ကျမ်းကျေသူကြီး တေးထပ်
ကျင့်သိက္ခာ ဝါကြီးနှင့်၊
ထွာပုတီး လက်ကိုင်၊
ညာမှုနည်း တကယ်ချိုင်တယ်၊
ပိုင်ပါပေ့ လိမ်နဲ၊
ကြောင်းမတန့် ပုဂ္ဂိုလ်ကျော်ငယ်၊
ထုတ်ဆိုဖော် ဇာတ်နိပါတ်လဲ။
လူတွေ့တိုင်း ယပ်ကိုကိုင်တယ်၊
မတတ်နိုင်အောင်ဘဲ၊
ထပ်ဝိဂြိုဟ်ဒွန်တွဲလို့၊
ညံမစဲ ဟောချင်၊
ပိဋကတ်ကျေသည့် ဘုန်းပေမို့၊
ဘဝလုံး ဆုံးမဲ့မထင်။
ဝတ္ထုက တုပဆင်တယ်၊
ရာဇဝင်အူပေါက်နှင့်၊
ဆူနောက်လို့ လုံးလယ်လိုက်လေ၊
ဩကာသေပ၊
စာပေါင်းသိုက် ပြွမ်းလျက်မွှေတယ်၊
ကျမ်းအကျေ လွန်လွန်းလို့လေး။ ။
မှတ်ချက်
- ဤတေးထပ်ကို ဦးပုည စပ်ဆိုခဲ့သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အချုပ်တန်းဆရာဖေ စပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဦးပုညရေးသည်ဟု မှားယွင်းစွာ မှတ်တမ်းတင်ထားသည်ဟု ရှေးဟောင်းစာပေ သုတေသီတဦး ရေးသားသည့် “အချုပ်တန်း ဆရာဖေ ၏ ကဗျာပေါင်းချုပ်” စာအုပ်၊ အခန်း (၅)၊ စာမျက်နှာ-၁၈၄၊ ယုဇနဝတ်မှုံမင်းသမီး ပြဇာတ် တွင် ပါဝင်သည့် တေးထပ်ဟု ဖော်ပြထားပါသည်။ အောက်တွင် မူကွဲကို တွေ့နိုင်ပါသည်။
မူကွဲ
[ပြင်ဆင်ရန်]ကျင့်သိက္ခာ ဝါကြီးနှင့်၊
ပုတီးကို လက်ကိုင်၊
မုသားကို တကယ်ချိုင်တယ်၊
ပိုင်ပါပေ လိမ်နဲ၊
ကျောင်းမတန့် ပုဂ္ဂိုလ်ကျော်ငယ်၊
နိပါတ်တော် ဇာတ်ခုခုလဲ။
လူတွေ့တိုင်း ယပ်ကိုင်တယ်၊
မတတ်နိုင်အောင်ဘဲ၊
ဝိဂြိုဟ်တွေ ဒွန်တွဲလို့၊
တို့မစဲ ဟောချင်၊
ပိဋကတ်ကျေသည့် ဘုန်းပေမို့၊
ဘဝလုံး ဆုံးမဲ့မထင်။
ဝတ္ထုကို အမှုမြင်တယ်၊
ရာဇဝင်အူပေါက်အုံးမယ်တဲ့၊
လုံးလယ်လိုက် နိုင်ရှာလေ၊
ဩကာသေပ၊
စာပေါင်းသိုက် ပြွမ်းမွှေတယ်၊
ကျမ်းအကြေ လွန်လွန်းလို့လေး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |