အညတရဣတ္ထိဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၀-အညာတရဣတ္ထိဝတ္ထု
၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတိ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်အထံမှ ကမ္မဋ္ဌာန်းကို ယူ၍ ဥယျာဉ်ဟောင်း တခုအတွင်း၌ တရားအားထုတ်နေသော ရဟန်းအား ဖောက်ပြန်သော အမူအရာကို ပြသော ပြည့်တန်ဆာမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ တရားအားထုတ်နေသော ရဟန်းသည် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်သည်။
အနက်
အရညာနိ၊ တောတို့သည်။ ရမဏီယာနိ၊ မွေ့လျော်ဖွယ် ရှိကုန်၏။ ယတ္ထ၊ အကြင်တော၌။ ဇနော၊ ကာမရှာမှီးသော သူသည်။ န ရမတိ၊ မမွေ့လျော်နိုင်။ ဝီတရာဂါ၊ ရာဂကင်းကုန်သည်။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။ တေ၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည်။ န ကာမဂဝေသိနော၊ ကာမကို မရှာမှီးကြကုန်။
စကားပြေ
ယင်ကောင်နှင့် တူသော ကာမရှာမှီးသော သူသည် မွေ့လျော်ဖွယ်ကောင်းသော တော၌ မမွေ့လျော်ကုန်။ ပျားပိတုန်းနှင့် တူကုန်သော ကာမကို မရှာမှီးပဲ ရာဂကင်းသော ရဟန္တာပုဂ္ဂိုလ်တို့သည်ကား မွေ့လျော်ဖွယ်ကောင်းသော ကြာတောစသည်တို့၌ မွေ့လျော်ကုန်၏။
ဇနော— ကာမဂုဏ်ကို ရှာမှီးသော လူ ရ၏။
ယတ္ထ န ရမတိ ဇနော— ပွင့်သော ကြာရှိသော တော၌ ယင်ကောင်တို့သည် မပျော်သကဲ့သို့ ကာမဂုဏ်ကို ရှာသော လူအပေါင်းတို့သည် တော၌ မပျော်။
ဝီတရာဂါ ရမိဿန္တိ— ပျားပိတုန်းတို့သည် ပဒုမ္မာကြာတောတို့၌ ပျော်သကဲ့သို့ ဝီတရာဂါ အာသဝေါကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် တော၌ ပျော်ကုန်၏။
ပါဠိသဒ္ဒါခက်ဆစ်
ဝီတရာဂါ = ဝိဂတော ရာဂော ဧတေသန္တိ ဝီတရာဂါ။ ဝီတ + ရာဂ + ဧတ။
ကာမဂဝေသိနော = ကာမေ ဂဝေသတီတိ ကာမဂဝေသိ။ ကာမ + ဂဝေသ် + ဏီ။
အညာတရဣတ္ထိဝတ္ထု ပြီး၏။
အရဟန္တဝဂ် ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၇-အရဟန္တဝဂ်
၁၀-အညတရဣတ္ထိဝတ္ထုပါဠိဂါထာ
ဝီတရာဂါ ရမိဿန္တိ, န တေ ကာမဂဝေသိနော။
အရညာနိ၊ တောတို့ကို။ ဝါ၊ တို့သည်။ ရမဏီယာနိ၊ မွေ့ လျော်အပ်ထိုက်၏။ ဝါ၊ စိတ်ကို မွေ့လျော်စေတတ်ကုန်၏။ (မွေ့ လျော်ဖွယ်ကောင်းကုန်၏)။ ယတ္ထ၊ ယင်းတောတို့၌။ ဇနော၊ ကာမ ဂုဏ်ကို ရှာဖွေသော လူအပေါင်းသည်။ န ရမတိ၊ မမွေ့လျော်။ ဝီတရာဂါ၊ ကင်းသောရာဂရှိသော ရဟန္တာတို့သည်။ (ရာဂကင်း ကွာ, ရဟန္တာတို့သည်)။ ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။ (ကသ္မာ၊ အဘယ်ကြောင်နည်း? ယသ္မာ၊ အကြင်ကြောင့်။) တေ၊ ထိုရဟန္တာ တို့သည်။ ကာမဂဝေသိနော၊ ကာမဂုဏ်ကို ရှာဖွေသူတို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ (တသ္မာ၊ ထိုကြောင့်တည်း။) (ပါ-၉၉)
ရမဏီယာနိ။ ။ ရှေ့နည်းအလို “ရမိတဗ္ဗာနီတိ ရမဏီယာနိ”ဟုပြု၊ နောက်နည်းအလို “စိတ္တံ ရမေန္တီတိ ရမဏီယာနိ”ဟုပြု၍ “တဗ္ဗာနီယာ” ဟူသော ယောဂဝိဘာဂဖြင့် ကတ္တားအနက်၌ အနီယသက်။
အညတရဣတ္ထိဝတ္ထုဂါထာနိဿယပြီးပြီ။
အရဟန္တဝဂ်ဂါထာနိဿယပြီးပြီ။