ခေမာထေရီဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၄-တဏှာဝဂ်။ ၅-ခေမာထေရီဝတ္ထု
၃၄၇။ ယေ ရာဂရုတ္တာ နုပတန္တိ သောတံ၊
သယံ ကတံ မက္ကဋကောဝ ဇာလံ။
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊
အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရုပ်ဆင်းလှပ၍ မိမိ ရုပ်အပေါ် သာယာ နှစ်သက်နေသော ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီ ခေမာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ခေမာမိဖုရားသည် ရဟန္တာမ ဖြစ်ပြီး ရဟန်းပြုလေသည်။
အနက်
မက္ကဋကော၊ ပင့်ကူသည်။ သယံ ကတံ၊ မိမိပြုသော၊ ဇာလံ၊ ပိုက်ကွန်၌။ နိပဇ္ဇတိ ဣဝ၊ ကျရောက်လာသော ယင်၏ဦးနှောက်ကို သောက်ပြီးပြန်အိပ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ယေ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ ရာဂရုတ္တာ၊ ပြင်းစွာတပ်မက်ကုန်သည်ဖြစ်၍။ သောတံ၊ မိမိပြုလုပ်သော တဏှာအယဉ်သို့။ အနုပတန္တိ၊ ကျရောက်ကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤတဏှာကို။ ဆေတွာန၊ ဖြတ်၍။ အနပေက္ခိနော၊ မငဲ့ကွက်ပဲ။ သဗ္ဗဒုက္ခံ၊ ဆင်းရဲအားလုံးကို။ ပဟာယ၊ ပယ်စွန့်၍။ ဂတန္တိ၊ သွားကုန်၏။
စကားပြေ
ပင့်ကူသည် မိမိကိုယ်တိုင် ပြုလုပ်ထားသော ပိုက်ကွန်အလယ်၌ကျလာသော ယင်ကောင်၏ ဦးဏှောက်ကို သောက်ပြီး ပြန်အိပ်သကဲ့သို့ ဤအတူ ပြင်းစွာ တပ်မက်မှုရှိသူတို့သည် မိမိပြုလုပ်သောတဏှာအယဉ်သို့ ကျရောက်ကုန်၏။ ပညာရှိတို့သည် တဏှာ အယဉ်ကို ဖြတ်ပြီးလျှင် မငဲ့ကွက်မှုမရှိပဲ ဆင်းရဲအားလုံးကို ပယ်စွန့်၍ သွားကုန်၏။
ပင့်ကူကောင်သည် ပင့်ကူမျှင်တို့ကို ပြု၍ အလယ်ချက်တွင်နေလျက် အစွန်ဖျားကြသော (ပဋင်္ဂ) နှံကောင် ယင်ကောင်တို့အထံသို့ မြန်စွာသွား၍ ဦးခေါင်းဖောက်ပြီး အရည်ကိုစုတ်၏။ ထို့နောက် မိမိနေရာအလယ်ချက်သို့သာလျှင် ပြန်နေ၏။ ထို့အတူ သတ္တဝါတို့သည် ရာဂဖြင့် တပ်မက်ခြင်း ဒေါသဖြင့် ပြစ်မှားခြင်း မောဟဖြင့် ထေဝေလျက် ကိုယ်တိုင်ပြုသော တဏှာအယဉ်သို့ ကျရောက်ကာ ထိုတဏှာအယဉ်ကို လွန်မြောက်အောင် မစွမ်းနိုင်၊ ထိုတဏှာဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့မှုကို အရဟတ္တမဂ်မရမချင်း ခံကြရသည်။
ပါဠိစကားလုံး ဖွဲ့စည်းပုံ
မက္ကဋကော=မက္ကဋော ဝိယ သာခါယံ အတ္တနော တန္တုမှိ ဂစ္ဆတိတိ မက္ကဋကော။ မက္ကဋ+က။
ခေမာထေရီဝတ္ထုပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၄-တဏှာဝဂ်
၅-ခေမာထေရီဝတ္ထုအဋ္ဌကထာဂါထာ
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ, ဗာလာနံ အဘိပတ္ထိတံ။
ခေမေ၊ ခေမာ! အာတုရံ၊ ကိုးဆယ့်ခြောက်ဖြာ, ဘေးရောဂါတို့, လွန်စွာခံခက်, နှိပ်စက်အပ်ထသော။ အသုစိံ၊ အမြဲနေ့စဉ်, ဆေးသုတ်သင်လည်း, မစင်မကြယ်, ရွဖံွယ် ကောင်းထသော။ ပူတိံ၊ ဆေးကြောသုတ်သင်, တန်ဆာဆင်လည်း, အမြင်သာဟုတ်, အတွင်းပုပ်၍နေထသော။ ဥဂ္ဃရန္တံ၊ မျက်စိနားနှာ, အင်္ဂါရှိတိုင်း, အထက်ပိုင်းဝယ်, ရွံ ဖွယ်သိုးပုပ်, အန်ထုတ်၍နေထသော။ ပဂ္ဃရန္တံ၊ ကျင်ကြီးကျင်ငယ်, အသွယ်သွယ်ဟု, မဖွယ်မရာ, အဖြာဖြာကို, မှန်စွာနေ့ည, ယိုချ၍ နေထသော။ ဗာလာနံ၊ ဘဝါဘဝ, သံသာရက, ရာဂစရိုက်ပွား, ငမိုက်သားတို့သည်။ အဘိပတ္ထိတံ၊ ရှိရင်းပြောင်းပြန်, မမှန် ကန်အောင်, ကြံဖန်လေးမြတ်, တောင့်တအပ်ထသော။ သမုဿယံ၊ သုံးဆယ့်နှစ်ဝ, ကောဋ္ဌာသတို့, လုံးဝခိုမှီး, ဤကိုယ်ကြီးကို။ ပဿ၊ ဉာဏ်ရောင်လင်းသလောက်, အတွင်းရောက်အောင်, ထွင်းဖောက်စေ့ငု, ကြည့်ရှုစမ်းပါလော။ (ဋ္ဌ-၂၅၇)
ခေမာထေရီဝတ္ထုပါဠိဂါထာ
ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ, အနပေက္ခိနော သဗ္ဗဒုက္ခံ ပဟာယ။
မက္ကဋကော၊ ပင့်ကူသည်။ သယံကတံ၊ ကိုယ်တိုင်ပြုအပ်သော။ ဇာလံ၊ ပင့်ကူ မျှင် (ပင့်ကူအိမ်) သို့။ ဝါ၊ ၌ (အနုပတတိ) ဣဝ၊ ကျရောက်သကဲ့သို့။ (ဧဝမေဝ၊ လျှင်။) ယေ၊ အကြင်သတ္တဝါတို့သည်။ ရာဂရတ္တာ၊ ရာဂဖြင့် တပ်မက်ကုန်၏။ (တေ၊ ထိုသတ္တဝါ တို့သည်။) သယံကတံ၊ ကိုယ်တိုင်ပြုအပ်သော။ သောတံ၊ တဏှာတည်းဟူသော အလျဉ် (အနှောင်အဖွဲ့) သို့။ ဝါ၊ ၌။ အနုပတန္တိ၊ ကျရောက်ကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤတဏှာတည်းဟူသောအနှောင်အဖွဲ့ကိုလည်း။ ဆေတွာန၊ ဖြတ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်သည်။ (ဟုတွာ၊ ၍။) သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဒုက္ခကို။ ပဟာယ၊ အရဟတ္တမဂ်ဖြင့် ပယ်စွန့်၍။ ဝဇန္တိ၊ သွားကုန်၏။ (ပါ-၄၃၇) [“ယေ၊ တို့သည်။ ရာဂရတ္တာ၊ ကုန်သည်။ (ဟုတွာ၊ ၍။) သယံ ကတံ၊ သော။ သောတံ၊ သို့။ အနုပတန္တိ၊ ကုန်၏။ (တေ၊ ထိုသတ္တဝါ တို့သည်။ တံ၊ ထိုတဏှာတည်းဟူသော အလျဉ်ကို။ သမတိက္ကမိတုံ၊ ကျော်လွန်ခြင်းငှာ။ န သက္ကောန္တိ၊ မစွမ်းနိုင်ကုန်)”ဟု အဖွင့်အတိုင်း နိယမဝါကျသီးခြားထည့်၍လည်း ပေးနိုင်သည်။]
ခေမာထေရီဝတ္ထုဂါထာနိဿယပြီးပြီ။