မာတိကာသို့ ခုန်သွားရန်

စန္ဒကိန္နရီဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၈၅။ စန္ဒကိန္နရီဇာတ် (၂)
1081ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၈၅။ စန္ဒကိန္နရီဇာတ် (၂)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ပကိဏ္ဏကနိပါတ်

၂။ စန္ဒကိန္နရီဇာတ်

မိမိယောက်ျားမှတပါး အခြားသူတို့အပေါ်

စိတ်မညွတ်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥပနိယျတိဒံ မညေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ စန္ဒ ကိန္နရီဇာတ်ကို ကပိလဝတ် ပြည်တော်ကိုမှီ၍ နိဂြောဓာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး နန်းတော်၌ ရာဟုလာမယ်တော်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ဤစန္ဒကိန္နရီ ဇာတ်ကိုကား ဒူရေနိဒါန်းမှလျှင် စ၍ ဆိုအပ်၏။ ထိုနိဒါန်းစကားကို ထန်းတောဥယျာဉ်၌ ဥရုဝေလ ကဿပမထေရ်၏ သီဟနာဒတိုင်အောင် အပဏ္က ဇာတ်၌လျှင် ဆိုအပ်၏။ ထိုသီဟနာဒမှနောက် ကပိလဝတ် ပြည်တော်သို့ ကြွတော်မူသည်တိုင်အောင် ဝေဿန္တရာ ဇာတ်၌ ထင်စွာဖြစ်လတ္တံ့။

သဗ္ဗညူ မြတ်စွာဘုရားသခင်သည်ကား ခမည်းတော် သုဒ္ဓေါဒနမင်းကြီး နန်းတော်၌ နေတော်မူ၍ ဆွမ်းဘုဉ်းပေးတော်မူသည်၏ အကြားဖြစ်သောကာလ၌ မဟာဓမ္မပါလဇာတ်ကို ဟောတော်မူ၏။ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် ရာဟုလာမယ်တော်နန်း၌ နေတော်မူ၍ ထိုရာဟုလာမယ်တော်၏ ကျေးဇူးတို့ကို ဆိုသည်ရှိသော် စန္ဒကိန္နရီဇာတ်ကို ဟောအံ့ဟုကြံ၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို သပိတ်တော်ယူစေ၍ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့နှင့်တကွ ရာဟုလမယ်တော် နေရာအရပ်သို့ ကြွတော်မူ၏။ ထိုအခါ ရာဟုလမယ်တော်အထံ၌ အကြီးဖြစ်ကုန်သော လေးသောင်းကုန်သော ကချေသည်မိန်းမတို့သည်၎င်း, ထို လေးသောင်းကုန်သော မိန်းမတို့တွင် မင်းသမီးတို့၏ တထောင့်ကိုးကျိပ်တို့သည်၎င်း နေကုန်၏။ ရာဟုလာမယ်တော်သည် သဗ္ဗညူမြတ်စွာဘုရား ကြွလာတော်မူသည်ကို သိ၍ အလုံးစုံကုန်သော မိန်းမတို့ကို ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်စေကုန်ဟု ထိုမိန်းမတို့အား ကြားစေ၏။ ထိုမိန်းမတို့သည် ရာဟုလမယ်တော်ဆိုတိုင်း ပြုကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ခင်းအပ်သောနေရာ၌ နေတော်မူ၏။ ထိုအခါ ထိုအလုံးစုံကုန်သော မိန်းမတို့သည် တပြိုင်နက် ငိုကြွေးကြကုန်၏။ ကြီးစွာသော ငိုကြွေးသံသည် ဖြစ်၏။ ရာဟုလမယ်တော်သည်လည်း ငိုကြွေး၍ စိုးရိမ်ခြင်းကို ဖျောက်သဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် နန်းတော်၌ ရိုသေခြင်းနှင့်တကွသော ပူဇော်မြတ်နိုးခြင်းဖြင့် နေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ရာဟုလမယ်တော်၏ ကျေးဇူးကို ဆိုခြင်းကို အားထုတ်၏။ အရှင်ဘုရား အကျွန်ုပ်ခြှေးမသည် အရှင်ဘုရားတို့ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကုန်၏ဟု ကြားလျှင် ဖန်ရည်စွန်းသော အဝတ်ကိုဝတ်၏။ ပန်းပန်ခြင်း စသည်တို့ကို စွန့်ကုန်၏ဟု ကြားလျှင် ပန်းပန်ခြင်း အစရှိသည်တို့ကို စွန့်၏။ မြေ၌ အိပ်၏ဟု ကြားလျှင် မြေ၌ အိပ်သည်လျှင် ဖြစ်၏။ အရှင်ဘုရားတို့ ရဟန်းပြုသောကာလ၌ မုဆိုးမဖြစ်၍ တပါးကုန်သော မင်းတို့သည် စေအပ်သော လက်ဆောင်ကို မယူ၊ ဤသို့လျှင် အရှင်ဘုရားတို့၌ အကျွန်ုပ်ခြှေးမသည် မတွန့်တိုသော စိတ်ရှိ၏ဟု အထူးထူး အပြားပြားတို့ဖြင့် ထိုရာဟုလမယ်တော်၏ ကျေးဇူးစကားကို ဆို၏။ သဗ္ဗညူ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ဤရာဟုလမယ်တော်သည် ငါ၏ အဆုံးစွန်သော ကိုယ်အဖြစ်ဝယ် ငါ၌ချစ်ခြင်း, တွန့်တိုသောစိတ် မရှိခြင်း, သူတပါးတို့ ဆောင်ခြင်းငှာ မတတ်နိုင်ခြင်းသည်အံ့ဘွယ်မရှိသေး၊ ရှေးတိရစ္ဆာန်အမျိုးဝယ် ဖြစ်၍လည်း ငါ၌ မတွန့်တိုသော စိတ်ရှိသည်, သူတပါးတို့ဆောင်ခြင်းငှာ မတတ်နိုင်သည် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကိန္နရာအမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်း၏ မယားသည် စန္ဒာအမည်ရှိ၏။ ထိုနှစ်ခုကုန်သော ကိန္နရာတို့သည်လည်း စန္ဒမည်သော ငွေတောင်၌ နေကုန်၏။ ထိုအခါ ဗာရာဏသီမင်းသည် အမတ်တို့အား တိုင်းပြည်ကို အပ်နှင်းခဲ့ပြီးလျှင် နှစ်ခုကုန်သော ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်၍ ငါးပါးကုန်သော လက်နက်တို့ကို ဖွဲ့လျက် တယောက်တည်းသာလျှင် ဟိမဝန္တာသို့ ဝင်၏။ ထိုဗာရာဏသီမင်းသည် အမဲကို စားလျှက် တခုသော မြစ်ငယ်ကိုလျှောက်၍ မြစ်ညာသို့တက်၏။ စန္ဒတောင်၌ နေကုန်သော ကိန္နရာတို့သည် မိုးတွင်းအခါ၌ မသက်မူ၍ တောင်၌သာလျှင် နေကုန်၏။ နေ့အခါ တောင်မှ သက်ကုန်၏။ ထိုအခါ၌လည်း စန္ဒကိန္နရာသည် မိမိမယားဖြစ်သော စန္ဒကိန္နရီနှင့်တကွ တောင်မှသက်၍ ထိုထိုအရပ်၌ နံ့သာတို့ကို လိမ်းလျက် ထိုထိုအရပ်တို့၌ ပန်းဝတ်မှုံကိုစားလျက် ပန်းပုဆိုးတို့ကို ဝတ်ရုံလျက် နွယ်ပုခက် အစရှိသည်တို့ဖြင့် ကစားလျှက် သာယာစွာသော အသံဖြင့် သီလျက် ထိုမြစ်ငယ်သို့ ရောက်လျှင် တခုသော မြစ်ကွေ့အရပ်၌ သက်၍ ရေ၌ ပန်းတို့ကို ကြဲပြီးလျှင် ရေကစား၍ ပန်းပုဆိုးတို့ကို ဝတ်ရုံလျက် ငွေပြားအဆင်းနှင့်တူသော သဲပြင်ဝယ် ပန်းအခင်းကိုခင်း၍ တခုသော ဝါးလုံးကို ကိုင်လျက် ပန်းအိပ်ရာ၌နေ၍ ထို နောင်မှ စန္ဒကိန္နရာသည် ဝါးလုံးကိုတီးလျက် သာယာသော အသံဖြင့် သီ၏။ စန္ဒကိန္နရီသည် နူးညံ့စွာသော လက်ကိုညွတ်၍ စန္ဒကိန္နရာ၏အနီး၌ ရပ်လျက် က-လည်း က၏။ သီလည်း သီ၏။ ထိုဗာရာဏသီမင်းသည် ထိုကိန္နရာတို့၏ အသံကိုကြားလျှင် ခြေသံကို မကြားစေမူ၍ သာယာသဖြင့် သွား၍ ပုန်းကွယ်ရာအရပ်၌ ရပ်လျက် ထိုကိန္နရာတို့ကို မြင်လျှင် ကိန္နရီမ၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ထိုကိန္နရာဖိုကို ပစ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဤ ကိန္နရီမနှင့်တကွ နေခြင်းကို ပြုအံ့ဟုကြံ၍ ရပ်လျက် စန္ဒကိန္နရာကို ပစ်၏။ ထိုစန္ဒကိန္နရာသည် ဝေဒနာသို့ ရောက်သည်ဖြစ်၍ ငိုကြွေးလိုရကား-

၁၈။ ဥပနိယျတိဒံ မညေ၊ စန္ဒေ လောဟိတမဒ္ဒနေ။
အဇ္ဇ ဇဟာမိ ဇီဝိတံ၊ ပါဏာ မေ စန္ဒေ နိရုဇ္ဈန္တိ။
၁၉။ ဩသဋ္ဌိ မေ ဒုက္ခံ ဟဒယံ၊ မေ ဍယှတေ နိတမ္မာမိ။
တဝ စန္ဒိယာ သောစန္တိယာ၊ န နံ အညေဟိ သောကေဟိ။
၂၀။ တိဏမိဝ ဝနမိဝ မိလာယာမိ၊ နဒီ အပရိပုဏ္ဏာဝ သုဿာမိ။
တဝ စန္ဒိယာ သောစန္တိယာ၊ န နံ အညေဟိ သောကေဟိ။
၂၁။ ဝဿံ ဣဝ သရေ ပါဒေ၊ ဣမာနိ အဿူနိ ဝတ္တရေ မယှံ။
တဝ စန္ဒိယာ သောစန္တိယာ၊ န နံ အညေဟိ သောကေဟိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၈။ စန္ဒေ၊ ရှင်မစန္ဒာ။ လောဟိတမဒ္ဒနေ၊ သွေးလိမ်းကျံသဖြင့်။ ဣဒံ၊ ဤငါ၏အသက်သည်။ ဥပနိယျတိ မညေ၊ ပြတ်ခြင်းသို့ ဆောင်ယောင်တကား။ အဇ္ဇ၊ ယနေ့။ ဇီဝိတံ၊ အသက်ကို။ ဇဟာမိ၊ စွန့်ရအံ့ဟူ၍။ မညာမိ၊ ငါအောက်မေ့၏။ စန္ဒေ၊ ရှင်မစန္ဒာ။ မေ၊ ငါ၏။ ပါဏာ၊ အသက်တို့သည်။ နိရုဇ္ဈန္တိ၊ ချုပ်ကုန်ယောင်တကား။

၁၉။ စန္ဒေ၊ ရှင်မစန္ဒာ။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်သည်။ ဩသဋ္ဌိ၊ နစ်၏။ မေ၊ ငါ့အား။ ဒုက္ခံ၊ ဆင်းရဲ၏။ မေ၊ ငါ၏။ ဟဒယံ၊ နှလုံးကို။ ဍယှတေ၊ လောင်၏။ နိတမ္မာမိ၊ အလွန်ပင်ပန်း၏။ နံ ဒုက္ခံ၊ ထိုဆင်းရဲသည်။ သောစန္တိယာ၊ ငါနှင့် ကွေကွင်းခြင်းကြောင့် စိုးရိမ်လတ္တံ့သော။ စန္ဒိယာ၊ စန္ဒီအမည်ရှိသော။ တဝ၊ သင်၏။ သောကဟေတု၊ သောကဟူသော အကြောင်းကြောင့်။ ဟောတိ၊ ဖြစ်၏။ အညေဟိ၊ တပါးကုန်သော။ သောကဟိ၊ စိုးရိမ်ခြင်းတို့ကြောင့်။ န ဟောတိ၊ မဖြစ်။

၂၀။ တိဏမိဝ၊ ကျောက်ပူ၌ ပစ်အပ်သောမြက်ကဲ့သို့။ ဝနမိဝ၊ မြက်တော ကျူးတောကဲ့သို့။ မိလာယာမိ၊ ညှိုးရအံ့။ အပရိပုဏ္ဏာ၊ ရေမပြည့်သော။ နဒီ ဣဝ၊ မြစ်ကဲ့သို့။ သုဿာမိ၊ ခြောက်ရအံ့။ နံ ဒုက္ခံ၊ ထိုဆင်းရဲသည်။ သောစန္တိယာ၊ ငါနှင့်ကွေကွင်းခြင်းကြောင့် စိုးရိမ်လတ္တံ့သော။ စန္ဒိယာ၊ စန္ဒီအမည်ရှိသော။ တဝ၊ သင်၏။ သောကဟေတု၊ သောကဟူသောအကြောင်းကြောင့်။ ဟောတိ၊ ဖြစ်၏။ အညေဟိ၊ တပါးကုန်သော။ သောကေဟိ၊ စိုးရိမ်ခြင်းတို့ကြောင့်။ န ဟောတိ၊ မဖြစ်။

၂၁။ ပါဒေ၊ တောင်ခြေရင်း၌။ သရေ၊ အိုင်၌။ ဝဿံ ဣဝ၊ အလျဉ်မပြတ်ရွာသော မိုဃ်းကဲ့သို့။ မယှံ၊ ငါ့အား။ ဣမာနိ အဿူနိ၊ ဤမျက်ရည်တို့သည်။ ဝတ္တရေ၊ ဖြစ်ကုန်၏။ နံ ဒုက္ခံ၊ ထိုဆင်းရဲသည်။ သောစန္တိယာ၊ ငါနှင့်ကွေကွင်းခြင်းကြောင့် စိုးရိမ်လတ္တံ့သော။ စန္ဒိယာ၊ စန္ဒီအမည်ရှိသော။ တဝ၊ သင်၏။ သောကဟေတု၊ စိုးရိမ်ခြင်းဟူသော အကြောင်းကြောင့်။ ဟောတိ၊ ဖြစ်၏။ အညေဟိ၊ တပါးကုန်သော။ သောကေဟိ၊ စိုးရိမ်ခြင်းတို့ကြောင့်။ န ဟောတိ၊ မဖြစ်။

ဘုရားလောင်း စန္ဒကိန္နရာသည် ဤလေးဂါထာတို့ဖြင့် ငိုကြွေး၍ ပန်းမွေ့ရာ၌ လျောင်းလျက်လျှင် သတိလွတ်၍ လူးလဲ၏။ မင်းသည်လည်း ရပ်လျက် နေသလျှင်ကတည်း။ စန္ဒကိန္နရီသည် ဘုရားလောင်း ငိုကြွေးစဉ် မိမိ၏မွေ့လျော်ခြင်းဖြင့် မွေ့လျော်၍ ဘုရားလောင်းအား မြှားစူးသည်၏ အဖြစ်ကို မသိ၊ မိန်းမောသဖြင့် လူးလဲ၍ အိပ်သော စန္ဒကိန္နရာကို မြင်၍ ငါ့ချစ်လင်အား အဘယ်ဆင်းရဲဖြစ်သနည်းဟု စုံစမ်းသည်ရှိသော် မြှားစူးသော အမာဝမှယိုသော သွေးကိုမြင်၍ ချစ်စွာသောလင်၌ ဖြစ်သော အားကြီးစွာသော စိုးရိမ်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ သည်းစွာသောအသံဖြင့် ငိုကြွေး၏။ မင်းသည် ကိန္နရာသည် သေသည် ဖြစ်လတ္တံ့ဟု ထွက်၍ ကိုယ်ကိုပြ၏။ စန္ဒကိန္နရီသည် ထိုဗာရာဏသီမင်းကို မြင်၍ ဤခိုးသူသည် ငါ၏ ချစ်စွာသော လင်ကို ပစ်သည် ဖြစ်လတ္တံ့ဟု တုန်လှုပ်လျက် ပြေး၍ တောင်ထိပ်၌ တည်လျက် မင်းကို ဆဲရေးလိုရကား-

၂၂။ ပါပေါ ခေါသိ ရာဇပုတ္တ၊ ယော မေ ဣစ္ဆိတံ ပတိံ ဝရာကိယာ။
ဝိဇ္ဈသိ ဝနမူလသ္မိံ၊ သောယံ ဝိဒ္ဓေါ ဆမာ သေတိ။
၂၃။ ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ရာဇပုတ္တ တဝ မာတာ။
ယော မယှံ ဟဒယသောကော၊ ကိံပုရိသံ အပေက္ခမာနာယ။
၂၄။ ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ရာဇပုတ္တ တဝ ဇာယာ။
ယော မယှံ ဟဒယသောကော၊ ကိံပုရိသံ အပေက္ခမာနာယ။
၂၅။ မာ စ ပုတ္တံ မာ စ ပတိ၊ အဒ္ဒက္ခိ ရာဇပုတ္တ တဝ မာတာ။
ယော ကိံပုရိသံ အဝဓိ၊ အဒုသကံ မယှံ ကာမာ။
၂၆။ မာ စ ပုတ္တံ မာ စ ပတိံ၊ အဒ္ဒက္ခိ ရာဇပုတ္တ တဝ ဇာယာ။
ယော ကိံပုရိသံ အဝဓိ၊ အဒူသကံ မယှံ ကာမာ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၂၂။ ရာဇပုတ္တ၊ မင်းသား။ ယော တွံ၊ အကြင်သင်သည်။ မေ၊ ငါသည်။ ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတိံ၊ လင်ကို။ ဝရာကိယာ၊ မုဆိုးမဖြစ်၍ အထီးကျန်ခြင်းငှါ။ ဝနမူလသ္မိံ၊ တောတောင်ခြေရင်း၌။ ဝိဇ္ဈသိ၊ ပစ်၏။ သောယံ၊ ထိုကိန္နရာသည်။ ဝိဒ္ဓေါ၊ မြားစူးသည်ဖြစ်၍။ ဆမာ၊ မြေ၌။ သေတိ၊ အိပ်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ သင်သည်။ ပါပေါ ခေါ၊ ယုတ်မာသည်လျှင်။ အသိ၊ ဖြစ်၏။

၂၃။ ရာဇပုတ္တ၊ မင်းသား။ ကိံပုရိသံ၊ စန္ဒကိန္နရာကို။ အပေက္ခမာနာယ၊ ရှုသော။ မယှံ၊ ငါ၏။ ယော ဟဒယသောကော၊ အကြင် နှလုံး၌ စိုးရိမ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ မယှံ၊ ငါ၏။ ဣမံ ဟဒယသောကံ၊ ဤနှလုံး၌ဖြစ်သော စိုးရိမ်ခြင်းကို။ တဝ၊ သင်၏။ မာတာ၊ အမိသည်။ ပဋိမုဉ္စတု၊ ရစေသတည်း။

၂၄။ ရာဇပုတ္တ၊ မင်းသား။ ကိံပုရိသံ၊ ကိန္နရာကို။ အပေက္ခမာနာယ၊ ရှုသော။ မယှံ၊ ငါ၏။ ယော ဟဒယသောကော၊ အကြင်နှလုံး၌ စိုးရိမ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ မယှံ၊ ငါ၏။ ဣမံ ဟဒယသောကံ၊ ဤနှလုံး၌ဖြစ်သော စိုးရိမ်ခြင်းကို။ တဝ၊ သင်၏။ ဇာယာ၊ မယားသည်။ ပဋိမုဉ္စတု၊ ရစေသတည်း။

၂၅။ ရာဇပုတ္တ၊ မင်းသား။ ယော တွံ၊ အကြင် သင်သည်။ မယှံ- မယိ၊ ငါ၌။ ကာမာ- ကာမေန၊ အလိုရှိခြင်ကြောင့်။ အဒူသကံ၊ အပြစ်မရှိသော။ ကိံပုရိသံ၊ စန္ဒကိန္နရာကို။ အဝဓိ၊ သတ်၏။ တဿ- တဝ၊ ထိုသင်၏။ မာတာ၊ အမိသည်။ ပုတ္တဉ္စ၊ သားကိုလည်း။ မာ အဒ္ဒက္ခိ၊ မမြင်ရစေသတည်း။ ပတိဉ္စ၊ လင်ကိုလည်း။ မာ အဒ္ဒက္ခိ၊ မမြင်ရစေသတည်း။

၂၆။ ရာဇပုတ္တ၊ မင်းသား။ ယော တွံ၊ အကြင်သင်သည်။ မယှံ- မယိ၊ ငါ၌။ ကာမာ- ကာမေန၊ အလိုရှိခြင်းကြောင့်။ အဒူသကံ၊ အပြစ်မရှိသော။ ကိံပုရိသံ၊ စန္ဒကိန္နရာကို။ အဝဓိ၊ သတ်၏။ တဿ- တဝ၊ ထိုသင်၏။ ဇာယာ၊ မယားသည်။ ပုတ္တဉ္စ၊ သားကိုလည်း။ မာ အဒ္ဒက္ခိ၊ မမြင်ရစေသတည်း။ ပတိဉ္စ၊ လင်ကိုလည်း။ မာ အဒ္ဒက္ခိ၊ မမြင်ရစေသတည်း။

ဗာရာဏသီမင်းသည် ထိုငါးဂါထာတို့ဖြင့် ဆဲရေး၍ တောင်ထိပ်၌တည်သော စန္ဒကိန္နရီမကို နှစ်သိမ့်စေလိုရကား-

၂၇။ မာ တွံ စန္ဒေ ရောဒိ မာ သောစိ၊ ဝနတိမိရမတ္တက္ခိ။
မမ တွံ ဟေဟိသိ ဘရိယာ၊ ရာဇကုလေ ပူဇိတာ နာရိဘိ။

ဟူသော ဤဂါထာကို ဆို၏။

၂၇။ ဝနတိမိရမတ္တက္ခိ၊ တော၌ဖြစ်သော ကျည်းပွင့် အောက်မည်းညိုပွင့်နှင့်တူသော မျက်စိရှိသော။ စန္ဒေ၊ ရှင်မ စန္ဒာ။ တွံ၊ သင်သည်။ မာ ရောဒိ၊ မငိုလင့်။ မာ သောစိ၊ မစိုးရိမ်လင့်။ ရာဇကုလေ၊ မင်းမျိုး၌။ နာရိဘိ၊ မိန်းတို့သည်။ ပူဇိတာ၊ ပူဇော်အပ်ကုန်သည်ဖြစ်၍။ တွံ၊ သင် ရှင်မစန္ဒာသည်။ မမ၊ ငါ၏။ ဘရိယာ၊ မယားသည်။ ဟေဟိသိ၊ ဖြစ်လတ္တံ့။

စန္ဒကိန္နရီသည် မင်း၏စကားကို ကြား၍ သင်သည် အသို့ဆိုသနည်းဟု ခြင်္သေ့သံနှင့်တူသော အသံကို ကျူးရင့်လျက်-

၂၈။ အပိ နူနာဟံ မရိဿံ၊ နာဟံ ရာဇ တဝ ဟေဿံ။
ယော ကိံပုရိသံ အဝဓိ၊ အဒူသကံ မယှံ ကာမာ။

ဟူသော ဤဂါထာကို ဆို၏။

၂၈။ ရာဇပုတ္တ၊ မင်းသား။ အပိ နူန၊ စင်စစ်အားဖြင့် သာလျှင်။ အဟံ၊ ငါသည်။ မရိဿံ၊ သေအံ့။ ယော တွံ၊ အကြင် သင်သည်။ မယှံ-မယိ၊ ငါ၌။ ကာမာ-ကာမေန၊ အလိုရှိခြင်းကြောင့်။ အဒူသကံ၊ အပြစ်မရှိသော။ ကိံပုရိသံ၊ စန္ဒကိန္နရာကို။ အဝဓိ၊ သတ်၏။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ ဘရိယာ၊ မယားသည်။ န ဟေသံ၊ မဖြစ်အံ့။

ထိုဗာရာဏသီမင်းသည် စန္ဒကိန္နရီ၏ စကားကိုကြားလျှင် ကင်းသော ဆန္ဒရာဂ ရှိသည်ဖြစ်၍-

၂၉။ အပိ ဘီရုကေ အပိ ဇီဝိတုကာမိကေ၊ ကိံပုရိသီ ဂစ္ဆ ဟိမဝန္တံ။
တာလီသ တဂ္ဂရ ဘောဇနာ၊ အည တံ မိဂါ ရမိဿန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၂၉။ အပိ ဘီရုကေ၊ အလွန် ကြောက်တတ်သော သဘောရှိသော။ အပိ ဇီဝိတုကာမိကေ၊ အလွန် အသက်ကို အလိုရှိသော။ တာလီသ တဂ္ဂရ ဘောဇနာ၊ ပန်းညိုရွက် တောင်ဇလပ်ရွက်တို့ကို စားသော။ ကိံပုရိသီ၊ ကိန္နရာမ။ တွံ၊ သင်သည်။ ဟိမဝန္တံ၊ ဟိမဝန္တသို့။ ဂစ္ဆ၊ သွားလော့။ တံ၊ သင့်ကို။ အညေ၊ တပါးကုန်သော။ မိဂါ၊ သားတို့သည်။ ရမိဿန္တိ၊ မွေ့လျော်စေကုန်လတ္တံ့။

ဤသို့ဆိုပြီးလျှင် ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ သွားလေ၏။ ထိုစန္ဒကိန္နရီသည် ထိုဗာရာဏသီမင်း သွားသောအဖြစ်ကို သိ၍ တောင်ထိပ်မှ သက်ဆင်းပြီးလျှင် စန္ဒကိန္နရာကို ပိုက်ဖက်သဖြင့် တောင်ထိပ်သိတင်၍ တောင်ထိပ်အပြင်၌ အိပ်စေ၍ စန္ဒကိန္နရာ၏ ဦးခေါင်းကို မိမိပေါင်၌ထား၍ သည်းစွာငိုကြွေးခြင်းကို ငိုကြွေးလျက်-

၃၀။ တေ ပဗ္ဗတာ တာ စ ကန္ဒရာ။
ဂိရိဂုဟာယော စ တတ္ထေဝ တိဋ္ဌန္တိ။
တတ္ထေဝ တံ အပဿန္တီ၊
ကိံပုရိသ ကထံ အဟံ ကဿံ။
၃၁။ တေ ပဏ္ဏသန္ထတာ ရမဏီယာ၊ ဝါဠမိဂေဟိ အနုစိဏ္ဏာ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၂။ တေ ပုပ္ဖသန္ထတာ ရမဏီယာ၊ ဝါဠမိဂေဟိ အနုစိဏ္ဏာ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၃။ အစ္ဆာ သဝန္တိ ဂိရိ ဝန နဒိယော၊
ကုသုမာဘိကိဏ္ဏ သောတာယော။
တတ္ထေဝ တံ အပဿန္တီ၊
ကိံပုရိသ ကထံ အဟံ ကဿံ။
၃၄။ နီလာနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာနီ ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၅။ ပီတာနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာန ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၆။ တမ္ဗာနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာနိ ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၇။ တုင်္ဂါနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာနိ ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၈။ သေတာနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာနီ ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၃၉။ စိတြာနိ ဟိမဝတော ပဗ္ဗတဿ၊ ကူဋာနိ ဒဿနီယာနိ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၄၀။ ယက္ခဂဏသေဝိတေ ဂန္ဓမာဒနေ၊ ဩသဓေဟိ စ သဉ္ဆန္နေ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။
၄၁။ ကိံပုရိသ သေဝိတေ ဂန္ဓမာဒနေ၊ ဩသဓေဟိ စ သဉ္ဆန္နေ။
တတ္ထေဝ တံ အပဿန္တီ၊ ကိံပုရိသ ကထံ အဟံ ကဿံ။

ဟူသော ဤတဆယ့်နှစ်ဂါထာတို့ကို ဆို၏။

၃၀။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ တေ ပဗ္ဗတာ၊ ထိုတောင်တို့သည်၎င်း။ တာ စ ကန္ဒရာ၊ ထိုချောက်တို့သည်၎င်း။ တာ ဂိရိဂုဟာယော စ၊ ထိုတောင်လိုက်တို့သည်၎င်း။ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ တတ္ထေဝ၊ ထိုတောင် အစရှိသည်တို့၌သာလျှင်။ တံ၊ သင့်ကို။ အပသန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၁။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဝါဠမိဂေဟိ၊ သားရဲတို့သည်။ အနုစိဏ္ဏာ၊ မပြတ် လေ့ကျက်အပ်ကုန်သော။ တေ ပဏ္ဏသန္ထတာ၊ ထိုသစ်ရွက်အခင်းတို့သည်။ ရမဏီယာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ တတ္ထေဝ၊ ထိုမွေ့လျော်ဘွယ်ရှိသော သစ်ရွက်အခင်း၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၂။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဝါဠမိဂေဟိ၊ သားရဲတို့သည်။ အနုစိဏ္ဏာ၊ မပြတ်လေ့ကျက်အပ်ကုန်သော။ တေ ပုပ္ဖသန္ထတာ၊ ထိုပန်း အခင်းတို့သည်။ ရမဏီယာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ တတ္ထေဝ၊ ထို မွေ့လျော်ဘွယ်ရှိသော ပန်းအခင်း၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၃။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ အစ္ဆာ၊ ကြည်လင်သော ရေရှိကုန်သော။ ကုသုမာဘိကိဏ္ဏသောတာယော၊ ပန်းတို့ဖြင့် ပြွမ်းသော အယဉ်ရှိကုန်သော။ ဂိရိ ဝန နဒိယော၊ တောင် တော မြစ်တို့သည်။ သဝန္တိ၊ စီးကုန်၏။ တတ္ထေဝ၊ ထို တောင် တော မြစ်အစတို့သည်တို့၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၄။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတော ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ နီလာနိ၊ ညိုသောပတ္တမြားဖြင့် ပြီးကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ်ရှိကုန်သော။ ကူဋာနိ၊ အထွဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထို အထွဋ်တို့၌လျင်။ တံ၊ သင့်ကို။ အပသန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၅။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတာ ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ ပီတာနိ၊ ရွှေဖြင့်ပြီးကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ် ရှိကုန်သော။ ကူဋာနိ၊ အထွဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထိုအထွဋတို့၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၆။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတော ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ တမ္ဗာနိ၊ မြင်းသီလာဖြင့် ပြီးကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ်ရှိကုန်သော။ ကူဋာနိ၊ အထွဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထိုအထွဋ်တို့၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၇။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတော ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ တုင်္ဂါနိ၊ မြင့်ကုန် တက်ကုန်သော အဖျားရှိကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ်ရှိကုန်သော။ ကူဋာနိ၊ အထူဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထိုအထွဋ်တို့၌လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၈။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတော ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ သေတာနိ၊ ငွေဖြင့်ပြီးကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ် ရှိကုန်သော။ ကူဋာနိ၊ အထွဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထိုအထွဋ်တို့၌လျှင်။ တံ၊ သင့်ကို။ အပသန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၃၉။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ဟိမဝတော ပဗ္ဗတဿ၊ ဟိမဝန္တာတောင်၏။ စိတြာနိ၊ ရတနာခုနစ်ပါးတို့ဖြင့် ရောကုန်သည်ဖြစ်၍ ဆန်းကြယ်ကုန်သော။ ဒဿနီယာနိ၊ ရှုချင်ဘွယ် ရှိကုန်သော။ ကူဋာနိ၊ အထွဋ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထေဝ၊ ထိုအထွဋ်တို့၌လျှင်။ တံ၊ သင့်ကို။ အပသန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၄၀။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ယက္ခဂဏသေဝိတေ၊ ဘုမ္မစိုးစသော နတ်အပေါင်းတို့သည် မှီဝဲအပ်ကုန်သော။ ဩသဓေဟိ စ၊ ဆေးတို့ဖြင့်လည်း။ သဉ္ဆန္နေ၊ ဖုံးလွှမ်းအပ်ကုန်သော။ တတ္ထေဝ ဂန္ဓမာဒနေ၊ ထိုဂန္ဓမာဒန တောင်၌ လျှင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသို့ပြုရပါအံ့နည်း။

၄၁။ ကိံပုရိသ၊ ချစ်လင် စန္ဒကိန္နရာ။ ကိံပုရိသသေဝိတေ၊ ကိန္နရာတို့သည် မှီဝဲအပ်ကုန်သော။ ဩသဓေဟိ စ၊ ဆေးတို့ဖြင့်လည်း။ သဉ္ဆန္နေ၊ ဖုံးလွှမ်းအပ်ကုန်သော။ တတ္ထေဝ ဂန္ဓမာဒနေ၊ ထိုဂန္ဓမာဒနတောင်၌လျင်။ တံ၊ သင့်ကို။ အပဿန္တီ၊ မမြင်သည်ရှိသော်။ အဟံ၊ ငါသည်။ ကထံ ကဿံ၊ အသုံပြုရပါအံ့နည်း။

ဤသို့ စန္ဒကိန္နရီသည် တဆယ့်နှစ်ဂါထာတို့ဖြင့် ငိုကြွေး၍ ဘုရားလောင်း၏ရင်၌ လက်ကိုထား၍ ပူသည်၏ အဖြစ်ကိုသိလျှင် စန္ဒကိန္နရာသည် ရှင်သေးသလျှင်ကတည်း၊ နတ်အား တိုင်ကြားသော အမှုကိုပြု၍ ထိုစန္ဒကိန္နရာအား အသက်ကိုပေးအံ့ဟု ကြံ၍ လောကပါလမည်သောနတ်တို့သည် မရှိကုန်သလော၊ ထိုသို့မဟုတ်မူကား မေ့လျော့လေကုန်သော။ ထိုသို့မဟုတ်မူကား သေလေကုန်သလော၊ ငါ၏ ချစ်စွာသောလင်ကို မစောင့်ကုန်ဟု နတ်တို့အား တိုင်ကြားသောအမှုကို ပြု၍ ထိုစန္ဒကိန္နရီ၏ သောကအဟုန်ကြောင့် သိကြားမင်း၏နေရာသည် ပူသည်ဖြစ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ပုဏ္ဏား၏ အသွင်ဖြင့် လာလတ်ပြီးလျှင် ကရားမှ ရေကိုယူ၍ ဘုရားလောင်းကို သွန်း၏။ ထိုခဏ၌လျှင် အဆိပ်သည် နစ်၍ ကွယ်၏။ အမာသည် အသားနုတက်၏။ ဤအရပ်၌ မြှားစူး၏ ဟူ၍လည်း မထင်၊ ဘုရားလောင်းသည်

ချမ်းသာသည်ဖြစ်၍ ထ၏ စန္ဒကိန္နရီသည်လည်း ချစ်စွာသောလင်ကို ရောဂါကင်းသည်ကို မြင်လျှင် ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သိကြားမင်း၏ခြေတို့ကို ရှိခိုးလျက်-

၄၂။ ဝန္ဒေ တေ အယျိရေ ဗြဟ္မေထ
ယော မေ ဣစ္ဆိတံ ပတိံ ဝရာကိယာ။
အမတေန အဘိသိဉ္စိ၊
သမာဂတာသ္မိ ပိယတမေန။

ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။

၄၂။ အယျိရေ ဗြဟ္မေ၊ အရှင်ပုဏ္ဏားမြတ်။ ယော တွံ၊ အကြင်သင်သည်။ ဝရာကိယာ၊ ဆင်းရဲစွာအထီးကျန်သော။ မေ၊ အကျွန်ုပ်၏။ ဣစ္ဆိတံ၊ တောင့်တအပ်သော။ ပတိံ၊ လင်ကို။ အမတေန၊ အမြိုက်ဖြင့်။ အဘိသိဉ္စိ၊ သွန်း၏။

အဟံ၊ အကျွန်ုပ်သည်။ ပိယတမေန၊ ချစ်စွာသော လင်နှင့်။ သမာဂတာ၊ တကွပေါင်းဖော်ရသည်။ အသ္မိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ သင့်အား။ ဝန္ဒေ-ဝန္ဒာမိ၊ ရှိခိုး၏။

သိကြားမင်းသည် ထိုကိန္နရာအား ဤနေ့မှစ၍ စန္ဒတောင်မှ သက်သဖြင့် လူ့ခရီးသို့ မသွားကြကုန်လင့်၊ ဤအရပ်၌သာလျင် နေကုန်လော့ဟု အဆုံးအမကို ပေး၏။ ဤသို့ဆို၍ ထိုကိန္နရာတို့ကို ဆုံးမပြီးလျှင် မိမိနေရာသို့လျှင် သွား၏။ စန္ဒကိန္နရီသည် အရှင်ငါတို့အား ဘေးရန်ရှိသော အရပ်ဖြင့် အဘယ်ပြုအံ့နည်း၊ လာလော့၊ စန္ဒတောင်သို့ သွားကုန်အံ့ဟု ဆိုလို၍-

၄၃။ ဝိစရာမ ဒါနိ ဂိရိ ဝန နဒိယော၊
ကုသုမာဘိကိဏ္ဏ သောတာယော။
နာနာ ဒုမ ဝသနာယော၊
ပိယံ ဝဒါ အညမညဿ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၄၃။ သာမိ၊ သခင်။ မယံ၊ ငါတို့သည်။ အညမညဿ၊ အချင်းချင်းအား။ ပိယံ ဝဒါ၊ ချစ်ဘွယ်ဆိုကုန်လျက်။ ဣဒါနိ၊ ယခုအခါ၌။ ကုသုမာဘိကိဏ္ဏသောတာယော၊ ပန်းတို့ဖြင့် ပြွမ်းသော အယဉ်ရှိကုန်သော။ နာနာဒုမဝသနာယော၊ အထူးထူးသော သစ်ပင်ဟူသော အဖုံးအလွှမ်း ရှိကုန်သော။ ဂိရိဝနနဒိယော၊ တောင် တော မြစ်တို့သို့။ ဝိစရာမ၊ သွားလာလှည့်ပတ်ကုန်အံ့။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး ဤရာဟုလာမယ်တော်သည် ယခုအခါ၌သာလျှင် ငါ၌ တွန့်တိုသော စိတ်မရှိသည်, သူတပါးတို့ ဆောင်ခြင်းငှာ မတတ်နိုင်သည် မဟုတ်သေး၊ ရှေး၌လည်း ရာဟုလာမယ်တော်သည် ငါ၌ တွန့်တိုသောစိတ်မရှိသည် ဖြစ်၏။ သူတပါးတို့ ဆောင်ခြင်းငှါ မတတ်နိုင်သည်သာလျှင် ဖြစ်၏ဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ စန္ဒကိန္နရီ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ စန္ဒကိန္နရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လင်နှင့်ကျင့်ဝတ်၊ ယွင်းမချွတ်၊ အမြတ်မိန်းမမှာ

နှစ်ခုမြောက်သော စန္ဒကိန္နရီဇာတ်သည် ပြီး၏။

*****