ကဿကဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၈-ကဿကဝတ္ထု
၆၇။ န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခော ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဘုရားရှင်နှင့် အရှင်အာနန္ဒါတို့ သက်သေခံ၍ အသက်မသေသော လယ်သမားတယောက်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ လယ်သမား သောတာပန်ဖြစ်သည်။ စည်းဝေးနေသော ရဟန်းတို့လည်း သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ယံ၊ အကြင်ကံ (အမှု) ကို။ ကတွာ၊ ပြုလုပ်ခြင်းကြောင့်။ အနုတပ္ပတိ၊ နောင်တ တဖန် ပူပန်ရ၏။ အဿုမုခော၊ မျက်ရည်ထွက်သည် ဖြစ်၍။ ရောဒံ-ရောဒန္တော၊ ငိုကြွေးလျက်။ ယဿ၊ အကြင်ကံ (အမှု) ၏။ ဝိပါကံ၊ အကျိုးကို။ ပဋိသေဝတိ၊ ခံစားရ၏။ တံ ကမ္မံ၊ နောင်တ တဖန် ပူပန်၍ ငိုကြွေးမြည်တမ်းရသော ထိုကံ (အမှု) ကို။ ကတံ၊ ပြုလုပ်ခြင်းသည်။ န သာဓု၊ မကောင်း။
စကားပြေ
နောင်တ တဖန် ပူပန်၍ ငိုကြွေးမြည်တမ်းရသော ကံ (အမှု) ကို ပြုလုပ်ခြင်းသည် မကောင်း။
ကမ္မံ၊ ငရဲစသည်တို့၌ ဖြစ်နိုင်စေသော ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အကုသိုလ်ကံ။
ပါဠိသဒ္ဒါခက်ဆစ်
အဿုမုခော = အဿူဟိ မုခော ယဿာတိ အဿုမုခော။ အဿု + မုခ + ယ။
ဝိပါကံ = ဝိပစ္စတီတိ ဝိပါကော။ ဝိ + ပစ် + ဏ။
ကဿကဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၈-ကဿကဝတ္ထုပါဠိဂါထာ
ယဿ အဿုမုခေါ ရောဒံ, ဝိပါကံ ပဋိသေဝတိ။
ယံ (ကမ္မံ)၊ အကြင်ကံကို။ ကတွာ၊ ပြုပြီး၍။ ဝါ၊ ပြုပြီးလ သော်။ ဝါ၊ ပြုခြင်းကြောင့်။ အနုတပ္ပတိ၊ အဖန်ဖန် ပူပန်ရ၏။ ယဿ၊ အကြင်ကံ၏။ ဝိပါကံ၊ အကျိုးကို။ အဿုမုခေါ၊ မျက်နှာ၌ မျက်ရည်ရှိသည်။ ဝါ၊ မျက်ရည်တို့ဖြင့် စိုစွတ်သော မျက်နှာရှိသည်။ (ဟုတွာ၊ ၍။) [အဿူနိ+မုခေ ယဿာတိ အဿုမုခေါ။] ရောဒံ (ရောဒန္တော)၊ ငိုလျက်။ ပဋိသေဝတိ၊ ခံစားရ၏။ [သေဝဓာတ် ဥပဘုဉ္ဇန အနက်။] ကတံ၊ ပြုအပ်ပြီးသော။ တံ ကမ္မံ၊ ထိုကံသည်။ န သာဓု၊ မကောင်း။ (ပါ-၆၇)
ကဿကဝတ္ထုဂါထာနိဿယပြီးပြီ။