မာတိကာသို့ ခုန်သွားရန်

ခဒိရဝနိယရေဝတတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
939ဓမ္မပဒဂါထာနိဿယ၉။ ခဒိရဝနိယရေဝတတ္ထေရဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၉-ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

၉၈။ ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရတိ၊ တံ ဘူမိ ရာမဏေယျကံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သာရိပုတ္တရာ၏ ညီ ခုနစ်နှစ်အရွယ်သာရှိသော ရှစ်တော၌ ဝါတွင်းသုံးလအတွင်း ရဟန္တာဖြစ်သော ခဒိရဝနိယရေဝတထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ ယဒိ၊ ထိုမှတပါး။ အရညေ ဝါ၊ တော၌သော်လည်းကောင်း။ နိန္နေ ဝါ၊ နိမ့်ရာချိုင့်ဝှမ်း၌သော်လည်းကောင်း။ ယဒိ၊ ထိုမှတပါး။ ထလေ ဝါ၊ ကုန်းမြင့်၌သော်လည်းကောင်း။ ယတ္ထ၊ အကြင်တခုခုသော အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရတိ၊ နေကုန်၏။ တံ ဘူမိ၊ ထိုနေရာအရပ်သည်။ ရာမဏေယျကံ၊ မွေ့လျော်ဖွယ်ရှိ၏။

စကားပြေ

ရဟန္တာတို့နေသော ရွာဖြစ်စေ၊ တောဖြစ်စေ၊ နိမ့်ရာအရပ်ဖြစ်စေ၊ ကုန်းမြင့်ရာအရပ်ဖြစ်စေ၊ တခုခုသော နေရာသည် မွေ့လျော်ဖွယ်ရှိ၏။
ဂါမေ ဝါ ယဒိ ဝါရညေ— ရဟန္တာပုဂ္ဂိုလ်တို့သည် ရွာအနီး၌ သီတင်းသုံးသော် ကာယဝိဝေကကို မရသော်လည်း စိတ္တဝိဝေကကို ရကုန်၏။ နတ်ပြည်၌ ဖြစ်သော အာရုံတို့သည်ပင် ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စိတ်ကို တုန်လှုပ်ခြင်းငှာ မစွမ်းနိုင်ကုန်။ တော၌မူကား ကာယဝိဝေက၊ စိတ္တဝိဝေက နှစ်ပါးလုံးကို ရနိုင်၏။ ထို့ကြောင့် ရဟန္တာတို့နေသော နေရာသည် မွေ့လျော်ဘွယ်ရှိ၏ ဟု ဆိုသည်။
ရှင်သာရိပုတ္တရာ၏ မွေးချင်းများ— အရှင်သာရိပုတ္တရာ၌ စာလာ၊ ဥပစာလာ၊ သီသူပစာလာ ဟု နှမသုံးယောက်၊ စုန္ဒ၊ ဥပသေန၊ ရေဝတ ဟု ညီသုံးယောက် ရှိသည်။
ရှင်သီဝလိ— ရှင်သီဝလိ အလောင်းလျာသည် မြို့တံခါးလေးခုကို ခုနစ်နှစ် ခုနစ်လ ပိတ်ဆို့ခဲ့မှုကြောင့် မြေကြီး တယူဇနာ မြင့်တက်သည်တိုင်အောင် အဝီစိငရဲသို့ ကျရပြီး၊ မြို့တံခါးအသေးလေးခုကိုလည်း မိခင်စကားအရ ပိတ်ဆို့မှုကြောင့် ထိုမိခင်ဝမ်းတွင်းမှာပင် ခုနစ်နှစ် ခုနစ်လ ကိန်းရပြီး၊ ခုနစ်ရက်တိတိ ယောနိဝ၌ ကန့်လန့်ဖြစ်ရသည်။
ပျားရည်လှူကျိုး— ညဉ့်မလွန်သော ပျားရည်ကို ဝိပဿီဘုရားရှင်အား လှူခဲ့မှုကြောင့် ရှင်သီဝလိသည် လာဘ်လာဘ ပေါများရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆။)

ပါဠိသဒ္ဒါခက်ဆစ်

ဂါမေ = ဝသန္တိ ဘက္ခန္တိ ဧတ္ထာတိ ဂါမော။ ဂသ် + မ။ ဂါယန္တိ ဧတ္ထာတိ ဂါမော။ ဂါ + မ။
အရညေ = အရီယတေ ဂမျ‌တေတီတိ အရညော။ အရ + ည။
နိန္နေ = နိ + မန (အဘျာသေ) + ဏ (မ ကို န ပြု)။
ထလေ = တိဋ္ဌန္တိ ဧတ္ထာတိ ထလံ။ ဌာ + လ (ဌ ကို ထ ပြု)။
ရာမဏေယျကံ = ရမဏီယမေဝ ရမဏီယကံ၊ တဿ ဘာဝော ရာမဏေယျကံ။ ရမဏီယ + ဏ။ (ဓမ္မ၊ဋ္ဌ၊၁၊၄၀၂။)

ခဒိရဝနိယရေဝတတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၇-အရဟန္တဝဂ်

၉-ခဒိရဝနိယရေဝတတ္ထေရဝတ္ထုပါဠိဂါထာ

၂၄၅။ ဂါမေ ဝါ ယဒိ ဝါရညေ, နိန္နေ ဝါ ယဒိ ဝါ ထလေ၊
ယတ္ထ အရဟန္တော ဝိဟရန္တိ, တံ ဘူမိရာမဏေယျကံ။

ဂါမေ ဝါ၊ ရွာ၌သော်လည်းကောင်း။ ယဒိ၊ သို့မဟုတ်။ အရညေ ဝါ၊ တော၌သော်လည်းကောင်း။ နိန္နေဝါ၊ မြေပြန့်အရပ်၌ သော်လည်းကောင်း။ ယဒိ၊ သို့မဟုတ်။ ထလေ ဝါ၊ တောင်ပေါ် အရပ်၌သော်လည်းကောင်း။ ယတ္ထ၊ အကြင်အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရန္တိ၊ နေကုန်၏။ တံ၊ ထိုအရပ်သည်။ ဘူမိရာမဏေယျကံ၊ ကမ္ဘာမြေ၏ မွေ့လျော်ထိုက်သည်၏ အဖြစ်ရှိရာအရပ်တည်း။ ဝါ၊ မွေ့လျော်ထိုက်သောမြေရှိရာအရပ် တည်း။ (ပါ-၉၈)

ဘူမိရာမဏေယျကံ။ ။ အာရာမရာမဏေယျကန္တိ ပုပ္ဖာရာမဖလာရာမာနံ ရာမဏေယျကံ။ ဘူမိရာမဏေယျကန္တိ သမံ ဘူမိဋ္ဌာနံ(အံ၊ဋ္ဌ၊၁၊၃၇၇)။ ရာမဏေယျကန္တိ ရမဏီယဘာဝံ(အံ၊ဋီ၊၁၊၂၃၁)။ ဤ၌ “ရမဏီယဘာဝေါ”ဟု မဖွင့်ဘဲ အဋ္ဌကထာ၌ ပြအပ်သော “သမံ ဘူမိ- ဋ္ဌာနံ”ဟူသော အဘိဓေယျလိင်သို့ လိုက်၍ “ရမဏီယဘာဝံ”ဟု ဖွင့်သဖြင့် ဘာဝတဒ္ဓိတ်ပေါ် အဿတ္ထိဆင့်ရသည်၊ ထိုကြောင့် “ရမိတဗ္ဗန္တိ ရမဏီယံ၊ ရမဏီယဿ+ဘာဝေါ ရာမဏေယျကံ၊ [ရမဏီယ+ကဏ်၊ တေသု ဝုဒ္ဓိ ဖြင့် ဏီ၌ ဝုဒ္ဓိပြု၊] ရာမဏေယျကံ+ဧတ္ထ အတ္ထီတိ ရာမဏေယျကံ၊ [ရာမဏေယျက+ဏ၊] ဘူမိယာ+ရာမဏေယျကံ ဘူမိရာမဏေယျကံ-ကမ္ဘာ မြေ၏ မွေ့လျော်ထိုက်သည်၏အဖြစ်ရှိရာအရပ်”ဟု ပြု။ “တံ ဘူမိ- ရာမဏေယျကန္တိ သော ဘူမိပ္ပဒေသော ရမဏေယော ဧဝါတိ အတ္ထော (ဓမ္မ၊ဋ္ဌ၊၁၊၄၀၀)”အဖွင့်ကား အဓိပ္ပာယ်ဖွင့်သာ။

နီတိသုတ္တ-၂၄၂။ ။ ထို၌ “ရမိတဗ္ဗာတိ ရမဏီယာ၊ ရမဏီယာ ဧဝ ရာမဏေယျာ၊ [သွတ္ထ၌ ဏေယျ]၊ ဘူမိ+ရာမဏေယျာ ဧတ္ထာတိ ဘူမိ- ရာမဏေယျကံ၊ [သမာသန္တ ကပစ္စည်း]”ဟု ပြု၏၊ အထက်၌ ဤအတိုင်း နောက်နည်းပေးခဲ့သည်။

နိဒီ-၃၁၆။ ။ ထို၌ “ရမိတဗ္ဗန္တိ ရမဏံ၊ ရမဏံ+ဧတ္ထ အတ္ထီတိ ရာမဏာ၊ ဘူမိ စ+သာ+ရာမဏာ စာတိ ဘူမိရာမဏာ၊ ဘူမိရာမဏာယ+ ဘာဝေါ ဘူမိရာမဏေယျံ၊ ဘူမိရာမဏေယျမေဝ ဘူမိရာမဏေယျကံမွေ့လျော်ဖွယ်ရှိသောမြေ၏အဖြစ်”ဟု ပြုသည်။

ဝိဗော၊၁၇၀။ ။ ထို၌ “ရမိတဗ္ဗန္တိ ရမဏံ၊ ရမဏဿ+ဘာဝေါ ရာမဏေယျံ၊ ရာမဏေယျမေဝ ရာမဏေယျကံ၊ (တစ်နည်း) ရမိတဗ္ဗန္တိ ရမဏီယံ၊ ရမဏီယမေဝ ရာမဏေယျကံ၊ ဘူမိယာ+ရာမဏေယျကံ ဧတ္ထာတိ ဘူမိရာမဏေယျကံ-ကမ္ဘာမြေ၏ မွေ့လျော်ထိုက်သည်၏အဖြစ် ရှိရာအရပ်”ဟု ပြုသည်။

ခဒိရဝနိယရေဝတတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ

၂၄၆။ ယောဓ ပုညဉ္စ ပါပဉ္စ, ဥဘော သင်္ဂမုပစ္စဂါ၊
အသောကံ ဝိရဇံ သုဒ္ဓံ, တမဟံ ဗြူမိ ဗြဟ္မဏံ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤသာသနာတော်၌။ ပုညဉ္စ၊ ကောင်းမှုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုလည်းကောင်း။ (ဣတိ၊ ဤသို့။) ဥဘော၊ ၂မျိုးလုံးတို့ကို။ (ဆဍ္ဍေတွာပယ်စွန့်၍။) သင်္ဂံ၊ ငြိကပ်တတ်သော ရာဂအစရှိသောတရားကို။ ဥပစ္စဂါ၊ လွန်မြောက်ပြီ။ အသောကံ၊ သောကမရှိသော။ ဝိရဇံ၊ ကင်းသော ရာဂစသောမြူရှိသော။ ဝါ၊ ရာဂစသောမြူမှ ကင်း သော။ သုဒ္ဓံ၊ ကိလေသာကင်း၍ သန့်ရှင်းစင်ကြယ်သော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဝါ၊ မကောင်းမှုတို့ကို မြောစေပြီးသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။ (ဋ္ဌ-၁၄၀)

ဥဘော သင်္ဂံ။ ။ “ဥဘောတိ ဒွေပိ ပုညာနိ စ ပါပါနိ စ ဆဍ္ဍေတွာ (ဓမ္မ၊ဋ္ဌ၊၂၊၄၂၃)”ဟူသော အဖွင့်အလို “ဥဘော-ကုန်သော၊ ပုညဉ္စ- ကိုလည်းကောင်း၊ ပါပဉ္စ-ကိုလည်းကောင်း၊ ဆဍ္ဍေတွာ-၍”ဟု ဝုစ်မတူသည့် ဝိသေသန, ဝိသေသျကြံ၍ တစ်နည်းပေးပါ၊ အထက်၌ သရူပ, သရူပ ဝန္တကြံ၍ ပေးသည်။

မ၊ဋ္ဌ၊၃၊၂၉၉။ ။ ထို၌ ကောင်းမှုသည် နတ်ပြည်၌ ငြိကပ်စေပြီး မကောင်းမှုက အပါယ်၄ပါး၌ ငြိကပ်စေတတ်သောကြောင့် ကောင်းမှု, မကောင်းမှုကို “ဥဘော သင်္ဂံ”ဟု ဖွင့်သေး၏၊ ထိုအလို “သဇ္ဇာပေတီတိ သင်္ဂံ”ဟု ပြု၍ “ဥဘော-၂မျိုးကုန်သော၊ သင်္ဂံ-နတ်ပြည်အထပ်ထပ်, အပါယ်လေးရပ်၌ ငြိကပ်စေတတ်သော၊ ပုညဉ္စ-ကိုလည်းကောင်း၊ ပါပဉ္စ- ကိုလည်းကောင်း၊ ဥပစ္စဂါ-ပြီ”ဟု ပေးပါ။

ခဒိရဝနိယရေဝတတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။