ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၇-ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု
၉၆။ သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မံ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆရာ့ယပ်တောင်ရိုးဖြင့် မျက်လုံးထိုးမိ၍ ပေါက်သွားသော်လည်း သည်းခံ၍ မပြောပဲ ဝတ္တရား ပြုမြဲပြုနေသော ရဟန္တာဖြစ်သော ခုနစ်နှစ်အရွယ် သာမဏေငယ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ဆရာဖြစ်သော ကောသမ္ဗိတိဿထေရ် ရဟန္တာ ဖြစ်သည်။
အနက်
သမ္မဒညာ သမ္မာအညာယ၊ အကြောင်းအားလျော်စွာ သိ၍။ ဝိမုတ္တဿ၊ ငါးပါးသော ဝိမုတ္တိတို့ဖြင့် ကိလေသာမှ လွတ်သော။ ဥပသန္တဿ၊ ကိုယ်တွင်း၌ ရာဂစသည်တို့ ငြိမ်သက်သော။ တာဒိနော၊ ထိုသို့ ဖောက်ပြန်ခြင်း သဘောမရှိသော။ တဿ၊ ထိုရဟန်းသာမဏေ၏။ မနံ စ၊ စိတ်သည်လည်း။ သန္တံ၊ ငြိမ်သက်၏။ ဝါစာ စ၊ နှုတ်အမူအရာသည်လည်း။ သန္တာ၊ ငြိမ်သက်၏။ ကမ္မံ စ၊ ကိုယ်အမူအရာသည်လည်း။ သန္တံ၊ ငြိမ်သက်၏။
စကားပြေ
အကြောင်းအားလျော်စွာ တရားကို သိ၍ ကိလေသာတို့မှ လွတ်ပြီးလျှင် ငြိမ်သက်သော ဖောက်ပြန်ခြင်း သဘော မရှိသော ရဟန္တာသာမဏေ၏ စိတ်၊ နှုတ် အမူအရာနှင့် ကိုယ်အမူအရာတို့ ငြိမ်သက်ကုန်၏။
သန္တံ မနံ— အဘိဇ္ဈာအစရှိသော မနောဒုစရိုက်တို့၏ မရှိခြင်းကြောင့် ငြိမ်သက်သော စိတ်ရှိသူ ရ၏။
သန္တာ ဝါစာ— မုသာဝါဒအစရှိသော ဝစီဒုစရိုက်တို့၏ မရှိခြင်းကြောင့် စကားလည်း ငြိမ်သက်သူ ရ၏။
သန္တံ ကမ္မံ— ပါဏာတိပါတ စသော ကာယဒုစရိုက်တို့၏ မရှိခြင်းကြောင့် ကိုယ်လည်း ငြိမ်သက်သူ ရ၏။
ဝိမုတ္တဿ— ငါးပါးသော (တဒင်္ဂ၊ ဝိက္ခမ္ဘန၊ သမုစ္ဆေဒ၊ ပဋိပ္ပဿဒ္ဓိ၊ နိဿရဏ) ဝိမုတ္တိတို့မှ လွတ်မြောက်သူ ၏။
ယဉ်ကျေးမှု— ယဉ်ကျေးပြီးသော သူသည် လက်တဘက်တည်းဖြင့် ဆရာသမားများအား တစုံတခုကို မကပ်ရ၊ မပေးရ၊ ဆရာသမားများထံမှ မယူရ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၄။)
ခုနစ်နှစ်အရွယ် သာမဏေပြုသောဝတ်— အိပ်ရာမှ ထပြီးလျှင် တံမြက်စည်းဖြင့် ကုဋိကိုလည်းကောင်း၊ မျက်နှာသစ်ရန် နေရာကိုလည်းကောင်း လှည်း၍ မျက်နှာသစ်ရေကို ထားပြီး ကျောင်းဝင်း၌ တံမြက်လှည်းသည်။ တံပူလည်း ကပ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၄။)
ပါဠိသဒ္ဒါခက်ဆစ်
သန္တံ = သမ္မေတီတိ သန္တံ။ သမု + တ။
ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၇-အရဟန္တဝဂ်
၇-ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထုပါဠိဂါထာ
သမ္မဒညာ ဝိမုတ္တဿ, ဥပသန္တဿ တာဒိနော။
သမ္မာ၊ သင့်သောအကြောင်းအားဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တဿ၊ ဝိမုတ္တိ၅-ပါးတို့ဖြင့် ကိလေသာတို့မှ လွတ်ပြီးသော။ ဥပသန္တဿ၊ ရာဂစသည် ငြိမ်းအေးပြီးသော။ တာဒိနော၊ ထိုကဲ့သို့ ရှုအပ် သော။ တဿ၊ ထိုရဟန္တာကိုရင်၏။ မနံ၊ စိတ်သည်။ သန္တံ၊ မနော ဒုစ္စရိတ, မရှိကြသဖြင့်, အေးမြသည်။ ဟောတိ၊ ၏။ ဝါစာ စ၊ စကားသည်လည်း။ သန္တာ၊ ဝစီဒုစ္စရိတ, မရှိကြသဖြင့်, အေးမြ သည်။ ဟောတိ၊ ၏။ ကမ္မံ စ၊ ကာယကံသည်လည်း။ သန္တံ၊ ကာယ ဒုစ္စရိတ, မရှိကြသဖြင့်, အေးမြသည်။ ဟောတိ၊ ၏။ (ပါ-၉၆)
ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထုဂါထာနိဿယပြီးပြီ။