားသော စကား၏အဓိပ္ပာယ်ကား “ရန်ရှည်အောင် မလုပ်လေနှင့်ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ မိတ်ဆွေတို့နှင့် လျင်မြန်စွာ ကွဲပြားအောင် မလုပ်လေနှင့်”ဟူသော အဓိပ္ပာယ်ကိုလည်းကောင်း၊ အရှင်မင်းကြီးသည် အကျွန်ုပ်၏ မယ်တော်၊ ခမည်းတော်တို့ကို သတ်လေသောကြောင့် အကျွန်ုပ်က တစ်ဖန် အရှင်မင်းကြီးကို သတ်ပြန်သည်ဖြစ်အံ့၊ အရှင်မင်းကြီးဘက်မှ အကျိုးလိုလားသောသူတို့သည် အကျွန်ုပ်ကို သတ်ကုန်ရာ၏။ ထိုအခါ ထိုသူတို့ကို အကျွန်ုပ်ဘက်မှ အကျိုးလိုလားသော သူတို့သည်လည်း သတ်ဖြတ်ကုန်ရာ၏။ ဤသို့ အပြန်ပြန် ရန်တုံ့မူသော သတ်ဖြတ်ခြင်းဖြင့် ရန်သည် မငြိမ်းစဲနိုင်လေရာ၊ ယခုအခါ၌ကား အရှင်မင်းကြီးသည်လည်း အကျွန်ုပ်အား အသက်ကို ချမ်းသာပေးပြီ၊ အကျွန်ုပ်သည်လည်း အရှင်မင်းကြီးအား အသက်ကို ချမ်းသာပေးပြီ၊ ဤသို့ အချင်းချင်း အသက်ကို ပေးခြင်းတည်းဟူသော ရန်တုံ့မမူခြင်းဖြင့် ထိုရန်သည် ငြိမ်းအေးလေပြီ၊ ဤသို့သော အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤသို့ အဓိပ္ပာယ်သုံးမျိုးကို ရည်မှန်း၍ ဖခမည်းတော် သေရအံ့သောအခါ “မာ ခေါ တွံ တာတ ဒီဃာဝု” အစရှိသောစကားဖြင့် ဩဝါဒစကား မှာကြားသွားခြင်း ဖြစ်ပါသည်”ဟု သံတော်ဦးတင်လေ၏။

ထိုအခါ ဗြဟ္မဒတ်အမည်ရှိသော ကာသိကရာဇ်မင်းသည် ဒီဃာဝုမင်းသားအား “အကျဉ်းအားဖြင့် မှာသွားသော ခမည်းတော်၏စကားကို အကျယ်အားဖြင့် သိနိုင်ပေ၏၊ ပညာရှိပေစွ၊ အံ့ဩဖွယ်ကောင်းပေစွ”ဟု များစွာ နှစ်သိမ့်တော်မူ၍ အဘ၏ဥစ္စာဖြစ်သော စစ်သည်ဗိုလ်ပါ တိုင်းကား ပြည်ရွာ ကျီကြဘဏ္ဍာတို့ကိုလည်း ပြန်ပေးစေ၍ သမီးနှင့်လည်း လက်ဆက်စေ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်၍နေကြကုန်၏။ ဤသို့ မြတ်စွာဘုရားသည် အတိတ်ကိုဆောင်၍ ထိုအခါ မယ်တော်၊ ခမည်းတော်တို့သည် ယခုအခါ သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာတို့ ဖြစ်လာကုန်၏။ ဒီဃာဝုမင်းသားသည်ကား ငါဘုရား ဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်းလေ၏။)

ထိုသို့ ဒီဃီတိကောသလဇာတ်ကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယူအပ်သော တုတ်,လှင်ကန် ရှိကုန်သော ကိုင်စွဲအပ်သော လက်နက်ရှိကုန်သော ထိုမင်းတို့၏ စဉ်လျက်လည်း ဤသို့ သဘောရှိသော သည်းခံခြင်း, စိတ်နှလုံးယဉ်ကျေးခြင်း, ဖြူစင်ခြင်းသည် ဖြစ်ကုန်ဘိသေး၏။ ချစ်သားရဟန်းတို့- သင်တို့သည် ဤသို့ ကောင်းစွာ ဟောကြားအပ်သော သုတ်၊ အဘိဓမ္မာ၊ ဝိနည်း၌ ရဟန်းပြုကြ၍ သည်းခံကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏။ ပြောစကားကို နားထောင်၍ ဆိုလွယ် ပြောလွယ် ရှိကြသူတို့သည်လည်း ဖြစ်ကုန်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် ဤငါဘုရား သာသနာတော်၌ အလွန်တင့်တယ်ရာ၏”ဟု ဆုံးမတော်မူလေ၏။ ဤသို့ ဆုံးမတော်မူ၍လည်း ထိုရဟန်းတို့အား ညီညွတ်သည်တို့ကို ပြုခြင်းငှါ မတတ်နိုင်။ ထိုအခါ၌ မြတ်စွာဘုရားသခင်သည် ခိုက်ရန်ဖြစ်သော ရဟန်းတို့နှင့် ပြွမ်း၍နေခြင်းဖြင့် ငြီးငွေ့တော်မူရကား “ငါဘုရားသည် ယခုအခါ၌ ရောပြွမ်းလျက် အလွန်ဆင်းရဲစွာ နေရ၏။ ဤရဟန်းတို့သည်လည်း ငါဘုရားစကားကို မလိုက်နာကြကုန်။ ငါသည် ကိုယ်တော်တစ်ပါးတည်း အခြွေအရံအပေါင်းမှ ကင်းကွာလျက် နေရမူကား ကောင်းလေစွ”ဟု ကြံတော်မူ၏။

ပါလိလေယျကတောသို့ကြွ၍ ဝါဆိုတော်မူခြင်း

ထိုသို့ကြံတော်မူ၍ ကောသမ္ဗီပြည်၌ ဆွမ်းအလို့ငှါ ကြွတော်မူပြီးလျှင် ရဟန်းသံဃာကို မပန်ကြားဘဲ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကိုယ်တော်မြတ် သပိတ်သင်္ကန်းကို ကိုယ်တိုင်ယူတော်မူလျက် ပါလိလေယျက အမည်ရှိသောရွာသို့ ကြွတော်မူ၍ ထိုရွာ၌ မြတ်စွာဘုရားသည် ဘဂုအမည်ရှိသော မထေရ်အား ဧကစာရိကဝတ်ကို ဟောတော်မူ၏။ ထို့နောက်မှ အရှေ့ဝါးတော မိဂဒါဝုန်၌ သုံးယောက်သော အမျိုးသားတို့အား ညီညွတ်ခြင်း၌ အလိုရှိသည်ကို ဟောတော်မူ၍ အကြင်အရပ်၌ ပါလိလေယျကတောသည် ရှိ၏။ ထိုပါလိလေယျကတော၌ မြတ်စွာဘုရားသခင်သည် ပါလိလေယျကရွာကို အမှီပြု၍ ပါလိလေယျကမည်သော ပလလည်းဆင်မင်းသည် စောင့်ရှောက်အပ်သော တောအုပ်အတွင်း အင်ကြင်းပင်ရင်းဝယ် ပလလည်းဆင်မင်း၏ အလုပ်အကြွေးကို ခံယူတော်မူလျက် ချမ်းသာစွာ ဝါဆိုတော်မူ၏။

သံဃာတို့ညီညွတ်ရေး ဒါယကာတို့ စီစဉ်

ကောသမ္ဗီပြည်၌နေကုန်သော ဒါယကာတို့သည်လည်း ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို မဖူးမြင်ရကုန်သည်ရှိသော် “အရှင်ဘုရားတို့- မြတ်စွာဘုရားသည် အဘယ်မှာနည်း”ဟု မေးလျှောက်ကုန်သဖြင့် ပလလည်း တောအုပ်သို့ ကြွတော်မူကြောင်းကို ပြောကြားကြကုန်၏။ “အဘယ့်ကြောင့်ကြွတော်မူသနည်း”ဟု မေးလျှောက်ကုန်သည်ရှိသော် “ငါတို့ကို ညီညွတ်သင့်တင့်အောင် လုံ့လပြုတော်မူသော်လည်း ငါတို့ကား သင့်တင့်ညီမျှ မဖြစ်ကြကုန်၊ ဤသို့သော အကြောင်းကြောင့် ကြွတော်မူသည်”ဟု ပြောကြားကြကုန်၏။ ထိုအခါ ဒါယကာတို့သည် “အရှင်ဘုရားတို့- အရှင်ဘုရားတို့သည် မြတ်စွာဘုရားအထံ၌ ရဟန်းပြုကုန်လျက် ထိုမြတ်စွာဘုရားသည် ညီညွတ်အောင် ပြုတော်မူသည်ကို အညီအညွတ် မဖြစ်နိုင်ကြကုန်ဘိသလော”ဟု မေးလျှောက်ကုန်သည်ရှိသော် “ဒါယကာတို့- ဤသို့ မညီမညွတ်သည် မှန်ပေ၏”ဟု ပြောကြားကြကုန်၏။ ထိုဒါယကာတို့သည် “ဤရဟန်းတို့ကား ဘုရားအထံတော်၌ ရဟန်းပြုလျက် ထိုဘုရားရှင် ညီညွတ်အောင် ပြုသော်လည်း အညီအညွတ်မဖြစ်ကုန်၊ ငါတို့ကား ဤရဟန်းတို့ကိုမှီ၍ မြတ်စွာဘုရားကို ကောင်းစွာ ဖူးမြင်ခြင်းငှာ ခွင့်မရကြကုန်၊ ထို့ကြောင့် ဤရဟန်းတို့အား နေရာကို မပေးကုန်အံ့၊ ရှိခိုးခြင်း စသည်တို့ကိုလည်း မပြုကုန်အံ့”ဟု ဆိုကြကုန်၏။

ထိုအခါမှစ၍ ထိုဒါယကာတို့သည် ထိုရဟန်းတို့အား ရိုသေကာမျှကိုလည်း မပြုကြကုန်။ ထိုရဟန်းတို့သည် နည်းသော ဆွမ်း,ဘောဇဉ် အာဟာရရှိသည်၏ အဖြစ်ကြောင့် ပိန်ခြောက်သော သဘောရှိကုန်ရကား နှစ်ရက် သုံးရက်ဖြင့်သာလျှင် ဖြောင့်မတ် တည်ကြည်သော သဘော ရှိကုန်သည်ဖြစ်၍ အချင်းချင်း အပြစ်ကိုပြောကြား၍ ကန်တော့ပြီးလျှင် “ဒါယကာတို့- ငါတို့သည် အညီအညွတ် ဖြစ်ကြကုန်ပြီ၊ သင်တို့သည်လည်း ငါတို့အပေါ်၌ ရှေးနှင့်အတူ ကြည်ဖြူခြင်း ဖြစ်ကြကုန်လော့”ဟု ဆိုကုန်၏။ ထိုအခါ ဒါယကာတို့သည် “အရှင်ဘုရားတို့-အရှင်ဘုရားတို့သည် ဘုရားရှင်ကို ကန်တော့အပ်ပြီလော”ဟု မေးလျှောက်ကုန်၏။ “ဒါယကာတို့- မကန်တော့ရသေး”ဟု ဆိုသော် “ထိုသို့ဖြစ်မူ မြတ်စွာဘုရားကို ကန်တော့ကြကုန်လော့၊ အရှင်ဘုရားတို့သည် မြတ်စွာဘုရာကို ကန်တော့ပြီးသောကာလ၌ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အား ရှေးနှင့်အတူ ကြည်ဖြူခြင်း ရှိကြပါကုန်အံ့”ဟု လျှောက်ကုန်၏။ ထိုရဟန်းတို့သည် ဝါတွင်း ဖြစ်သောကြောင့် ဘုရားရှင်အထံတော်သို့ သွားခြင်းငှာ မရဲဝံ့ကုန်သည်ဖြစ်၍ ဆင်းရဲငြိုငြင်စွာ ထိုဝါတွင်းသုံးလကို လွန်စေကြရကုန်၏။ ဘုရားရှင်သည်ကား ဝါတွင်းသုံးလပတ်လုံး ထိုပလလည်း ဆင်မင်းသည် လုပ်ကျွေးအပ်သည်ဖြစ်၍ ချမ်းသာစွာ နေတော်မူရလေ၏။ ထိုပလလည်း ဆင်မင်းသည်လည်း ဆင်အပေါင်းကို ပယ်စွန့်၍ ချမ်းသာစွာ နေရခြင်း အကျိုးငှာသာလျှင် တောအုပ်သို့ သက်ဝင်ခြင်း ဖြစ်လေ၏။

ဘုရားရှင်အား ပလလည်းဆင်မင်း လုပ်ကျွေးခန်း

ထိုပလလည်း ဆင်မင်းသည်ကား “ငါသည် ဆင်ပေါက်တို့နှင့်လည်းကောင်း, ဆင်မကြီးတို့နှင့်လည်းကောင်း, ဆင်ရွေ, ဆင်လတ်တို့နှင့်လည်းကောင်း ရောပြွမ်းသည်ဖြစ်၍ နေရ၏၊ အညွန့်အဖျား ပြတ်ပြီးကုန်သော မြက်ငုတ်တို့ကိုလည်း စားရ၏၊ ဖရိုဖရဲ စနောင့်စနင်း ကျိုးသောအခက်အရွက်ရှိသော သစ်ခက်ကျိုးကိုလည်း စားရ၏။ နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်သို့ဆင်းသောအခါ, တက်သောအခါ ငါ၏ကိုယ်ကို ဆင်မတို့သည် တိုက်ခိုက် တိုးဝှေ့၍ သွားကြကုန်၏၊ ငါသည် တစ်စီးတည်းသာလျှင် အပေါင်းအဖော်မှ ကင်း၍နေရမူကား ကောင်းလေစွ”ဟု ကြံ၏။ ထိုသို့ ကြံပြီးသောအခါ ထိုဆင်ပြောင်ကြီးသည် ဆင်အပေါင်းမှ ဖဲခွာ၍ အကြင်အရပ်၌ ပါလိလေယျက တောအုပ်သည်လည်းကောင်း၊ အခက်အရွက်နှင့် ပြည့်စုံခြင်းကြောင့် သာယာသော အင်ကြင်းပင်၏ အနီး အရပ်သည်လည်းကောင်း ရှိ၏။ အကြင်အရပ်၌ မြတ်စွာဘုရားသည်လည်းကောင်း ရှိ၏။ ထိုဘုရားရှိရာသို့ ချဉ်းကပ်လေ၏။ ဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် ဘုရားရှင်ကို ရှိခိုးပြီး၍ ထိုထိုဤဤ ကြည့်သည်ရှိသော် ဘုရားမှတစ်ပါး တစ်စုံတစ်ယောက်သောသူကို မမြင်သဖြင့် အင်ကြင်းပင်အမြစ်ကို ခြေဖြင့် ပုတ်ခတ်ဖြတ်တိ ညှိရွေ၍ နှာမောင်းဖြင့် သစ်ခက်ကိုယူပြီးလျှင် တံမြက်လှည်း၏။ ထိုအခါမှစ၍ နှာမောင်းဖြင့်ပင် ရေအိုးကိုယူ၍ သောက်ရေကိုလည်းကောင်း၊ သုံးဆောင်ရေကိုလည်းကောင်း တည်ထား၏။ ရေနွေးဖြင့် အလိုရှိသည်ရှိသော် ရေနွေးကို စီရင်၏။ အဘယ်သို့ စီရင်သနည်း ဟူမူကား လက်ဖြင့် ထင်းတို့ကို ပွတ်သပ်ရှပ်တိုက်၍ မီးကိုဖြစ်စေ၏။ ထိုမီး၌ ထင်းတို့ကိုထည့်၍ မီးတောက်သည်ရှိသော် ထိုမီး၌ ကျောက်ခဲတို့ကိုထည့်ကာ ဖုတ်၍ သစ်သားလှင်ကန်ဖြင့် လှိမ့်ကော်၍ အပိုင်းအခြားရှိသော ရေအိုင်ငယ်တစ်ခု၌ ပစ်ချ၏။ ထို့နောက်မှ နှာမောင်းတည်းဟူသောလက်ကို စမ်းသပ်ချကြည့်သဖြင့် ရေပူသည်၏အဖြစ်ကို သိရှိသော် သွား၍ မြတ်စွာဘုရားကို ဝပ်တွားရှိခိုး၏။ မြတ်စွာဘုရားသည် “ပလလည်းဆင်- သင်သည် ရေကို နွေးစေအပ်ပြီလော”ဟု မိန့်တော်မူပြီးလျှင် ထိုရေနွေးတည်ရာ အရပ်သို့ ကြွ၍ ရေသပ္ပာယ်တော်မူ၏။

ထိုသို့ ရေသပ္ပာယ်ပြီးသောအခါ မြတ်စွာဘုရားအား အထူးထူးအပြားပြားရှိကုန်သော သစ်သီးကြီးငယ်တို့ကို ဆောင်၍လှူ၏။ အကြင်အခါ မြတ်စွာဘုရားသည် ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကိုယူ၍ ဦးကင်း၌ တင်ထားလျက် ဘုရားရှင်နှင့် အတူတကွသာလျှင် လိုက်သွား၏။ မြတ်စွာဘုရားသည် ရွာဥပစာသို့ ရောက်သည်ရှိသော် “ပလလည်းဆင်- ဤအရပ်မှစ၍ သင်သည် လိုက်ခြင်းငှာ မတတ်ကောင်း၊ ငါ၏ သပိတ်သင်္ကန်းတို့ကို ဆောင်ယူခဲ့လော့”ဟု မိန့်တော်မူ၍ ဆောင်ယူခဲ့စေ၍ ရွာသို့ ဆွမ်းအလို့ငှာ ဝင်တော်မူ၏။ ဆင်မင်းသည်လည်း မြတ်စွာဘုရား ဆွမ်းခံရာမှ ထွက်တော်မူလာသည့်တိုင်အောင် ထိုရွာ၏ ဥပစာ၌သာ ဆိုင်းငံ့၍ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ခရီးဦးကြိုဆိုလျက် ရှေးနည်းဖြင့်သာလျှင် သပိတ်သင်္ကန်းကို လှမ်းယူ၍ သီတင်းသုံးတော်မူရာ အင်ကြင်းပင်ရင်း၌ ချထား၍ ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် သစ်ခက်ဖြင့် ယပ်ခတ်၏။ ညဉ့်အခါ၌ သားရဲဘေးရန်တို့ကို တားမြစ်ခြင်းငှာ ကြီးစွာသော တုတ်,လှင်ကန်ကို နှာမောင်းဖြင့် ချီယူလျက် “မြတ်စွာဘုရားကို စောင့်ရှောက်အံ့”ဟု နေအရုဏ် တက်လာသည်တိုင်အောင် တောအုပ် အကြားအကြား၌ လှည့်ပတ်သွားလာ၏။ ထိုအခါမှစ၍ ထိုတောအုပ်သည် ပလလည်းဆင်မင်း စောင့်ရှောက်အပ်သော ပလလည်းတောအုပ် မည်သည်သာလျှင် ဖြစ်လေသတတ်။ အရုဏ်တက်သည်ရှိသော် မျက်နှာသစ်တော်ရေ ကပ်လှူခြင်းကို အစပြု၍ ထိုဆိုခဲ့သော နည်းဖြင့်သာလျှင် အလုံးစုံသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကို ပြုလေ၏။

ကောင်းသောအတုယူ၍ ကောင်းမှုပြုသူ ကောင်းကျိုးရ

ထို့နောက် တစ်ရံသောအခါ တစ်ကောင်သော မျောက်သည် မြတ်စွာဘုရားအား ထကြွလုံ့လဝီရိယဖြင့် အဘိသမာစာရိကဟု ဆိုအပ်သော မြတ်သော ဝတ်ကြီးဝတ်ငယ် အကျင့်ကိုပြုသော ထိုပလလည်းဆင်ကို မြင်ရ၍ “ငါသည်လည်း တစ်စုံတစ်ခုသော ကောင်းမှုကို ပြုအံ့”ဟု ကြံပြီးလျှင် လှည့်ပတ်သွားလာသည်ရှိသော် တစ်နေ့သ၌ ပျားကောင်မရှိသော ပျားတံ၌ လဘို့စိုင်ကို တွေ့မြင်သဖြင့် ပျားတံကိုချိုး၍ ပျားတံနှင့်တကွ ပျားလဘို့ကို ဘုရားအထံသို့ ဆောင်ခဲ့၍ တောငှက်ပျောရွက်ကို ဖြတ်ပြီးလျှင် ထိုငှက်ပျောရွက်၌ ထည့်၍ကပ်လှူလေ၏။ ဘုရားရှင်သည်လည်း ခံယူတော်မူလေ၏။ မျောက်သည် “ဘုဉ်းပေးသုံးဆောင်ခြင်းကို ပြုအံ့လော၊ မပြုအံ့လော”ဟု နှလုံးသွင်းလျက် ကြည့်သည်ရှိသော် ဘုရားရှင်သည် ကိုင်၍ ထိုင်နေတော်မူသည်ကို မြင်လျှင် “အသို့နည်း”ဟု ကြံ၍ ပျားတံစွန်း၌ကိုင်၍ ပြန်လှန်လျက် စူးစမ်းဆင်ခြင်သည်ရှိသော် ပျားဥတို့ကိုမြင်၍ ထိုပျားဥတို့ကို တဖြည်းဖြည်း ပယ်ပြီးမှ တစ်ဖန် ကပ်လှူပြန်လေ၏။ မြတ်စွာဘုရားသည် ဘုဉ်းပေး သုံးဆောင်တော်မူ၏။ ထိုမျောက်သည် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထိုထို သစ်ခက်ကို ကိုင်ယူဆွဲငင်၍ က,လျက်နေသောအခါ ဆွဲငင်သော သစ်ခက်သည်လည်းကောင်း၊ နင်းသော သစ်ကိုင်းသည်လည်းကောင်း ကျိုးပဲ့ပြတ်ကျသဖြင့် တစ်ခုသော သစ်ငုတ်ထက်၌ ကျပြီးလျှင် ထုတ်ချင်းလျှိုဖောက်အပ်သော ကိုယ် ရှိသည် ဖြစ်လျက် မြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ဖြင့်သာလျှင် သေ၍ တာဝတိံသာနတ်ပြည်တွင် ယူဇနာ သုံးဆယ်ရှိသော ရွှေဗိမာန်၌ နတ်သမီးတစ်ထောင် ခြံရံလျက် ဖြစ်၏။ ထိုနတ်သားအား နောက်ဘဝက မျောက်ဖြစ်ခဲ့ဖူးသော အကြောင်းကြောင့် မက္ကဋဒေဝပုတ္တနတ်သားဟူသော အမည်သည် ဖြစ်လေ၏။

ရဟန်းများ ဘုရားထံတော်သို့ လိုက်ကြခြင်း

ထိုပလလည်းတော၌ ဆင်ပြောင်ကြီး၏ လုပ်ကျွေးခြင်းကို ခံလျက် မြတ်စွာဘုရား နေတော်မူသောအဖြစ်သည် အလုံးစုံသော ဇမ္ဗုဒီပါ ကျွန်းအပြင်၌ ကျော်စောထင်ရှားခြင်း ဖြစ်လေ၏။ သာဝတ္ထိပြည်မှ အနာထပိဏ်သူဌေးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း ဤသို့ အစရှိကုန်သော ထင်ရှားသော ဒါယကာတို့သည် အရှင်အာနန္ဒာမထေရ်အား “မြတ်စွာဘုရားကို တပည့်တော်တို့အား ပြတော်မူပါလော့”ဟု သတင်းစကားကို စေလွှတ်ကုန်၏။ ထိုထို အရပ်မျက်နှာ၌ နေကုန်သော ငါးရာမျှလောက်သော ရဟန်းတို့သည်လည်း ဝါကျွတ်ကုန်ပြီးသည်ရှိသော် အရှင်အာနန္ဒာမထေရ်သို့ ချဉ်းကပ်၍ “ငါ့ရှင် အာနန္ဒာ- ငါတို့အား မြတ်စွာဘုရား မျက်မှောက်တော်မှ တရားစကားကို မကြားရသည်မှာ ကြာမြင့်စွာ ရှိလေပြီ၊ ငါ့ရှင် အာနန္ဒာ- ငါတို့သည် မြတ်စွာဘုရား ရှေ့တော်မှ တရားစကားကို ကြားနာရခြင်းငှာ အခွင့်ရပါကုန်မူကား ကောင်းလေစွ”ဟု တောင်းပန်ကြကုန်၏။ အရှင်အာန္ဒာ မထေရ်သည်လည်း ထိုရဟန်းတို့ကို ပင့်ခေါ်ပြီးလျှင် ထိုပလလည်းတောသို့ သွား၍ “ဝါတွင်းသုံးလပတ်လုံး ကိုယ်တော် တစ်ပါးတည်းသာ နေလေ့ရှိသော မြတ်စွာဘုရား၏ အထံတော်သို့ ဤမျှအတိုင်းအရှည်ရှိသော ရဟန်းတို့နှင့် အတူတကွ ဆည်းကပ်ခြင်းငှာ မသင့်ခဲ့တကား”ဟု ကြံ၍ ထိုရဟန်းတို့ကို အပ၌ ထားခဲ့ပြီးလျှင် တစ်ပါးတည်းသာ မြတ်စွာဘုရားသို့ ချဉ်းကပ်လေ၏။ ပလလည်း ဆင်မင်းသည် အရှင်အာနန္ဒာမထေရ်ကို မြင်လျှင် တုတ်,လှင်ကန်ကိုယူလျက် ပြေးသွားသည်ရှိသော် မြတ်စွာဘုရားသည် ကြည့်၍ “ပလလည်းဆင်- ဆုတ်ဘိလော့၊ ဆုတ်ဘိလော့၊ ဖဲလော့၊ မမြစ်တားလင့်။ ဤယခု ဆည်းကပ်လာသော သူသည်ကား ငါဘုရား၏ အလုပ်အကျွေးပေတည်း”ဟု မိန့်တော်မူလေ၏။ ပလလည်း ဆင်မင်းသည် ထိုအရပ်၌ပင် တုတ်,လှင်ကန်ကို စွန့်ပစ်၍ သပိတ်သင်္ကန်း လှမ်းယူခြင်းကို ပန်ကြားလေ၏။ အရှင်အာနန္ဒာ မထေရ်သည် ပေးတော်မမူ၊ ဆင်ပြောင်ကြီးသည် “ဤအရှင်သည် သင်ယူအပ်သော ကျင့်ဝတ်ရှိသည် အကယ်၍ ဖြစ်အံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ နေရာဖြစ်သော ကျောက်ဖျာထက်၌ မိမိ၏ သပိတ်ပရိက္ခရာကို မထားလတ္တံ့”ဟု ကြံ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း သပိတ်သင်္ကန်းကို မြေ၌ ထား၏။

(ကျင့်ဝတ်ပြည့်စုံ လိမ္မာကုန်သောသူတို့သည် အလေးအမြတ်ပြုအပ်သော မိဘဆရာသမားတို့၏ ထိုင်နေကျနေရာ, အိပ်နေကျ အိပ်ရာတို့၌ မိမိ၏ ပရိက္ခရာကို မထားကြကုန်။ အဋ္ဌကထာမှတ်ချက်။)

အဆွေခင်ပွန်းကောင်းတစ်ယောက်၏ တန်ဖိုး

အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ထိုင်နေလေ၏။ ဘုရားရှင်သည် “ချစ်သားအာနန္ဒာ- သင်တစ်ယောက်တည်းသာလျှင် လာသလော”ဟု မေးတော်မူသဖြင့် “မြတ်စွာဘုရား- ရဟန်းငါးရာတို့နှင့် အတူတကွ လာခဲ့ပါသည်ဘုရား”ဟု လျှောက်သည်ကို ကြားသိတော်မူသည်ရှိသော် “ထိုငါးရာသော ရဟန်းတို့သည် အဘယ်အရပ်မှာနည်း”ဟု မေးတော်မူသည်ဖြစ်၍ “ရှင်တော်ဘုရားတို့၏ စိတ်တော်ကို မသိရခြင်းကြောင့် အပ၌ထား၍ တစ်ယောက်တည်းသာ လာခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- ထိုငါးရာသော ရဟန်းတို့ကို ခေါ်ချေလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် ဘုရားရှင် မိန့်တော်မူတိုင်း ခေါ်၍လာလျှင် ဘုရားရှင်သည် ထိုရဟန်း ငါးရာတို့နှင့် အတူတကွ ပဋိသန္ဓာရစကားကို ပြု၍ ရဟန်းတို့သည် “မြတ်စွာဘုရား- ရှင်တော်ဘုရားသည် ဘုရား၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊ မင်း၏ သိမ်မွေ့ခြင်းလည်း ရှိတော်မူ၏၊ ရှင်တော်ဘုရားတို့သည် ဝါတွင်းသုံးလပတ်လုံး ကိုယ်တော်တစ်ပါးတည်း ရပ်ခြင်းတို့ဖြင့်လည်းကောင်း၊ ထိုင်ခြင်းတို့ဖြင့်လည်းကောင်း ခဲယဉ်းငြိုငြင်သောအမှုကို ပြုတော်မူရ၏၊ ဝတ်ကြီးဝတ်ငယ်ကို ပြုသောသူသည်လည်းကောင်း၊ မျက်နှာသစ်ရေ စသည်တို့ကို ဆက်ကပ်သော သူသည်လည်းကောင်း မရှိချေယောင်တကား”ဟု မြတ်စွာဘုရားအား နားတော်လျှောက်ကြားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ပလလည်းဆင်မင်းသည် ငါ၏ အလုံးစုံသောကိစ္စတို့ကို ပြုအပ်ကုန်ပြီ၊ ဤသို့ သဘောရှိသော အဆွေခင်ပွန်းကောင်းကို ရသည်ရှိသော် အတူတကွနေခြင်းငှာ သင့်၏။ အဆွေခင်ပွန်းကောင်းကို မရသည်ရှိသော် တစ်ယောက်တည်းနေသော အဖြစ်သည်သာလျှင် မြတ်၏”ဟု မိန့်တော်မူပြီး၍ နာဂဝဂ်လာ သုံးဂါထာတို့ကို ဟောတော်မူ၏။

သစေ လဘေထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊
စရေယျ တေနတ္တမနော သတိမာ။
နော စေ လဘထ နိပကံ သဟာယံ၊
သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။
ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊
ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။
ဧကဿ စရိတံ သေယျာ၊
နတ္ထိ ဗာလေ သဟာယတာ။
ဧကော စရေ န စ ပါပါနိ ကယိရာ၊
အပ္ပေါသုက္ကော မာတင်္ဂရညေဝ နာဂေါ။

နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူ ကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသောနေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ သစေ လဘေထ၊ အကယ်၍ ရသည်ဖြစ်အံ့။(ဧဝံ လဘန္တော၊ ဤသို့ ရသည်ရှိသော်။) သဗ္ဗာနိ၊ ထင်ရှား မထင်ရှားသောအားဖြင့် အလုံးစုံကုန်သော။ ပရိဿယာနိ၊ ဘေးရန်တို့ကို။ အဘိဘုယျ၊ နှိပ်နင်း ဖျက်ဆီး၍။ တေန၊ ထိုအဆွေခင်ပွန်းကောင်းနှင့်။ သဒ္ဓိံ၊ တကွ။ အတ္တမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်။ သတိမာ၊ ထင်ရှားသော သတိရှိသည်။ ဟုတွာ၊ ဖြစ်၍။ စရေယျ၊ ကျင့်ရာ၏။

နိပကံ၊ ရင့်သော ပညာလည်း ရှိထသော။ သဒ္ဓိံ စရံ၊ အတူကျင့်ဖော်လည်း ဖြစ်ထသော။ သာဓုဝိဟာရိံ၊ ကောင်းသော နေခြင်းလည်း ရှိထသော။ ဓီရံ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိလည်း ရှိထသော။ သဟာယံ၊ အဆွေခင်ပွန်းကောင်းကို။ နော စေ လဘေထ၊အကယ်၍ မရသည်ဖြစ်အံ့။ (ဧဝံ အလဘန္တော၊ ဤသို့ မရသည်ရှိသော်။) ဧကော၊ တစ်ယောက်တည်းတည်း။ စရေယျ၊ ကျင့်ရာ၏။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း ဟူမူကား။ ရာဇာ၊ မင်းသည်။ ဝါ၊ မဟာဇနကစသော မင်းဖြစ်ဖူးသော ရသေ့ရဟန်းသည်။ ဝိဇိတံ၊ မိမိအောင်ရာ မြေအရပ်ဖြစ်သော။ ရဋ္ဌံ၊ ပြည်ရွာ တိုင်းကားကို။ ပဟာယ၊ စွန့်၍။ ဧကောဝ၊ တစ်ယောက်ချင်းလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ မာတင်္ဂေါ၊ မာတင်ဟု ရအပ်သော အမည်ရှိသော (မာတင်္ဂ၊ မာတင်- ဖြည်းညင်းစွာ သွားတတ်သော ဆင်။ တစ်နည်းကား- ကြီးမားသော ကိုယ်အင်္ဂါရှိသော ဆင်)။ အယံ နာဂေါ၊ ဤဆင်ပြောင်ကြီးသည်။ ယူထံ၊ ဆင်အပေါင်းကို။ ပဟာယ၊ စွန့်၍။ အရညေ၊ တော၌။ ဧကောဝ၊ တစ်စီးချင်းသာလျှင်။ စရတိ ဣဝ၊ ကျင့်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ဧကောဝ၊ တစ်ယောက်ချင်းသာလျှင်။ စရေ၊ ကျင့်ရာ၏။

ဧကဿ၊ တစ်ယောက်တည်း၏သာလျှင်။ စရိတံ၊ ကျင့်ခြင်းသည်။ သေယျော၊ မြတ်၏။ ဗာလေ-ဗာလေန၊ မိုက်သောသူနှင့်။ သဟာယတာ၊ အပေါင်းအဖော်၏ အဖြစ်သည်။ နတ္ထိ၊ မရှိ။ အရညေ၊ တော၌။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့ ငဲ့ကွက်ခြင်းမရှိသော။ မာတင်္ဂေါ၊ မာတင်အမည်ရှိသော။ အယံ နာဂေါ၊ ဤဆင်မင်းသည်။ သုခံ၊ ချမ်းသာစွာ။ စရတိ ဣဝ၊ ကျင့်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧကော၊ တစ်ယောက်ထီးတည်း။ ဟုတွာ၊ ဖြစ်၍။ သုခံ၊ ချမ်းသာစွာ။ စရေ၊ ကျင့်ရာ၏။ ပါပါနိ စ၊ အနည်းငယ်မျှသော မကောင်းမှု အကုသိုလ်တို့ကိုလည်း။ န ကယိရာ၊ မပြုရာ။

ဂါထာတို့၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

သာဝတ္ထိပြည်ပြန်ကြွသည်ကို ဆင်မင်းကန့်ကွက်ခြင်း

ရှင်အာနန္ဒာမထေရ်သည်လည်း အနာထပိဏ်သူဌေး စသော ဒါယကာတို့သည် စေအပ်သော သတင်းစကားကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- အနာထပိဏ်သူဌေး အမှူးရှိသော ငါးကုဋေမျှလောက်သော အရိယာသာဝကတို့သည် မြတ်စွာဘုရားတို့၏ ကြွလာခြင်းကို လွန်စွာ တောင့်တကြပါကုန်၏”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် “ချစ်သား အာနန္ဒာ- ထိုသို့ဖြစ်မူ သပိတ်သင်္ကန်းကို ယူလော့”ဟု မိန့်တော်မူ၍ သပိတ်သင်္ကန်းကို ယူစေပြီးလျှင် ထွက်ကြွတော်မူလတ်သော် ပလလည်း ဆင်မင်းသည် သွား၍ ကြွတော်မူရာ လမ်းခရီး၌ ဖီလာကန့်လန့် ရပ်နေလေ၏။ ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဆင်မင်းသည် အဘယ်ကို အလိုရှိ၍ ဖီလာကန့်လန့် ရပ်နေပါသနည်း”ဟု လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သင်တို့အား ဆွမ်းကိုလှူခြင်းငှာ တောင့်တ၏။ ငါ့အား ရှည်ကြာစွာသော ကာလပတ်လုံး ဤဆင်မင်းသည် ပြုအပ်သော ကျေးဇူးရှိ၏။ ထိုဆင်မင်း၏ ကြည်ညိုသော စိတ်ကို ပျက်စေခြင်းငှာ မသင့်၊ ထို့ကြောင့် ချစ်သား ရဟန်းတို့- ပြန်နစ်ကုန်ဦးလော့”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ပြန်ကြွတော်မူလေ၏။

ဆင်မင်းသည်လည်း တောအုပ်သို့ဝင်၍ ပိန္နဲသီး၊ ငှက်ပျောသီး အစရှိသော အထူးထူးသော သစ်သီးတို့ကို ဆောင်ယူ စုပုံပြီးလျှင် မိုးသောက်သောနေ့၌ ရဟန်းတို့အား လှူဒါန်းလေ၏။ ငါးရာသော ရဟန်းတို့သည် အလုံးစုံသော သစ်သီးတို့ကို ကုန်အောင်ဘုဉ်းပေးခြင်းငှာ မတတ်နိုင်ကြကုန်။ သစ်သီးဆွမ်း ဘုဉ်းပေးပြီးသောအခါ မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကိုယူတော်မူ၍ ထွက်ကြွတော်မူလေ၏။ ဆင်မင်းသည် ရဟန်းတို့၏ အကြား အကြားဖြင့် သွား၍ ဘုရားရှေ့တော်၌ ဖီလာကန့်လန့် တားဟန့်သော အခြင်းအရာဖြင့် ရပ်လာပြန်၏။ “မြတ်စွာဘုရား- အဘယ်အကြောင်းကြောင့် ဖီလာရပ်၍ မသွားဘဲ နေဘိသနည်း”ဟု ရဟန်းတို့လျှောက်သည်ရှိသော် “ချစ်သား ရဟန်းတို့- ဤဆင်မင်းသည် သင်တို့ကို စေလွှတ်လိုက်၍ ငါဘုရားကို ပြန်လည်စေလို၏၊ ထို့ကြောင့် ကန့်လန့်ရပ်နေ၏”ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဆင်မင်းကို “ပလလည်းဆင်- ဤသို့ ကြွသွားခြင်းသည် ငါဘုရား၏ တစ်ဖန် မပြန်မလည်သော ကြွသွားခြင်းတည်း၊ သင့်အား ဤဆင်ခန္ဓာကိုယ် အတ္တဘောဖြင့် ဈာန်သည်လည်းကောင်း၊ ဝိပဿနာသည်လည်းကောင်း၊ မဂ်သည်လည်းကောင်း၊ ဖိုလ်သည်လည်းကောင်း မရှိနိုင်၊ သင်သည် နေရစ်ဦးလော့”ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသောစကားကို ကြား၍ ဆင်မင်းသည် ခံတွင်း၌ နှာမောင်းကို ထည့်သွင်း၍ ငိုကြွေးမြည်တမ်းလျက် နောက်မှ တကောက်ကောက် လိုက်လေ၏။ ဆင်မင်းသည် မြတ်စွာဘုရားကို ပြန်လည်စေခြင်းငှာ အကယ်၍ ခွင့်ရပါမူ ထိုသို့ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် အသက်ထက်ဆုံး လုပ်ကျွေးလိမ့်မည် စင်စစ်တည်း။ မြတ်စွာဘုရားသည်ကား ထိုဆင်မင်းကို ရွာ၏ဥပစာသို့ ရောက်သောအခါ “ပလလည်းဆင်- ဤနေရာဌာနမှစ၍ သင်၏နေရာ မဟုတ်ပြီ၊ လူတို့၏ နေရာအရပ်ဖြစ်၍ ဘေးရန်ရှိ၏၊ သင်သည် နေရစ်ဘိလော့”ဟု မိန့်တော်မူလတ်သော် ထိုဆင်မင်းသည် စီးကျသော မျက်ရည်ဖြင့် စိုက်ကြည့်လျက် ရပ်တန့်ကာ နေရစ်ရှာလေသတည်း။

ဆင်မင်း စုတေ၍ ပါလိလေယျကနတ်သားဖြစ်ခြင်း

ထို့နောက်မှ မြတ်စွာဘုရား ကြွသွား၍ မျက်စိတစ်ဆုံး လွန်သည်ရှိသော် ဆင်မင်းသည် နှလုံးကွဲသဖြင့် (ရင်ကွဲနာဖြင့် သေ၏ ဟူလို) စုတေ သေလွန်ရကား မြတ်စွာဘုရား၌ ကြည်ညိုသောစိတ်ဖြင့် တာဝတိံသာ နတ်ပြည်ဝယ် ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်၌ အခြံအရံဖြစ်သော နတ်သမီးတစ်ထောင်အလယ် တင့်တယ်စွာဖြစ်၍ ပါလိလေယျကနတ်သား ဟူ၍သာလျှင် အမည်တွင်လေ၏။

ဇေတဝန်ကျောင်းတော်သို့ ကြွရောက်တော်မူခြင်း

မြတ်စွာဘုရားသည်လည်း အစဉ်သဖြင့် ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူလေ၏။ ကောသမ္ဗီပြည်၌နေကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွသွားတော်မူပြီဟူသော စကားကိုကြားလျှင် မြတ်စွာဘုရားကို ကန်တော့ခြင်းငှာ သာဝတ္ထိပြည်သို့ လာကြကုန်၏။ ကောသလမင်းကြီးသည် ကောသမ္ဘီပြည်သား ငြင်းခုံခိုက်ရန် ပြုတတ်ကုန်သော ရဟန်းတို့သည် လာရောက်ကြကုန်သတတ်ဟူသော စကားကိုကြား၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- ဒကာတော်ကား ဒကာတော်နိုင်ငံသို့ ထိုရဟန်းတို့ကို ဝင်ခွင့်မပေးပါအံ့”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- ထိုရဟန်းတို့သည် သီလရှိကုန်၏၊ သက်သက် အချင်းချင်း ငြင်းခုံခိုက်ရန်ဖြစ်ခြင်းဖြင့် ငါဘုရားစကားကို မယူကြကုန်၊ ယခုအခါ ငါဘုရားကိုကန်တော့ခြင်းငှာ လာကြကုန်၏။ မြတ်သောမင်းကြီး- လာကြစေကုန်သတည်း”ဟု မိန့်တော်မူ၏။ အနာထပိဏ် သူဌေးသည်လည်း “မြတ်စွာဘုရား- တပည့်တော်သည် ထိုရဟန်းတို့အား ကျောင်းတိုက်တော်အတွင်းသို့ ဝင်လာခြင်းငှာ ခွင့်မပေးပါအံ့”ဟု လျှောက်ခြင်းကြောင့် ထိုကောသလမင်း အတူသာလျှင် မြတ်စွာဘုရား ပယ်တော်မူအပ်သည်ဖြစ်၍ ဆိတ်ဆိတ်နေလေ၏။ သာဝတ္ထိပြည်သို့ အစဉ်အတိုင်း ရောက်လာကြကုန်သော ထိုရဟန်းတို့အား မြတ်စွာဘုရားသည် တင့်အပ်လျောက်ပတ်သောအရပ်၌ ဆိတ်ငြိမ်သည်ကိုပြု၍ ကျောင်းအိပ်ရာနေရာကို ပေးစေတော်မူ၏။ အခြားသော ရဟန်းတို့သည် ထိုရဟန်းတို့နှင့် အတူတကွ မထိုင်ကြကုန်၊ မရပ်ကြကုန်၊ ရှိမခိုးကြကုန်။ လာတိုင်း,လာတိုင်းကုန်သော ရဟန်း,ပုဏ္ဏားတို့သည် “မြတ်စွာဘုရား- ငြင်းခုံခြင်းကို ပြုတတ်ကုန်သော ထိုကောသမ္ဗီပြည်သား ရဟန်းတို့ကား အဘယ် ရဟန်းတို့ပါနည်း”ဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် „ဤရဟန်းတို့တည်း”ဟု ညွှန်ပြတော်မူလေ၏။ “ထိုခိုက်ရန်ပြုတတ်သော ရဟန်းတို့ကား ဤရဟန်းတို့ ဖြစ်ကုန်သတတ်၊ ဤရဟန်းတို့ ဖြစ်ကုန်သတတ်”ဟု လာတိုင်း လာတိုင်းကုန်သော သူတို့သည် လက်ညှိုးဖြင့် ညွှန်ပြအပ်သည်ရှိသော် ရှက်နိုးလှ၍ ဦးခေါင်းမထောင်ဝံ့ဘဲ ဘုရားရှင်၏ ခြေတော်ရင်း၌ ပြားပြားဝပ်၍ မြတ်စွာဘုရားကို ကန်တော့ကြကုန်၏။ သည်းခံကြစေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့ကား ဝန်လေးသောအမှုကို ပြုအပ်၏။ သင်တို့သည် ငါကဲ့သို့ ဘုရားအထံ၌ ရဟန်းပြုကြကုန်လျက် ငါဘုရား ညီညွတ်ခြင်းကို ပြုသည်ရှိသော် ငါဘုရားစကားကို မလိုက်နာကြကုန်၊ ရှေးပညာရှိတို့ကား သတ်အပ်သည့်အဖြစ်သို့ ရောက်ကုန်သော မိဘတို့၏ ဆုံးမခြင်းကိုနာယူ၍ ထိုမိဘတို့ကို အသက်မှ ချကုန်,သတ်ကုန်သော်လည်း မိဘတို့၏စကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ နှစ်ပြည်ထောင်တို့၌ မင်းအဖြစ်ကို ပြုရလေကုန်၏”ဟု မိန့်တော်မူ၍ နောက်ထပ်တစ်ဖန် ကောသမ္ဗိကဇာတ်ကို ဟောတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ဤသို့လျှင် ဒီဃာဝုမင်းသားသည် မိဘတို့ကို သတ်ကုန်သော်လည်း ထိုမိဘတို့ ဆုံးမသောစကားကို မလွန်ဆန်မူ၍ နောက်ကာလ၌ ဗြဟ္မဒတ်မင်း၏ သမီးကိုရသဖြင့် ကာသိတိုင်း, ကောသလတိုင်းဟူသော နှစ်ပြည်ထောင်တို့၌ မင်းအဖြစ်ကို ပြုရလေပြီ။ သင်တို့သည်ကား ငါဘုရားစကားကို မလိုက်နာခြင်းတို့ဖြင့် ဝန်လေးသောအမှုကို ပြုအပ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သိလျှင်လိုက်နာ ရန်ကင်းကွာ

[၆] ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

ဧတ္ထ၊ ဤသံဃာ့အလယ်၌။ ပရေ၊ ပညာရှိမှတစ်ပါး ခိုက်ရန်ငြင်းခုံခြင်းကို ပြုတတ်ကုန်သော သူတို့သည်။ မယံ၊ ငါတို့ကား။ ယမာမသေ၊ သေမင်း၏အထံသို့ သွားရကုန်လတ္တံ့။ ဣတိ၊ ဤသို့။ န စ ဝိဇာနန္တိ ၊ မသိကြကုန်။ တတ္ထ၊ ထိုသံဃာ့အလယ်၌။ ယေ စ ပဏ္ဍိတာ၊ အကြင် ပညာရှိသောသူတို့သည်သာလျှင်။ မယံ၊ ငါတို့သည်။ ယမာမသေ၊ သေမင်းနိုင်ငံသို့ သွားရကုန်လတ္တံ့ဟု။ ဝိဇာနန္တိ၊ သိကုန်၏။ တတော၊ ထိုသို့ သိသောကြောင့်။ မေဓဂါ၊ ခိုက်ရန်ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။

ဒေသနာတော်၏အကျိုး

ဂါထာ၏အဆုံး၌ ရောက်လာကုန်သော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့၌ တည်ကုန်၏။

ကောသမ္ဗီပြည်သား ရဟန်းများဝတ္ထု ပြီး၏။