မာတိကာသို့ ခုန်သွားရန်

သာရိပုတ္တတ္ထေရဝတ္ထုဂါထာ -၃

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၈-သာရိပုတ္တတ္ထေရဝတ္ထု

၉၇။ အသဒ္ဓေါ အကတညူ စ၊ သန္နိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊ သ ဝေ ဥတ္တမပုရိသော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သုံးကျိပ်သော တောကျောင်းနေ ရဟန်းတို့၏ ရွှေဝါ ဣန္ဒြီယငါးပါးကို မပွားပဲ မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်၏ ဟု သင်ယုံကြည်သလော ဟု ဘုရားရှင်၏ အမေးကို ခံရသော အရှင်သာရိပုတ္တရာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တောကျောင်းနေ ရဟန်းသုံးကျိပ်တို့ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်ကြသည်။

အနက်

ယော နရော၊ အကြင်သူသည်။ အသဒ္ဓေါ စ၊ မိမိရပြီး ဂုဏ်ကို သူတပါးစကားဖြင့်သာ ယုံကြည်သူ မဟုတ်သည်။ ဟောတိ၊ ဖြစ်၏။ အကတညူ စ၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူသည်။ ဟောတိ၊ ဖြစ်၏။ သန္နိစ္ဆေဒေါ စ၊ သံသရာဝဋ်သုံးပါး အစပ်ကိုလည်း ဖြတ်တောက်ပြီးသူသည်။ ဟောတိ၊ ၏။ ဟတာဝကာသော စ၊ ကုသိုလ် အကုသိုလ်တို့၏ အကျိုးပေးခွင့်ကို ဖြတ်ပြီးသူသည်လည်း။ ဟောတိ၊ ၏။ ဝန္တာသော စ၊ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူသည်လည်း။ ဟောတိ၊ ၏။ သ၊ ထိုသူသည်။ ဝေ၊ စင်စစ်။ ဥတ္တမပုရိသော၊ ယောက်ျားမြတ်သည်။ ဟောတိ၊ ဖြစ်၏။

စကားပြေ

မိမိရပြီးသော ဂုဏ်ကို သူတပါးစကားဖြင့်သာ မယုံကြည်သူ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သူ၊ သံသရာဝဋ်သုံးပါး အစပ်၊ ကုသိုလ် အကုသိုလ် အကျိုးပေးခွင့်နှင့် အလုံးစုံသော တဏှာတို့ကို ဖြတ်တောက် ထွေးအန်ပြီးသူသည် စင်စစ် ယောက်ျားမြတ် ဖြစ်ပေသည်။
အသဒ္ဓေါ— မိမိရအပ်သော ဂုဏ်ကျေးဇူးကို သူတပါး ပြောသော စကားဖြင့် မယုံကြည်သောသူ ရ၏။
အကတညူ— နိဗ္ဗာန်ကို သိ၏ ဟူသည် မျက်မှောက်ပြုပြီး သူတည်း။ နိဗ္ဗာန် ရ၏။
သန္နိစ္ဆေဒ— ၌ သန္နိ အရ— ဝဋ္ဋသန္တိ၊ သံသရာသန္ဓိ နှစ်ပါး ရ၏။
သန္နိစ္ဆေဒေါ— ဝဋ္ဋသန္တိ၊ သံသရာသန္ဓိ နှစ်ပါးကို ဖြတ်၍ တည်သော ပုဂ္ဂိုလ် ရ၏။
ဟတာဝကာသော— ၌ အဝကာသ = ကုသိုလ်၊ အကုသိုလ် ဟူသော မျိုးစေ့ကုန်ပြီးသည် အဖြစ်ကြောင့် အကျိုးကို ဖြစ်စေတတ်သော အခွင့် ရ၏။
ဟတာဝကာသ— အရ ထိုအကျိုးပေးခွင့်ကို ပယ်သတ်ပြီးသော ပုဂ္ဂိုလ် ရ၏။
ဝန္တာသော— လေးပါးသော မဂ်တို့ဖြင့် ပြုအပ်သော ကိစ္စကို ပြုပြီးသည်၏ အဖြစ်ကြောင့် အလုံးစုံသော အာသါတို့ကို ပျို့အန်ပြီးသော ပုဂ္ဂိုလ် ရ၏။
ဥတ္တမပုရိသော— လောကုတ္တရာတရားကို ထိုးထွင်း၍ သိပြီးသည် အဖြစ်ကြောင့် ယောက်ျားတို့တွင် မြတ်သည်၏ အဖြစ်သို့ ရောက်သော ပုဂ္ဂိုလ် ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

အသဒ္ဓေါ = ပရေသံ ကထာယ သဒ္ဓဟတိ ဣတိ သဒ္ဓေါ။ သံ + ဓါ + အ။ န သဒ္ဓေါ အသဒ္ဓေါ။ န + သဒ္ဓ။
အကတညူ = အကတံ (နိဗ္ဗာနံ) ဇာနာတိ ဣတိ အကတညူ။ အကတ + ဉာ + ရု။
သန္နိစ္ဆေဒေါ = သန္ဓိံ ဆိန္ဒတိ သန္နိစ္ဆေဒေါ။ သန္တိ+ဆိဒ် + ဏ။
ဟတာဝကာသော = ဟတော အဝကာသော ယဿာတိ ဟတာဝကသော။ ဟတ+အဝကာသ+ယ။
ဝန္တသော = ဝန္တာ အာသာ အနေနာတိ ဝန္တာသော။ ဝန္တာ+အာသာ+ ဣမ။
သာရိပုတ္တတ္ထေရဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၇-အရဟန္တဝဂ်

၈-သာရိပုတ္တတ္ထေရဝတ္ထုပါဠိဂါထာ

၂၄၄။ အဿဒ္ဓေါ အကတညူ စ, သန္ဓိစ္ဆေဒေါ စ ယော နရော၊
ဟတာဝကာသော ဝန္တာသော, သ ဝေ ဥတ္တမပေါရိသော။

ယော နရော၊ အကြင်လူသည်။ အဿဒ္ဓေါ၊ မိမိသိအပ်သော ဂုဏ်ကို သူတစ်ပါးအပြောကြောင့် ယုံကြည်ခြင်းမရှိသည်လည်းကောင်း။ ဝါ၊ မိမိသိအပ်သောဂုဏ်ကို သူတစ်ပါးအပြောကြောင့် မယုံကြည်သည်လည်းကောင်း။ အကတညူ စ၊ အကြောင်း တရားတို့သည် မပြုပြင်အပ်သော နိဗ္ဗာန်ကို သိသည်လည်းကောင်း။ သန္ဓိစ္ဆေဒေါ စ၊ သံသရာဝဋ်တို့၏ အဆက်အစပ်ကို ဖြတ်ပြီးသည်လည်းကောင်း။ ဟတာဝကာသော၊ ဖျက်ဆီးအပ်ပြီး သော ဖြစ်ရာဘုံဘဝရှိသည်လည်းကောင်း။ ဝါ၊ ဖြစ်ရာဘုံဘဝကို ဖျက်ဆီးပြီးသည်လည်းကောင်း။ ဝန္တာသော၊ မဂ်၄တန်ဖြင့် ထွေး အန်အပ်ပြီးသော အလိုအာသာရှိသည်လည်းကောင်း။ ဝါ၊ မဂ်၄ တန်ဖြင့် အလိုအာသာကို ထွေးအန်ပြီးသည်လည်းကောင်း။ (ဟောတိ၊ ၏။) သ (သော)၊ ထိုလူသည်။ ဝေ၊ စင်စစ်။ ဥတ္တမ ပေါရိသော၊ ယောကျ်ားတို့တွင် မြင့်မြတ်သူသည်။ ဝါ၊ ယောကျ်ား မြတ်သည်။ (ဟောတိ၊ ၏။) (ပါ-၉၇)

ဥတ္တမပေါရိသော။ ။ ပေါရိသသဒ္ဒါသည် “ယောကျ်ား၏အဖြစ်, ယောကျ်ား, လုံ့လ, အားအစွမ်း” ဟူသော အနက်တို့ကို ဟော၏(သိရီဓရ)၊ ဤ၌ “ယောကျ်ား”ဟူသော အနက်ကို ယူ၍ “ပုရိသာယေဝ ပေါရိသာ [ပုရိသ+ဏ၊]”ဟု ပြု၊ ထိုနောင် “ပေါရိသေသု+ဥတ္တမော ဥတ္တမပေါရိသော (တစ်နည်း) ဥတ္တမော စ+သော+ပေါရိသော စာတိ ဥတ္တမပေါရိသော”ဟု တွဲပါ။ ရှေ့နည်း၌ ပေါရိသနှင့် ဥတ္တမ ရှေ့နောက်ပြန်။

သာရိပုတ္တတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။