မာတိကာသို့ ခုန်သွားရန်

ဂရဟဒိန္နဝတ္ထု

ဝီကီရင်းမြစ် မှ

ပုပ္ဖဝဂ်

၁၂။ ဂရဟဒိန္နသူကြွယ်ဝတ္ထု

ယထာ သင်္ကာရဋ္ဌာနသ္မိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဂရဟဒိန္နအမည်ရှိသော နိဂဏ္ဌတက္ကတွန်း၏ တပည့်သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(နိ-ဂဏ္ဌ၊ အထုံးအဖွဲ့မရှိ။ အထုံးအဖွဲ့အလား မှားယွင်းသော အကျင့်ရှိလျက် “ငါ့အယူကား အထူးအဖွဲ့မရှိ၊ အချောဆုံး အမှန်ဆုံး”ဟု စွဲမြဲစွာယူလေ့ရှိသော မိစ္ဆာဒိဋ္ဌိတစ်မျိုးဟူလို။)

နိဂဏ္ဌတို့အား သိရိဂုတ္တသူကြွယ် ပင့်ဖိတ်စေခြင်း

သာဝတ္ထိပြည်၌ သိရိဂုတ္တမည်သော သူကြွယ်သည်လည်းကောင်း၊ ဂရဟဒိန္နမည်သော သူကြွယ်သည်လည်းကောင်း ဤသို့ နှစ်ဦးကုန်သော အပေါင်းအဖော် သူကြွယ်တို့သည် ရှိကုန်သတတ်။ ထိုသူနှစ်ယောက်တို့တွင် သိရိဂုတ္တသူကြွယ်သည် မြတ်စွာဘုရား၏ တပည့်တည်း။ ဂရဟဒိန္နသူကြွယ်ကား နိဂဏ္ဌတက္ကတွန်း၏ တပည့်တည်း။ ထိုဂရဟဒိန္နသူကြွယ်ကို ဆရာဖြစ်ကုန်သော နိဂဏ္ဌတက္ကတွန်းတို့က ပြောဆိုလေ့ရှိသည်မှာ “သင်၏သူငယ်ချင်း သိရိဂုတ္တကို “သင်သည် အဘယ့်ကြောင့် ရဟန်းဂေါတမကို ဆည်းကပ်လေဘိသနည်း၊ ထိုရဟန်းဂေါတမအထံ၌ အဘယ်ကို ရလတ္တံ့နည်း”ဟု ဤသို့ စသော စကားကိုပြောပြ၍ အကြင်သို့သော အခြင်းအရာဖြင့် ဆုံးမစကားပြောကြားသည်ရှိသော် ငါတို့သို့ ဆည်းကပ်၍ ငါတို့အား အလှူဝတ္ထုကို လှူဒါန်းလတ္တံ့၊ ထိုသို့သောအခြင်းအရာဖြင့် ဆုံးမစကား ပြောကြားခြင်းငှာ မသင့်လေသလော”ဟု မပြတ် ပြောဆိုကြကုန်၏။ ဂရဟဒိန္နသူကြွယ်သည်လည်း ထိုတက္ကတွန်းတို့၏စကားကို ကြားရလျှင် မပြတ်မပြတ် သွားတဲ့၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ သိရိဂုတ္တသူကြွယ်ကို ဤသို့ဆိုလေ၏။ “အဆွေ သိရိဂုတ္တ- သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ထိုရဟန်းဂေါတမကို ဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း။ အသို့နည်း။ အသင်သည် ငါ၏ အရှင်မြတ်တို့ကို မှီဝဲဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူပေးခြင်းငှာ အပ်သည် မဟုတ်ပါဘုံလော”ဟု မပြတ်,မပြတ် ပြောဆိုလေ၏။ သိရိဂုတ္တသူကြွယ်သည် ထိုဂရဟဒိန္နသူကြွယ်၏စကားကို ကြားရသော်လည်း များစွာသော နေ့ရက်တို့ပတ်လုံး ဆိတ်ဆိတ်ဖြစ်၍သာ အိပ်စက်ကာနေလျက် တစ်နေ့သ၌-

“အဆွေ ဂရဟဒိန္န- အသင်သည် မပြတ်မလပ် အကျွန်ုပ်ကို ရပ်၍နေရာ စသည်တို့၌ ဤသို့ ဆိုလေ့ရှိ၏။ “အဆွေ သိရိဂုတ္တ- သင်သည် ရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်ဝတ္ထုကို ရလတ္တံ့နည်း၊ ငါ၏အရှင်မြတ်တို့ကို မှီဝဲဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူ လှူဒါန်းပေးကမ်းပါလော့”ဟု မပြတ်မလပ်ဆို၏။ သင်၏ အရှင်တို့သည် အဘယ်ကို သိကုန်သနည်း၊ ရှေးဦးစွာ ငါ့အား ပြောကြားပါဦးလော့”ဟု ဆိုသော် “အရှင့်သား -အံ့ဩဖွယ်ရှိလေစွ၊ ဤသို့ မပြောမဆိုပါလင့်။ ငါ၏အရှင်မြတ်တို့အား မသိသော အရာမည်သည် မရှိ၊ အလုံးစုံသော အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကိုလည်းကောင်း၊ အလုံးစုံသော ကာယကံ, ဝစီကံ, မနောကံကိုလည်းကောင်း၊ ဤအမှုသည် ဖြစ်လတ္တံ့, ဤအမှုသည် မဖြစ်လတ္တံ့ဟု အလုံးစုံထိုက်သည် မထိုက်သည်ကိုပင် သိကြပါကုန်၏”ဟု ပြောလျှင် “ဤသို့ အသင်ပြောဆိုဝံ့သလော”ဟု မေးပြန်လတ်သော် “ဪ.. ပြောဆိုဝံ့ပါ၏”ဟု ပြောကြားဝန်ခံသဖြင့် “အသင် ပြောကြားဝန်ခံသောအတိုင်း ဖြစ်ခဲ့ပါလျှင် ဤမျှလောက် ကာလပတ်လုံး ငါ့အား ဤအကြောင်းကို မပြောကြားဘဲနေသဖြင့် အသင်သည် အလွန်ဝန်လေးသောအမှုကို ပြုဘိ၏။ ယနေ့မှပင် ငါသည် အရှင်မြတ်တို့၏ ဉာဏ်အစွမ်းအာနုဘော်ကို သိအပ်ပေ၏။ အဆွေဂရဟဒိန္န- သွားချေပါလော့၊ အရှင်မြတ်တို့ကို ငါ့စကားဖြင့် ပင့်ဖိတ်ပါလော့”ဟု ဆိုလေ၏။

ထိုဂရဟဒိန္နသည် နိဂဏ္ဌတက္ကတွန်းတို့၏ အထံသို့သွား၍ ထိုနိဂဏ္ဌတက္ကတွန်းတို့ကို ရှိခိုးလျက် “အကျွန်ုပ်၏ အဆွေဖြစ်သော သိရိဂုတ္တသူကြွယ်သည် နက်ဖြန်ကောင်းမှုအလို့ငှာ အရှင်တို့ကို ပင့်ဖိတ်ပါ၏”ဟု ဆိုလေ၏။ “သိရိဂုတ္တသူကြွယ်သည် ကိုယ်တိုင်ကပင် သင့်ကို ပြောဆိုသလော”ဟု မေးလတ်သဖြင့် “အရှင်ဘုရားတို့ ကိုယ်တိုင်ကပင် ပြောဆိုပါသည်”ဟု လျှောက်လတ်သော် ထိုနိဂဏ္ဌတက္ကတွန်းတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြသည်ဖြစ်၍ “ငါတို့လိုအပ်သော အမှုသည် ပြည့်စုံပေပြီ။ ငါတို့၌ သိရိဂုတ္တသူကြွယ် ကြည်ညိုသောအခါမှစ၍ အဘယ်မည်သော ပြည့်စုံခြင်းသည် ငါတို့အား မဖြစ်ဘဲ ရှိလတ္တံ့နည်း”ဟု ဆိုကြလေကုန်၏။

သိရိဂုတ္တသူကြွယ်အိမ်၌ စီမံထားပုံ

သိရိဂုတ္တသူကြွယ်၏အိမ်ကား အလွန်ကြီး၏။ ထိုသိရိဂုတ္တသူကြွယ်သည် ထိုအိမ်ကြီး၌ အိမ်နှစ်ဆောင်တို့၏ အကြား၌ နှစ်ဖက်အားဖြင့် အလျားရှည်သောတွင်းကို တူးစေပြီးလျှင် မစင်,ညွန်ပျောင်းဖြင့် ပြည့်စေ၏။ တွင်း၏အပ အစွန်းနှစ်ဖက်တို့၌ သစ်ငုတ်တို့ကို ရိုက်နှက်ကာစိုက်စေ၍ ထိုသစ်ငုတ်တို့၌ ကြိုးတို့ကို ဖွဲ့ချည်စေလျက် နေရာညောင်စောင်းတို့၏ ရှေ့ခြေတို့ကို တွင်း၏ရှေ့နံပါး၌ ထားစေသဖြင့် နောက်ခြေတို့ကို ကြိုးငယ်တို့၌ မှေးကာထားစေလေကုန်၏။ “ဤသို့ ထားသည်ရှိသော် ထိုင်သောအခါ၌ပင်လျှင် ဦးခေါင်းစောက်ထိုး လိမ့်ကျကုန်လတ္တံ့”ဟု အမှတ်ပြုလျက် တွင်းသည် ထင်ရှားပေါ်လွင်ခြင်းမဖြစ်နိုင်သော အခြင်းအရာဖြင့် နေရာတို့၏အထက်၌ အခင်းတို့ကို ခင်းပေးစေလေ၏။ ကြီးကုန်,ကြီးကုန်သော အိုးတို့ကိုထားစေ၍ ငှက်ပျောရွက်တို့ဖြင့်လည်းကောင်း၊ ဖြူသောပုဆိုး အဝတ်ပိုင်းတို့ဖြင့်လည်းကောင်း အိုးဝတို့ကို ဖုံးပိတ် ဖွဲ့စည်းစေလျက် အချည်းနှီးသာလျှင်ဖြစ်သော ထိုအိုးတို့ကို အိမ်၏ နောက်အဖို့ဖြစ်သော အပနေရာ၌ ယာဂု, ထမင်းလုံး, ထောပတ်, ဆီ, ပျား, တင်လဲ, မုန့်မှုန့်တို့ဖြင့် အလိမ်းလိမ်း ကပ်ငြိသည်တို့ကိုပြု၍ ထားစေလေ၏။ ဂရဟဒိန္နသူကြွယ်သည် နံနက်စောစောကလျှင် ထိုသိရိဂုတ္တသူကြွယ်၏အိမ်သို့ လျင်မြန်စွာသွား၍ “အရှင်မြတ်တို့အလို့ငှာ ကျွေးမွေးပေးကမ်း လှူဒါန်းဖွယ်ကို စီရင်အပ်ပါပြီလော”ဟု မေးလေ၏။ “အဆွေ -စီရင်အပ်ပါပြီ”ဟု ဆိုလတ်သော် “ထိုစီရင်အပ်သော ပေးကမ်းလှူဒါန်းဖွယ်သည် အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “ဤမျှ အတိုင်းအရှည်ရှိသော ထိုအိုးတို့၌ ယာဂုကို၊ ဤမျှသောအိုးတို့၌ ဆွမ်းကို၊ ဤမျှသောအိုးတို့၌ ထောပတ်, တင်လဲ, မုန့် စသည်တို့ကို ပြည့်စေအပ်ပါကုန်ပြီ။ နေရာတို့ကိုလည်း ခင်ထားအပ်ပါကုန်ပြီ”ဟု ညွှန်ပြပြောဆိုလေ၏။ ထိုဂရဟဒိန္နသူကြွယ်သည် “ကောင်းလှပါပြီ”ဟု ပြောဆို၍ ပြန်သွားလေ၏။

ထိုဂရဟဒိန္နသူကြွယ် သွားသောအခါ ငါးရာသော နိဂဏ္ဌတက္ကတွန်းတို့သည် ကြွလာကြလေကုန်၏။ သိရိဂုတ္တသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသောတည်ခြင်းဖြင့် နိဂဏ္ဌတက္ကတွန်းတို့ကို ရှိခိုး၍ ထိုနိဂဏ္ဌတက္ကတွန်းတို့၏ရှေ့မှ လက်အုပ်ကို မြှောက်ချီကာ ရပ်တည်လျက် ဤသို့ကြံဆင်လေ၏။ “အရှင်တို့သည် အတိတ်စသည် အပြားရှိသော အလုံးစုံကို သိကြကုန်သတတ်။ ဤသို့ သိကြကြောင်းကို အရှင်တို့၏ အလုပ်အကျွေး ဒါယကာသည် အကျွန်ုပ်အား ပြောကြားအပ်၏။ ထိုပြောဆိုတိုင်း အရှင်တို့သည် အလုံးစုံကို အကယ်၍ သိကြကုန်သည်ဖြစ်အံ့၊ အကျွန်ုပ်၏အိမ်သို့ မဝင်ကြပါကုန်လင့်၊ မဝင်သင့်ကြောင်းကား အကျွန်ုပ်၏အိမ်သို့ဝင်ကုန်သော အရှင်တို့အလို့ငှာ ယာဂုလည်းမရှိ၊ ထမင်း စသည်တို့လည်းမရှိ၊ မသိဘဲလျက် အကယ်၍ ဝင်ကြကုန်သည်ဖြစ်အံ့၊ မစင်တွင်း၌ သင်တို့ကို လိမ့်ကျစေ၍ ပုတ်ခတ် ရိုက်နှက်စေအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် အမှုလုပ် ယောက်ျားတို့အား “အမောင်တို့သည် ထိုနိဂဏ္ဌတက္ကတွန်းတို့၏ ထိုင်နေသောအဖြစ်ကို သိပြီးလျှင် နောက်အဖို့၌နေလျက် နေရာတို့၏အထက်၌ လွှမ်း၍ခင်းထားအပ်သော ပုဆိုးအခင်းတို့ကို ဖယ်ကြကုန်လော့။ ထိုပုဆိုးအခင်းတို့သည် မစင်အညစ်အကြေးဖြင့် မလိမ်းကျံ မကပ်ငြိပါစေကုန်လင့်”ဟု ပြောဆိုကာ အမှတ်သညာပေးလေ၏။

နိဂဏ္ဌတို့ကို မစင်တွင်းချ၍ ညှဉ်းပန်းခြင်း

ထို့နောက်မှ နိဂဏ္ဌတက္ကတွန်းတို့ကို “အရှင်တို့သည် ဤအရပ်သို့ ကြွဝင်ကြပါကုန်လော့”ဟုဆို၏။ နိဂဏ္ဌတက္ကတွန်းတို့သည် ဝင်ကြပြီးလျှင် ခင်းထားအပ်သော နေရာတို့၌ ထိုင်နေခြင်းငှာ အားထုတ်ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်းတို့ကို လူတို့သည် “အရှင်ဘုရားတို့- ခေတ္တဆိုင်းငံ့တော်မူကြပါဦး၊ ရှေးဦးစွာ မထိုင်ကြပါကုန်လင့်”ဟု ပြောဆိုကြကုန်၏။ “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးသည်ရှိသော် “အကျွန်ုပ်တို့၏ အိမ်သို့ဝင်ရောက်ကုန်သော အရှင်တို့သည် ပြုအပ်သောကျင့်ဝတ်ကို သိပြီးမှ ထိုင်နေခြင်းငှာ သင့်ပါသည်”ဟု ပြောဆိုကြသဖြင့် “ဒါယကာတို့- အဘယ်ကျင့်ဝတ်ကိုသိပြီးမှ ထိုင်နေခြင်းငှာ သင့်သနည်း”ဟု မေးလတ်ပြန်သော် “မိမိ,မိမိအား ရောက်သောနေရာအနီးတို့၌ ရပ်လျက် အလုံးစုံသော အရှင်တို့သည်လည်း တစ်ပြိုင်နက်တည်းသာ ထိုင်နေခြင်းငှာ သင့်ပါသည်”ဟု ပြောဆိုကြကုန်၏။

ထိုနိဂဏ္ဌတက္ကတွန်းတို့လည်း “ကောင်းလှပါပြီ”ဟု ပြောဆိုဝန်ခံ၍ “ဤသူတို့ပြောဆိုတိုင်း ပြောဆိုတိုင်းသော စကားကို ငါတို့သည် ပြုခြင်းငှာ သင့်၏”ဟု ကြံကြကုန်၏။ ထို့နောက် အလုံးစုံသော နိဂဏ္ဌတက္ကတွန်းတို့သည် မိမိ,မိမိအား ရောက်သောနေရာအနီး၌ အစဉ်အတိုင်း ရပ်တည်ကြကုန်၏။ ထိုအခါ အမှုလုပ်ယောက်ျားတို့က ထိုနိဂဏ္ဌတို့ကို “အရှင်ဘုရားတို့- လျင်မြန်စွာ တစ်ပြိုင်နက်တည်းဖြင့်သာလျှင် ထိုင်တော်မူကြပါကုန်လော့”ဟုဆို၍ ထိုနိဂဏ္ဌတို့၏ ထိုင်နေကြောင်းကို သိပြီးသောအခါ နေရာတို့၏ အထက်၌ အခင်းတို့ကို ပယ်ဆောင်ကြလေကုန်၏။ နိဂဏ္ဌတက္ကတွန်းတို့သည် တစ်ပြိုင်နက်တည်းအားဖြင့်သာလျှင် ထိုင်ကြကုန်သည်ရှိသော် ကြိုးတို့၏အထက်၌ ထားအပ်ကုန်သော ညောင်စောင်းနေရာ အခြေတို့သည် လျှောကျကုန်ရကား နိဂဏ္ဌတို့သည် ဦးခေါင်းစောက်ထိုး တွင်း၌လိမ့်ကျကြလေကုန်၏။ သိရိဂုတ္တသူကြွယ်သည် ထိုနိဂဏ္ဌတို့ တွင်းသို့ လိမ့်ကျကုန်သည်ရှိသော် တံခါးကိုပိတ်လျက် ထိုနိဂဏ္ဌတို့တွင် တက်လာတိုင်း တက်လာတိုင်းဖြစ်ကုန်သော နိဂဏ္ဌတို့ကို “အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကို အဘယ့်ကြောင့် မသိကြကုန်သနည်း”ဟု တုတ်, တောင်ဝှေး, လှံတံတို့ဖြင့် ပုတ်ခတ် ရိုက်နှက်စေပြီးလျှင် “ဤမျှလောက်သည် ဤနိဂဏ္ဌတို့အား သင့်လျော်လတ္တံ့”ဟု တံခါးကို ဖွင့်ပေးစေလေ၏။ နိဂဏ္ဌတို့သည် ထွက်ခွာ၍ ပြေးလွှားခြင်းငှာ အားထုတ်ကြကုန်၏။ ထိုနိဂဏ္ဌတို့၏ သွားရာဖြစ်လတ္တံ့သော လမ်းခရီး၌ကား အင်္ဂတေဖြင့် အပြေအပြစ် ပြုအပ်သောမြေပြင်ကို ချွဲကျိအောင် ပြုထားစေပြီးဖြစ်သဖြင့် ထိုချွဲကျိသောမြေပြင်၌ မတည်တံ့နိုင်ခြင်းကြောင့် ချော်လဲတိုင်း ချော်လဲတိုင်းဖြစ်သော ထိုနိဂဏ္ဌတက္ကတွန်းတို့ကို တစ်ဖန် ပုတ်ခတ် ရိုက်နှက်စေပြန်သဖြင့် “ဤမျှလောက်သော နှိပ်စက် ညှဉ်းပန်းခြင်းသည် အရှင်တို့အား သင့်လျော် ထိုက်တန်၏”ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။ နိဂဏ္ဌတို့လည်း “အသင်ဒါယကာသည် ငါတို့ကို နှိပ်စက်ဖျက်ဆီး၏၊ အသင်ဒါယကာသည် ငါတို့ကို နှိပ်စက်ဖျက်ဆီး၏”ဟု ဟစ်ကြွေးမြည်တမ်းလျက် အလုပ်အကျွေးဒါယကာဖြစ်သော ရဟဒိန္နသူကြွယ်၏ အိမ်တံခါးသို့ သွားကြလေကုန်၏။

ဂရဟဒိန္န တရားစွဲဆိုခြင်း

ဂရဟဒိန္န သူကြွယ်သည် ထိုသို့သော ဖောက်ပြန်ပျက်စီးခြင်းကို မြင်ရလျှင် အမျက်ခြောင်းခြောင်းထွက်သဖြင့် “သိရိဂုက္ကသူကြွယ်သည် ငါတို့ကို နှိပ်စက်ဖျက်ဆီးဘိ၏။ လက်ကိုဆန့်တန်းလျက် ရှိခိုးကြည်ညို ရိုသေကုန်သော သူတို့အား နတ်နှင့်တကွသော လောက၌ အလိုရှိတိုင်း စည်းစိမ်ချမ်းသာ အကျိုးပေးခြင်းငှာ စွမ်းနိုင်သည်မည်ကုန်သော ကောင်းမှုမျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ လယ်တောမြေကောင်းသဖွယ်ဖြစ်၍ ဖြစ်ကုန်သော ငါ၏အရှင်မြတ်တို့ကို ပုတ်ခတ် ရိုက်နှက်စေ၍ ပျက်စီးခြင်းသို့ ရောက်စေဘိသည်တကား”ဟု အမျက်ဒေါသ ခြောင်းခြောင်းထလျက် မင်းနန်းတော်သို့ သွားပြီးလျှင် သိရိဂုတ္တသူကြွယ်အား အသပြာတစ်ထောင် ဒဏ်ထားစေလေ၏။ ထိုအခါ မင်းသည် သိရိဂုတ္တသူကြွယ်ထံ သတင်းစကားကို မှာကြားဆင့်ဆိုလိုက်၏။ သိရိဂုတ္တသူကြွယ်သည် သွား၍ မင်းကြီးကို ရှိခိုးပြီးလျှင် “အရှင်မင်းမြတ်- စူးစမ်း ဆင်ခြင်တော်မူ၍ ဒဏ်ကို ယူတော်မူကြပါကုန်လော့၊ မစူးစမ်း မဆင်ခြင်မူ၍ မယူကြပါလင့်”ဟု လျှောက်တင်လေ၏။ “စူးစမ်းဆင်ခြင်၍သာ ငါယူပေအံ့”ဟု မိန့်တော်မူသဖြင့် “ကောင်းလှပါပြီ အရှင်မင်းကြီး”ဟု လျှောက်တင်သောအခါ “ထိုသို့ဖြစ်မူ ပြောဆိုသင့်သော အကြောင်းကို ယူလော့၊ ဝါ၊ ပြောဆိုလေလော့”ဟု မိန့်တော်မူသဖြင့် “အရှင်မင်းမြတ်- ကျွန်တော်မျိုး၏ အဆွေခင်ပွန်းဖြစ်၍ နိဂဏ္ဌတို့၏ တပည့်သာဝကဖြစ်သော ဤဂရဟဒိန္နသူကြွယ်သည် ရှေးဦးစွာ ကျွန်တော်မျိုးတို့ထံ ချဉ်းကပ်၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ မပြတ်မလပ် ဤသို့ဆိုလေ့ရှိပါသည်။

“အဆွေသိရိဂုတ္တ- အသင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းဂေါတမကို မှီဝဲဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း”ဟူသော ဤစကားကိုအစပြု၍ သိရိဂုတ္တသူကြွယ်က အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားသံတော်ဦးတင်ပြီးလျှင် “အရှင်မင်းမြတ်- ဤအရာ၌ ဒဏ်ကိုယူစိမ့်သောငှာ အကယ်၍ သင့်သည်ဖြစ်အံ့၊ ယူတော်မူကြပါကုန်လော့”ဟု လျှောက်တင်လေ၏။ မင်းကြီးလည်း ဂရဟဒိန္နသူကြွယ်ကို ကြည့်၍ “သင် ဤသို့ဆိုသည် မှန်သလော”ဟု မေးလေ၏။ “အရှင်မင်းမြတ်- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံလျှင် ထိုဂရဟဒိန္နကို “သင်သည် ဤမျှလောက်ကိုသော်လည်း မသိတတ်သောသူတို့ကို ဆရာဘုရားဟု ယူဆပြီးလျှင် လှည့်လည်ကာ အလုံးစုံ အကုန်ပင် သိတတ်ကုန်၏ဟု အဘယ်အကြောင်းကြောင့် မြတ်စွာဘုရား၏ တပည့်သားအား ပြောကြားဘိသနည်း၊ သင်တင်အပ်သော ဒဏ်သည် သင့်အားသာလျှင် ဖြစ်စေရမည်”ဟု ဂရဟဒိန္န၏ အပေါ်၌သာလျှင် ဒဏ်ကို ရောက်စေလေ၏။ ထိုဂရဟဒိန္န၏ ဆရာတက္ကတွန်းတို့ကိုလည်း ပုတ်ခတ်ရိုက်နှက်ကာ နှင်ထုတ်စေအပ်ကုန်၏။

တရားရှုံးသဖြင့် လက်စားချေရန် အားထုတ်ခြင်း

ဂရဟဒိန္နသူကြွယ်သည် သိရိဂုတ္တသူကြွယ်ကို အမျက်ထွက်သဖြင့် ထိုနေ့မှစ၍ လခွဲမျှသော ကာလတိုင်အောင် သိရိဂုတ္တသူကြွယ်နှင့် အတူတကွ စကားမပြောမဆိုဘဲ နေပြီးလျှင် ဆင်ခြင်ပြန်သည်မှာ “ဤသို့ လှည့်လည်နေထိုင်ခြင်းငှာ ငါ့အား မသင့်လျော် မလျောက်ပတ်၊ ထိုသိရိဂုတ္တသူကြွယ်၏ ဆရာတို့အားလည်း ကြီးစွာသော ပျက်စီးခြင်းကို ပြုလုပ်ခြင်းငှာ သင့်လျော်၏”ဟု ကြံဆင်ခြင်ပြီးလျှင် သိရိဂုတ္တသူကြွယ်ထံသို့ ချဉ်းကပ်၍ “အဆွေသိရိဂုတ္တ”ဟု မြွက်ဆို ခေါ်ဝေါ်လေ၏။ “အဆွေဂရဟဒိန္န- အသို့နည်း”ဟု စကားတုံ့ပြန်သောအခါ “အဆွေ သိရိဂုတ္တ-အကျွမ်းအဝင် စိတ်နှလုံးကောင်းရှိကြသော ဆွေမျိုးသားချင်း နီးရင်းသော သူတို့အားမည်သည် ကိုယ်လက်ထိပါး ခိုက်ရန်ပွားခြင်းသည်လည်းကောင်း၊ ငြင်းခုံကျယ်ပွား စကားများခြင်းသည်လည်းကောင်း ဖြစ်တတ်၏၊ အသင်သည် တစ်စုံတစ်ခုသော စကားကို မပြောမဆိုဘဲ နေဘိ၏။ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးမြန်းပြောဆိုလေ၏။ “အဆွေ ဂရဟဒိန္န- ငါနှင့်အတူတကွ သင်စကားမပြောမဆိုဘဲ နေသောကြောင့် ငါသည်လည်း စကားမပြောမဆိုဘဲ နေခဲ့၏”ဟု ပြန်ကြားပြောဆိုသောအခါ “အဆွေသိရိဂုတ္တ- အကြင်ပြုအပ်သောအမှုကား ပြုပြီးသည်သာတည်း၊ ထိုပြုပြီးသောအမှုဖြင့် ငါတို့သည် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သည်အဖြစ်ကို မဖျက်ကြကုန်အံ့”ဟု အစေ့အစပ် ပြောဆိုလေ၏။ ထိုအခါမှစ၍ သူကြွယ်နှစ်ဦးတို့သည်လည်း တစ်ခုတည်းသော နေရာ၌ ရပ်ကြ,ထိုင်ကြကုန်၏။

ထို့နောက် တစ်နေ့သ၌ သိရိဂုတ္တသူကြွယ်က ဂရဟဒိန္နသူကြွယ်ကို “သင့်အား နိဂဏ္ဌတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုနိဂဏ္ဏတို့ကို ဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း၊ ငါ၏ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ခြင်းငှာလည်းကောင်း၊ အရှင်မြတ်တို့အား အလှူပေးခြင်းငှာလည်းကောင်း အသို့နည်း၊ အသင့်အား မအပ်လေသလော”ဟု ပြောဆိုလေ၏။ ဂရဟဒိန္နသူကြွယ်သည်လည်း ဤသို့ ပြောဆိုခြင်းကိုသာလျှင် တောင့်တကာ နေလျက်ရှိသောကြောင့် ဂရဟဒိန္နသူကြွယ်အား ယားနာရှိရာအရပ်၌ လက်သည်းဖြင့် ဖျောက်လိုက်သကဲ့သို့ ဖြစ်ပြီးလျှင် သိရိဂုတ္တကို “သင်၏ ဆရာဘုရားသည် အဘယ်အရာကို သိသနည်း”ဟု မေးလေ၏။ “အဆွေဂရဟဒိန္န- ဤသို့ မဆိုပါလင့်၊ ဆရာဘုရားမည်သည် အလုံးစုံသော အရာ၌သာလျှင် မသိအပ်သောအရာမည်သည် မရှိ၊ အတိတ်စသော အပြားရှိသော အလုံးစုံကို အကုန်သိတော်မူ၏။ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏စိတ်ကို ပိုင်းခြား၍ သိတော်မူ၏”ဟု ဆိုလတ်သော် “ငါသည် ဤသို့သော အကြောင်းကို မသိရပါ၊ ဤမျှလောက်ကြာအောင်သော ကာလပတ်လုံး ငါ့အား အဘယ့်ကြောင့် မပြောကြားဘဲ နေဘိသနည်း၊ အဆွေသိရိဂုတ္တ- ထိုသို့ဖြစ်မူ အသင်သည် သွားပါချေလော့၊ သင့်ဆရာ မြတ်စွာဘုရားကို နက်ဖြန် ကောင်းမှုအလို့ငှာ ပင့်ဖိတ်ပါချေလော့၊ ဆွမ်းလုပ်ကျွေးပါအံ့၊ ရဟန်းငါးရာတို့နှင့်တကွ အကျွန်ုပ်ဆွမ်းကို ခံယူစိမ့်သောငှာ လျှောက်ကြားပါလော့”ဟု ပြောကြားကာ စေလွှတ်လိုက်လေ၏။

သိရိဂုတ္တသူကြွယ်သည်လည်း မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ ရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော ဂရဟဒိန္နသူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့ကို ရဟန်းငါးရာတို့နှင့်တကွ နက်ဖြန် ထိုဂရဟဒိန္နသူကြွယ်၏ ဆွမ်းကို ခံယူတော်မူကြပါမည့်အကြောင်းနှင့် တပည့်တော်ကို ပင့်ဖိတ်လျှောက်ထားစေပါသည်ဘုရား။ ရှေးဖြစ်သောနေ့၌ကား ထိုဂရဟဒိန္နသူကြွယ်၏ ဆရာနိဂဏ္ဌတို့အား တပည့်တော်သည် ဤမည်သောအမှုကို ပြုလုပ်စီရင်အပ်ပါသည်၊ တပည့်တော် ပြုလုပ်စီရင်အပ်သော အမှုကို လက်စားချေလိမ့်မည်ကိုလည်း မသိပါ၊ ရှင်တော်မြတ်ဘုရားတို့အား စင်ကြယ်ကောင်းမွန်သောစိတ်ဖြင့် ဆွမ်းကို လှူလိုသည့်အဖြစ်ကိုလည်း မသိပါဘုရား၊ ဆင်ခြင်တော်မူ၍ သင့်လျော်သည် အကယ်၍ ဖြစ်ခဲ့ပါအံ့၊ သည်းခံတော်မူကြပါ။ အကယ်၍ မသင့်လျော်သည်ဖြစ်ခဲ့အံ့၊ သည်းခံတော်မမူကြပါကုန်လင့် ဘုရား”ဟု လျှောက်ထားလေ၏။

မြတ်စွာဘုရား မြင်တော်မူပုံ

မြတ်စွာဘုရားသည်လည်း “ထိုဂရဟဒိန္နသည် ငါတို့အား အဘယ်သို့သောအမှုကို ပြုခြင်းငှာ အလိုရှိသနည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် နှစ်ခုသော အိမ်တို့၏အကြား၌ ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီးရှစ်ဆယ်တိုက်မျှလောက်ကုန်သော ရှားနှစ်ထင်းတို့ကို ဆောင်ယူစေသဖြင့် တွင်း၌ပြည့်စေပြီးလျှင် မီးတိုက်၍ ငါတို့ကို မီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်ခြင်းငှာ အလိုရှိသည်”ဟု မြင်သိတော်မူရသဖြင့် “ထိုဂရဟဒိန္နသူကြွယ်အိမ်သို့ ငါဘုရား ကြွသွားခြင်းတည်းဟူသော အကြောင်းကြောင့် အကျိုးရှိအံ့လော၊ မရှိအံ့လော”ဟု တစ်ဖန် စူးစမ်းဆင်ခြင်တော်မူပြန်လေ၏။ ထို့နောက် ဤသို့သော အကျိုးအာနိသင်ကို မြင်တော်မူလေ၏။ “ငါဘုရားသည် မီးကျီးတွင်း၌ ခြေတော်တို့ကို ဆန့်လှမ်းတော်မူအံ့၊ ထိုမီးကျီးတွင်းကို ဖုံးလွှမ်း၍ ထားအပ်သောဖျာသည် ကွယ်ပျောက်လတ္တံ့၊ မီးကျီးတွင်းကိုဖောက်ခွဲလျက် လှည်းဘီးစက်အတိုင်းအရှည်ရှိသော ပဒုမာကြာပွင့်ကြီးသည် ပေါ်ပေါက်လာလတ္တံ့၊ ထိုအခါ ငါဘုရားသည် ပဒုမာကြာချပ်၏အချက်ကို နင်းလျက် ကြွသွား၍ နေရာ၌ ထိုင်နေရလတ္တံ့၊ ငါးရာသော ရဟန်းတို့သည်လည်း ထို့အတူသာလျှင် သွားရောက် ထိုင်နေကြရကုန်လတ္တံ့၊ များစွာကုန်သော လူအပေါင်းသည် စည်းဝေးလာရောက်လတ္တံ့၊ ထိုအစည်းအဝေး၌ ငါဘုရားသည် နှစ်ခုကုန်သော ဂါထာတို့ဖြင့် အနုမောဒနာကို ပြုရလတ္တံ့၊ အနုမောဒနာ ပြုတော်မူသောအဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားထင်ထင် သိမြင်သောအား အကျွတ်တရားကို ရခြင်းဖြစ်လတ္တံ့၊ သိရိဂုတ္တသူကြွယ် ဂရဟဒိန္နသူကြွယ်တို့သည် သောတာပန် ဖြစ်ကုန်လတ္တံ့၊ မိမိ၏ပစ္စည်းဥစ္စာစုကို သာသနာတော်၌ စွန့်ကြဲလှူဒါန်းလတ္တံ့၊ ဤအမျိုးသားကိုမှီ၍ ငါဘုရားသည် ကြွသွားခြင်းငှာ သင့်လျော်၏”ဟု မြင်တော်မူ၍ ပင့်ဖိတ်လာသော ဆွမ်းအလှူကို သည်းခံတော်မူလေ၏။

ဂရဟဒိန္န မီးကျီးတွင်း စီရင်ပုံ

သိရိဂုတ္တသူကြွယ်သည် သွား၍ ဘုရားရှင် သည်းခံတော်မူသည့် အဖြစ်ကိုသိရသဖြင့် ဂရဟဒိန္နသူကြွယ်အား ပြောကြားပြီးလျှင် “လူသုံးပါးတို့၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြင်စီရင်ပါလော့”ဟု ဆိုလေ၏။ ဂရဟဒိန္နသူကြွယ်သည် “ယခုအခါ ထိုသိရိဂုတ္တ၏ ဆရာဘုရားအား ပြုအပ်သည်နှင့် ယှဉ်သည်ကို သိရပေတော့အံ့၊ ပြုရပေတော့အံ့”ဟု ကြံပြီးလျှင် နှစ်ခုသော အိမ်တို့၏အကြား၌ နွားချေးဖြင့် လိမ်းကျံစေလျက် ကြီးစွာသောတွင်းကို တူးစေ၍ လှည်းအစီးရှစ်ဆယ်မျှလောက်ကုန်သော ရှားနှစ်ထင်းတို့ကို ဆောင်ယူကာ တွင်းကိုပြည့်စေသဖြင့် ထင်းတို့ကို မီးတိုက်ပြီးမှ ရှားမီးခဲအစုတို့ကို ပြုစေပြီးလျှင် ညာဉ့်သုံးယာမ်ပတ်လုံး အခိုးထွက်စေလျက် ရှားမီးကျီးစုကို ပြုလုပ်စေ၍ တွင်းအထက်၌ ပျဉ်ချပ်တို့ကိုခင်းလျက် ဖျာဖြင့် ဖုံးလွှမ်းစေပြီးလျှင် နွားချေးဖြင့် လိမ်းကျံလျက် တစ်ဘက်သောနံပါး၌ အားနည်းသော တုတ်တံဖြင့်ဖြန့်ခင်း၍ သွားရာလမ်းခရီးကို ပြုစေလေ၏။ ဤသို့ပြုထားပါမှ နင်းသောကာလ၌ တုတ်တံတို့သည် ကျိုးကုန်သည်ရှိသော် တိမ်းလဲ၍ မီးကျီးတွင်း၌ လိမ့်ကျလတ္တံ့ဟု အမှတ်ပြုလျက် နေအိမ်၏ နောက်အဖို့၌လည်း သိရိဂုတ္တသူကြွယ်ထားသော နည်းဖြင့်သာလျှင် အိုးတို့ကို ထားစေလေ၏။ နေရာတို့ကိုလည်း ထိုနည်းအတူသာလျှင် ခင်းစေလေ၏။ သိရိဂုတ္တသူကြွယ်သည်လည်း နံနက်စောစောကလျှင် ထိုဂရဟဒိန္နသူကြွယ်၏ အိမ်သို့သွား၍ “အဆွေ- လှူဖွယ်ဝတ္ထုကို စီမံပြုလုပ်အပ်ပြီးပြီလော”ဟု မေးလေ၏။ “အဆွေ- ဪ.. စီမံပြုလုပ်အပ်ပါပြီ”ဟု ဆိုလျှင် “ထိုလှူဖွယ်သည် အဘယ်မှာနည်း”ဟု မေးပြန်လေ၏။ “လာပါ၊ ကြည့်ရှုကြရအောင်”ဟု ဆို၍ အလုံးစုံကို သိရိဂုတ္တ သူကြွယ်ပြသော နည်းဖြင့်ပင် ပြလေ၏။ သိရိဂုတ္တသူကြွယ်သည်လည်း “အဆွေ- ကောင်းလှပေပြီ”ဟု ဝန်ခံပြောဆို၏။ များစွာသော လူအပေါင်းသည်လည်း စည်းဝေးလေ၏။

(စည်းဝေးခြင်းအကြောင်းကား- မိစ္ဆာအယူရှိသောသူသည် ပင့်ဖိတ်သည်ရှိသော် ကြီးစွာသော အစည်းအဝေးသည် ဖြစ်လေ၏။ မိစ္ဆာဒိဋ္ဌိတို့သည်ကား ရဟန်းဂေါတမ၏ ဖောက်ပြန်ပျက်စီးခြင်းကို ကြည့်ရှုကြကုန်အံ့ဟု စည်းဝေးကြကုန်၏။ သမ္မာဒိဋ္ဌိတို့သည်ကား ယနေ့ ငါတို့၏ ဆရာဖြစ်တော်မူသော ဘုရားရှင်သည် မြတ်သော တရားဒေသနာတော်ကို ဟောကြားတော် မူလတ္တံ့၊ မြတ်စွာဘုရား၏ အရာဖြစ်သော တင့်တယ်စံပယ်ခြင်းကို ဖူးမြင်မှတ်သားကြရကုန်စို့အံ့ဟု စည်းဝေးကြကုန်၏။)

မီးကျီးတွင်း၌ ကြာပန်းပေါက်ခြင်း

တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတော်တို့နှင့်တကွ ဂရဟဒိန္နသူကြွယ်၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီး ရှေ့မှလက်အုပ်ချီကာ ရပ်၍ စိတ်ထဲ၌ ကြံအောက်မေ့သည်မှာ “မြတ်စွာဘုရား-ရှင်တော်ဘုရားတို့သည် အတိတ်စသောအားဖြင့်ပြားသော အလုံးစုံကို အကုန်အစင် သိမြင်နိုင်ကြကုန်၏၊ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏ စိတ်ဖြစ်ပုံကို ပိုင်းခြားနိုင်ကြကုန်၏ဟု ရှင်တော်မြတ်ဘုရားတို့၏ အလုပ်အကျွေးသည် အကျွန်ုပ်အား ပြောဆိုအပ်ပါ၏၊ အကယ်၍ သိကြကုန်သည် ဖြစ်ခဲ့အံ့၊ အကျွန်ုပ်၏အိမ်သို့ မဝင်ကြပါကုန်လင့်၊ ဝင်ကြကုန်သော အရှင်တို့အလို့ငှာ ယာဂုဆွမ်း စသည်တို့သည် တစ်စုံတစ်ခုမျှ မရှိကုန်။ အလုံးစုံသော အရှင်တို့ကို မီးကျီးတွင်း၌ချ၍ နှိပ်စက်ပါအံ့”ဟု ကြံအောက်မေ့၏။ ဤသို့ ကြံအောက်မေ့ပြီးလျှင် ဘုရားရှင်၏သပိတ်တော်ကိုယူ၍ “မြတ်စွာဘုရား- ဤအရပ်သို့ ကြွတော်မူကြပါ”ဟု ဆိုလျက် “မြတ်စွာဘုရား- အကျွန်ုပ်တို့၏အိမ်သို့ လာကုန်သော သူတို့သည် ပြုသင့်သောကျင့်ဝတ်ကိုသိ၍ လာခြင်းငှာ သင့်လျော်ပါသည်ဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- အဘယ်သို့သော ကျင့်ဝတ်ကို ပြုခြင်းငှာ သင့်သနည်း”ဟု မေးတော်မူလျှင် “တစ်ပါးစီ, တစ်ပါးစီ ဝင်သဖြင့် ရှေ့သို့ သွား၍ ထိုင်နေပြီးသောအခါ နောက်မှ တစ်ပါးသော ရဟန်းသည် ကြွလာခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်ပြန်လေ၏။

(ဤသို့ ထိုဂရဟဒိန္နအား အကြံဖြစ်ပေါ်သတတ်။ ရှေ့မှသွားသောသူ မီးကျီးတွင်း၌ လိမ့်ကျသည်ကို တွေ့မြင်ရလျှင် နောက်မှလာကုန်သော ကြွင်းကျန်သောသူတို့သည် မလာရောက်ကြကုန်လတ္တံ့။ တစ်ယောက်ချင်း တစ်ယောက်ချင်းကိုသာ လိမ့်ကျစေပြီးလျှင် နှိပ်စက်ညှဉ်းပန်းခြင်းကို ပြုပေအံ့။ ဤကား ဖြစ်သော အကြံတည်း။)

ဘုရားရှင်သည်လည်း ကောင်းပြီဟု ဝန်ခံတော်မူ၍ ကိုယ်တော်မြတ် တစ်ပါးတည်းသာလျှင် ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် မီးကျီးတွင်း၏ အနီးသို့ရောက်လျှင် နောက်သို့ဆုတ်၍ ရပ်တည်နေသော မြတ်စွာဘုရားကို “ရှင်တော်မြတ်ဘုရား- ရှေ့သို့တိုး၍ ကြွတော်မူပါဦးဘုရား”ဟု လျှောက်လေ၏။ ထိုအခါ ဘုရားရှင်လည်း မီးကျီးတွင်းအထက်၌ ခြေတော်ကို ဆန့်လှမ်းတော်မူလေ၏။ ဖျာသည်လည်း ကွယ်ပျောက်လေ၏။ မီးကျီးတွင်းကို ဖောက်ခွဲလျက် လှည်းဘီးစက် အတိုင်းအရှည်ရှိသော ပဒုမာကြာပွင့်တို့သည် ပေါ်ပေါက်လာကြလေကုန်၏။ ဘုရားရှင်သည်လည်း ပဒုမာကြာချပ်၏ အချက်၌ နင်းလျက် ကြွလှမ်းတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံးနေတော်မူလေ၏။ ရဟန်းတို့သည်လည်း ထို့အတူသာလျှင် ကြွသွားကြကုန်၍ သီတင်းသုံးနေတော်မူကြလေကုန်၏။ ဂရဟဒိန္နသူကြွယ်၏ကိုယ်သည် ပူလောင်သကဲ့သို့ ထကြွ ဖြစ်ပေါ်လာလေ၏။

အချည်းနှီးသောအိုး၌ ဆွမ်းစသည် ပြည့်နေခြင်း

ထိုဂရဟဒိန္နသူကြွယ်သည် လျင်မြန်စွာသွား၍ သိရိဂုတ္တသူကြွယ်သို့ ချဉ်းကပ်ပြီးလျှင် “အရှင်သိရိဂုတ္တ- သင်သည် ငါ၏ မှီခိုပုန်းအောင်းရာ ဖြစ်ပါလော့”ဟု တောင်းပန် ပြောဆို၏။ “ဤတောင်းပန်စကား ပြောကြားကြောင်း အမှုကား အဘယ်နည်း”ဟု မေးသည်ရှိသော် “အဆွေ- ရဟန်းငါးရာတို့အား ကျွေးမွေးလှူဒါန်းရန် ငါ၏အိမ်၌ ယာဂုသည်လည်းကောင်း၊ ဆွမ်းစသည်တို့သည်လည်းကောင်း မရှိပါကုန်၊ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ပြောပြန်သဖြင့် “အသို့နည်း- အသင်သည် အဘယ်သို့သောအမှုကို ပြုထားလေဘိသနည်း”ဟု မေးပြန်၏။ “ငါသည် အိမ်နှစ်ခုတို့၏အကြား၌ ကြီးစွာသောတွင်းကို ရှားမီးကျီးဖြင့်ပြည့်အောင် ပြုလုပ်ထားစေမိ၏၊ ထိုရှားမီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်အံ့ဟု ကြံမိပါ၏။ ထိုသို့ ကြံစည်ပြုလုပ်ပါသော်လည်း မီးကျီးတွင်းကိုဖောက်ခွဲ၍ ပဒုမာကြာပွင့်ကြီးတို့သည် ပေါ်ပေါက်လာကြလေကုန်ပြီ။ အလုံးစုံသော ရဟန်းတို့သည် ထိုပေါ်ပေါက်လာသော ပဒုမာကြာပွင့်ချပ်၏ အချက်၌ နင်းကာ ကြွသွားတော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေထိုင်တော်မူကြကုန်ပြီ၊ အိုအရှင်သိရိဂုတ္တ- ယခုအခါ အဘယ်သို့ ပြုရအံ့နည်း”ဟု ပြောဆိုပြန်သော် “ယခုပင်လျှင် သင်သည် ငါ့အား ဤမျှအတိုင်းအရှည်ရှိသော အိုးတို့သည် ယာဂု၊ ဤမျှ အတိုင်းအရှည်ရှိသော အိုးတို့သည် ဆွမ်းစသည်တို့ဟူ၍ ပြသည်မဟုတ်လော”ဟု မေးလျှင် “အရှင်- မဟုတ်မမှန်သော စကားကို ပြောမိပါသည်၊ အိုးတို့ကား အချည်းနှီးသာတည်း”ဟု ဆိုသဖြင့် “ထိုသို့ပင်ဖြစ်စေကာမူ သွားသာသွားချေ၊ ထိုအိုးတို့၌ ယာဂုစသည်တို့ကို ကြည့်ရှုပါဦးလော့”ဟု ဆိုလေ၏။

ထိုဆိုသော ခဏ၌ပင်လျှင် ဂရဟဒိန္နသူကြွယ်သည် ယာဂုအိုးတို့၌ ယာဂုဟူ၍ ဆိုသောကြောင့် ယာဂုဖြင့် ပြည့်ကုန်၏။ ဆွမ်းစသည်တို့ကို ဆိုသောကြောင့် ဆွမ်းစသည်တို့သည် အပြည့်သာလျှင် ဖြစ်ကုန်၏။ ထိုသို့ ပြည့်စုံခြင်းကို မြင်လျှင်မြင်ချင်း ဂရဟဒိန္နသူကြွယ်၏ တစ်ကိုယ်လုံးသည် နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းဖြင့် ထက်ဝန်းကျင်ပြည့်သော စိတ်ရှိသည်ဖြစ်၍ ကြည်ကြည်လင်လင် ဖြစ်လေ၏။ ထိုဂရဟဒိန္နသည် ရိုသေကောင်းမွန်စွာ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေး၍ ပြုအပ်ပြီးသော ဆွမ်းစားခြင်းကိစ္စရှိတော်မူသော မြတ်စွာဘုရားအား ဆွမ်းအနုမောဒနာ ပြုစေလိုသောကြောင့် သပိတ်တော်ကို ယူလေ၏။ မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူသည်ရှိသော် “ဤသတ္တဝါတို့သည် ပညာမျက်စိ မရှိခြင်းကြောင့် ငါဘုရား၏လည်းကောင်း၊ တပည့်သာဝကတို့၏လည်းကောင်း၊ ငါဘုရား သာသနာတော်၏လည်းကောင်း ဂုဏ်ကျေးဇူးတော်ကို မသိနိုင်ကြကုန်၊ ပညာမျက်စိမှ ကင်းကုန်သော သူတို့သည် သူကန်းတို့ မည်ကုန်၏၊ ပညာရှိကုန်သော သူတို့သည်သာ မျက်စိရှိကုန်သောသူတို့ မည်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

[၅၈] ယထာ သင်္ကာရဌာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
[၅၉] ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

မဟာပထေ၊ သွားရာခရီးလမ်းမကြီး၌။ ဥဇ္ဈိတသ္မိံ၊ စွန့်ပစ်ထားအပ်သော။ တတ္ထ သင်္ကာရဌာနသ္မိံ၊ ထိုသို့ သဘောရှိသော တံမြက်ချေးစုံ ရွံ့ဖွယ်ထူသော အမှိုက်ပုံ၌။ သုစိဂန္ဓံ၊ စင်ကြယ်သန့်ရှင်း ထုံသင်းပျံ့ပျံ့ ကောင်းသော ရနံ့ရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော။ ပဒုမံ၊ ပဒုမာကြာပန်းသည်။ ဇာယေထ ယထာ၊ ပေါက်ရောက်လာသကဲ့သို့။

ဧဝံ တထာ၊ ဤအတူ။ သင်္ကာရဘူတေသု၊ တံမြက်ချေးစုသဖွယ်ဖြစ်၍ ဖြစ်ကုန်သော။ အန္ဓဘူတေ-အန္ဓဘူတေသု၊ ပညာမျက်စိကင်းခြင်းကြောင့် အကန်းသဖွယ်ဖြစ်၍ ဖြစ်ကုန်သော။ ပုထုဇ္ဇနေ-ပုထုဇ္ဇနေသု၊ ပုထုဇဉ် ပုဂ္ဂိုလ်တို့၌။ ဇာတော၊ ဖြစ်သော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ ဘုရားတပည့်သားသည်။ ပညာယ၊ မိမိပညာဖြင့်။ အတိရောစတိ၊ အလွန်တင့်တယ်၏။

သူကြွယ်နှစ်ယောက် သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏။ ဂရဟဒိန္နသူကြွယ်သည်လည်းကောင်း၊ သိရိဂုတ္တသူကြွယ်သည်လည်းကောင်း သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။ ထိုဂရဟဒိန္နသူကြွယ်နှင့် သိရိဂုတ္တသူကြွယ်တို့သည် မိမိတို့၏ ဥစ္စာအလုံးစုံကို ဘုရားသာသနာတော်၌ စွန့်ကြဲပေးကမ်း လှူဒါန်းကြလေကုန်၏။

ခဒိရင်္ဂါရဇာတ် ဟောခြင်းအမြွက်

ဘုရားရှင်သည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ “မြတ်စွာဘုရားတို့၏ ဂုဏ်တော်ကျေးဇူးတော်တို့ မည်သည်ကား ဪ အံ့ဖွယ်ရှိပါပေစွတကား၊ ထိုသို့ သဘောရှိသည်မည်သော ရှားမီးကျီးအစုကို ဖောက်ခွဲ၍ ပဒုမာကြာပွင့်တို့သည် ပေါက်ရောက်ကုန်သည်တကား” ဟူသောစကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသည်ဖြစ်၍ “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု လျှောက်ကြားလတ်သည်ရှိသော် “ယခုအခါ၌ ဘုရားဖြစ်တော်မူသော ငါ့အား ရှားမီးကျီးခဲအစုမှ ဖောက်ကွဲ၍ ပဒုမာကြာပန်းတို့ ပေါက်လာကုန်သည်ကား အံ့ဩဖွယ် မရှိလှသေး၊ ဉာဏ်ပညာ မရင့်သေးမီကပင် ဘုရားလောင်းတော်ဖြစ်၍ ဖြစ်သော ငါ့အားလည်း ပဒုမာကြာပန်းတို့သည် ပေါက်လာကုန်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အဘယ်အခါ၌ပါနည်း၊ တပည့်တော်တို့အား မိန့်ကြားတော်မူပါဘုရား”ဟု တောင်းပန်အပ်သောကြောင့် အတိတ်ဆောင်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကာမံ ပတာမိ နိရယံ၊ ဥဒ္ဓံပါဒေါ အဝံသိရော။
နာနရိယံ ကရိဿာမိ၊ ဟန္ဒ ပိဏ္ဍံ ပဋိဂ္ဂဟ။

ဘန္တေ၊ ပစ္စေကဗောဓိသခင် အရှင်သူမြတ်ဘုရား။ အဟံ၊ ဆွမ်းအုပ်ပို့ရန် ရည်သန်ပြုလုပ် အကျွန်ုပ်သည်။ နိရယံ၊ အတောင်ရှစ်ဆယ် ကြီးကျယ်ဘိခြင်း ရှားမီးကျီးတွင်းဟူသော ငရဲသို့။ ဥဒ္ဓံပါဒေါ၊ ခြေမိုးမျှော်လျက်။ အဝံသိရော၊ ဦးခေါင်း စောက်ထိုးဖြစ်လျက်။ ကာမံ ပတာမိ၊ အကယ်စင်စစ် ကျသည်ဖြစ်စေကာမူ။ အနရိယံ၊ အလှူမပေးခြင်း, သီလမစောင့်ခြင်းစသော မသူတော်တို့၏ အမှုကို။ န ကရိဿာမိ၊ မပြုပါအံ့။ တုဝံ၊ ရှင်တော်ဘုရားသည်။ ဟန္ဒ၊ လွတ်လွတ်ကျွတ်ကျွတ်။ ပိဏ္ဍံ၊ တပည့်တော်၏ ဆွမ်းကို။ ပဋိဂ္ဂဟ၊ ခံယူ သုံးဆောင်တော်မူပါဘုရား။

ဤသို့ ဤခဒိရင်္ဂါရဇာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူလေ၏။

ဂရဟဒိန္နသူကြွယ်ဝတ္ထု ပြီး၏။