ခရဿရဇာတ်
ဧကကနိပါတ်-ဝရုဏဝဂ်
၇၉။ ခရဿရဇာတ်
ခိုးသူတို့နှင့်ပူးပေါင်း၍ ဥစ္စာကိုထက်ဝက်စားသော အမတ်၏အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယတော ဝိလုတ္တာ စ ဟတာ စ ဂါဝေါ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤခရဿရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော အမတ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ တယောက်သောအမတ်သည် မင်းကိုနှစ်သက်စေ၍ ပစ္စန္တရစ်ရွာ၌ မင်း၏ဗိုလ်ကိုရ၍ ခိုးသူတို့နှင့်တပေါင်းတည်းဖြစ်၍ ငါသည် လူတို့ကိုယူ၍ တောသိုဝင်အံ့၊ သင်တို့သည် လူတို့ကိုလုယက်ကုန်၍ ထက်ဝက်သောဥစ္စာကို ငါ့အား ပေးကုန်လောဟုဆို၍ ရှေးဦးကလျှင် လူတို့ကိုစည်းဝေးစေ၍ တောသို့သွား၍ ခိုးသူတို့သည် လာလတ်ကုန်၍ နွားတို့ကိုသတ်ကုန်၍ အသားကိုစားကုန်၍ ရွာကိုလုယက်ကုန်၍ သွားကုန်သည်ရှိသော် ညချမ်းအခါ၌ လူများခြံရံလျှက်လာ၏။ ထိုရွာစားအမှုသည် မကြာမြင့်မီလျှင် ထင်ရှားသည်ဖြစ်၏။ လူတို့သည် ကောသလမင်းကြီးအား ကြားလျှောက်ကုန်၏။ ကောသလမင်းကြီးသည် ထိုရွာစားကိုခေါ်၍ အပြစ်ဝန်ခံစေပြီးလျှင် ကောင်းစွာ နှိပ်ခြင်းကိုနှိပ်၍ တပါးသောရွာကို သွားစေပြီးလျှင် ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤရွာစားသည် ယခုအခါ၌သာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် တယောက်သော အမတ်အား ပစ္စန္တရစ်ရွာကို ပေး၏။ အလုံးစုံသောစကားသည် ရှေးစကားနှင့် တူသည်သာလျှင်တည်း၊ ထိုအခါ ဘုရားလောင်းသည် ကုန်သွယ်အံ့သောငှါ ပစ္စန္တရစ်ရွာ၌ လှည့်လည်သည်ရှိသော် ထိုရွာ၌ နေခြင်းကိုပြု၏။ ထိုဘုရားလောင်းသည် ထိုရွာစားသည် ညချမ်းအခါ၌ လူများခြံရံသဖြင့် စည်ကြီးကိုတီးလျက် လာလတ်သည်ရှိသော် ဤရွာပျက်သည် ခိုးသူတို့နှင့်တပေါင်းတည်းပြု၍ ရွာကို လုယက်ပြီးလျှင် ခိုးသူတို့သည်ပြေးကုန်၍ တောအုပ်သိုဝင်ကုန်သည်ရှိသော် ယခုအခါ၌ အလွန်ငြိမ်သက်သကဲ့သို့ စည်ကြီးကိုတီးလျက် လာကုန်၏ဟု ဆိုလို၍-
ဒဍ္ဎာနိ ဂေဟာနိ ဇနော စ နီတော။
အထာဂမာ ပုတ္တဟတာယ ပုတ္တော၊
ခရဿရံ ဍိဏ္ဍိမံ ဝါဒယန္တော။
ဟူသော ဤဂါထာကို ဆို၏။
၇၉။ ဘော၊ အို အချင်းတို့။ ယတော၊ အကြင်အခါ၌။ ဝိလုတ္တာ စ၊ လုယက်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂါဝေါ၊ နွားတို့ကို။ ဟတာ စ၊ အသားကိုစားအံ့သောငှါ သတ်အပ်ကုန်ပြီးသည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂေဟာနိ၊ အိမ်တို့ကို။ ဒဍ္ဎာနိ စ၊ မီးတိုက် အပ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဇနော၊ လူကို။ နီတော စ၊ သုံ့ရဖမ်းဆောင် ယူအပ်ပြီးသည်လည်း။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ ပုတ္တဟတာယ၊ တရားသတ်၍ သေပြီးသော သားရှိသောမိန်းမ၏။ ပုတ္တော၊ သားဖြစ်သော အရှက်မရှိ ရွာစားပျက်သည်။ ခရဿရံ၊ ကြမ်းသောအသံရှိသော။ ဍိဏ္ဍိမံ၊ ပတ်သာကို(ထက်စည်ကို) ဝါဒယန္တော၊ တီးလျက်။ အာဂမာ၊ လာ၏။
ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့်ထိုရွာစားကို ဆဲရေး၏။ မကြာမြင့်မီပင်လျှင် ထိုရွာ၏အမှုသည် ထင်ရှား၏။ ထိုအခါ ထိုရွာစားအား မင်းသည် အပြစ်အားလျော်စွာ နှိပ်ခြင်းကို ပြု၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤရွာစားသည် ယခုအခါ၌သာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ ယခုအခါအမတ်သည်လျှင် ထိုအခါ အမတ်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဂါထာကိုဆိုသော ပညာရှိယောက်ျား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
တပါးအကျိုး။ နင်းနှိမ်ချိုး၊ ကိုယ်ကျိုးယုတ်မည်သာ
ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ခရဿရဇာတ်သည် ပြီး၏။
*****